အဲဒီညမှာလအရမ်းသာတယ်။ သံတိုင်တွေကြားက အိပ်မပျော်နိုင်သေးတဲ့ အကျဉ်းသား၊
ဟိုငေးဒီကြောင်၊ ငုတ်တုတ်ထိုင် လိုက်၊ လမ်းထလျှောက်လိုက်၊ အပြင်ဘက်က “ဝါကာ
.. ဝါကာ အေ့ အေ့..” သီချင်းနဲ့ ဘုန်းကြီးတရားသံကရောထွေးပြီး
ထောင်နံရံကိုဖောက်လာတယ်။
သံတိုင်အပြင်ဘက်မှာ လရောင်တွေ ဖိတ်လျှံကျနေတာ ဝင်းဝင်းလက်လက်။
ထောင်နံရံမျော်စင်လည်း ပျိုးပျိုးပြက်ပြက်။ သံတိုင်ထဲကလူ.. လရောင်ကို
သတိပြုမိသွားတယ်။ လပြည့်ညလဲ ဖြစ်ချင်ဖြစ်မယ်။ သံတိုင်နားကပ်ပြီး
စောင်းငဲ့မော့ကြည့် တယ်၊ လဝန်းကိုမမြင်ရ။ သံတိုင်အပြင်ဘက်လက်ဆန့်ပြီး
လရောင်ကိုခံကြည့်တယ်၊ လရိပ်က သူ့လက်ဖျားနဲ့ တစက်က လေးမှမထိဘူး။
နည်းနည်းလေးရှေ့တိုးနိုင်ရင်တော့ သူမြင်ချင်တဲ့လပြည့်ဝန်းကို တွေ့နိုင်မယ်။
သံတိုင်နဲ့ပါး ကပ်နိုင်သမျှ ကပ်၊ လက်ကိုဆန့်တန်းပြီး အပြင်ထုတ်ပေမဲ့
လရိပ်က စိမ်းစိမ်းကားကားပဲ။ မထိမတို့နိုင်တဲ့လရောင်ကို ပိုပြီး ငတ်မွတ်လာ
တယ်။ ပိုမြင်ချင်လာတယ်။
ဒီညတော့ လပြည့်ပြည့်ကို မြင်မှဖြစ်မယ်၊ ဒီလကို။ မမြင်ရမချင်း
မအိပ်တော့ဘူးလို ဆုံးဖြတ်လိုက်ပုံရတယ်။ အကြံရတယ်။ အခန်းဒေါင့်ကိုသွားပြီး
ကျင်ငယ်စွန့်တဲ့ ဂန်ဖလားကိုဆွဲပြီး သံတိုင်အပြင်ဘက်ထုတ်လိုက်တယ်။ ပြီးတော့
အဲဒီခွက်ထဲ ရှူရှူးပန်းထဲ့လိုက်တယ်။ ပြီးတော့ ဂန်ဖလားကို
လရောင်ကျနေတဲ့နေရာထိ တိုးရွှေ့လိုက်တယ်။
လှုပ်ခတ်နေတဲ့ အဖြူရောင်အရိပ်တွေက ကျင်ငယ်ရေထဲ ဝါးတားတားပေါ်လာတယ်။
ခွက်ထဲက ကျင်ငယ်ရေဘောင်ဘင် ခတ်တာငြိမ်သက်သွားတော့ ဝိုင်းဝိုင်းစက်စက်
လမင်းကြီးဟာ ကျင်ခွက်ထဲမှာ ပြည့်လို့ သာလို့။ သံတိုင်ကြားက မလွတ် လပ်တဲ့
အကျဉ်းသား၊ ကျင်ခွက်ထဲက လရိပ်ကို အငမ်းမရ ကြည့်လိုက်တယ်။
လပြည့်ညကို အားရပါးရ ခံစားလိုက်တယ်။
…………………………………………………….
အဲဒီ Short Film လေးကိုဒါရိုက်တာ ဇာဂနာက “မမြင်ရတဲ့ လ” လို့ နာမည်ပေးထားတယ်။
“အကျဉ်းခန်းထဲမှာ လရောင်ကို မြင်နိုင်တဲ့အခွင့်အရေး မရှိသလို၊
သောက်စရာရေတောင်မရှိဘူး၊ ဒီဇာတ်လမ်းကို ထောင် ထဲမှာ စိတ်ကူးထားတာကြာပြီ၊
အခုအပြင်ရောက်မှ တကယ်ရိုက်ဖြစ်တာ” ရေခဲအမှတ် သုညအောက်ရောက်နေပြီး၊ အော်
စလိုပင်လယ်ကမ်းမြှောင်ကို မေးတင်ဆောက်ထားတဲ့ နော်ဝေးနိုင်ငံ
အမျိုးသားအော်ပရာဇာတ်ရုံအပြင်မှာ မြန်မာအမျိုး သားဝတ်စုံဝတ်ထားတဲ့
ကတုံးပြောင်နဲ့ ကိုဇာဂနာ မေးခိုက်ခိုက်တုန်ပြီး မီဒီယာတွေကို
အင်တာဗျူးပေးနေတာ တွေ့ရ တယ်။
အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်နေ့ ၂ ရက်တာ ကျင်းပတဲ့ “All that is banned is
desired” “ပိတ်ဆို့ခံခဲ့ရတဲ့ လိုအင်ဆန္ဒ တွေ” ဆိုတဲ့ ခေါင်းစဉ်နဲ့
အနုပညာနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်တဲ့ နိုင်ငံတကာ အနုပညာရှင် ၅ဝ
ကျော်ထဲမှာ မြန်မာနိုင်ငံက လူရွှင်တော်၊ ဒါရိုက်တာ၊
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာနဲ့မှတ်တမ်းရုပ်ရှင်(Documentary Film)
ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ၂ ဦးလည်း ပါဝင်တယ်။ သူတို့ ၂ယောက်ရဲ့
တင်ဆက်မှုကို (Beauti Under Pressure) “ဖိနှိပ်မှုအောက်က အလှတရား” လို့
နာမည်ပေးထားတယ်။
အစောပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေသံစဉ်တီးဝိုင်းခေါင်းဆောင်
ကိုဝင်းမော် လာဖို့ရှိပေမဲ့ နိုင်ငံကူးလက်မှတ် မရလို့မလာနိုင်ခဲ့ဘူး။
“ကျနော်ပတ်စ်ပို့ရဖို့ လအတန်ကြာကတည်းက အကြိမ်ကြိမ်ကျိုးစားခဲ့ပေမဲ့
အထမမြောက်ခဲ့ဘူး၊ သြဂုတ်လကလည်း ကျနော်နဲ့ ကျနော့အဖွဲ့ကို
ထိုင်းဘုရင်မမွေးနေ့ပွဲမှာ ဖြော်ဖြေဘို့ ဖိတ်ကြားခံရတာလည်း သွားခွင့်မရခဲ့
ဘူး” လို့ သူ့ရဲ့ Video အမှာစကားမှာ ကိုဝင်းမော် က ရှင်းပြသွားပါတယ်။ သူ့က
ဗွီဒီယိုအခွေကတဆင့် ကျောင်းသားတွေ ညအချိန်မတော် တိတ်တဆိတ်
အဖမ်းခံနေရတဲ့အကြောင်း ထောင်ထဲမှာရေးဖွဲ့ထားတဲ့ Evil Go Away (မိစ္ဆာတွေ
အဝေး ထွက်သွား) သီချင်းကို ဆိုပြသွားတယ်။
ဒီကနေ့လို ဒီမိုကရေစီလမ်းကြောင်းပေါ် အားလုံးကတွန်းတင်ပြီးသွားနေချိန်
ဘာကြောင့် အတိတ်ကပုံရိပ်တွေကို နိုင်ငံတ ကာလှည့်ပြသနေရသလဲဆိုတာက
သိလိုတဲ့မေးခွန်းတခုပါ။ “ဒီလိုဇာတ်လမ်းတွေပြဖို့ အစောပိုင်းက
စိတ်ကူးမရှိဘူး၊ ဒါပေမဲ့ ခရီးထွက်ဘို့နီးကပ်ချိန်ထိ ကိုဝင်းမော်
ပတ်စ်ပို့မရတော့ ဒီကိစ္စ ခေါင်းထဲဝင်ဆောင့်လာတယ်၊ ငါတို့က လွတ်လပ်မှု
ရှာနေသလို၊ သူတို့ကလည်း လွတ်လပ်ပါပြီ၊ ဒီမိုကရေစီအစိုးရပါလို့ ပြောတယ်၊
ဒါဆို လူလူချင်းခွဲခြားပြီး နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိတဲ့
ပတ်စ်ပို့တွေထုတ်မပေးကြတာလဲ၊ ကိုဝင်းမော်မှမဟုတ်ဘူး၊ ကိုဇော်သက်ထွေးနဲ
နိုင်ငံရေးအကျဉ်းသား ဟောင်း ၉ဝရာခိုင်နှုန်းက နိုင်ငံကူးလက်မှတ်တွေ
မရသေးဘူး၊ ဒီတော့ လူ့အခွင့်ရေးတို့၊ ဒီမိုကရေစီတို့ တည်ဆောက်နေပါ တယ်လို့
ပြောနေတာကို ကျနော်တို့ဘယ်လိုယုံကြည်ရမှာလဲ.. ဒါကြောင့်လဲ ဒီလာခါနီးမှ
ကမန်းကတန်း “မမြင်ရတဲ့လ” ကိုရိုက်ပြီး ယူလာခဲ့တာပဲ” ရင်အပူနဲ့ပြောလိုက်တဲ့
ကိုဇာဂနာ ရေခဲအောက်သုညဒီဂရီရောက်နေတဲ့ အအေးဓာတ်ကို
ခဏတော့ အံတုနိုင်မှာပဲ။
…………………………………………….
အော်စလိုပွဲမှာတရုတ်၊ မလေးရှား၊ တိဘက် စတဲ့အာရှနိုင်ငံက
အနုပညာရှင်တွေနဲ့၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဂျာ နယ်လစ်တွေအပြင်၊
ပြင်သစ်၊ အာဖရိက၊ အမေရိကန်၊ ဆွီဒင်၊ ဒိန်းမတ်၊ စတဲ့နိုင်ငံတကာက
အနုပညာသမားနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားသူဟာ
ကိုယ့်နယ်ပယ်အသီးသီးမှာ ပိတ်ဆို့ခံနေရတဲ့ ယုံကြည်ချက်နဲ့လုပ်တဲ့
အနုပညာတွေကို တင်ပြကြတာပါ။ အဆို၊ အက၊ အတီးအမှုတ်နဲ့
သရုပ်ဖော်အနုပညာပြကွက်တွေအပြင်၊ ပရိသတ်နဲ့ပါ အပြန်အလှန်
မေးခွန်းထုတ်ဆွေးနွေးမှုတွေလည်းပါတယ်။
ထူးထူးခြားခြား တင်ဆက်မှုတခုက ပြင်သစ်နိုင်ငံက အမျိုးသမီးတဦးရဲ့ ၁ဝ
မိနစ်ကြာ တင်ဆင်တဲ့ သရုပ်ပြကွက်လေးပါ။ Hijab လို့ခေါ်တဲ့ အစ္စလမ်ဘာသာဝင်
မျက်နှာဖုံးကာ ဝတ်ရုံတွေနဲ့အမျိုးသမီးတွေရဲ့ မလွတ်လပ်မှု၊
အခွင့်အရေးမဲ့မှုနဲ့ လူ သားဆန်ဆန်မနေနိုင်တဲ့ဘဝကို အသံ၊ အလင်းတွေရဲ့
အထောက်အပံ့နဲ့ ပြသွားတာပါ။ ထူးခြားတာက ဒီပြကွက်ကို အ သက်အန္တရာယ်ကြောင့်
ဓာတ်ပုံ၊ ဗွီဒီယိုလုံးဝမရိုက်ဖို့ တားမြစ်ထားသလို၊ ဒီနေရာမှာ
ပထမဆုံးပြတာဖြစ်သလို၊ ဘယ်နေ ရာမှာမှထပ်မပြသမဲ့ နောက်ဆုံးအကြိမ်
သရုပ်ပြကွက်ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။ ၁ဝ မိနစ်ကြာ ပြကွက်တခုလုံးမှာ
မျက်နှာဖုံးစွတ်ထားတဲ့ အမျိုးသမီးတယောက်ရဲ့၊ တီးလုံးနဲ့အညီ၊ အော်ဟစ်သံ၊
ညည်းညူသံ၊ သက်ပျင်းချသံတွေနဲ့ အဖုံး အကွယ်မပါတဲ့ မျက်လုံး တွေကတဆင့်
ကြောက်လန့်မှု၊ အားငယ်စိုးရိမ်မှုတွေကို သရုပ်ဖော်ပြသသွားတာပါ။ ကဇာတ်ရုံ ထဲက
ပရိဿတ် ၂ဝဝ ကျော်ဟာချောင်းဟန့်သံတောင်မပြု ငြိမ်သက်နေတယ်။
လွတ်လပ်မှုမရှိတဲ့အဓိပ္ပါယ်ကို ပီပြင်စေ ချင်လို့လားမသိ၊
သတင်းသမားတွေကိုတောင် ဓာတ်ပုံ၊ Video မရိုက်ဖို့ မေတ္တာရပ်ခံပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ ကိုမင်းကိုနိုင် အကျဉ်းကျစဉ်
ရေးခဲ့တဲ့ “အလျဉ်” ဆိုတဲ့ကဗျာစာသား မြန်မာ အင်္ဂလိပ်လိုရေးထားတာကို
ကင်မရာအနီးအဝေး၊ အနိမ့်အမြင့်၊ အတွန်းအရွှေ့၊ အလှည့်အပြောင်းရိုက်ချက်တွေနဲ့
နောက် ခံစန္ဒယားတီးကွက်တွေကိုပံ့ပိုးပြီး ရိုက်ထားတာလေးက ထူးခြားပြီး
ပရိသတ်ရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ သေခြင်း နဲ့
ရှင်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို စကားလုံးကျစ်ကျစ်လစ်လစ်နဲ့
ရှေ့နောက်ရွှေ့ရေးစပ်ထားတဲ့ ကိုမင်းကိုနိုင်ရဲ့အတွေးနဲ့ ဒဿနတွေ
ဘယ်လောက်လေးနက်၊ ကျယ်ပြန့်နေတယ်ဆိုတာကို အဲဒီကဗျာလေးမှာ မြင်ရတယ်။
လွတ်လပ်မှု၊ မလွတ်လပ်မှုနဲ့ မတရားမှု၊ ဖိနှိပ်မှု၊
ခြိမ်းခြောက်မှု၊မလုံခြုံမှု၊ ဘဝအာမခံမရှိမှု၊ ဖြစ်ချင်သလိုဖြစ်ပြီး၊ လူသား
တယောက်ရဲ့ ဘဝအဓိပ္ပါယ်မပြည့်ဝတဲ့ အနေအထားတွေကိုသာမက၊ လူသေပြီး
နာမည်မသေတဲ့ဘဝတွေ၊ လူရှင်ပြီး နာ မည်သေနေတဲ့ဘဝတွေ၊ သင်္ခါရတွေ၊ တရားဓမ္မနဲ့
ဆင်ခြင်တွေးတောစရာ အဓိပ္ပါယ်တွေအများကြီးကို ခံစားရမှာဖြစ်တယ်။
………………………….
အလျဉ်
သေဆုံးတယ်ဆိုတာမရှိဘူး၊
သေတယ်မဆုံးဘူး၊
မဆုံးအောင်သေတယ်၊
သေပြီးသားလူတွေထပ်သေတယ်၊
သေရမဲ့လူတွေအသက်ဆက်တယ်၊
မသေမရှင်တွေကမရှင်မသေ၊
သေခြင်းနဲ့ရှင်ခြင်းဟာ သိပ်မကွဲပြားတော့ဘူး။
ဟိုနားမှာမွေးပြီး ၊ဒီနားမှာသေတယ်၊
စောစောကမွေးပြီး ခုလေးတင်သေတယ်၊
မွေးကတည်းကသေပြီးသားလည်းဖြစ်မယ်၊
အသေ၊
အရှင်၊
မသေမရှင်၊
အဲဒီကြားမှာအပျောက်ရှိတယ်။
အသေလည်းပျောက်တယ်၊
အရှင်လည်းပျောက်တယ်၊
မသေမရှင်တွေလည်းပျောက်တယ်။
အရှင်ဖြစ်ဖြစ်၊
အသေဖြစ်ဖြစ်ဖြစ်၊
မသေမရှင်ဖြစ်ဖြစ်၊
အပျောက်ဖြစ်ဖြစ်၊
ဖက်နဲ့ထုတ်ထားရတဲ့အသက်ဟာ ဘယ်တော့မှအသေမဖြောင့်ဘူး။
အသက်ငင်နေတဲ့
စားစရာ၊
သောက်စရာ၊
ဝတ်စရာ၊
နေစရာ၊
သေငယ်ဇောနဲ့မြောနေတဲ့
သေစရာနဲ့ရှင်စရာ။
မသေမချင်းတော့ရှင်လိမ့်မယ်
ရှင်ပေမဲ့လည်းဆုံးနေပါပြီ။
(မင်းကိုနိုင်)
…………………………………………..
တကယ်တော့ မှတ်တမ်းရုပ်ရှင် Documentary Film တွေဟာ လူ့အဖွဲ့အစည်းက
အခြေအနေတွေကို တင်ပြရာမှာ အချိန် တိုတိုနဲ့ အားကောင်းတဲ့အချက်အလက်တွေ၊
ခံစားမှုတွေ၊ အသိပညာနဲ့ရသတွဲပြီး ရနိုင်တာတော့ မှန်ပါတယ်။ ကျနော်တို့
နိုင်ငံလို အရာရာနောက်ကျပြီး အများလက်ခံအောင်ဆွဲတင်ပေးရမဲ့အချိန်မှာ
အခုလိုရသနဲ့အဖြစ်အပျက်မှန်တွေ၊ သတင်း အချက်အလက်နဲ့ဒဿနကို
အချိန်တိုတိုတောင်းတောင်းနဲ့ ရင်ဘတ်ထဲရော၊ ဦးခေါင်းထဲရော
ချက်ချင်းရောက်အောင်ပို့ ပေးတဲ့နေရာမှာ အခုလို မှတ်တမ်းဇာတ်လမ်းတိုတွေက
အတော်လေးတန်ခိုးကြီးတယ်လို့ မြင်မိတယ်။
၁၉၉၄ လောက်က ကျနော် အိန္ဒိယမှာ Documentary Film
အကြောင်းလေ့လာသင်ကြားခဲ့ချိန်က သင်တန်းဆရာက
မှတ်တမ်းဇာတ်လမ်းတိုတချို့ပြသပြီး ဝေဖန်သုံးသပ်ခိုင်းတယ်။ အိုင်ဒီယာ၊
အတွေးစိတ်ကူးဆိုင်ရာနဲ့ပတ်သက်တဲ့ ရိုက် ကူးချက်တွေလေ့လာရတဲ့အခါ ဒီနေ့ထိ
စွဲနေတဲ့ တမီးလ်လူမျိုး ဒါရိုက်တာတယောက်ရိုက်ကူးတဲ့ ဇာတ်လမ်းတိုလေးတခု
ရှိတယ်။
ဇာတ်ကားနာမည်က “Rope” (လွန်ကြိုး) တဲ့ ပြကွက်အစကို..
အပြာရောင်ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ပေါ်မှာ ထိုင်နေတဲ့လူတယောက်နဲ့ပြတယ်။
ကောင်းကင်ကပြာပြာ၊ ရေပြင်ကပြာပြာ၊ နေကသာပြီးလှိုင်းလုံးတွေက
စီးချက်မှန်မှန်နဲ့ ကမ်းစပ်ကိုလာရိုက်နေတယ်။ ဟိုး.. အဝေးသဲသောင်ပြင်မှာ
လူတယောက်လဲနေတာကို ကင်မရာက Long Shot အဝေး ရိုက်ချက်နဲ့ပြတယ်။
ကျောက်ဆောင်ပေါ်ထိုင်နေသူက၊ လဲနေသူကို မျက်တောင်မခတ် လှမ်းကြည့်နေတယ်။
အနီးကပ် ကင်မရာရိုက်ချက်မှာ အသက်ပြင်းပြင်း ရှူထုတ်လိုက်တိုင်း
နှာဝနဲ့ထိနေတဲ့ သောင်ပြင်က သဲတွေ ဖွာကနဲ၊ ဖွာကနဲ ထွက် နေလို့ လဲနေသူဟာ
အသေကောင်မဟုတ်မှန်း သိရတယ်။ သူ့ခဗျာ အတော်လေးမောပမ်းနေဟန်ရှိတယ်။
ခနနေတော့ လဲနေရာကရုန်းထလာတယ်။ သူ့လက်ကို ဆန့်တန်းလိုက်ပြန်ကွေးလိုက်
နောက်ခြေတလှမ်းစီဆုတ်လိုက်နဲ့ ပင်လယ်ကိုမျက်နှာမူပြီး
လွန်ကြိုးတချောင်းကိုတယောက်ထဲဆွဲနေတဲ့ ဟန်ပဲ (ကြိုးတော့မပါဘူး၊ ဟန်သက်သက်)
သိပ် မကြာဘူး ရှေ့ကိုငိုက်ဒရွတ်တိုက်ပါပြီး သောင်ပြင်မှာ အစောကအတိုင်း
မှောက်ရက်လဲသွားပြန်တယ်။ ဒီတော့ ကျောက် ဆောင်မှာ ထိုင်ကြည့်နေသူ
မနေနိုင်ဘူးထလာတယ်။ လဲနေသူကို ထူလိုက်တယ်။ နှစ်ယောက်သားခြေလှမ်းညီညီ၊ လက်
ညီညီနဲ့ (နောက်ခံဗုံသံလေးနဲ့) စီးချက်မှန်မှန် လွန်ကြိုးကို ဆွဲပြန်တယ်။
သူတို့ဆွဲနေတာက ပင်လယ်ပြင်ကြီး။ ဒါပေမဲ့ ပင် လယ်ရေက တုတ်တုတ်မလှုပ်၊
လှိုင်းကြက်ခွတ်လေးတောင်မထ၊ ဖျာတချပ်ခင်းထားသလို ငြိမ်သက်နေတယ်။ ၂ လှမ်း ၃
လှမ်းပဲ ဆွဲရသေးတယ်၂ယောက်သား ရှေ့ငိုက်ပြီး ဟတ်ထိုးလဲကျတယ်။
လူးလဲထပြီးနောက်ထပ်တခါ ပြန်ဆွဲတယ်။ သူတို့ ဆွဲနေတာကို၊ ဟိုး..
အဝေးကျောက်ဆောင်နားမှာ တံငါသည်လင်မယား ၂ ယောက် လှမ်းကြည့်နေတယ်။
ချက်ချင်းမကူ ဘူး။ ၂ခါလောက်လဲပြီးတော့ သူတို့လည်းမနေသာ
လွန်ကြိုးကိုကူဆွဲပေးတယ်။ မရဘူး။ ပင်လယ်ရေက ကြွမလာဘူး။ ခနခန လဲကျတယ်။
နောက်ထပ် သောင်ပြင်ကိုရောက်လာတဲ့ တံငါသည်တွေ
ထမ်းထားတဲ့လှေတွေအမြန်ချပြီး ကြိုးကို ဆွဲကူတယ်။ (ကင်မရာ ရိုက်ချက်လည်း
မြန်လာသလို၊ နောက်ခံဗုံသံမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စီးချက်ဝါးချက်ညီပြီး
သိပ်သွက် လာတယ်) ပင်လယ်လှိုင်း လုံးတွေကလည်း တလုံးပြီးတလုံးကြွလာတယ်။
ဒါပေမဲ့ လွန်ဆွဲသူတွေအရေးနိမ့်တုန်း၊ ဒါနဲ့ပဲ.. နောက်ထပ် ၅ ယောက်၊ ၁ဝ ယောက်
ထပ်တိုးတိုးလာပြီး သောင်ပြင်မှာ မိန်းမတွေရော၊ ယောင်္ကျားတွေရော၊ လူငယ်လူ
လတ် အဖိုး အဖွား က လေး တွေပါမကျန် အားလုံးဝိုင်းကူဆွဲလိုက်တာ
(ကင်မရာရိုက်ချက်ကလည်း Zoom Out အဝေးမြင်ကွင်းကို ဆွဲပြလိုက် တဲ့အခါ)
ဟိုး.. သောင်ပြင်မှာ လူတွေခြေလှမ်းညီညီ၊ လက်ဟန်ညီညီ၊ ဗုံတီးကွက်နဲ့အညီ၊
ညာသံဟစ်ပြီး ဟန်ချက်ညီညီ ကြိုးကိုအဆွဲ၊ ပင်လယ်ပြင်က လှိုင်းလုံးကြီးတွေကလည်း
ဆွဲလိုက်တိုင်း တလုံးပြီးတလုံး၊ တလုံးပြီးတလုံး..အဆက်မပြတ်
ကြွကြွတက်လာလိုက်တာ နောက်ဆုံးတော့ ပင်လယ်ကြီးဟာ လူတွေဆွဲခေါ်ရာ
တလှိမ့်လှိမ့်နဲ့ လှိုင်းလုံးတွေကြွပြီး ပါလာ ပါတော့တယ်။
လှိုင်းတွေတလုံးပြီးတလုံး ကြွတက်လာတာနဲ့ အဆုံးသပ်ထားတယ်။
သိပ်ကောင်းတဲ့ရိုက်ချက်၊ သိပ်ကောင်းတဲ့ နောက်ခံတီးလုံးနဲ့သံစုံ၊
ပြီးတော့..သိပ်လှပ ညီညာတဲ့ခြေလှမ်းအတက်အကြွ၊ လက်ဟန်အပင့်အမြှောက်အချ၊
အလဲအပြို..သိပ်ညီတယ်၊ သိပ်လှတယ်။ ညီညွတ်ရေးမှာ အားတွေပါတယ်။ စည်းချက်
တွေရှိတယ်၊ အောင်ပွဲတွေရှိတယ်။ အများညီတယ်ဆို ပင်လယ်ပြင်လှိုင်းကြွလာအောင်
ကြိုးနဲ့ဆွဲလို့ရတယ်ဆိုတဲ့ သဘော ကိုပြသွားတာ သိပ်လှတဲ့ ဇာတ်လမ်းတိုလေး။
စုစုပေါင်းမှ ၄ မိနစ်တောင် မပြည့်ဘူး။
မြန်မာပြည်မှာလည်း ဒီလိုအားကောင်းတဲ့ ဖန်တီးချက်တွေနဲ့
လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်လို့ ကိုဇာဂနာ
ပြောလို့ သိရတယ်။ ၂ဝဝ၃ ခုနှစ်က ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာဆရာကြီး
ဦးဝင်းဖေရဲ့ အင်တာဗျူးတခုမှာ မြန်မာ့ရုပ်ရှင် အပြောင်းအလဲဖြစ်ဘို့ဆိုရင်
Dramatize Documentary (ပြဇာတ်ဆန်ဆန်၊ ဝတ္တုဆန်ဆန် မှတ်တမ်းဇာတ် လမ်း) တွေ
လုပ်ဖို့လိုတယ်လို့ ပြောတာကြားပြီး ကိုဇာဂနာနဲ့ သူငယ်ချင်းတွေ
မှတ်တမ်းဆန်ဆန် ငြီးငွေ့စရာတင်ပြချက် ကနေ ဇာတ်လမ်းဆန်တဲ့
မှတ်တမ်းတွေပြန်ရိုက်တယ်။ အဲဒီကာလ စာပေစိစစ်ရေးတင်လိုက်တိုင်း အပယ်ခံရတယ်။
၂ဝဝ၆ ခုနှစ်မှာ ကိုဇော်သက်ထွေး၊ တာရာမင်းဝေရယ်နဲ့ တွဲပြီးရိုက်ကြတယ်။ ၎
ခွေလောက်ရှိတယ်။ တင်တိုင်းအပယ်ခံရ တယ်လို့ ကိုဇာဂနာ က ပြောပြတယ်။
“နောက်ဆုံး၂ဝ၁ဝ အောက်တိုဘာမှာ ကျနော်ထောင်ကလွတ်ပြီးနောက်မှ စလုပ် နိုင်တယ်၊
အဲဒီမှာ လွတ်လပ်သော အနုပညာပွဲတော်နဲ့ တွန်းတင်ပြီး Documentary နဲ့အတူ
ဇာတ်လမ်းတိုတွေ၊ မှတ်တမ်း ဇာတ်လမ်းတွေ စလုပ်လာတာပဲ” ဒါဆို Dramatize
Documentary တွေ အသက်ရှူပေါက်ရလာတဲ့သက်တမ်းဟာ နုနု လေးပဲ ရှိပါသေးတယ်။
စိတ်ဝင်တစားနဲ့ လုပ်လာသူတွေ တဖြေးဖြေးများလာပြီလို့ သိရတယ်။ ဟိုတုန်းကတော့ တ
ယောက်စ နှစ်ယောက်စအတွေး၊ အကြံအားထုတ်မှုနဲ့ လုပ်ခဲ့ပေမဲ့ အားကမရှိတော့
သောင်ပြင်မှာ မှောက်ရက်လဲခဲ့ရတယ်။ ဒီကနေ့တော့ အနုပညာရှင်ညီနောင်တွေအားလုံး
ပင်လယ်ပြင်ကို ကြိုးတုပ်ဆွဲနေကြပြီ။
စည်းချက်ညီညီ ဝိုင်းဝန်းဆွဲနေကြပြီဆိုတော့ တချိန်မှာ
လိုအင်ဆန္ဒလှိုင်းလုံးဆင့်ဆင့် တမြင့်မြင့်နဲ့ ကိုယ့်ဘက်ပါလာကြ မယ်လို့
မျော်လင့်ရပါတယ်။
ကိုညို (အော်စလို)
No comments:
Post a Comment