by Kyaw Thu on Sunday, October 28, 2012 at 4:54am ·
ကျွန်တော်သည် ၂ဝဝ၇ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအရေးအခင်းနောက်ပိုင်း ပြည်ပနိုင်ငံများသို့ထွက်ခွာခွင့် နိုင်ငံကူးလက်မှတ်ပြန်လည်မရရှိခဲ့သောကြောင့်ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းမပြုခဲ့ရပါ။ ၂ဝ၁၂ခုနှစ်၊ ဧပြီလတွင်အမေရိကန်နိုင်ငံရှိ မြန်မာပြည်သူလူထုတို့ ဖွဲ့စည်းထူထောင်ထားသောပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ဖိတ်ကြားမှုကြောင့်၎င်း၊ နိုင်ငံကူးလက်မှတ်သည်လည်း၂ဝ၁၂ခုနှစ်၌ ပြန်လည်ရရှိခဲ့သည်ကတစ်ကြောင်း၊ အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွင့်ရရှိခဲ့သည်။ ယင်းခရီးစဉ်တွင် အမေရိကန်နိုင်ငံရှိမြို့ပေါင်း(၁၂) မြို့ခန့်ကိုပြည်သူ့ဂုဏ်ရည်အဖွဲ့၏ အစီအစဉ်ဖြင့် သွားရောက်ကာမြန်မာပြည်သူလူထုတို့နှင့် တွေ့ဆုံပွဲများပြုလုပ်ခွင့်ရခဲ့သည်။ ယင်းခရီးစဉ်တွင် အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိ ငယ်စဉ်တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိတ်ဆွေသူငယ်ချင်း ဖြစ်သူ “ပန်းချီမင်းကျော်ခိုင်”နှင့် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုအချိန်တွင် “ပန်းချီမင်းကျော်ခိုင်”နှင့်အတူနေထိုင်နေသော “ဖိုးခွား”ဟုအမည်ခေါ်တွင်သောစိတ်ရင်းမွန်မြတ်သော၊ လူတကာအားအကူအညီပေးတတ်သော၊ အမျိုးသားရေးစိတ်ဓါတ် နိုင်ငံရေးစိတ်ဓါတ်ထက်သန်သောခင်မင်ဖွယ်မိတ်ဆွေတစ်ဦးနှင့်လည်းတွေ့ကြုံခဲ့ရသည်။
ဒုတိယအကြိမ်မြောက် ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင်လည်း NED ဆုပေးပွဲအခမ်းအနားတက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွင့် ကြုံခဲ့ပြန်ရာတွင် “ပန်းချီမင်းကျော်ခိုင်”နှင့်အတူ “ဖိုးခွား”တို့နှင့်ပြန်လည်၍ ရေစက်ဆုံခဲ့ရပြန်သည်။ “ဖိုးခွား”တို့ သူငယ်ချင်းတို့၏ ကူညီမှုများနှင့်အတူ“ဖိုးခွား”တို့ နေအိမ်တွင် နေထိုင်စားသောက်ကာ “ဖိုးခွား”၏ မော်တော်ကားဖြင့် ကျွန်တော်သွားလိုသည့် ပြည်ပနိုင်ငံရှိ သုဿန်များသို့ သွားရောက်လေ့လာမှတ်တမ်းတင်ခွင့် ရရှိခဲ့သည်။ “ဖိုးခွား”သည် ယခင့်ယခင်ကာလများ၌ ရန်ကုန်မြို့ရှိ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်တာဝန်ထမ်းဆောင်ခဲ့သောအမျိုးသားရေးစိတ်ဓါတ် ပြင်းပြသော နိုင်ငံ့သားကောင်းတစ်ဦးလည်းဖြစ်သည်။ ၁၉၈၈ အရေးခင်းကာလအပြီး နိုင်ငံရေးလောကဖရိုဖရဲဖြစ်ကာစစ်အုပ်ချုပ်မှုဒဏ်ကိုမခံစားလိုသောကြောင့် အကြောင်းအမျိုးမျိုးလမ်းကြောင်းအသွယ်သွယ်တို့ဖြင့် ပြည်ပနိုင်ငံဖြစ်သောအမေရိကန်နိုင်ငံသို့ ရောက်ရှိပြီးဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေထိုင်ခဲ့ကာစိတ်ရင်းစေတနာရင်းမှန်ကန်စွာဖြင့် အများသူငှါတို့အားကူညီပံ့ပိုးဖို့ဝန်မလေးခဲ့သူတစ်ဦး ဖြစ်သည်နှင့်အညီ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံမှ ချီးမြှင့်ခဲ့သော(DEDICATED TO PROMOTING FREEDOM AND DEMOCRACY IN BURMA)ရွှေတံဆိပ်ဆုပေးပွဲအခမ်းအနားအားတက်ရောက်ရန်ရောက်ရှိနေသည့် မိခင်သဖွယ်ဖြစ်ခဲ့သောဒေါ်အောင်ဆန်းစုကြည်နှင့်လည်းဝမ်းသာအားရစွာပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့သည်။ ၂၄နှစ်ကြာကွဲကွာခဲ့ရသောမိခင်သဖွယ်ဖြစ်သောဒေါ်အောင်ဆန်းစုကြည်နှင့်ဝမ်းသာအားရ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သော်လည်း ၂၄နှစ်ကြာကွဲကွာခဲ့ရသူ“ဖိုးခွား” ၏ မွေးမိခင်ရင်းဖြစ်သူဒေါ်စိန်တင့်အား ပြန်လည်ဆုံတွေ့ခွင့်မရရှိခဲ့တော့ချေ။ အကြောင်းမှာ ၂၄နှစ်ကြာကွဲကွာခဲ့ရသောရန်ကုန်မြို့၊ အမှတ် ၅၉၄၊ ပြင်ဦးလွင်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်နေမိခင်ကြီးဒေါ်စိန်တင့်အသက် ( ) နှစ်သည် ၂၆.၁ဝ.၂ဝ၁၂ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယနေ့ ၂၈.၁ဝ.၂ဝ၁၂ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားအားကျန်ရစ်သူမိသားစုတို့နှင့်အတူရပ်ဆွေရပ်မျိုးများ၊ မိတ်သင်္ဂဟများ၊မြောက်ဒဂုံမြို့နယ်ရှိ သံသရာခရီးသည် နာရေးကူညီမှုအဖွဲ့နှင့်ပူးပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီးကျင်းပပြုလုပ်ပေးခဲ့သော်လည်းသားဖြစ်သူ “ဖိုးခွား”တစ်ယောက် မိခင်ကြီး၏ နောက်ဆုံးခရီးအားပို့ဆောင်ပေးနိုင်ခွင့် မရှိခဲ့ရချေ။
သို့ပေမယ့် “ဖိုးခွား” တာဝန်ကျေခဲ့ပါသည်။ “ဖိုးခွား”သည် ကျွန်တော့်အားယခင်ကကွယ်လွန်သွားရှာကြပြီဖြစ်သောဖခင်ကြီးဦးတင့်လွင်နှင့် ညီအစ်ကိုဖြစ်သူကိုမောင်မောင်လွင်တို့အားရည်စူး၍ မိခင်ကြီးဒေါ်စိန်တင့်အမည်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ US$ 100 အားလှူဒါန်းလိုကြောင်းနယူးယောက်မြို့တွင် ကျွန်တော်ရှိနေစဉ်ကာလ၌ ပြောကြားခဲ့ကာအလှူငွေ US$ 100 အား ကျွန်တော်၏ လက်ထဲသို့ လှူဒါန်းခဲ့ပြီးဖြစ်သည်။ ကျွန်တော်သည် အမေရိကန်နိုင်ငံသို့ အလှူငွေလက်ခံဖြတ်ပိုင်းစာအုပ်များမပါရှိခဲ့၍ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီးမှ မိခင်ကြီးဒေါ်စိန်တင့်ထံသို့ အလှူငွေဖြတ်ပိုင်းအားဝမ်းသာပီတိသာဓုခေါ်ဆိုနိုင်ရန်အတွက် နေအိမ်သို့ သွားရောက် အပ်နှံပေးမည်ဟုပြောကြားခဲ့သည်။ထို့နောက် ကျွန်တော်၏ခရီးစဉ်သည် နယူးယောက်မြို့မှတဆင့် ဆန်ဖရန်စစ်စကိုမြို့၊ ဆန်ဖရန်စစ်စကိုမြို့မှ လော့စ်အိန်ဂျယ်လစ်မြို့၊ လော့စ်အိန်ဂျယ်လစ်မြို့မှတဆင့် ဂျပန်နိုင်ငံတိုကျိုလေဆိပ်၊ တိုကျိုလေဆိပ်မှ ဘန်ကောက်လေဆိပ်၊ ဘန်ကောက်လေဆိပ်မှ ၂၇.၁ဝ.၂ဝ၁၂ရက်နေ့နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၂၆.၁ဝ.၂ဝ၁၂ရက်နေ့ ဂျပန်နိုင်ငံတိုကျိုလေဆိပ်သို့ရောက်ရှိသောအချိန်တွင် နယူးယောက်မြို့နေ “ပန်းချီမင်းကျော်ခိုင်”၏ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုကြောင့် “ဖိုးခွား”၏ မိခင်ကြီးဒေါ်စိန်တင့် ကွယ်လွန်သွားပြီဆိုသည့် သတင်းအားကြေကွဲထိခိုက်စွာဖြင့် ကြားသိခဲ့ရသည်။ထို့ကြောင့် ကျွန်တော်သည်လည်းတိုကျိုမြို့လေဆိပ်မှ ရန်ကုန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ချက်ခြင်းအကြောင်းကြားကာကူညီဖေးမမှုလုပ်ငန်းအားဆောင်ရွက် စေခဲ့သည်။ မိခင်ကြီးဒေါ်စိန်တင့်၏ ကျန်ရစ်သောရုပ်အလောင်းအားနေအိမ်မှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ပေးခဲ့ပြီးယနေ့ ၂၈.၁ဝ.၂ဝ၁၂ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် နောက်ဆုံးနှုတ်ဆက် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကိုကျင်းပပြုပေးခဲ့တော့သည်။
ကျွန်တော့်အနေဖြင့်တမလွန်ဘဝသို့ရောက်သွားရှာပြီဖြစ်သောမိခင်ကြီးဒေါ်စိန်တင့် ကြားသိနိုင်ပါက “အမေဒေါ်စိန်တင့် ခင်ဗျား၊ အမေ့ရဲ့သား “ဖိုးခွား” တစ်ယောက် တာဝန်ကျေခဲ့ပါတယ် အမေ။တိုင်းပြည်နှင့် လူမျိုးအပေါ်လည်းတာဝန်ကျေခဲ့ပါတယ်။သူငယ်ချင်းအပေါင်းအသင်းများအပေါ်လည်းတာဝန်ကျေခဲ့ပါတယ်၊ အမေ့အတွက်လည်းကုသိုလ်တာဝန်ကျေခဲ့ပါတယ်အမေရယ်” လို့ပြောကြားလိုပါသည်။အမေဒေါ်စိန်တင့်၏ ကျန်ရစ်သော ရုပ်ခန္ဓာရှိ မျက်နှာပြင်ပေါ်တွင် စို့နေသောချွေးပေါက် ကလေးများအားသုတ်ပေးရင်း ကျွန်တော့်၏စိတ်တွင်းမှ ပြောကြားလိုက်သည်ကိုအမေဒေါ်စိန်တင့် တစ်ယောက် တမလွန်ဘဝမှကြားသိလိုက်မည်ဟု ကျွန်တော် ယုံကြည်မိပါတော့သည်။
ကျော်သူ
No comments:
Post a Comment