Tuesday, February 28, 2012

တရုတ်စီးပွားရေးပုံစံ ခေတ်ကုန်နေပြီလို့ ကမ္ဘာဘဏ်သတိပေး



တရုတ်နိုင်ငံဟာ လာမယ့် နှစ် ၂၀ ကျရင် စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရနိုင်တာကြောင့် စီးပွားရေးစနစ်ကို မြန်မြန်ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံက နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေထဲမှာ နိုင်ငံပိုင်ကုမဏီတွေက အင်အားကြီးမားလွန်းတာကို လျှော့ချဖို့၊ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍတွေမှာ လက်ဝါးကြီးအုပ် ချယ်လှယ်ထားတာတွေကို လျှော့ချဖို့နဲ့ တခြား ကုမ္ပဏီငယ်လေးတွေကို စီးပွားရေးအခွင့်အလမ်းပေးဖို့ အချက်တွေ ပါဝင်ပါနေပါတယ်။
တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လုံးလုံး တိုင်းပြည်စီးပွားရေး ၁၀ ရာခိုင်နှုန်း ပုံမှန် တိုးတက်ခဲ့ပေမယ့်၊ နိုင်ငံပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ စီးပွားရေးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အား အဖြစ် ဒရကြမ်းအသုံးပြုခဲ့တဲ့ တရုတ်စီးပွားရေးပုံစံဟာ ရေရှည်မခံနိုင်ဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဌ Robert B. Zoellick. က ပြောပါတယ်။
ဒါပေမဲ့ စီးပွားရေးတိုးတက်မှု အရှိန်ကို ထိန်းပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အားချင်းလုပ်ဆောင်မယ် ဆိုရင် တရုတ်ဟာ ၂၀၃၀ ခုနှစ် ကမ္ဘာ့အကြီးဆုံး စီးပွားဖြစ်လာဖွယ်ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်ဥက္ကဌက ပြောပါတယ်။
ကမ္ဘာ့ဘဏ်က တရုတ်စီးပွားရေးအတွက် ပြုပြင်ဖို့ အရေးကြီးတဲ့ (၆) ချက်ကို ပြောဆိုပါတယ်။
၁။ ဈေးကွက်စီးပွားရေးစနစ်အတွက် အခြေခံလိုအပ်မယ့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (structural reforms) ဥပဒေတွေကို မြှင့်တင်ဆောင်ပါ။ အဓိကက အစိုးရရဲ့ အခန်းကဏ္ဍကို ပြန်လည် ဖွင့်ဆိုဖို့၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးစေဖို့နဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို ပိုမိုအားပေးဖို့။
၂။ ပြည်တွင်းမှာရော၊ နိုင်ငံတကာ သုတေသန ပရော့ဂျက်များနဲ့ပါ ပူးပေါင်းပြီး ဆန်းသစ်တီထွင်မှု (innovation) ခြေလှမ်းကို အမြန်ဆုံးလှမ်းဖို့လိုအပ်။
၃။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစိမ်းရောင်ပရော့ဂျက်တွေမှာ ရင်းနှီးမြှုပ်နှံလာအောင် ပိုမိုအားပေးပါ။ ရင်းမြစ်တွေကို စည်းမရှိကမ်းမရှိ မသုံးဘဲ၊ ထိထိရောက် အကျိုးရှိရှိ အသုံးပြုဖို့ လိုအပ်နေ။
၎။ အားလုံးအတွက် လူမှုလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပါ။
၅။ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို ငွေကြေးပိုမိုချပေးဖို့ ဘဏ္ဍာရေးနဲ့ အခွန်ငွေ ပေါ်လစီတွေကို ပြုပြင်ပါ။
၆။ ဂလိုဘယ်စီးပွားရေးကို အောက်လမ်း သို့မဟုတ် နောက်ဖေးပေါက်ကနေ အမြဲမ၀င်ဘဲ၊ မြင်သာထင်သာရှိရှိ ပိုမို ပူးပေါင်း ဆောင်ရွက်ပါ။
ဇန်န၀ါရီလမှာ တရုတ်ရဲ့ ပို့ကုန်တွေကို နိုင်ငံခြားမှ ၀ယ်ယူမှု အတော်ကျဆင်းခဲ့တယ်လို့ တရုတ်အစိုးရ ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။
ရည်ညွှန်း။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တနင်္လာနေ့ထုတ် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ် China 2030: Building a Modern, Harmonious, and Creative High-Income Societyနှင့် ကမ္ဘာ့ဘဏ် ဥက္ကဌ Robert B. Zoellick ပြောကြားချက်။





အာရှ ကျားပေါက်တွေ မြင်တဲ့ အာရှအနာဂတ် မြင်ကွင်းများ


တိုင်းမ် မဂ္ဂဇင်း၊ Asia Business Council နဲ့ စင်္ကာပူက Lee Kuan Yew School of Public Policy ကျောင်းတို့ ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်မှာ အသက် ၃၂ နှစ်အောက် အာရှလူငယ်တွေအတွက် အက်ဆေး ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ အက်ဆေး ခေါင်းစဉ်က “၂၀၂၀ ခုနှစ် အာရှ၏ စိန်ခေါ်မှု” (Asia’s Challenge 2020) ပါ။ နောက်လာမယ့် ဆယ်စုနှစ်အတွင်း အာရှဒေသ ကြုံတွေ့ရမယ့် အကြီးဆုံးပြဿနာနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ရေးသားဖို့ပါ။
ပြိုင်ပွဲအတွက် ရေးသားလာတဲ့ အက်ဆေး ၄၀၀ ကျော်ထဲက အပုဒ် ၈၀ ကို တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ပြီး၊ မကြာခင်က စာအုပ်ထုတ်ခဲ့ပါတယ်။ စာအုပ်နာမည်က “Through the Eyes of Tiger Cubs: Views of Aisa’s Next Generation” ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပထမဆုရသွားသူက စင်္ကာပူမှာ ဆော့ဖ်ဝဲကုမ္ပဏီ ထူထောင်ဖို့ကြိုးစားနေတဲ့ အသက် ၂၆ နှစ်ရှိ Sarabjit Singh ဆိုတဲ့ အိန္ဒိယနိုင်ငံသား ကျားပေါက်လေးပါ။
အာရှတလွှားက အလားအလာရှိတဲ့ လူငယ်တွေကို ကျားပေါက်လေးတွေ (Tiger Cubs) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကျားပေါက်တွေ ရေးထားတဲ့ အက်ဆေးတွေမှာ ပညာရေး၊ ၀င်ငွေမညီမျှမှု၊ လူဦးရေပြဿနာ၊ ရွှေ့ပြောင်း ပြဿနာ၊ အုပ်ချုပ်ရေးပြဿနာ၊ သဘာဝပတ်ဝန်းကျင်၊ အဂတိလိုက်စားမှု၊ ပထ၀ီနိုင်ငံရေး၊ ယဉ်ကျေးမှုကိစ္စနဲ့ အာရှတန်ဖိုး အထိ အကြောင်းအရာ မျိုးစုံအောင်ကိုပါပဲ။
အာရှလူငယ်တွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို အမြန်ဆုံး ထွေးပွေ့ကြိုဆိုခဲ့ကြတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း အောက်က အာရှကျားတွေ ရှောင်ရှားထွက်နိုင်ခဲ့တယ်။ အာရှတိုင်းပြည်တွေရဲ့ စီးပွားရေးတိုးတက်မှုက အာရှဒေသကြီး တစ်ခုလုံး စီးပွားရေး ဆူပါပါဝါဖြစ်ဖို့ ထင်သာမြင်သာ ဖြစ်နေတယ်။ အဲဒီလို အမေရိကန်တွေနဲ့ ဥရောပသားတွေက အာရှရဲ့ တိုးတက်လာမှုအပေါ် စိုးရိမ်စိတ် ၀င်နေကြချိန်မှာပဲ၊ အာရှလူငယ်တွေက ဒေသရဲ့ ပညာရေးစနစ်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေး မကောင်းမှု၊ အလုပ်အကိုင်ညံ့ဖျင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု စတွေအပေါ် စိတ်ပျက်ကြောင်း သူတို့ အက်ဆေးတွေမှာ ဖော်ပြထားကြပါတယ်။
လူငယ်တွေ ရေးထားတဲ့အက်ဆေးတွေကိုကြည့်ရင် အာရှဒေသမှာ မျိုးဆက်အလိုက် အတွေးအမြင်တွေ သိသိသာသာ ပြောင်းလဲတာကို မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် အာရှတိုင်းပြည်တွေမှာ ဘိုးဘွားတွေက တော်လှန်ရေး၊ လွတ်လပ်ရေး၊ ပြည်တွင်းစစ်၊ ကိုလိုနီဆိုးမွေနဲ့ နာတာရှည် ဆင်းရဲမွဲတေမှုတွေကို အလဲအကွဲနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။
မိဘတွေအလှည့်ကျတော့ အလုပ်ကို အပြင်းအထန် ကုန်းရုန်းလုပ်ခဲ့ကြတယ်။ သားသမီးတွေ လူတန်းစေ့နေရေးနဲ့ ပညာရေးအတွက် မိဘတွေက ဇွဲနပဲကြီးကြီး အလုပ်လုပ်ခဲ့ကြပါတယ်။ အာရှရဲ့ ထူးခြားတဲ့ ‘စီးပွားရေး ပဉ္စလက်’ ဟာ အဲဒီ အာရှမိဘတွေရဲ့ ဦးနှောက်နဲ့ ကြွက်သားတွေကြောင့် ပေါ်ထွက်လာတာဖြစ်တယ်။
အာရှ မိဘတွေရဲ့ သွေး၊ ချွေး၊ ပြင်းပြတဲ့ စိတ်ဓာတ်တွေနဲ့ ရာစုနှစ်ဝက်ကျော်အတွင်း အာရှရဲ့ မကြုံစဖူးတဲ့ စီးပွားရေး တိုးတက်မှုကို တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်။ အခု ရေးထားတဲ့ အက်ဆေးတွေမှာ အဖိုးအဖွားတွေနဲ့ မိဘတွေရဲ့ ခရီးကြမ်းနဲ့ အနစ်နာခံခဲ့မှုတွေက သူတို့အတွက် ကျေးဇူးကြီးတဲ့အကြောင်း ကျားပေါက်တွေက ရေးထားပါတယ်။
ဒါပေမဲ့ အာရှတိုင်းပြည်အများစုမှာ ဘိုးဘွားတွေနဲ့ မိဘတွေက သူတို့ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးလောက်ကိုသာ အာရုံစိုက်ထားခဲ့ပြီး၊ ဒေသတစ်ခုလုံးရဲ့ အရေးကိစ္စအပေါ် စဉ်းစားမှုမျိုး အားနည်းခဲ့ကြောင်း သူတို့ အက်ဆေးတွေမှာ ဖော်ပြပါတယ်။ အခု သူတို့ အက်ဆေးတွေမှာ အာရှဒေသ နိုင်ငံတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ငွေကြေးပြဿနာ စတဲ့စိန်ခေါ်မှုတွေကို ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်း အဖြေရှာဖို့၊ ကြီးမားတဲ့ စီမံကိန်းတွေချကြဖို့ အိပ်မက်ကြီးကြီးတွေနဲ့ ရေးသားထားကြပါတယ်။
