Tuesday, February 28, 2012
တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား (၂)
စိန်သံလုံး
၁ ။ ။ မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်း ၅၀ နီးပါး စစ်ကျွန်ဘ၀ ကျရောက်ခဲ့ရတယ်။ ၁၉၆၂ ခုနှစ် မတိုင်မီ ၁၉၅၈ ခုနှစ်ကစပြီး စစ်အာဏာရှင်ရဲ့ တသွေး၊ တသံ၊ တမိန့်ကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ နာခံခဲ့ရတယ်မဟုတ်လား (၁၉၅၈ မှ ၁၉၆၀ အထိ အိမ်စောင့်အစိုးရဆိုပြီး ဗိုလ်ချုပ်နေ၀င်းက အာဏာယူခဲ့တယ်)။ အဲဒီအချိန်က နိုင်ငံရေးလောကမှာ အဝေမတည့်မှုတွေ၊ ညီညွတ်မှုမရှိတာတွေကြောင့် ဗိုလ်ချုပ်နေ၀င်းက အိမ်စောင့်အစိုးရ လုပ်ခဲ့တာလေ။ အဲဒီကစပြီး အရသာသိသွားတဲ့ ဗိုလ်ချုပ်နေ၀င်းက ပိုပြီး အာဏာယစ်မူးလာတယ်။ အဲဒါကြောင့် အိမ်စောင့်အစိုးရထက် ခိုင်မာတဲ့ ထာဝရ အာဏာလက်မလွှတ်ချင်တဲ့ အစိုးရဖြစ်အောင် ကြိုးစားလာတယ်။ အဲဒီနောက် တော်လှန်ရေးကောင်စီစစ်အစိုးရ၊ မြန်မာ့ဆိုရှယ်လစ်ပါတီ စစ်အစိုးရ၊ န၀တစစ်အစိုးရ၊ နအဖစစ်အစိုးရနဲ့ ယနေ့ခေတ် ဒီမိုကရေစီလို့ အော်နေတဲ့ စစ်တစ်ပိုင်းအစိုးရ (အရပ်သား အစိုးရစစ်စစ် မဖြစ်သေးတာ မပြောနဲ့၊ စစ်အစိုးရကို အကာအကွယ်ပေးပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကာလုံဆိုတဲ့ နိုင်ငံဥသျှောင်ပုံစံမျိုးနဲ့ သမ္မတကို ချုပ်ကိုင်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ချယ်လှယ်ခွင့်ရနေတာကြောင့် ဒီမိုကရေစီကို ရေရောထားတဲ့ စစ်တစ်ပိုင်းအစိုးရလို့ ခေါ်တာပါ)။ အဲဒီကာလုံ ၁၁ ယောက်မှာ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလွဲလို့ ကျန်တာ စစ်ဗိုလ်ချုပ်တွေချည်းပဲ။ ကဲ ... ဘာပြောမလဲ။ ဒီလိုဖြစ်လာအောင် လုပ်ခဲ့တဲ့ တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၂ ။ ။ ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်က ဖယ်ရှားခဲ့တယ်။ ဆရာတော်က သံဃမဟာနယကအဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ပြီး မှော်ဘီက ခြံတခြံမှာ တဲဆောက်ပြီး သီတင်းသုံးနေတယ်။ မဟန ဥက္ကဋ္ဌ ဆရာတော်ကြီးကို နောက်ခံ အမိန့်ပေးနေတာ ဘယ်သူလဲ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာအောင် လုပ်တာ တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
“ငြိမ်းချမ်းရေးဖော်ဆောင်မယ့်
ခေါင်းဆောင်တဦးဖြစ်တဲ့၊ ‘ကုန်အောင်တောင်း’ လို့ နာမည်ကြီးတဲ့
ကိုအောင်သောင်းလိုလူက ငြိမ်းချမ်းရေးစကားကို ပီပီသသ ပြောနိုင်လို့လား။
မသမာမှု၊ လာဘ်စားမှု၊ ယုတ်မာမှုနဲ့ နာမည်ကျော်တဲ့လူ ... ဒီပဲယင်းလုပ်ကြံမှုကို
ခေါင်းဆောင်လုပ်ခဲ့တဲ့လူရဲ့ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးစကား ပြောတာ
အပ်စပ်ပါရဲ့လား။ သူ့နောက်မှာ ဘယ်သူရှိလဲ။ သူလုပ်ချင်တိုင်းလုပ်ခဲ့တာ
