Sunday, February 26, 2012
မြန်မာပြည်က ရေးတဲ့စာ - ပြန်လည်ဆုံဆည်းကြရာဝယ် (၁)
ဖေဖော်ဝါရီလဆိုတာ နှစ်တနှစ်ရဲ့ အကောင်းဆုံးလရယ်လို့ ကျမစိတ်ထဲမှာ အမြဲတမ်းပဲ ထင်မှတ်ထားပါတယ်။ ကျမ ချစ်ခင်မြတ်နိုးရတဲ့ ကျမဖေဖေ၊ ကျမရဲ့ မေမေဘက်က အဖိုး၊ အေဗရာ ဟင်လင်ကွန်း၊ ဂျော့ခ်ျဝါရှင်တန်။ သူတို့တွေအားလုံးဟာ ဖေဖော်ဝါရီဖွားတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ကျမ ကလေးဘ၀ကစလို့ ဖေဖော်ဝါရီလဆိုတာ ကောင်းမြတ်တဲ့လ၊ သူရဲကောင်းတွေရဲ့ လလို့ပဲ မှတ်သားထားခဲ့ပါတယ်။
ဖေဖော်ဝါရီလရဲ့ ဂုဏ်ယူဖွယ်အကြောင်း ထပ်ပြောရရင် ဖေဖော်ဂါရီလ ၁၂ (လင်ကွန်းရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေပါတယ်) က ကျမတို့ နိုင်ငံရဲ့ ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးအတွက် ရည်စူးပြီး တိုင်းရင်းသားတွေ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ ပင်လုံစာချုပ် (၁၉၄၇ ခုနှစ်မှာ စာချုပ်လက်မှတ်ထိုးခဲ့တဲ့ ရှမ်းမြို့ကလေးကို အစွဲပြုပြီး ခေါ်တာပါ) က ညီညွတ်မှုအတွက် ခြောက်ပြစ်ကင်း မဟုတ်ခဲ့ပေမယ့် ကြုံတောင်ကြုံခဲနဲ့ နိုင်ငံရေးအဖြစ်အပျက်၊ အရေးကြီးတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကိုတော့ ဖော်ကျူးနေပါတယ်။
ဖေဖော်ဝါရီလနဲ့ပက်သက်လို့ ကျမရဲ့ မျှော်လင့်ချက်တွေက ဒီနှစ်အထိလည်း မပျက်မယွင်းရှိနေတုန်းပါပဲ။ ဇန်န၀ါရီလကုန်ပိုင်းမှာ မြန်မာပြည် တောင်ဘက်ဖျားက ထားဝယ်မြို့နဲ့ စလိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးက အလွန်ကို အတိတ်ကောင်း နိမိတ်ကောင်းလို့ ပြောရမှာပါ။
နှစ်ဆယ့်သုံးနှစ်ကြာမှ နောက်တခေါက်ရောက်သွားတဲ့ ခရီးက ပျော်စရာလည်းကောင်း၊ တနင်္သာရီဒေသက ပြည်သူတွေရဲ့ ကျမတို့အပေါ် ထောက်ခံမှုက လေးစားလောက်စရာကောင်းပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ လူတွေ အင်နဲ့အားနဲ့ ထောက်ခံမှုတွေက လျှော့နည်းကျဆင်းမသွားခဲ့ပါဘူး။
ဖေဖော်ဝါရီလ ပထမအပတ်မှာတော့ ကျမတို့ ပါတီရဲ့ စည်းရုံးရေးခရီးစဉ်မှာ အခက်အခဲတချို့ ရှိနေပေမယ့် အတော်လေး အရှိန်ရလာပါတယ်။ မန္တလေးမြို့ကို စည်းရုံးရေးထွက်ဖို့ အစီအစဉ်ဟာ လူစုလူဝေးနဲ့ ဟောပြောဖို့ သင့်တော်တဲ့ နေရာအတွက် အဆင်မပြေဖြစ်ပြီး ရက်ရွှေ့လိုက်ရပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်ခရီးစဉ်နဲ့၊ ကျမ မေမေရဲ့ ဇာတိ မြောင်းမြခရီးစဉ်တွေကိုတော့ စီစဉ်ထားတဲ့အတိုင်းပဲ သွားနိုင်ခဲ့ပါတယ်။
မနက်စောစောကြီး ရန်ကုန်မြို့က ထွက်ခဲ့ပေမယ့် လမ်းတလျှောက်ရွာတွေအားလုံးက ကျမတို့ကို ထောက်ခံသူတွေက အန်အယ်ဒီအလံငယ်လေးတွေကို ဝှေ့ရမ်းရင်း နှုတ်ဆက်နေကြ၊ ပန်းတွေနဲ့ လက်ဆောင်အမျိုးမျိုးကို ထွက်ပေးနေတာနဲ့ ခရီးက တဖြည်းဖြည်းချင်းပဲ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
