by အဘ ဥက္ကာကိုကို on Thursday, August 30, 2012 at 1:53am ·
သူမကို
လူထုခေါင်းဆောင်ဟု ခေါ်ကြသည်။ ဒီမိုကရေစီခေါင်းဆောင်၊
အမျိုးသားခေါင်းဆောင်ဟု ခေါ်ကြသည်။ တချို့ကတော့ လေဒီ(Lady) ဟု သုံးစွဲကြသည်။
အန်တီစု၊ အမေစု စသဖြင့်လည်း ချစ်စနိုးဖြင့်ခေါ်ဝေါ်ကြသည်။
သူမသည် နှစ်အတန်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် မကြာခဏနေထိုင်ခဲ့ရသည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်သည်။
သူမသည် အသက်အရွယ်ကြီးလာသောလည်း နုပျိုဆဲဖြစ်၏။ သူမသည် နွမ်းနယ်သော်လည်း ပေါ့ပါးသွက်လက် ဆဲဖြစ်၏။ သူမသည် မောပန်းသော်လည်း ပြုံးရိပ်သန်းမြဲဖြစ်၏။ သူမသည် ပြည်သူ့အတွက် ခွန်အားပေးသကဲ့သို့ ပြည်သူ များသည်လည်း သူမအတွက် အားဆေးတစ်ခွက်ဖြစ်၏။ သူမသည် လူငယ်များထက် ပိုမိုအပင်ပန်းခံနိုင်စွမ်းရှိ၏။ သူမကား မြန်မာ့ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်ဟု ကမ္ဘာမြေကကြိုဆိုကြ၏။
သူမသည် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်များမှ လွတ်မြောက်လာခဲ့သည်။ ပြည်သူ တို့သည် အတိုင်းမသိဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုကြကုန်သည်။
သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ မှတ်ပုံတင်လိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တွင် ဥက္ကဌတာဝန်ကိုယူခဲ့သည်။ သူမသည် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ အင်မတန်ခက်ခဲလှသည့် ဆုံးဖြတ်ချက်တစ်ရပ်လည်း ဖြစ်ခဲ့ သည်။
သမ္မတဦးသိန်းစိန်အစိုးရသည် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့တွင် ကျင်းပပေးခဲ့သည်။ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၁၇ ခုတွင် သူမ ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် လောင်း ၄၅ ဦးပါဝင်လာခဲ့သည်။ မြန်မာ့နိုင်ငံရေးအကူးအပြောင်းတစ်ရပ်အဖြစ် နိုင်ငံတကာမှ ဂရုတစိုက်စောင့်ကြည့်နေခဲ့ ကြရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်။
သူမသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကော့မှူးမြို့နယ်မှ ဝေးလံခေါင်ဖျားသော ၀ါးသင်္ခအမည်ရှိ တောတွင်းရွာကလေးတွင် နေထိုင် ကာ ရွေးကောက်ခံခဲ့သည်။
သူမဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာစုံဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်တစ်နေရာမှ သူမ၏ ကိုယ်စားလှယ်တစ်ဦးအား ဥပဒေနှင့် မညီသဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။ ထို့ကြောင့် သူမပါတီမှာ ကိုယ်စားလှယ် ၄၄ ဦးသာဖြစ်လာခဲ့သည်။ ထိုကိုယ်စားလှယ် ၄၄ ဦး အနက် ရှမ်းပြည်နယ်မြောက်ပိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေမှ ကိုယ်စားလှယ်တစ်ဦးသာ ရှုံးနိမ့်ခဲ့ပြီး သူမ အပါအ၀င် ကျန်ကိုယ်စားလှယ် ၄၃ ဦးစလုံးမှာ သက်ဆိုင်ရာမဲဆန္ဒနယ်မြေများအလိုက် အောင်ပွဲခံနိုင်ခဲ့ ကြသည်။
အထူးသဖြင့် ယှဉ်ပြိုင်ရာတွင် ခက်ခဲလွန်းမည်ဟုထင်မှတ်ခဲ့ကြသော ပြင်ဦးလွင်မြို့နယ်၊ နေပြည်တော်လေးမြို့ နယ်၊ မန္တလေး၊ မဟာအောင်မြေမြို့နယ် တို့တွင် သူမ၏ ကိုယ်စားလှယ်များအနိုင်ရရှိခဲ့သည်ကလည်း လူအများမျှော်လင့် မထားခဲ့ကြသည့် အောင်ပွဲတစ်ရပ်ဖြစ်လာခဲ့သည်။ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ လှည်းကူး၊ မြောင်းမြ၊ ပုလဲ၊ ကလော စသည့်နယ်မြေကျပ်သည့် မဲဆန္ဒနယ်များတွင်လည်း အပြတ်အသတ်အနိုင်ရရှိခဲ့ကြသည်။ ပြည်သူများသည် သူမဦးဆောင် သည့် ပါတီ၏ ကြယ်ဖြူတစ်ပွင့် ခွပ်ဒေါင်းတံဆိပ်ဘေးမှာ တခဲနက်အမှန်ခြစ်ပေးခဲ့ကြသည်။ ပြည်သူများသည် သူတို့၏ ဆန္ဒ အမှန်ကို ပြတ်သားရဲဝံ့စွာဖော်ထုတ်ပြသခဲ့ကြသည်။ ထိုသို့ဖြင့် NLD အနိုင်ရရှိခဲ့လေသည်။
ထို့သို့ အနိုင်ရရှိကာ အောင်ပွဲခံနိုင်ရန်အတွက် သူမသည် ဇန်န၀ါရီလ ၂၉ ရက်မှစတင်ကာ မတ်လ နောက်ဆုံး ပတ်အထိ တစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ်အများစုသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် သွားရောက်ခဲ့ရ သည်။ သူမ၏ ကိုယ်စားလှယ်များအတွက် မဲဆွယ်စည်းရုံးပေးခဲ့ရသည်။ သူမကို မြင်တွေ့လိုကြသည့် ပြည်သူများ၏ ဆန္ဒ ကိုလည်း ဖြည့်ဆည်းပေးရင်း ဟောပြောပွဲများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။
ဇန်န၀ါရီလနောက်ဆုံးပတ်တွင် ထားဝယ်မြို့နယ်ခရီးစဉ်မှ စတင်၍ မတ်လနောက်ဆုံးပတ် မြိတ်ခရီးစဉ်များအထိ မနားမနေ လုပ်ကိုင်သွားလာလှုပ်ရှားလာခဲ့သော အသက် ၆၇ နှစ်အရွယ် အဘွားအိုကလေးသည် ရွေးကောက်ပွဲ ကျင်းပ ချိန်တွင် မျက်တွင်းဟောက်ပက် မဖြစ်ရုံ တမယ်ကျန်နေခဲ့သည်။ နဂိုအသားအရေမှလည်း အနည်းငယ်မည်းသွားပြီး နဂို ပိန်ပိန်ပါးပါးခန္ဓာကိုယ်မှာလည်း အနည်းငယ် ကိုယ်ရည်စစ်သွားခဲ့သည်။ သို့သော် သူမ၏ မျက်နှာတွင် မောပန်းခြင်းကို မမြင်ရသည်မှာလည်း အတန်ငယ် ထူးဆန်းလှပေသည်။ ဤသည်ကပင် တိုင်းပြည်နှင့်ပြည်သူအား စိတ်နှလုံးအတွင်း ကိန်းဝပ်စေလျှက် ကောင်းကျိုးဆောင်ရွက်နေခဲ့သော ခေါင်းဆောင်တစ်ဦး၏ သွင်ပြင်လက္ခဏာပင်ဖြစ်ပေမည်။
သူမသည် မဲဆွယ်စည်းရုံးရေးကာလတလျှောက်တွင် မြို့တစ်မြို့သို့ရောက်ရှိတိုင်း ဟောပြောပွဲစင်မြင့်ဆီသို့ တန်းတန်းမတ်မတ်တက်ရောက်သွားပြီး စောင့်ဆိုင်းနေကြသည့်လူထုအား စတင်နှုတ်ဆက်လေ့ရှိသည်။ သူမအမြဲပြော လေ့ရှိသည့် ခွန်းနှုတ်စကားမှာ ““ကြားရရဲ့လား””ဟူ၍ဖြစ်သည်။ ပဋိသာရစကားဖြင့် စတင်နှုတ်ဆက်ပြီးသည်နှင့် သူမ သည် လူထုသို့ ဟောပြောတော့သည်။ ထိုသို့ဟောပြောရာတွင်လည်း သူမသည် စာရွက်မကိုင်။ စာအုပ်မကြည့်။ မရပ်မနား တသီတတန်းကြီး ရှည်လျားစွာ လက်တန်းဟောပြောနိုင်စွမ်းရှိသည်။ ပရိသတ်တုံ့ပြန်မှုများကို အတည်အခန့်ဖြစ်စေ၊ အရယ်အရွှန်းဖြစ်စေ ရုတ်ချည်းပြန်လည်တုံ့ပြန်တတ်သည်။ ပရိသတ်သဘောကျစေမည့် အရွှန်းဖောက်မှုများကိုလည်း ဖျတ်ခနဲပြောလိုက်တတ်သည်။ သူမတွင် ဇ၀နဥာဏ်ဟု ခေါ်ဝေါ်သည့် လူရွှင်တော်ဥာဏ်ကလေးလည်း ရှိလေသည်။
သူမတွင်ရှိသော ကြီးမားသည့် တခြားလက္ခဏာရပ်တစ်ခုမှာ ပြည်သူကြားတွင် ပြည်သူနှင့်တသားတည်းရှိခြင်းပင် ဖြစ်သည်။ သူမသည် မည်သည့်နေရာရောက်ရောက် လူထုကို ကားပေါ်မှ မတ်တပ်ရပ်၍ တလေးတစား နှုတ်ဆက်သည်။ မည်သူ့ကိုမဆို လက်ဆွဲနှုတ်ဆက်ဖို့ဝန်မလေး။ ပြည်သူပေးသမျှ လက်ဆောင်များ၊ ပန်းစည်းများကို ရိုသေစွာလက်ခံသည်။ ရဟန်းသံဃာများကိုမြင်လျှင် လက်အုပ်ချီဂါရ၀ပြုသည်။ လူထုနှင့်တွေ့လျှင် သူမမျက်နှာမှာ အစဉ်ပြုံးရွှင်သည်။ မနားတမ်း ရယ်မောလျှက်ရှိသည်။ လူထုနှင့်အတူ ပွေ့ဖက်သည်။ လူထုနှင့်အတူ မြေကြမ်းကြမ်းတွင် ငုတ်တုတ်ထိုင်သည်။ သူမသည် နေပူ၊ မိုးရွာမကြောက်။ အန္တရာယ်ဟူသမျှ မရွံ့။
သူမသည် မန္တလေးခရီးစဉ်အရောက်တွင် ကျန်းမာရေးအနည်းငယ်ချို့ယွင်းလာခဲ့သည်။ မြိတ်ခရီးစဉ် သွားရောက်နေစဉ် သူမ၏ ကျန်းမာရေးမှာ ပိုမိုဆိုရွားစပြုလာသည့်အတွက် နောက်ဆုံးခရီးစဉ်အဖြစ်သတ်မှတ်ထားသော မကွေးတိုင်းဒေသကြီး ခြောက်မြို့နယ်ခရီးစဉ်ကို ဖျက်သိမ်းပစ်ခဲ့ရသည်။ ထို့ကြောင့် မြိတ်ခရီးစဉ်မှာ သူမ၏ မဲဆွယ်စည်းရုံး ရေး နောက်ဆုံးခရီးစဉ်ဖြစ်ခဲ့သည်။ သူမကိုချစ်သည့် ပြည်သူအပေါင်းတို့သည် သူမ၏ ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။ တချို့မြို့နယ်များတွင် သူမ၏ ကျန်းမာရေးအတွက် ဆုတောင်းပွဲများပင်ပြုလုပ်ခဲ့ကြသည်ကို တွေ့ရ သည်။
သူမသည် တိုင်းပြည်နှင့် လူမျိုးအတွက် လုပ်ဆောင်ရမည်တို့ကို တစ်ဆင့်ချင်းလှမ်းတက် ဆောင်ရွက်နေသည်။ ဟောပြောပွဲခရီးများမှ ပြန်ရောက်သော်လည်း သူမတွင် နားနေချိန်မရှိ။ နိုင်ငံတကာမှ သံတမန်များ၊ ဧည့်သည်တော်ကြီး များကို မပြတ်လက်ခံတွေ့ဆုံနေရသည်။ ဟိုယခင်နှစ်ပိုင်းများက ခြောက်သွေ့လှစွာသော တက္ကသိုလ်ရိပ်သာလမ်းရှိ၊ ခြံအမှတ်(၅၄) သည် ယခုနှစ်ပိုင်းများတွင် စည်ကားစိုပြည်လာနေသည်။
သူမသည် အသက်အရွယ်အားဖြင့် ၆၇ နှစ်ကျော်လာပြီဖြစ်သည်။ အဘွားအိုကလေးတစ်ဦးအဖြစ် အသက်ရလာ သော်လည်း သူမသည် ကျန်းမာ သန်စွမ်းဆဲဖြစ်သည်။ ပေါ့ပါးဖျတ်လတ်ဆဲဖြစ်သည်။ အသက်ရှင်နေသရွေ့ကာလပတ်လုံး တိုင်းပြည်အတွက် ပေးဆပ်နေပါလိမ့်မည်။
သူမတွင် အချစ်တော်ခွေးကလေးတစ်ကောင်လည်း ရှိသည်။ ထိုခွေးနီညိုပုကလေး၏ အမည်မှာ တိုင်ချီဒိုဖြစ် သည်။ သူမသည် ခေတ္တအားလပ်ချိန်များတွင် တိုင်ချီဒိုကလေးနှင့် ဆော့ကစားသည်။ သူမသည်လည်း ပြည်သူထဲမှ ပြည်သူတစ်ဦးပင်ဖြစ်ပါသည်။ ထိုပြည်သူတစ်ဦးကိုပင် ပြည်သူအပေါင်းတို့က ပြည်သူ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်အဖြစ် အစဉ်မှတ်ယူထားကြမည်သာဖြစ်သည်။
အေးချမ်းသာယာသည့်နိုင်ငံကလေးမှ နိုင်ငံသူနိုင်ငံသားများသည် ဤအဘွားအိုကလေးတစ်ဦးကို ရရှိထား သည့် အတွက် ကမ္ဘာ့အလယ်တွင် နှစ်အဆက်ဆက်၊ ခေတ်အဆက်ဆက် ဂုဏ်ယူဝင့်ကြွားနေကြလိမ့်ဦးမည်သာ ဖြစ်ပေသည်။

No comments:
Post a Comment