ဘယ်သူ့အကာအကွယ်ရှိလို့လဲ။ သူဆရာတင်ထားတာ ဘယ်သူလဲ။”
၃ ။ ။ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ အရှင်ဂဓ္ဘီရကို ဓမ္မစက်နဲ့ မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းတွေ ပါလာတယ်။ အဲဒါက ဘာသဘောလဲ။ အဲဒီသံဃာကို ထောင်ထဲမှာလည်း ဥပဒေမဲ့ နှိပ်စက်ရိုက်နှက်ခဲ့ပြီးပြီ။ အခုလည်း ဘယ်ပုံနဲ့ နှိပ်စက်ချင်သေးတာလဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးလား။ နိုင်ငံရေးအကျဉ်းသားအားလုံးကို မမျှတတဲ့ ပြစ်ဒဏ်များနဲ့ မတရားတဲ့ တရားစီရင်မှု၊ ပြည်ထဲရေးက စွက်ဖက်တဲ့ အမိန့်ချမှတ်မှု၊ အငြှိုးအတေးတွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့ကြတာ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့ကြတာ ခုချိန်ထိ ရှိနေတုန်းပါပဲ။ ရဲသတင်းတပ်ဖွဲ့ SB က မတရားအမှုဆင်၊ မတရား သက်သေတွေနဲ့ သူတို့တာဝန်ကျေရင် ပြီးရောဆိုပြီး ရိုက်နှက်နှိပ်စက်ပြီး ၀န်ခံခိုင်းတဲ့ လုပ်ရပ်တွေ၊ ခံခဲ့ရသူတွေ အခု တ၀က်ကျော်ကျော် ထောင်က လွတ်နေပါပြီ။ အချိန်မရွေး သွားမေးကြည့်၊ ရဲရဲကြီး ပြောပြလိမ့်မယ်။ တရားခံမဟုတ်ဘဲ တရားခံဖြစ်နေရသူတွေ အများကြီး။ အမျိုးသားလူ့အခွင့်အရေးကော်မတီ ဖွဲ့ခဲ့တာ ကြာပြီ။ ထောင်ထဲကို ဘယ်နှစ်ကြိမ် ရောက်ဖူးလို့လဲ။ ဘာတွေများ ကာကွယ်ပေးခဲ့လို့လဲ။ ဘယ်လိုများ ဖြေရှင်းကူညီခဲ့လို့လဲ။ အစိုးရအငြိမ်းစားအရာရှိကြီးတွေ အစိုးရကို တကယ်ပဲ အရေးဆိုရဲလို့လား။ ဒီလိုဖြစ်နေတာတွေက တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၎ ။ ။ ရန်ကုန်မြို့က ORCHID ဟိုတယ်ဝန်ထမ်းတဦးကို ဧည့်သည် ဂျပန်က ပျော်ပါးဖို့ မိန်းမခေါ်လာတာ တားမြစ်ခဲ့လို့ ပါးရိုက်ခံခဲ့ရတယ်။ အထည်ချုပ်လုပ်ငန်းရှင် ဂျပန်လူမျိုး မစ္စတာတာကရှိက ငပြူးကပြဲပြီး ဟိုတယ်ဝန်ထမ်း အမျိုးသမီး ၂ ဦးကို အကြမ်းဖက်မှုနဲ့ ပြန်ပြီး တရားစွဲထားတယ်။ အားနွဲ့တဲ့ အမျိုးသမီးဝန်ထမ်း ၂ ဦးက ဘယ်လို အကြမ်းဖက်မှာလဲ။ ငွေကြေးမချမ်းသာတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ၂ ဦးကို ပုဇွန်တောင်မြို့နယ် တရားသူကြီး ဒေါ်နိုင်နိုင်ထွန်းက အာမခံ ကျပ်သိန်းတရာစီ တင်ခိုင်းတယ်။ ငပြူးကပြဲတဲ့ ဒီလို ပြန်လှန်တရားစွဲတဲ့အမှုကို ဘယ်လိုစီရင်မှာလဲ။ စောင့်ကြည့်ကြတာပေါ့။ အဲဒီဂျပန်က မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ထောင်ထားတာ။ အမှုရှုံးခဲ့ရင် မြန်မာပြည်ကို ပြန်လာဖို့ ဗီဇာမရနိုင်ဘူး။ ဒါကြောင့် တရားစွဲပြီး မတရား အနိုင်လိုချင်တာ။ မြန်မာပြည် ဟိုတယ်တွေမှာ စည်းကမ်းသတ်မှတ်ချက်က ဧည့်သည်ခေါ်လာရင် အခန်းထဲကို ခေါ်သွားခွင့်မရှိဘူး။ ဧည့်ခန်းမှာပဲ စကားပြောခွင့်ရှိတယ်။ အဲဒီကိုရွှေဂျပန်က မစိတ်မွှန်ပြီး တားတဲ့လူကို ပါးရိုက်တာ။ တော်တော်ဆိုးတာပဲ။ မြန်မာဆိုတာ ပါးရယ်၊ ခေါင်းရယ်၊ ဆံပင်ရယ်ကို အမြတ်တနိုး တန်ဖိုးထားတာ။ အဲဒီ ပါးရိုက်တဲ့ကိစ္စ ပေါ့ပေါ့လေး စဉ်းစားလို့ မဖြစ်ဘူး။ လင်မယားဖြစ်ရင်တောင်မှ ပါးရိုက်ပြီး ကျူးလွန်ရင် ကွာရှင်းခွင့်ပေးရတယ်။ ကိုရွှေဂျပန်ကို မြန်မာအမျိုးသမီးတရားသူကြီး ဒေါ်နိုင်နိုင်ထွန်းက ဘယ်လိုဆုံးဖြတ်မှာလဲ။ ဂျပန်ခေတ်က ဂျပန်တွေ ပါးရိုက်ခဲ့တာ မ၀သေးလို့ ဒီလိုဖြစ်ကြတာလား။ အမျိုးသမီးတရားသူကြီးဖြစ်လို့ အမျိုးသမီးတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာမယ် ထင်ပါတယ်။ ပါးရိုက်ခံရတဲ့ မအေးအေးကြည်နဲ့ အဲဒီ ပါးရိုက်မှုကျူးလွန်တဲ့ ကိုရွှေဂျပန်ကို နပမ်းသတ်ခိုင်းမလား။ ဘယ်သူက အကြမ်းဖက်တယ်ဆိုတာ ရှင်းသွားအောင်လေ။ မြန်မာပြည် ၀င်လာတဲ့ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံရဲ့ ဥပဒေစည်းကမ်းကို လိုက်နာပါမယ်လို့ ကတိပြုဝန်ခံ လက်မှတ်ထိုးပြီးသား၊ ပြစ်မှုကျူးလွန်တာ ထင်ရှားပြီးသား၊ စစ်ဆေးဖို့ရော လိုသေးလို့လား၊ ဘယ်သူ့ကို ကြောက်နေကြတာလဲ၊ ဂျပန်နောက်မှာ ဘယ်သူရှိနေလို့လဲ၊ ပြန်လှန်တရားစွဲခွင့်ရော ရှိပါရဲ့လား၊ ဘာပဲဖြစ်ဖြစ် သိပ်မခက်ပါဘူး။ တရားခံ ဘယ်သူလဲဆိုတာ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၅ ။ ။ ကြားဖြတ်ရွေးကောက်ပွဲ လာတော့မယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ရိုးသားမှုတွေ ရှိပါ့မလား။ ကြိုတင်မဲ ဆိုတာတွေနဲ့ ကြိုတင်စီမံထားတာတွေရော ရှိဦးမှာလား။ ကော်မရှင်ကတော့ အာမခံနေပြီ၊ တရားမျှတမှု ရှိစေရမယ်တဲ့။ ကြိုတင်မဲဆိုတဲ့ လက်နက်ကြီးနဲ့ အပစ်မခံရရင် တော်ပါပြီ။ ဒါပေမယ့် နိုင်ငံတကာက လေ့လာရေးသမားတွေကိုတော့ ခွင့်ပြုသင့်တာပေါ့။ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်ပေါ့လေ။ ၂၀၁၀ မှာတော့ လေ့လာခွင့်မပေးခဲ့ဘူး။ ဘယ်ပေးမလဲ၊ အဲဒီတုန်းက မဲလိမ် မဲခိုးခဲ့တာကိုး။ ခုတော့ လုပ်ချင်တာတွေ လုပ်ပြီးပြီ၊ လွှတ်တော်မှာ အမတ်အင်အား များနေပြီ၊ လွှတ်တော်အမတ် ၁,၁၅၄ နေရာမှာ ကြံ့ဖွတ်အမတ် ၈၈၂ ဦးနဲ့ အနိုင်ရတဲ့အပြင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ လုပ်ချင်တိုင်းလုပ်ခွင့်ရနေပြီ။ မဲခွဲရင်လည်း နိုင်ဖို့ သေချာနေပြီ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အနိုင်လိုချင်တာတွေ အနိုင်ကျင့်လို့ရနေပြီ။ ဒေါ်အောင်ဆန်းစုကြည်တရားပွဲတွေမှာ လူများများ လာရောက်မှာကို မကြည့်ချင်လို့ ရတဲ့နည်းနဲ့ နှောက်ယှက်ခွင့်တွေလည်း ရနေပြီ။ နိုင်ငံရေးသမား နိုင်ငံရေးအင်အားစုတွေ၊ အတိုက်အခံတွေ များလာတာကို မကျေနပ်နိုင်တဲ့ လူတစုကတော့ ခုချိန်ထိ နှောက်ယှက်ခွင့်တွေ ရနေတုန်းပဲ။ မတရားတဲ့ လယ်မြေယာမြေတွေကိုလည်း ခုချိန်ထိ သိမ်းခွင့်၊ လယ်သမားတွေကို ဒုက္ခပေးခွင့် ရနေတုန်း။ ဒီမိုကရေစီရဲ့ ကျင့်စဉ်နဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်နေကြတုန်း။ ကဲ ... ကဲ ဒီလို လုပ်ချင်တိုင်းလုပ်ခွင့်ရနေတဲ့ တရားခံက ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၆ ။ ။ ဒီကနေ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်း ပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုပြီး အသံတွေ ကျယ်လောင်နေတယ်။ တကယ်ငြိမ်းချမ်းရေးရအောင် လုပ်နေတာလား၊ စစ်တပ်တွေ မရုပ်သိမ်းဘဲနဲ့ အပစ်အခတ်ရပ်စဲလို့ ရလို့လား။ ငြိမ်းချမ်းရေးဖော်ဆောင်မယ့် ခေါင်းဆောင်တဦးဖြစ်တဲ့၊ ‘ကုန်အောင်တောင်း’ လို့ နာမည်ကြီးတဲ့ ကိုအောင်သောင်းလိုလူက ငြိမ်းချမ်းရေးစကားကို ပီပီသသ ပြောနိုင်လို့လား။ မသမာမှု၊ လာဘ်စားမှု၊ ယုတ်မာမှုနဲ့ နာမည်ကျော်တဲ့လူ ... ဒီပဲယင်းလုပ်ကြံမှုကို ခေါင်းဆောင်လုပ်ခဲ့တဲ့လူရဲ့ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးစကားပြောတာ အပ်စပ်ပါရဲ့လား။ သူ့နောက်မှာ ဘယ်သူရှိလဲ။ သူလုပ်ချင်တိုင်းလုပ်ခဲ့တာ ဘယ်သူ့အကာအကွယ်ရှိလို့လဲ။ သူဆရာတင်ထားတာ ဘယ်သူလဲ။ သူ့သားနဲ့ သူ့ချွေးမ စီးပွားရေးသောင်းကျန်းနိုင်တာ ဘယ်သူ့မျက်နှာကြောင့်လဲ။ ဒီပဲယင်းလုပ်ကြံမှုကို ခုချိန်ထိ စုံစမ်းစစ်ဆေးမှု မလုပ်တာ ဘာကြောင့်လဲ။ စိမ်းလဲ့ကန်သာက ၅ လောင်းပြိုင်လူသတ်မှု အခုထိ မပေါ်သေးတာ ဘာကြောင့်လဲ။ ဘယ်သူတွေ ပါနေလို့လဲ။ အသတ်ခံရတဲ့ မိသားစုက စိန်သူဋ္ဌေး၊ ကျောက်မျက်ရတနာ သူဋ္ဌေးတွေဖြစ်လို့ ဘယ်သူက စိန်တွေစီချင်လို့ ကြံစည်တာလဲ။ အဲဒီလူသတ်မှုမှာ ကပစ က ထုတ်တဲ့ ကျည်ဆံခွန်တွေ တွေ့ရတယ်ဆိုတာ မှတ်မိကြလား။ အခြားအမှုတွေမှာ ရဲက ဟုတ်ဟုတ် မဟုတ်ဟုတ် လက်စွမ်းပြပြီး ဇွတ်ဝန်ခံခိုင်းပြီး တရားခံတွေ ထုတ်ထုတ်ပြနေတာ၊ အခု ဒီလူသတ်မှုကျတော့ ဘာကြောင့်များ နှာစေးနေတာလဲ။ လူကြီးတွေရဲ့သားတွေ ပါတယ်ဆိုတာ ဟုတ်နေပြီလား။ အဲဒါတွေရဲ့ အဓိကတရားခံက ဘယ်သူလဲ။ အထက်က ပြောခဲ့တဲ့ ကိစ္စတွေရဲ့ တရားခံက ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
“စဉ်းစားကြ အရမ်းမလုပ်နဲ့” ဆိုတဲ့ ဘိုဘိုဟန်ရဲ့ သီချင်းစာသားလေးကို သတိရမိတယ်။ ခုထိတော့ မစဉ်းစားဘဲ အရမ်းလုပ်နေတာတွေ များနေတာမို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲကို မြင်ချင်ကြသူများအတွက် မူပြောင်းနေပြီဖြစ်ပေမယ့် လူတွေက ပြောင်းမှမပြောင်းတာ။ တိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်း၊ ပုဆိုးဝတ်ပြရုံနဲ့ အရပ်သားအစိုးရဖြစ်ရောလား။ နေရာတိုင်းမှာ အရင်လူတွေပဲ ကောင်းစားနေသေးတာမို့ “စဉ်းစားကြ အရမ်းမလုပ်နဲ့” ...။ ။
စိန်သံလုံး
No comments:
Post a Comment