သူတို့ပေးတဲ့ လက်ဆောင်တွေထဲက ဆေးရောင်ခြယ် ရိုးရာ ပုသိမ်ထီး လေးတွေကတော့ နေ့လည်ပိုင်းမှာ တော်တော်ကို အသုံးတည့်တာပါပဲ။ ပုသိမ်ကို ကျမတို့ ရောက်တဲ့အချိန်က စီစဉ်ထားသလို မဟုတ်ဘဲ နောက်ကျသွားတာဆိုတော့ နေမင်းက အဆင်မပြေလောက်အောင်ကို ပူပြင်းနေတယ်လေ။
ပုသိမ်ခရိုင်က အစိုးရကလည်း အဲဒီနေ့မှာ ကျောင်းသားတွေအားလုံး ကျောင်းမတက်မနေရ၊ ၀န်ထမ်းအားလုံး ခွင့်ပျက်ခွင့်မရှိ ဆိုတဲ့ အမိန့်တွေ ထုတ်ထားပါတယ်။ ပုသိမ်ကောလိပ်က ကျောင်းသားတွေကို ဆိုရင် စာမေးပွဲကြီး ရမှတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စာမေးပွဲလေး တခုကိုတောင် ဖြေခိုင်းထားပါတယ်။ ဒါတွေက ကျောင်းသားလေးတွေ၊ ကော့လိပ်ကျောင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အားလုံးက အန်အယ်ဒီကို ထောက်ခံကြောင်း ပြသလို့မရအောင် တမင်လုပ်ထားတယ်ဆိုတာကတော့ ပေါ်လွင်ပါတယ်လေ။
ဒါပေမယ့် ကျမတို့ပါတီကို ကြိုဆိုတဲ့ လူအုပ်တွေထဲမှာ၊ လမ်းတလျှောက်လုံး ကျမတို့ကို ၀ိုင်ရံပေးထားတဲ့ မော်တော်ဆိုင်ကယ်သမားတွေကြားထဲမှာ လူငယ်တွေ တော်တော်တော်များများပါဝင်နေပါတယ်။ ဒီလိုနဲ့ လူအုပ်ကြီးဟာ ကျမ မိန့်ခွန်းပြောမယ့် ဘောလုံးကွင်းကြီးတခုကြီးဆီကို ရောက်သွားပါတယ်။
မော်တော်ဆိုင်ကယ်တွေဟာ ကျမတို့အဖွဲ့တွေ မြောင်းမြကို ဆက်သွားတဲ့ ဖုံထူထူ လမ်းတလျှောက် လုံးလည်း လိုက်ပါလာပါတယ်၊ လမ်းတလျှောက်မှာ ဆင်းရဲသားတွေနေတဲ့ ရွာငယ်ဇနပုဒ်လေးတွေကိုလည်း ဖြတ်ခဲ့ရပါတယ်။ နေပူပူ၊ ဖုံထူထူ၊ ဆင်းဆင်းရဲရဲ ဆိုပေမယ့် ကျမတို့ အဖွဲ့တွေကို တောက်ပတဲ့ အပြုံးတွေနဲ့ လှိုက်လှိုက်လှဲလှဲ အော်ဟစ် ကြိုဆိုကြတာတွေကို မြင်ရတော့ ရင်ထဲမှာ ဆို့နစ်ကြေကွဲရပါတယ်။ ဒီမြင်ကွင်း၊ ဒီခံစားမှုကြောင့် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံပြီး၊ ၀၀လင်လင်ဖူဖူလုံလုံနဲ့ လူတန်းစေ့ နေနိုင်တဲ့ အခြေအနေဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ပေးဖို့ ကြီးလေးတဲ့ တာဝန်တွေ ရှိနေပါလားဆိုတဲ့ အသိက အိမ်ပြန်ရောက်ကြတဲ့ အထိ ကျမတို့နဲ့ အတူ လိုက်ပါလာပါတယ်။
ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မြောင်းမြက ပြည်သူတွေ ကျမကို ကြိုဆိုပုံက နှစ်ပေါင်းများစွာ အိမ်ပြန် မရောက်ခဲ့တဲ့ မိသားစုဝင်တယောက်ကို ကြိုဆိုပုံမျိုးနဲ့ပါ။ တမြို့နယ်လုံမှာ ကရင်လူမျိုးတွေက ရာခိုင်နှုန်း အတော်များတဲ့အတိုင်းပဲ ကျမတို့ လူစုလူဝေးတွေထဲမှာလည်း ကရင်တွေက များနေပါတယ်၊ ကျမတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်း လူတွေ ရိုသေလေးစားကြတဲ့ ကရင်လူမျိုး ကျောင်းဆရာ တယောက်ပါပဲ။ နေ့လည်ခင်း နေရောင်က မညှာမတာပူပြင်းတယ်ဆိုပေမယ့် ပျော်ရွှင်မှုတွေ ရောစွက်နေတဲ့ ရောင်စုံ ကရင်ရိုးရာဝတ်စုံတွေ၊ စိတ်အားတက်ကြွမှုတွေ၊ စုစည်းပေါင်းဆုံမှု စိတ်ဓာတ်တွေကတော့ မို့မောက်မြင့်မား နေခဲ့ပါတယ်၊
မြန်မာတွေပြောလေ့ရှိတဲ့ ရေစက် ဆိုတဲ့ စကားရှိပါတယ်။ ကျမတို့တွေ တယောက်ကို တယောက် “ရေစက်ပေါ့”။ “ရေစက်ရှိလို့ ဆုံရတာ” လို့ ပြောကြတယ်ဆိုရင် ကျမတို့တွေ ကြားထဲမှာ စည်းနှောင်ထားတဲ့ ကောင်းတဲ့ အတိတ်ကံတခုက ဆုံဆည်းခွင့်ပေးလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ကျမတို့ဆီမှာ အလှူအတန်းတခုလုပ်ပြီးတိုင်းမှာ ရေစက်ချတဲ့ အစဉ်အလာရှိပါတယ်။ ကရားထဲက ရေတွေကို ဇလုံထဲကို တစက်ချင်းချ၊ ရေစက်ချပြီးသွားတဲ့အခါမှာ ရေတွေကို မြေကြီးပေါ်ကို သွန်းလောင်းပြီး မိမိတို့ရဲ့ ကုသိုလ်ကောင်းမှုတွေကို မဟာပထ၀ီမြေကြီးမှာ သက်သေတည်လိုက်တာပါ။ ဒီလို အတူတကွ ကုသိုလ်ပြုကြတဲ့ သူတွေဟာ ရေစက်ကြောင့် သံသရာတကွေ့မှာ ပြန်လည်ဆုံဆည်းကြပါတယ်။
ဖေဖော်ဝါရီလ ဒုတိယအပတ်ကတော့ ကရင်လူမျိုးတွေနဲ့ ကျမတို့ ကြားမှာ ရေစက်ဆုံတဲ့ တပတ်လို့ပဲ ပြောရမယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျမမေမေရဲ့ မွေးရပ်မြေက ကရင်ပြည်သူတွေနဲ့ ဆုံဆည်း ခဲ့ရပါတယ်။ နောက်တခါ ၁၀ ရက်နေ့မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်လာကြတဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ကိုယ်စားလှယ်အဖွဲ့ကို ကျမအိမ်မှာ ကြိုဆိုခွင့်ရလိုက်ပါတယ်။ ကေအန်ယူ၊ ကေအန်အယ်အေ ဌာနချုပ်က အစိုးရနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အခါ ရန်ကုန်ရောက်ရင် ကျမနဲ့ တွေ့ခွင့်ရနိုင်မလားလို့ ရေးပို့လိုက်တဲ့ စာကိုရတော့ ကျမ ယုံတောင် မယုံချင်ပါဘူး။
ငြိမ်းချမ်းသောပြည်ထောင်စု၊ ချမ်းသာဖွံ့ဖြိုးသော ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့အတွက် အားထုတ် ကြိုးပမ်းကြတဲ့ နေရာမှာ နှစ်ပေါင်းများစွာ ကျမတို့ စိတ်ထဲမှာ ရှိနေတဲ့ ရဲဘော်ရဲဘက်တွေ၊ ပထ၀ီ အနေအထားအရ၊ နိုင်ငံရေး အခြေအနေအရ ဝေးကွာနေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေ နောက်ဆုံးမှာတော့ ပြန်လည်ဆုံဆည်းခွင့်ရကြပြီလေ။
၁၄ ယောက်ပါတဲ့ လူအုပ်တောင့်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ခဏလေး ဆုံတွေ့တဲ့ အချိန်ခဏလေးအတွင်းမှာပဲ ကျမတို့ နိုင်ငံက ပြည်သူတွေအချင်းချင်း နီးစပ်ခွင့်မရအောင် မလိုလားအပ်တဲ့ အခြေအနေတွေက ဘယ်လောက်ပဲ အကန့်အသတ်တွေနဲ့ စည်းခြားထားပေမယ့် တကယ်တမ်းကျတော့ ကျမတို့ရဲ့ နှလုံးသားတွေ၊ စိတ်တွေကို ဘယ်တုန်းကမှ ဝေးကွာမသွားခဲ့ပါလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်၊
(ဂျပန်က Mainichi သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်ရေးသည့် Letter from Burma: Reunion, Union – 1 ကို ဆီလျှော်အောင် ဘာသာပြန် ဆိုပါသည်)
နေသွင်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၂
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment