Wednesday, February 19, 2014
စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် အဓိကဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေ ပြင်ဆင်မည့်အချက်များထဲတွင် ဒုသမ္မတနှင့် ၀န်ကြီးအားလုံး လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသည့်အချ...က် ပါဝင်သည်။
တပ်မတော်မှ အငြိမ်းစားယူပြီးနောက် အုပ်ချုပ်ရေးပိုင်းတွင် နေရာယူမှုများအား လျှော့ချရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကဆိုသည်။
“တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေက ပြည်သူ့ကိုယ်စားလှယ်တွေပဲ ဖြစ်သင့်တာပေါ့”ဟုလည်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဝင်းဦးကဆိုသည်။
ဒုသမ္မတနှင့် သမ္မတတို့သည် လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဒုသမ္မတသုံးဦးကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် လစ်လပ်သွားသော ဒုသမ္မတရာထူးနှင့် ၀န်ကြီးနေရာများတွင် တပ်မတော်မှ သက်ပြည့်ပင်စင်ယူသူများအား ခန့်အပ်မှုများရှိခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်သည့် လစ်လပ်သွားသော ဒုသမ္မတနေရာတွင် လွှတ်တော်အမတ်မဟုတ်သော သက်ပြည့်ပင်စင်ယူရမည့် ရေတပ်ဦးစီးချုပ်ကို အစားထိုးခန့်အပ်ခဲ့သည်။
ထို့အပြင် အသက်(၆၀)ပြည့်သဖြင့် သက်ပြည့်ပင်စင်ယူရသော လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇေယျာအောင်ကိုလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ထိုသို့ လွှတ်တော်အမတ်မဟုတ်သူများကို ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်လာခြင်းကို မနှစ်သက်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအား လွှတ်တော်အမတ်ဖြစ်စရာမလိုဟု ပြဋ္ဌာန်းထားချက်ကိုပြင်ဆင်ရန် ပြည်ခိုင်ဖြိုးပါတီက တင်ပြထားခြင်းဖြစ်သည်။
လက်ရှိ အခြေခံဥပဒေအရ ဒုသမ္မတသုံးဦးအား ပြည်သူ့လွှတ်တော်မှတစ်ဦး၊ အမျိုးသားလွှတ်တော်မှတစ်ဦးနှင့် လွှတ်တော်နှစ်ရပ်ပေါင်းရှိ တပ်မတော်သားအစုအဖွဲ့ကိုယ်စားလှယ်များကတစ်ဦး ရွေးချယ်ခွင့်ရသည်။
ထိုသို့ရွေးချယ်ရာတွင် ဒုသမ္မတသုံးဦးမှာ လွှတ်တော်အမတ်ဖြစ်စရာမလိုဘဲ ဖွဲ့စည်းပုံပါ အခြားအချက်အလက်များနှင့်ကိုက်ညီပါက ရွေးချယ်နိုင်သည်။
ထို့အတူ အုပ်ချုပ်ရေးအဖွဲ့၏အကြီးအကဲ နိုင်ငံတော်သမ္မတကလည်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများကို လွှတ်တော်အမတ်မဟုတ်သည့် ပြင်ပမှရွေးချယ်နိုင်ပြီး လွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်နိုင်သည်။
လက်ရှိသမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးခြောက်ဦးအပါအ၀င် ၀န်ကြီးဌာန ၃၁ ခုတွင် ၀န်ကြီး ၃၆ ဦးရှိပြီး ဒုတိယ၀န်ကြီး ၅၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းတို့အထဲတွင် ပြင်ပမှပညာရှင်နှင့် အရပ်သားဝန်ကြီး၊ ဒုဝန်ကြီးအရေအတွက်မှာ အနည်းငယ်သာရှိသည်။
လွှတ်တော်အမတ်ဖြစ်မှ ၀န်ကြီးတာဝန်ထမ်းဆောင်ရမည်ဆိုသောအချက် ပြင်ဆင်နိုင်ခဲ့ပါက ပညာရှင်များအား ၀န်ကြီးခန့်အပ်ရန် ခက်ခဲသွားနိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။
“ပညာရှင်ကတော့ နိုင်ငံရေးသမားအလုပ်လုပ်မှာမဟုတ်ဘူး။ ပါတီအတွက်လည်း လုပ်မှာမဟုတ်ဘူး။ ပညာရပ်ဆိုင်ရာပဲ လုပ်မှာပဲ”ဟု ကွန်ပျူတာပညာရှင်ဦးရဲမြတ်သူကဆိုသည်။
ထို့ကြောင့် လွှတ်တော်အမတ်ဖြစ်မှသာ ၀န်ကြီးလုပ်ရမည်ဟု မကန့်သတ်သင့်ကြောင်း ဦးရဲမြတ်သူက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနများတွင် ပညာရှင်များနှင့်သင့်လျော်သည့် ဌာနများရှိသဖြင့် လွှတ်တော်အမတ်ဖြစ်မှ ၀န်ကြီးအဖြစ်ရွေးချယ်မည်ဟု မကန့်သတ်သင့်ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့သည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ၀န်ကြီးအဖြစ်ခန့်အပ်မှသင့်လျော်သည့် ဌာနများဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကရှင်းပြသည်။
“ပညာရှင်ဆိုတာ သူ့အလုပ်ပဲ သူစိတ်ဝင်စားတာ။ ပညာရပ်ဆိုင်ရာမဟုတ်တာကို စိတ်မ၀င်စားဘူး။ ၀န်ကြီးလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးလည်း မရှိကြဘူး။ အမေရိကန်မှာလည်း ဒီလိုပဲ”ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။
လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ် စတင်ကျင့်သုံးခဲ့သည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ရွေးကောက်တင်မြှောက်မခံရသူတစ်ဦးအား ခြောက်လထက်ပိုပြီး တာဝန်ထမ်းဆောင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းချက်ပါရှိကြောင်း ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။
“နိုင်ငံတစ်ခုမှာ အရေးပေါ်အခြေအနေဖြစ်ရင် ရွေးကောက်ခံမဟုတ်တဲ့လူတွေကို ဖိတ်ခေါ်ရတဲ့အခြေအနေမျိုး တွေ့ကြုံရတတ်တယ်။ အဲဒီအခြေအနေမျိုးအတွက် ရွေးကောက်မခံရသူတွေကို တာဝန်ထမ်းဆောင်နိုင်အောင် တမင်ဖွင့်ပေးထားတာ။ ဒါကြောင့် ဒါမျိုးက လိုအပ်တယ်လို့ထင်တယ်”ဟု ဦးကိုကိုကြီးကပြောသည်။
လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကိုဖိတ်ခေါ်ပြီး တာဝန်ပေးအပ်သည့်အလေ့အထများ နိုင်ငံတကာတွင်လည်းရှိကြောင်း ဦးကိုကိုကြီးကပြောသည်။
အုပ်ချုပ်ရေးအဖွဲ့အား တာဝန်ခံဆောင်ရွက်ရမည့် သမ္မတအနေဖြင့် သူ့အဖွဲ့အစည်းအား အကောင်းဆုံးအလုပ်လုပ်နိုင်ရန် သင့်လျော်သည့်အစိုးရအဖွဲ့ဝင်များအား လွတ်လွတ်လပ်လပ်ခန့်အပ်ခွင့်ပေးသင့်ကြောင်းလည်း နိုင်ငံရေးလေ့လာသူအချို့ကပြောသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ဒုသမ္မတသုံးဦးကို လွှတ်တော်အမတ်များထဲကသာ ရွေးချယ်ခဲ့ပြီး ၀န်ကြီးအများစုကိုလည်း လွှတ်တော်အမတ်ထဲကသာ ရွေးချယ်ခဲ့သည်။
သို့သော် ဦးသိန်းစိန်အနေဖြင့် သမ္မတာဝန်ထမ်းဆောင်ပြီးနောက် လစ်လပ်သွားသည့် ၀န်ကြီးနေရာများ ပြန်လည်ရွေးချယ်ရာတွင် တပ်မတော်မှ သက်ပြည့်ပင်စင်ယူလာသော ဗိုလ်ချုပ်ဟောင်းသုံးဦးနှင့် လွှတ်တော်အမတ်မဟုတ်သည့် ပညာရှင်အချို့ကို ရွေးချယ်ခန့်အပ်လာခဲ့သည်။
လစ်လပ်သွားသော အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးအား လွှတ်တော်အမတ်မဟုတ်သည့် စီးပွားရေးပညာရှင် ဒေါက်တာကံဇော်ကို ခန့်အပ်ခြင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာဒေါ်ခင်စန်းရီအား ခန့်အပ်ခဲ့သည်။ အလားတူ တပ်မတော်မှ သက်ပြည့်ပင်စင်ရယူသူများကိုလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအဖြစ် ခန့်အပ်မှုများရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားများအနေဖြင့် အသက်(၆၀) ပြည့်ပါက ပင်စင်ယူရမည်ဟု ပြဋ္ဌာန်းသဖြင့် လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ သက်ပြည့်ပင်စင်ယူရမည့်သူများရှိသည်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ၂၀၁၅ ခုနှစ်တွင် အသက်(၆၀)ပြည့်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူနှစ်ဦးမှာလည်း ၂၀၁၅ မတိုင်မီ အသက်(၆၀)ပြည့်ကြမည်ဖြစ်သည်။
၂၀၁၅ မှ ၂၀၁၀ ကြားတွင်လည်း စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၂၂ ဆင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလွဲ၍ လက်ရှိတပ်မတော်အတွင်း အဆင့်မြင့်ရာထူးယူထားသော DSA ၂၀ မှ ၂၃ အပတ်စဉ်ဆင်း ဗိုလ်ချုပ်များမှာလည်း အသက်(၆၀)ပြည့်၍ သက်ပြည့်ပင်စင်ယူရမည့်သူများစွာရှိသည်။
ထို့ကြောင့် ဒုသမ္မတနှင့် ၀န်ကြီးများ လွှတ်တော်အမတ်ဖြစ်ရမည်ဆိုသောအချက် ပြင်ဆင်ထားခြင်းမရှိပါက အဆိုပါတပ်မတော်အရာရှိများ အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ထောက်ပြပြောဆိုသည်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပင် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းမှုများရှိသည်။
လွှတ်တော်အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်မီပြင်နိုင်ရန် လွှတ်တော်ကကြိုးစားလျက်ရှိသည်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကလည်း ပြင်ဆင်မည့်အချက်အချို့ကို လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ အသင်းအဖွဲ့များအပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ရန် အကြံပြုချက် ၂၇၀၀၆ ချက်ရှိပြီး စုစုပေါင်းအကြံပြုချက် ၃၂၃၁၁၀ ရှိသည်။
7Day News Journal
No comments:
Post a Comment