Tuesday, October 18, 2011

စပါးပင် ဘာကြောင့် ကိုင်းညွတ်တယ်


စပါးပင် ဘာကြောင့် ကိုင်းညွတ်တယ်



"လယ်ကွင်းထဲတွင် အသီးအနှံမအောင်သောစပါးတို့သည် ခြောက်စထောင်လျက်ရှိသည်။ အသီးအနှံအောင်၍ ပြည့်ပြည့်၀၀ရှိသော စပါးပင်တို့မှာကား၊ လယ်ကန်သင်းဘေးတွင်
ကိုင်းညွတ်၍ နေလေသည်။ လူ့လောက၌လည်း မပြည့်သူတို့မှာ ခြောက်စထောင်မြဲတည်း။ ပြည့်ဝသူတို့ကား ကိုင်းညွတ်လျက်ရှိတတ်သည်။"

(မောင်ထင်၏ ဗမာ့နိုင်ငံရေးသုခမိန် စာအုပ်မှ)


မူလတန်းတုန်းက မြန်မာစာမှာ ကိုင်းညွတ်နေတဲ့ စပါးပင်လေးတွေကို ဥပမာပေးပြီး၊ မာန ထောင်လွှားခြင်းတွေ မရှိဖို့ ဆရာမက ဆုံးမသင်ပြခဲ့ဖူးပါတယ်။ ဒီသင်ခန်းစာကို လေ့လာကျက်မှတ်ပြီး နောက်ပိုင်းမှာ ကိုယ်တိုင်လိုက်နာကျင့်သုံးမိခဲ့တဲ့ အခြေအနေတွေလဲ ရှိသလို၊ ပုထုဇဉ်ဘ၀ရဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေကြောင့် မလိုက်နာမိခဲ့တဲ့ အခြေအနေတွေလဲ ရှိခဲ့ပါရဲ့။ ငယ်စဉ်ဘ၀တွေမှာ ငါဆိုတဲ့ အတ္တမီးတောက်တွေက ပိုပြီးကြီးတတ်လေတော့ ကိုယ်လုပ်တဲ့ နေ့စဉ်အလုပ်တွေကို ဆင်ခြင်တုံတရားနဲ့ ပြန်လည်သုံးသပ်တဲ့ အလေ့အထတွေ နည်းပါးပေမယ့်၊ ဒုတိယအရွယ်ကို ရောက်လာတာနဲ့အမျှ၊ နေ့စဉ်အလုပ်တွေရဲ့ ဓမ္မ၊ အဓမ္မတွေကို ပြန်လည်ဆန်းစစ်မိလာရပါတော့တယ်။

နေ့စဉ်ဘ၀ဖြတ်သန်းမှုမှာ ဘယ်အခြေအနေတုန်းက ကိုယ့်ရဲ့စိတ်ထဲကို လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေ ရောက်လာခဲ့တယ်၊ ဒီလိုဖြစ်လာဖို့ ဘယ်လိုအကြောင်းအရာတွေက စေ့ဆော်ခဲ့တယ်၊ ဘယ်လိုအချိန်မှာတော့ သတိကင်းလွတ်သွားခဲ့တယ်၊ ဘယ်အချိန်မှာတော့ အာရုံစိုက်လုပ်နေတဲ့ အကြောင်းအရာကနေ စိတ်တွေက သွေဖည်သွားခဲ့တယ် ဆိုတာတွေကို ပြန်လည်သုံးသပ်မိရင်း၊ ကိုယ်နဲ့ ဆက်ဆံနေတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကိုလဲ ဆင်ခြင်သုံးသပ်မိလာပါတယ်။

ဒီလိုသုံးသပ်မိရင်း ဒီကနေ့ တွေ့ခဲ့ရတဲ့ လူတယောက်ကို သတိသွားရမိပါတယ်။ ဒီကနေ့ နေ့လည်တုန်းက "အကြမ်းဖက်မှုအား မနုဿဗေဒရှုထောင့်ကနေ ချဉ်းကပ်လေ့လာဆန်းစစ်ချက်" ဆိုင်ရာ lunch time seminar လေးတခုရှိတာကြောင့် ကျွန်မသွားတက်ဖြစ်ပါတယ်။ ကျွန်မတို့ဌာနက သုတေသနကျောင်းသားတွေ အတူတူစုသွားကြတာပါ။ တက္ကသိုလ်ပရ၀ုဏ် တခုတည်းဆိုပေမယ့် ဆက်မီနာလုပ်တဲ့ ကျောင်းဆောင်က အနည်းငယ်လှမ်းတာကြောင့် မိုးရေထဲမှာ ပြေးမတတ် ခြေလှမ်းတွေနဲ့ အမြန်သွားခဲ့ကြပါတယ်။ ကျွန်မတို့ရှေ့မှာ ပုဂ္ဂိုလ်တဦးကိုလဲ အမြန်သွားနေတာ တွေ့ရပါတယ်။

ဒီလိုနဲ့ တံခါးအ၀င်ကို ရောက်တော့ သူက တံခါးဖွင့်ပြီး၊ တံခါးဘေးအပြင်ဘက်ကနေ တံခါးကို ကိုင်ထားပေးပါတယ်။ အားလုံးကို အရင်ဝင်ခိုင်းပြီးမှ သူက ၀င်ပါတယ်။ တံခါးအ၀င်မှာ ကျေးဇူးတင်စကားလေးပြောလိုက်တော့ ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။ သူ့ရဲ့ မျက်ဝန်းအစုံမှာ ဖြူစင်ရိုးသားမှု၊ နူးညံ့မှု၊ သိမ်မွေ့မှုတွေနဲ့ပါ။ ဆက်မီနာအခန်းထဲရောက်တော့မှ ကျွန်မတို့ သိလိုက်ရတာက သူဟာ ဒီနှစ်စာသင်နှစ်မှာမှ ကျောင်းကို ရောက်လာတဲ့ မနုဿဗေဒ ပါမောက္ခတယောက်။

ဒီအကြောင်းကို စဉ်းစားမိရင်း အခြားလူပုဂ္ဂိုလ်တချို့ကိုလဲ သတိရသွားမိပါတယ်။ ကျွန်မသားလေးကို မီးဖွားတော့ သောကြာနေ့ညကတည်းက ဆေးရုံရောက်တာ တနင်္လာနေ့မှ မီးဖွားပါတယ်။ စနေနေ့မှာ ကျွန်မသူငယ်ချင်းတယောက်ရဲ့ မိဘတွေ ဆေးရုံမှာ လာကြည့်ပါတယ်။ ဆေးရုံဝင်းထဲမှာ ခဏလေး လမ်းလျှောက်ထွက်ဖို့ သူနာပြုတွေကို ခွင့်တောင်းပြီး ကျွန်မကို ခေါ်ပါတယ်။ ဒီတုန်းကကျွန်မဆီမှာကလဲ တနေရာက ပြန်လာပြီး ဗိုက်နာလာလို့ ဆေးရုံကား ခေါ်ပြီး၊ ဆေးရုံရောက်လာတာဆိုတော့ အပြင်ထွက်ဖို့အတွက် ကြိုးချီရတဲ့ Walking Shoe ပဲ ရှိနေတာပါ။ ဒီလိုနဲ့ ကျွန်မလဲ လမ်းလျှောက်ထွက်ဖို့ ဖိနပ်စီးဖို့ လုပ်ပါတယ်။ အဲဒီမှာ ခဏလေးဆိုပြီး ကြမ်းပေါ်မှာ ဒူးထောက်လို့ ကျွန်မသူငယ်ချင်းဖခင်က ဖိနပ်လာစီးပေးပါတယ်။ သူဟာ ဥရောပရေနံမြို့တော်လို့ ထင်ရှားတဲ့ ကျွန်မတို့မြို့က ရေနံလုပ်ငန်း တခုရဲ့ မန်နေဂျင်းဒါရိုက်တာတယောက်။

တခါတုန်းကတော့ ကျွန်မသားလေးကို ကလေးဆေးရုံကို ခေါ်သွားရပါတယ်။ အဲဒီမှာ သွေးစစ်ဖို့ လိုတာနဲ့ ဆရာဝန်တယောက်က သွေးလာဖောက်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ဒီလိုနဲ့ အဆင့်ဆင့် ဆရာဝန်တွေရော၊ သူနာပြုဆရာမတွေရော ရောက်လာကြပါတယ်။ အားလုံးထဲမှာ ဆရာဝန် တယောက်ကတော့ အလွန်ပဲ ထူးခြားပါတယ်။ သားလေးက တနှစ်ကျော်ကလေးလေး ဆိုတော့ ကျွန်မက သူ့ကို ပွေ့ချီထားရပြီး သူက ကလေးသွေးကြောလေးတွေကို စမ်းကြည့်လိုက်၊ မရလိုက်။ ကျွန်မကို တောင်းပန်စကားတွေ တတွတ်တွတ်ပြောလိုက်နဲ့ လုပ်နေတာ ကြာတော့ ကျွန်မတောင် အားနာလာပြီး၊ ကိုယ်လဲ ဆေးကျောင်းသူဟောင်းဖြစ်တာကြောင့် နားလည်ပါကြောင်း၊ အကြိမ်ကြိမ်အခါခါ တောင်းပန် စကားပြောဖို့ မလိုပါကြောင်း ပြောလိုက်ရတယ်။ ဒီတုန်းကတော့ သားဇောနဲ့ သတိမထားလိုက်မိဘူး။ သားလေးသွေးကို သူတို့ ရသွားပြီးမှ သူရဲ့ ကတ်လေးကို မသိမသာ ကြည့်လိုက်မိတယ်။ ကလေးအထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီး။

တခါတုန်းက အခြားမြို့မှာ ကျင်းပတဲ့ နေ့လည်စာ စားပွဲလေးတခုကို သွားတက်ဖြစ်ခဲ့ပါတယ်။ သားလေးကို ခဏထိန်းပေးဖို့ ကြိုတင်စီမံထားပေမယ့် ရထားချိန်တွေ ကသီလင်တဖြစ်သွားတာကြောင့် မထူးတော့တာမို့ သားလေးကိုပါ ခေါ်သွားရပါတော့တယ်။ မြို့တော်ခန်းမမှာ ကျင်းပတဲ့ နေ့လည်စာစားပွဲကို ကလေးပေါက်စခေါ်ပြီး သွားရတာ ကျွန်မစိတ်ထဲမှာတော့ အနည်းငယ် ကသိကအောက် ဖြစ်နေမိခဲ့ပါတယ်။ ဒါပေမယ့် တကယ်ရောက်သွားတော့ အားလုံးက ၀ိုင်းဝန်း ဂရုစိုက်ကြပြီး၊ သားလေးကို ဘာကျွေးမလဲလို့ ကိုယ်တိုင်လာမေးသူက အဲဒီမြို့ရဲ့ Lord of Provost (မြို့တော်ဝန်)catering staff တွေကို သွားမှာပေးသူက သူ့ရဲ့ ဇနီး။

တခါတုန်းကလဲ ကျွန်မဆီကို ထူးခြားတဲ့ စာလေးတစောင် ရောက်လာခဲ့ဖူးတယ်။ ရောက်လာပုံက ဒီလိုပါ။ ယူကေနိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန (Department for International Development) ကနေ အခမဲ့ထုတ်ဝေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဂျာနယ်လေးတစောင်ကို ကျွန်မ subscribe လုပ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ ၀န်ကြီးဌာနဘတ်ဂျက်လျှော့ချဖို့ လုပ်တော့ ဒီဂျာနယ်လေးကို ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအတွက် ဂျာနယ်ဖြန့်ဝေစာရင်းထဲက လူတွေအားလုံးဆီကို တောင်းပန်စာ ပို့ပါတယ်။ ဒီတောင်းပန်စာကို ကိုယ်တိုင်လက်မှတ်ရေးထိုးသူက နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနရဲ့ ၀န်ကြီး။

သူတို့တတွေလိုပဲ တခြားကိုင်းညွတ်တဲ့ စပါးပင်လေးတွေက ကျွန်မရဲ့ အတွေးထဲကို အစီအရီ ၀င်လာခဲ့သလို၊ ထောင်လွှားတဲ့ စပါးပင်လေးတွေကိုလဲ သတိသွားရမိရာကနေ ဘယ်လိုအရာတွေကို သင်ခန်းစာ ယူသင့်တယ်၊ ဘယ်လိုအရာတွေကို လိုက်နာကျင့်သုံးသင့်တယ်၊ ဘယ်လိုပတ်ဝန်းကျင်ကို ရှောင်ရှားသင့်တယ် စသဖြင့် တွေးစရာလေးတွေ ဖြစ်သွားခဲ့ပါတယ်။

ကျွန်မတို့ ပုထုဇဉ်လူသားတွေဟာ ကိုယ်ရထားတဲ့ ဘွဲ့ဒီဂရီတွေကို အမှီပြုပြီး မာန်မာနထောင်လွှား တတ်ကြပါတယ်။ ငါသိ၊ ငါတတ်လို့ ထင်တတ်ကြပါတယ်။ သို့ပေမယ့် ပညာရပ်တွေကို လေ့လာ မိလေလေ၊ ကိုယ်သိတာလေးတွေက နည်းနည်းလေးပါလား ဆိုတာသိလာလေလေဖြစ်ပြီး၊ နောက်ဆုံး ကျတော့ ငါဘာမှ မသိသေးပါလားဆိုတာ သိလာတတ်ကြောင်း ပါမောက္ခတွေက ပြောကြားဖူးပါတယ်။ ပါမောက္ခတယောက်ကဆိုရင် သူ့ကို ကျွမ်းကျင်သူ (expert) လို့ သူ့တပည့်တယောက်က မိတ်ဆက်ပေးတော့ အတော့်ကို ကသိကအောက်ဖြစ်သွားပါတယ်။ သူဟာကျွမ်းကျင်သူ မဟုတ်ဘူး၊ လေ့လာသူတယောက်သာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ဘွဲ့ကြို (undergraduate degree) ဆိုတာ ပညာရပ်ဆိုင်ရာ ပင်လယ်ပြင်ကို လေ့လာရတာနဲ့ တူကြောင်း၊ ဘွဲ့လွန် (postgraduate degree) ဆိုတာ မြစ်ကို လေ့လာရတာနဲ့ တူကြောင်း၊ သုတေသန ဘွဲ့ (MRes, MPhil, Ph.D.) ဆိုတာ ချောင်းကို လေ့လာရတာနဲ့ တူကြောင်း၊ ဒီလိုနဲ့ သုတေသနဘွဲ့တွေ ရပြီးသွားတဲ့အခါ ကိုယ်စိတ်ပါဝင်စားတဲ့ Research interests ပေါ်မူတည်ပြီး သုတေသနပြုကြတာဟာ ရေအိုင်လေးကို လေ့လာရတာနဲ့ တူကြောင်း၊ ဒါတောင် ရေအိုင်နဲ့ ပတ်သက်သမျှအရာတိုင်းမှာ သိလာဦးမှာ မဟုတ်ပဲ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါကျမှ ရေစက်လေးတခုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လာနိုင်တာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

ပညာရပ်ဆိုင်ရာ သုတေသန နယ်ပယ်တွေမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းပြီး၊ သက်ဆိုင်ရာနယ်ပယ်က သုတေသီတွေက လေးစားတန်ဖိုးထားရတဲ့ လုပ်သက်ရင့် ပရော်ဖက်ဆာ ကြီးတွေလဲ ကျွန်မတွေ့ဖူးသမျှမှာတော့ သူတို့ဘာသာသူတို့ ကျွမ်းကျင်သူ ပညာရှင်ကြီးတွေရယ်လို့ ပြောတာ တခါမှ မတွေ့ခဲ့ရဘူးပါဘူး။ တခါတုန်းက သုတေသနစင်တာတခုရဲ့ ဆက်မီနာတခုမှာ မာစတာကျောင်းသားလေးတယောက်က မေးတဲ့ မေးခွန်းကို အဲဒီစင်တာရဲ့ ဒါရိုက်တာနဲ့ တွဲဖက် ဒါရိုက်တာ ပရော်ဖက်ဆာနှစ်ယောက်က နာရီဝက်လောက်ကြာအောင် ၀ိုင်းဝန်းရှင်းပြကြရာမှာ "ကျွန်ုပ်လေ့လာထားသလောက်ဆိုရင်တော့" ဆိုတဲ့စကားလုံးကို တယောက်ကို ဆယ်ခွန်းထက်မနည်း သုံးစွဲခဲ့ကြဖူးပါတယ်။ ကိုယ်သိ၊ ကိုယ်တတ် မလုပ်ခဲ့ကြပါဘူး။ ဒီလိုလူတွေကို တွေ့လာရလေလေ၊ မာစတာဘွဲ့လေးတဘွဲ့ ရကာစက ကိုယ့်ဘာသာကိုယ် မာစတာဘွဲ့ရဖြစ်ပြီ ဆိုတဲ့ မဆိုစလောက် မာနလေးဝင်ခဲ့မိဖူးတာကို အလွန်ပဲ ရှက်မိပါရဲ့။

အလားတူပါပဲ။ ကျွန်မတို့ ပုထုဇဉ်လူသားတွေဆီမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံ၊ ရာထူးနေရာ သတ်မှတ်ချက် လေးတွေကို တည်မှီပြီး၊ ငါက ဘာလုပ်ခဲ့တာ၊ သူက ဘာလုပ်ခဲ့တာ၊ မင်းကဘာလဲ၊ ငါက ဘာလဲ၊ ငါ့ကိုများ သူက၊ သူက ဘာမို့လို့လဲ၊ ငါလုပ်ပြလိုက်ဦးမယ်၊ ငါ့အမြင်ကမှန်တယ်၊ မင်းထက်ငါပိုသိတယ် ဆိုတဲ့ မာနထောင်လွှားမှုလေးတွေ ရှိတတ်ပါတယ်။ ကျွန်မဆီမှာလဲ ပထမအရွယ်ကာလတွေတုန်းက ရှိခဲ့ဖူးပါတယ်။

တကယ်တမ်း စဉ်းစားကြည့် လိုက်တော့ ဒါတွေဟာ ကိုယ့်ဘာသာ ကိုယ်လောင်မြိုက်နေစေတဲ့ အပူမီးတွေ ဖြစ်ပါတယ်။ ဒီအပူမီးတွေက ကိုယ့်ဘာသာကိုယ် လောင်မြိုက်စေသလို၊ အနီးပတ်ဝန်းကျင်ကိုလဲ ကူးစက် သွားတတ်ပါတယ်။ တခါတရံမှာ သူ့မာန ထောင်လွှားမှုတွေနဲ့ ကိုယ့်မာနထောင်လွှားမှုတွေ ထိခတ်မိကြပြီး၊ ခေတ္တခဏတွေ့ကြရတဲ့ သံသရာ ခရီးသည်တွေ အချင်းချင်းအကြားမှာ ငါ့အမြင်မှန်တယ်ဆိုတာ ပြသလိုစိတ်တွေ၊ အမုန်းတရား တွေ၊ လက်စားချေလိုစိတ်တွေနဲ့ မလုပ်သင့်၊ မလုပ်အပ်တဲ့ အရာတွေကိုလဲ လုပ်မိသွားတတ်ကြပါတယ်။

တကယ်တော့ လူ့ဘ၀မှာ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာ၊ ဖြတ်သန်းမှုအတွေ့အကြုံ၊ ရာထူးနေရာ၊ ဘွဲ့ဒီဂရီတွေအပေါ်မှာ တည်မှီပြီး၊ မာနထောင်လွှားကြတာထက်စာရင် ဒါတွေကို အသုံးပြုပြီး လူ့လောကကို ဘယ်လိုအလှဆင်ကြမလဲ ဆိုတာကိုသာ ဦးစားပေးကြမယ်ဆိုရင်ဖြင့် ရခဲလှတဲ့ လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်မယ်လို့ ထင်မိပါရဲ့။ ဒီလိုဖြစ်လာဖို့ဆိုတာကလဲ ငါဆိုတဲ့ အတ္တတောင်ကြီးကို မိမိကိုယ်ကို နှိမ့်ချခြင်းတရား ကိုင်စွဲပြီး ကျော်ဖြတ်ဖို့ လိုတာမို့ ပုထုဇဉ်လူသား ကျွန်မတို့တွေအတွက် အလွန်ပဲ ခက်ခဲဦးမှာပါ။ အသိနဲ့ သတိကို ယှဉ်တွဲပြီး အချိန်ပေါင်းများစွာ ကြိုးစားရဦးမယ် ထင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်ကို နှိမ့်ချဖို့လိုတယ်၊ ကိုင်းညွတ်နေတဲ့ စပါးပင်လေးလို ကျင့်ကြံဖို့လိုတယ် ဆိုတယ်ဆိုတဲ့ အသိလေးကို မျှဝေခံစားရင်း၊ ဆရာတော်ဦးကောဝိဒ (၀စီပိတ်ဆရာတော်) ရေးသားတဲ့ ဓမ္မစာစုလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

ခင်မမမျိုး (၁၈၊ ၁၀၊ ၂၀၁၁)



စကား (၁၂) နှိမ့်ချခြင်း

အို….လုလင်….
ပင်လယ်သမုဒ္ဒရာသည်….
မဟာ”ကြီးမားခြင်းဖြစ်၏…..
မဟာ”သမုဒ္ဒရာသည်….
မြစ်အပေါင်းတို့၏…..
ဆုံဆည်းရာလည်းဖြစ်၏….
အကြောင်းမှာ…..
ကမ္ဘာလောက၏(သုညမျဉ်း)…..
နှိမ့်ချအရပ်၌..နေ၍တည်း….

အို….လုလင်……
မိမိကိုယ်ကို..နှိမ့်ချသူသည်…
လူချစ်လူခင်ပေါ၏…..
မည်သည့်“ဒေသ”သို့ရောက်စေကာမှု…..
အပေါင်းအသင်းကောင်းရာ၏…..

အို…လုလင်….
ရေကို….“ပုလင်း”ထဲထည့်ကား…..
ပုလင်း”ပုံစံပြောင်းပေးသကဲ့သို့လည်းကောင်း….
အိုး”ထဲထည့်လိုက်ပါက…..
အိုး”ပုံစံလေး….ပြောင်းပေးသကဲ့သို့လည်းကောင်း……
ခွက်”ထဲထည့်ကာ….
ခွက်”ပုံစံလေး…ပြောင်းပေးသကဲ့သို့လည်းကောင်း….
ကာလနံဒေသံ”နှင့်အညီ….
ပုံစံပြောင်းလဲပေးနိုင်၏…..
သို့သော်…..
သူ၏…“ပေးဆပ်ခြင်းအသက်ဇီဝဓါတ်”ကား…….
ပြောင်းလဲမသွား……။

အို….လုလင်…..
ရေသည်”
အခွင့်အရေးရလျှင်…ရသကဲ့သို့…
နိမ့်ရာအရပ်သို့….စီးဆင်း၏…။
သူ၏….စီးဆင်းရာလမ်းတလျှောက်၌….
လူ”နှင့်“သတ္တဝါ”တို့….အသုံးပြုရန်….
တုံနိဘာဝေ”….“အဖြည့်ခံ”….၏……။
ပင်လယ်သို့ရောက်သောအခါ…..
အနိမ့်ဆုံး၌ကြာကြာမနေရဘဲ….
ရေငွေ့ကလေးများအဖြစ်…..
ထက်ကောင်းကင်မိုးသားသို့တက်၍…..
လေ၏နှင်ရာကိုလွင့်မြော….လျက်….
အချိန်တန်လျှင်….“ကမ္ဘာ”လောကကို…
အေးမြစေရန် …..ရေစက်ကလေးများ……
သွန်းဖြိုးသွား၏…..

အို….လုလင်…..
ဤကား……
ရေ၏….သံသရာ”တည်း……။
ဤကား……
နှိမ့်ချခြင်း၏….“လက္ခဏာ” တည်း…..

No comments: