October 29, 2012
မနက်လင်း အိပ်ရာနိုးသည်နှင့် သားနှစ်ယောက်ဘဝရှေ့ရေးအတွက် ဇနီးသည်နှင့် စကားအခြေအတင် ဖြစ်ရသည်က နေ့စဉ်ရက်ဆက်ဖြစ်နေပြီ။
ဒုက္ခ္ခသည်စခန်းထဲကို ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ် စတင်ဝင်ရောက်ခဲ့ရပြန်သည်။ ထိုအချိန်က သားကြီး ၄ လသား သာ ရှိသေးသည်။ ယခုသားကြီးအသက်က ၇ နှစ်အတွင်း၊ ဒုတိယမွေးသည့် သားငယ်အသက်က ၄ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်
အတူတကွ ဒုက္ခ္ခသည်အဖြစ် ခံယူခဲ့ကြသည့် မိတ်ဆွေအပေါင်းအသင်း တော်တော်များများ တတိယနိုင်တခုခုသို့ ခိုလှုံခွင့်ရရှိသွားခဲ့ကြပြီ ဖြစ်သည်။ ကံတရားဖေးမမှုမရှိသော ကျနော့် မိသားစုနှင့် ကျန်လူအနည်းစုသာ အနာဂတ်ကို ကြိုလင့်တမ်းတနေရဆဲ။
သားကြီးက အမေးအမြန်းထူသည်။
“ဘဘ ဦးလူဗိုလ်လည်းသွားပြီ၊ မနက်ဖြန်ကျရင် ဘဘ ဦးထူးအောင်တို့လည်း သွားတော့မယ်။ သားတို့က ဘယ်တော့ သွားရမှာလဲ ဖေဖေ” လို့ မေးလိုက်တဲ့စကားက ရင်ဝမီးစနှင့် အထိုးခံရသည်ထက် အဆပေါင်းများစွာ သာမည်ထင်သည်။
သူတို့ဘဝ အနာဂတ်အတွက် ဖြေဆိုခွင့်တွေ ကျနော့်မှာကုန်ဆုံးသွားပြီလား ဆိုတာတော့ ကျနော်မသိတော့။ နိုင်ငံမဲ့သည့် ဘဝကို ကျနော် ကိုယ် တိုင် ပိုင်ဆိုင်ခဲ့ရသည်။ သားတို့ဘဝမှာတော့ အမိနိုင်ငံတော် တခုခုကို ပိုင်ဆိုင်ခွင့် ရရှိစေချင်သည်။ သူတို့ နှစ်ယောက်ဘဝကို အကောင်းမွန်ဆုံး ပုံဖော်ပေးချင်သည့်ဆန္ဒကို ချုပ်တည်းလို့ မရ။ ခက်နေသည်က ဒုက္ခ္ခသည်။ ဘဝတွေကို ဝကွက်အပ်ထားကြရသည်။ ကိုယ့်အနာဂတ် ကိုယ်ဖန် တီးပိုင်ခွင့်မရှိ။ မွန်းကျပ်မှု ဒဏ်ရာဒဏ်ချက်တွေက နေ့စဉ် နှိပ်စက်ခံနေကြရသည်။
သားကြီးနှင့် သားငယ်က အမူအကျင့် မတူကြ။ သားကြီးက မျက်နှာဝိုင်းဝိုင်း၊ အသားဖြူဖြူ၊ ဝဖိုင့်ဖိုင့်။ စာတော်သလို ဘာသာရေးလည်း ကိုင်းရှိုင်း သည်။ မိဘအယုအယကို နှစ်သက်မြတ်နိုးသလို ကြမ်းတမ်းစွာ ကိုင်တွယ်လို့မရ၊ ချော့မြူပြောဆိုခြင်းကို နှစ်သက်သည်။ နှလုံးအားနည်းသော ကြောင့် ဝမ်းနည်းသောအခါ မေ့မြောသွားတတ်သည့်အတွက် အမြဲသတိထား စောင့်ကြည့်နေရသည်။ သားကြီးက ထမင်းအဖြူကိုသာ စားတတ် သည်။ အသားငါးနှင့် အသီးအရွက်ကိုတော့ ကျွေးမွေးလို့မရ။ ရွံ့မုန်းနေသည်။ ဆီဆားနှင့် နယ်ဖတ်ကျွေးသော်လည်း မစား။ ထမင်းအဖြူသည် သာ သူ့အားထားရာ ဖြစ်နေသည်။ သို့သော် မုန့်ဆိုလျင်တော့ စားသည်။ မုန့်မစားရသော နေ့ရက်များတွင် ငေးမှိုင်ထိုင်းမှိုင်းနေတတ်သည်။
အလုပ်လက်မဲ့ ဒုက္ခသည်ဘဝမှာ ဝင်ငွေရှာရန် ခက်ခဲသော်လည်း သူတို့အတွက် ရုန်းကန်ရှာဖွေကျွေးမွေးရသည်။
သားငယ်ကတော့ လူတမျိုးဟု ဆိုရမည်။ ပါးလျလျ ကိုယ်ဟန်က နွဲ့နွဲ့၊ ၃ နှစ်ကျော်ကျော်သာ ရှိသေးသော်လည်း စကားပြောရာတွင် ပိုင်နိုင်ချက် ချာသလို ဇွတ်လုပ်တတ်သည့်အကျင့် ရှိနေသည်။ လိုချင်လျင် မရမက ယူတတ်သည်။ သတ္တိကောင်းသည်။ သားငယ် လူ့ဘဝထဲ ရောက်ပုံက လည်း ဒုက္ခသည်စခန်းတခုလုံး အံ့သြရသည့်အဖြစ် ဖြစ်ခဲ့ဖူးသည်။
သားကြီးနှင့် ကျနော်တို့ဇနီးမောင်နှံ အမေရိကန်နိုင်ငံ အခြေချနိုင်ရေးအတွက် သံရုံးအင်တာဗျူး ဝင်ကြရသည်။ အင်တာဗျူးပြီးဆုံးသောအခါ ကျန်း မာရေးအတွက် ထိုင်းနိုင်ငံ ပုဂ္ဂလိက ဆေးရုံကြီးတခုတွင် ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် ဆေးစစ်ကြရပြန်သည်။ သွေးဖောက်၊ ကိုယ်ဝန်စစ်၊ အဆုတ်နှင့်ပတ်သက်သော ရောဂါ၊ ကင်ဆာ အဖုအကျိတ်၊ ဓာတ်မှန်ရိုက်၊ သလိပ်ထွေး၊ မျက်စိနာ စသည့် ရောဂါမျိုးစုံကိုရှာဖွေကြသည်။ ဆေး စစ်ချက် မှတ်တမ်းထွက်လာသောအခါ ကျနော်တို့ မိသားစုအားလုံး အကြွင်းမဲ့ရောဂါများမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။ အခြေချခွင့်ရမည့် နေ့ရက် ကိုသာ စောင့်မျှော်ရန်ရှိတော့သည်။
ကံကြမ္မာ ချားရဟတ်က တဆစ်ချိုး ပြောင်းသွားခဲ့ပြန်သည်။ ဆေးစစ်ပြီးပြန်လာလို့ ၄ လကျော်သော နေ့တနေ့၊ ဇနီးသည် ဗိုက်အောင့်သည် ဆို သဖြင့် အိမ်နီးနားချင်းတို့ကို အကူအညီတောင်းခံပြီး ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်ကြရသည်။ ဆေးရုံကုတင်ပေါ်သို့ ရောက်သောအခါ စမ်းသပ် ရန်အတွက် ဝမ်းဗိုက်ကို လှန်လိုက်သည်နှင့် အကုန်လုံး အံ့အားသင့်ကုန်သည်။ ဝမ်းဗိုက်မှာ သာမန်မဟုတ်တော့။ အလိပ်လိုက် အလိပ်လိုက် ဖောင်းကြွပြီး မြင့်မောက်စူတက်လာသည်။ ကြောင်အမ်းအမ်းဖြစ်နေကြသည်။ ထိုစဉ် ဆရာမတဦးမှ သတိဝင်လာပြီး “ကလေးမီးဖွားချင်တဲ့ လက္ခ ဏာဖြစ်မယ်။ သားဖွားဆေးရုံ အမြန်ပို့ကြ” ဟု ညွှန်ကြားမှ သတိဝင်ကာ သားဖွားဆေးရုံသို့ပို့ရန် လှည်းပေါ်တင်ကာ အပြင်းတွန်းသွားကြရသည်။
ဆေးရုံ ကုတင်ပေါ်သို့ ဇနီးသည်ရောက်သွားသော်လည်း ကျနော်က တွေဝေနေဆဲပင်။ လစဉ် မိန်းခလေးသဘာဝ စီးဆင်းခဲ့သည်။ ဗိုက်သားက လည်း ပုံမှန်အမျိုးသမီး အတိုင်းပင် ဖြစ်နေသည်။ သွေးလုံးလေလုံး သို့မဟုတ် ရုပ်ရှင်ထဲကလို အကောင်တွေများထွက်လာလေမလား စသည့်အ တွေးတို့ဖြင့် လှိုင်းတံပိုးထနေခဲ့သည်။ သားဖွားဆရာမတို့ကလည်း ကိုင်ရန်မဝံ့မရဲ ခပ်အန်းအန်း။ အခြေအနေက သိပ်မကြာလိုက် ညှစ်ချင်တယ်ဟု ပြောရုံရှိသေးသည်။ ကလေးခေါင်းက ပြူထွက်လာခဲ့ ပေသည်။ မကြည့်ရဲ။ မျက်နှာကို တဖက်လွှဲ ထားသည့်ကျနော်၊ ကလေးငိုကြွေးသံ ကြားနေရ သော်လည်း ရင်မှာ တလှပ်လှပ်၊ အမျိုးအမည်မသိရသော စိတ်ဝေဒနာတခုက လွှမ်းခြုံထားခြင်း ခံနေရသည်။
“ဟယ် ယောက်ျားလေးဟဲ့.. ကိုယ်လက်အင်္ဂါလည်း စုံတယ်၊ ချစ်စရာလေး သုံးကီလိုခွဲကျော်ကျော် ရှိတယ်၊ တကယ့်ကို အံ့သြဖွယ် အပေါင်းနဲ့ ပြည့်စုံပါတယ် အဖဘုရားသခင်” သားဖွားဆရာမလေး ပြောသံကြားမှ စိတ်သက်သာရာ ရရှိခဲ့သည်။ ကလေးကို ပတ်ရန် အနှီးတောင်းတော့ အနှီး မရှိ၊ “ဆရာမတို့ရယ် ဆေးရုံမှာရှိတဲ့ စောင်လေးတွေနဲ့ ခဏပတ်ထားပေးပါဗျာ ကျနော် အမြန်ရှာပေးမှာပေါ့” လို့ မျက်နှာငယ်လေးနဲ့ ပြောနေမိတဲ့ ကျနော်။ ငွေကြေးနှင့်တူတာ ခြူးတပြားမှ မရှိ၊ သူငယ်ချင်း ဝင်းနိုင်နဲ့ ရဲမင်းနိုင်ကိုပြောလိုက်တော့ သူတို့လည်း စိတ်မကောင်း ဖြစ်နေကြသည်။
ထိုစဉ် ကိုဝင်းနိုင်က “ခင်ဗျားတို့ ဒီမှာပဲစောင့်နေ ကျုပ်အနှီးရအောင် ရှာခဲ့မယ်” ဟု ပြောကာ ရွာလေးအတွင်းသို့ သုတ်ခြေတင်ကာ ထွက်သွား သည်။ သူငယ်ချင်း ကိုထူးအောင် ရောက်လာတော့ “ခင်ဗျား ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ” ဟုမေးလိုက်တော့ တုံဏှိဘာဝေ ဖြစ်နေသည်။ သူ့အိမ်မှာရှိတဲ့ ငွေအကုန်ယူလာသည်ဟုပြောကာ ကျနော့်ကို ထုတ်ပေးရှာသည်။ ၂၀ တန် တရွက်၊ ငါးဘတ်စေ့တစေ့။ ထိုငွေလေးနှင့် ကျနော်တို့ ၂ ယောက် လက်ဖက်ရည်ဆိုင်သို့ သွားကာ လက်ဖက်ရည် ၄ ခွက် အီကြာကွေး ၅ ချောင်းဝယ်ကာ မွေးဖွားပေးသော ဆရာဆရာမတို့ကို ကျေးဇူး တရားတုန့်ပြန်ရသည့် ဘဝများ။
နာရီဝက်ခန့် ကြာသောအခါ အုံးအုံးကျက်ကျက်နှင့် အိမ်နီးပတ်ဝန်းကျင်ကလူတွေနှင့် ကိုဝင်းနိုင်တယောက် အနှီးတပွေ့ကို ပွေ့လျက် အောင်နိုင် သူကြီးတဦးပမာ ပြုံးရွှင်စွာ ရောက်ရှိလာကြသည်။ သတင်းကြားသဖြင့် အနှီး၊ ခြေအိတ်၊လက်အိတ်၊ စောင် နှင့် လိုအပ်သော အသုံးအဆောင်တို့ ကို ဝိုင်းဝန်းကူညီထောက်ပံ့ကြသည်။ ဘာသာရေးအရ ဆုတောင်းခြင်း အမှုကို ပြုလုပ်သူ၊ သူတို့ကြိုက်နှစ်သက်ရာ နာမည်ကို ရွေးကြသူနှင့် ရှုပ် နေသည်။ ၂၀၀၈ ဒီဇင်ဘာ ၃၀ ရက်မှာ သားငယ်ကို မွေးဖွားခဲ့တာ ဖြစ်သည်။
သူငယ်ချင်း ကိုထူးအောင်က “ကောက်ရ” ဟု သမုတ်သည်။ ဝင်းနိုင်က “ဂြိုလ်သား”၊ ရဲမင်းနိုင်က “ဘူမသိ ကိုးမသိ” အချို့က လူထူးဆန်းလေး စသဖြင့် အမည်စုံလှသည်။ သားဖွားဆရာမမှ မည်သည့်အမည်ဖြင့် မွေးစာရင်းသွင်းမလဲဟု မေးတော့ စဉ်းစားရကျပ် နေသည်။ ဒီဇင်ဘာမှာ ထူး ထူးခြားခြား မွေးဖွားသောကြောင့် “ဒီဇင်ဘာထူး” ဟု မှည့်တွင်လိုက်ပါသည်။ သားငယ် ၆ လသားအရွယ်တွင် အခြေချခွင့်အတွက် နောက်ထပ် တကြိမ် အင်တာဗျူးဖြေဆိုရန်အတွက် ဆင့်ခေါ် ခံရပြန်သည်။ ပထမ အင်တာဗျူးနှင့် ဒုတိယအင်တာဗျူးမှာ ၁၁ သာသာ သာခြားသည်။ အင်တာ ဗျူးတော့ လပိုင်းအတွင်း ကလေးငယ်တယောက်တိုးလာသည့် ကိစ္စကို သူတို့ဘဝင်မကျ ဖြစ်နေသည်။ စာရွက်စာတမ်း အချက်အလက်တို့ဖြင့် ရှင်းပြကြသည်။ နောက်ဆုံး မွေးစာရင်းကို ကြည့်လိုက်တော့ အမေအမည်သာပါရှိပြီး ဖခင်အမည် မပါရှိခဲ့ပေ။ ဇာတ်လမ်းက ရှုပ်ကုန်သည်။
ထိုနှင့် ကျနော့်မိသားစုလည်း အကြောင်းပြန်ကြားဖြေရှင်းချက် တစုံတရာ မရရှိဘဲ၊ ဒုက္ခသည်စခန်းထဲတွင် ဂျာအေးကို သူ့အမေရိုက်သည့်အဖြစ် သို့ ဆိုက်ရောက်ခဲ့သည်မှာ ၇ နှစ်အတွင်းသို့ပင် ချဉ်းနင်းဝင်ရောက် ခဲ့ပြီ။ ကျနော်က ဒုက္ခ္ခသည်ဘဝကို ၂ ကြိမ်တိုင်တိုင် ဖြတ်သန်းဖူးသည်။ ကျနော့်အတွက် ပြဿနာမရှိသော်လည်း ရင်သွေးငယ်တို့ဘဝကို ဒုက္ခ္ခသည်ဝဲဂယက်ထဲမှာ မဖြတ်သန်းမရှင်သန်စေလိုတော့။ သူတို့အနာဂတ်မှာ အမိနိုင်ငံတော်တခု အမြန်ရရှိလိုသည့် ဆန္ဒသာ လွှမ်းမိုးကြီးစိုးနေခဲ့ရသည်။
၁၈ နှစ်တာ ဒုက္ခ္ခသည် ကျနော်
၇ နှစ်တာ ဒုက္ခ္ခသည် ဇနီး
၇ နှစ်တာ ဒုက္ခ္ခသည် သားကြီး
၎ နှစ်နီးပါး ဒုက္ခ္ခသည်သားငယ်……
ပေါင်းလိုက်တော့ ဘုရားတမိ၊ လွတ်ရက်မသိ၊ အဖြေမသိ၊ အနာဂတ်မသိ၊ မသိ မသိ မသိ……။
အုပ်ကြီးဖေ
၂၇-၁၀-၂၀၁၀
Photo .. http://www.theepochtimes.com/
http://www.naytthit.net/?p=
New Generations: အနာဂတ်မဲ့များ |
No comments:
Post a Comment