ပါကစ္စတန်က Khawaja Ali Zubair ဆိုတဲ့ လူငယ်က “ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးနယ်နမိတ် ဘောင်ကျဉ်းကျဉ်းလေးကိုပဲ တွေးတာထက်၊ အာရှနိုင်ငံအားလုံးရဲ့ အရေးကိစ္စမျိုး အတိုင်းအတာကြီးကြီးနဲ့ တွေးဖို့ အချိန်ကျပြီ။ ဖြစ်နိုင်ရင် အာရှတိုက် တစ်တိုက်လုံးရဲ့ အရေးကိစ္စကို အာရှလူငယ်တိုင်းတွေးဖို့ အချိန်ရောက်ပြီ” လို့ သူ့အက်ဆေးမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်က Marikit G Manalang ဆိုတဲ့ လူငယ်ကလည်း သူ့အက်ဆေးမှာ “အာရှဟာ ဒေသတွင်း နိုင်ငံအားလုံး ချမ်းသာကြွယ်ဝမှု မျှဝေရရှိစေနိုင်မယ့် ရည်မှန်းချက်ပန်းတိုင်မျိုးကို ပေါ်လစီမိတ်ကာတွေ ချမှတ်ရမယ်” လို့ ရေးထားပါတယ်။
စာအုပ်နာမည်အတိုင်း “ကျားပေါက်တွေရဲ့ မျက်စိကတစ်ဆင့် အာရှ အနာဂတ်ကို မြင်ကြည့်တာ” တွေ့ရပါတယ်။ အာရှကျားပေါက်လူငယ်တွေဟာ သူတို့ ဘိုးဘွားတွေ မိဘတွေ မတူအောင် သူတို့ခေတ်မှာ မကြုံစဖူးတဲ့ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိလာပါတယ်။
ကျားပေါက်တွေဟာ မော်ဝါဒနဲ့ ဆိုဗီယက်ယူနီယံအကြောင်း တမြုံမြုံအမှတ်ရနေသူတွေမဟုတ်ဘူး။ တယူသန်အတွေးအခေါ် ရိုက်ထည့်တာ မှိုင်းသွင်းတာ လက်ခံမယ့်သူတွေမဟုတ်ဘူး။ သူတို့ဟာ ဆဲ့တလိုက် တီဗီကြည့်ပြီး အင်တာနက်ကို အချိန်ပေးထားသူတွေ ဖြစ်တယ်။ အင်ဖော်မေးရှင်းတွေ ပြည့်နှက်နေတဲ့ ကမ္ဘာထဲမှာ နေထိုင်ရှင်သန်သူတွေ ဖြစ်တယ်။ ဂလိုဘယ်တွေး တွေးနေသူတွေဖြစ်တယ်။ နောက်ဆုံးပေါ်ဖုန်းအကြောင်းဖြစ်ဖြစ်၊ အစိုးရမူဝါဒကိစ္စဖြစ်ဖြစ် သူတို့မှာ ကမ္ဘာကြည့်ကြည့်မြင်တဲ့ စိတ်ကူးအိုင်ဒီယာတွေ ရှိထားတယ်။
အိန္ဒိယက Rohit Pathak ဆိုတဲ့ လူငယ်က “နောက်လာမယ့် ဆယ်စုနှစ်ဟာ အာရှဆယ်စုနှစ်ဖြစ်မယ်ဆိုတာ ဘာသံသယမှ ရှိစရာ မလိုပါဘူး။ သို့သော် အကြီးမားဆုံးသော မဟာ့မဟာ အဟန့်အတားက ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး (poor governance) ပါပဲ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး လမ်းကြောင်းအတွက် အကြီးမားဆုံး အဟန့်အတားက အဂတိလိုက်စားမှုပါပဲ” လို့ သူ့အက်ဆေးမှာ ရေးထားပါတယ်။
နောက် သူက အုပ်ချုပ်ရေးကောင်းဖြစ်ဖို့ နည်းပညာရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူမှုရှိဖို့၊ သတင်းလွတ်လပ်ခွင့်ရှိဖို့အတွက် အိုင်တီကို အသုံးပြုနိုင်ကြောင်း တင်ပြထားပါတယ်။
ကျားလူငယ်တွေဟာ မီဒီယာလှိုင်းတွေ အလျှံအပယ် စီးနေသူတွေမို့၊ သူတို့ရဲ့ မျှော်လင့်ချက်တွေက ပိုကြီးလာပါတယ်။ သွားသုတ်သုတ် စားသုတ်သုတ်နဲ့ အလျင်စလိုနိုင်တဲ့ မျိုးဆက်ဖြစ်လာပြီး၊ အစိုးရတွေနဲ့ ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှုရှိဖို့ စိန်ခေါ် တောင်းဆိုလာကြတယ်။
ဒါပေမဲ့ ကျားငယ်တွေရဲ့ ထူးခြားချက်က သူတို့ဟာ အစိုးရရဲ့ စွမ်းအားကို ယုံကြည်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ခံတယ်။ အစိုးရနဲ့ အင်စတီကျူးရှင်းတွေကို အမြစ်က လှန်ပစ်ဖို့ထက်၊ စွမ်းဆောင်ရည် ပိုမိုထက်မြက်လာအောင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာကြီးတိုးတက်လာနိုင်တယ်လို့ သူတို့ ယုံကြည်ထားကြတယ်။
အာရှကျားပေါက်တွေ စံထားတဲ့သူက ချီဂွေဗားရား မဟုတ်ဘဲ အိုဘားမား ဖြစ်နေတယ်။ မော်စီတုံးနဲ့ ဟိုချီမင်း မဟုတ်ဘဲ ဘီလ်ဂိတ်နဲ့ မခ် ဇာကာဘဂ် ဖြစ်နေတာ သူတို့ အရေးအသားတွေမှာ တွေ့နိုင်ပါတယ်။ အနောက်ပညာရေးကို မှီခိုအားထား ကြပေမဲ့၊ သူတို့ရဲ့ အာရှကို အနောက်ဆင်ခြေဖုန်း မဖြစ်စေချင်တာ တွေ့ရမယ်။ အရှေ့နဲ့ အနောက်ဆိုတဲ့ တံတိုင်းတွေဟာ ခေတ်အောက်နေတဲ့ အတွေးတွေလို့ သူတို့ မြင်ကြတယ်။
စင်္ကာပူက Loh Su Hsing ဆိုတဲ့ ကျောင်းသူက “အဓိကအချက်ကတော့ အာရှကို အနောက်နဲ့ အဆက်မဖြတ်ဖို့ပါ၊ ဒါပေမဲ့ အနောက်အပေါ်မှီခိုမှုကို လျှော့ချရမယ်၊ ဗဟုပုံစံကျင့်သုံးရမယ်၊ အာရှအတွက် ပုံစံသစ်ကို ရှာဖွေရလိမ့်မယ်” သူ့အက်ဆေးမှာ ရေးထားပါတယ်။
အက်ဆေးရေးသူ အားလုံးအတွက် သက်တောင့်သက်သာ မရှိဆုံးအကြောင်းအရာကတော့ တရုတ်နိုင်ငံရဲ့ အနာဂတ်အရေး ခန့်မှန်းချက်ပါ။ တရုတ်ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ မသေချာမရေရာ ခန့်မှန်းတာတွေပဲ တွေ့ရတယ်လို့ အက်ဆေးရွေးချယ်ရေးကော်မတီက သုံးသပ်ပါတယ်။
သို့နှင့်တိုင် စင်္ကာပူက Jesslyn Zeng ဆိုတဲ့ အမျိုးသမီးလေးက တရုတ်အပေါ် အားလုံးရဲ့ စိုးရိမ်မှုကို အဖြေရှာပေးပါတယ်။ သူက “အားလုံးအတွက် အကြီးမားဆုံး အိပ်မက်ဆိုးက တရုတ် တိုးတက်မှုကြောင့် ဖြစ်လာမှာ မဟုတ်ဘူး။ တရုတ် မတိုးတက်ရင်သာ အဲဒီ အိပ်မက်ဆိုးတွေ ပေါ်ထွက်လာမှာပါ” လို့ ရေးထားပါတယ်။
အာရှ ကျားပေါက်ကလေးတွေရဲ့ အက်ဆေးတွေကို ဖတ်ကြည့်ရင်၊ သူတို့ဟာ အနောက်ကို ဆန့်ကျင်သူတွေ မဟုတ်သလို၊ အနောက်ကို အရူးအမူး ပုံတူကူးနေကြသူတွေ မဟုတ်တာ သေချာပါတယ်။ သူတို့ဟာ ကိုယ်လိုနီတစ္ဆေ အခြောက်ခံပြီး အတွေးအမြင်တံခါး ပိတ်ထားသူတွေ မဟုတ်တာလည်း သေချာပါတယ်။ အာရှမှာ ကိုယ့်ကိုယ်ပိုင် အင်စတီကျူးရှင်းတွေ ဂုဏ်ယူစဖွယ်ဖြစ်လာအောင် ပညာရေးနဲ့ တည်ဆောက်နေသူတွေဆိုတာ သူတို့အရေးအသားတွေမှာ ဖော်ပြနေပါတယ်။
ဝင့်ထန်း
ရည်ညွှန်း။ ‘Through the Eyes of Tiger Cubs: Views of Aisa’s Next Generation’ edited and published by Time magazine



No comments: