Friday, February 21, 2014

ကြံ့သားရေ ဖွတ်မြီး အပိုင်း ၂

ကြံ့သားရေ ဖွတ်မြီး အပိုင်း ၂
ကြံ့ဖွံ့ရဲ့အစစ်အမှန်မျက်နှာ

ကြံ့ဖွံ့ခေါင်းဆောင်တွေ မကြာမကြာပြောတတ်တဲ့ စကားတွေထဲမှာ ဒီနေ့အထိ အလိမ်အညာအလှည့်အဖျား စကားတွေကို ရဲရဲရင့်ရင့် တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကို တွေ့ရတယ်။

အထင်ရှားဆုံးစကားကတော့ “ကျနော်တို့ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာ ဖြစ်လေတော့....” “ကျနော်တို့ကို ပြည်သူလူထုက ယုံကြည်လို့ အာဏာ လွှဲအပ်ထားတာ ဖြစ်လေတော့...” ဆိုတဲ့စကားတွေပဲ။ ဒီစကားတွေကို ကြံ့ဖွံ့ခေါင်းဆောင်တွေက ခဏခဏ အသုံးပြုကြတယ်။ ဦးသိန်းစိန်လည်း မကြာမကြာပြောတယ်။ ဦးရွှေမန်းလည်း မကြာမကြာပြောတယ်။ ဦးဌေးဦးလည်း မကြာမကြာပြောတယ်။ ဦးအောင်သောင်းတို့ ဦးအောင်သိန်းလင်းတို့ ပြောတာကိုလည်း ကြားရတတ်တယ်။ ဒီစကားမျိုးကိုပြောလေ၊ မယုံချင်စရာကောင်းလေပါပဲ။ ဒီစကားတွေပြောနေတာဟာ သူတို့လိမ်နေတုန်းပဲ ဆိုတာကို ဖော်ပြရာ ရောက်တယ် မဟုတ်လား။

၂၀၁၀ရွေးကောက်ပွဲမှာ သူတို့ဘယ်လို အနိုင်ရခဲ့တယ်ဆိုတာ သူတို့ကြံ့ဖွံ့တွေအသိဆုံးပါ။ ပြည်သူတွေလည်း သိကြပါတယ်။ ဆာလာအိတ်ကြီးတွေနဲ့ ထည့်ယူလာတဲ့ ကြိုတင်မဲတွေအကြောင်းကို ကမ္ဘာကရော မြန်မာကပါ ကောင်းကောင်းသိကြတယ်။ ဒီလိုမဲခိုးတဲ့ကိစ္စကို တရားစွဲဆိုတော့လည်း တိုင်ချက်တွေရဲ့ အများစုကို ပေယျာလကန် လုပ်ထားတယ်။ ရဲကိုတိုင်ထားတဲ့အမှုတွေကို တမှုမှမစစ်ဆေးဘူး။ တရားရုံးကိုတိုင်တဲ့ အမှုတချို့ကိုသာ စစ်ဆေးခဲ့တယ်။ ရွေးကောက်ပွဲ မတရားကြောင်း တိုင်တန်းတဲ့ အမှုများစွာကို တရားရုံးရှေ့ အများပြည်သူရှေ့ မပို့ရဲတာကိုက သူတို့လိပ်ပြာ သူတို့မလုံလို့ဆိုတာ သိပ်ထင်ရှားတယ်။ သူတို့ညစ်ထားတာကို သူတို့သိလို့ မစစ်ဆေးရဲတာဆိုတဲ့ အဓိပ္ပါယ်ကလွဲပြီး တခြားအဓိပ္ပါယ် ဖြစ်နိုင်စရာမရှိတော့ဘူး။ ကျနော်တို့ ဗမာလူမျိုးရဲ့ အကျင့်ကလည်း ဖြစ်ကာစမှာ သွေးပူတတ်ကြပေမဲ့ ကြာလာရင်သွေးအေးပြီး မေ့မေ့ပျောက်ပျောက် သဘောထားတတ်တယ်။ အဲဒီအကျင့်တခုဟာ တော်တော်အံ့သြစရာကောင်းတယ်။ တခြားလူမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် တော်တော်ကြီး ထူးခြားနေတာကို တွေ့ရတယ်။ တခြားလူမျိုးတွေကို အဲသလိုလုပ်လို့မရဘူး။ တခြားနိုင်ငံတွေမှာ အုပ်ချုပ်တဲ့သူတွေက လုပ်ချင်တာလုပ်ပြီး မေ့ချင်ယောင်ဆောင် ရူးချင်ယောင်ဆောင်တာကို လူတွေက ဘယ်တော့မှ လွယ်လွယ်ကူကူလက်မခံဘူး။ ကိုယ့်လူမျိုးကိုယ် အထင်သေးပြီး တခြားလူမျိုးကို အထင်ကြီးတတ်တဲ့လူတွေထဲမှာ ကျနော် မပါပေမဲ့ ဒီလို ပြီးပြီးပျောက်ပျောက်သဘောထားကိုတော့ တော်တော် အားမရဖြစ်မိတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလိုလုပ်လို့ရနေတာဟာ စစ်အာဏာရှင် စနစ်အောက်မှာ ကာလရှည်ကြာ အနှိမ်ခံလာရတာရဲ့ အကျိုးဆက်လားလို့ တခါတလေ ထင်မိတယ်။ အနှိမ်ခံရတာကို ခေါင်းငုံ့ခံပါများရင် အညွန့်တုံးတတ်တဲ့ သဘာဝတခုလေလားလို့တောင် တွေးတောစရာပါ။

သာမန်ပြည်သူတွေတွင် မကဘူး။ လွှတ်တော်ထဲဝင်ချင်တဲ့ အတိုက်အခံတွေကလည်း ဒီမဲခိုးတဲ့ကိစ္စတွေကို မေ့ပေးလိုက်ကြတယ်။ ကြံ့ဖွံ့တွေက “ကျနော်တို့ကို ပြည်သူတွေက မဲပေးထားလေတော့...” ဆိုတဲ့စကားတွေ ပြောတဲ့အခါတိုင်းမှာ အတိုက်အခံဆိုသူတွေဟာ အာစေးမိထားကြသလို ငြိမ်ကုတ်နေကြတယ်။ သူတို့ငြိမ်လွန်းကုတ်လွန်းတော့ ပြည်သူတို့အားကိုးစရာ အတိုက်အခံအမတ်ဆိုသူ အားလုံးလိုလိုဟာလည်း အညွန့်တုံးအစတုံးတွေပါလားလို့တောင် တခါတခါအတွေးပေါက်မိတယ်။ ကြံ့ဖွံ့ကလည်း ဒီစကားကို တွင်တွင်ပြောနေသလို၊ အတိုက်အခံဆိုသူများကလည်း ဒီလိုငြိမ်ကုတ်နေကြတာ ကြာလာတော့ အများပြည်သူ ကလည်း ကြံ့ဖွံ့တွေပြောတာ ဟုတ်နေလို့ အတိုက်အခံတွေ ကုတ်နေကြလေသလားလို့ ထင်လာကြတယ်။ ဒီလိုနဲ့အမှားကြာရင် အမှန်ဖြစ်တယ်ဆိုတဲ့ ဟစ်တလာရဲ့ နာဇီနည်းဟာ အောင်အောင်မြင်မြင် အလုပ်ဖြစ်နေတာ ကိုတွေ့ရတယ်။

နောက်ထပ် အင်မတန်နားကြားရမသက်သာလှတဲ့ စကားတခွန်းရှိသေးတယ်။ အဲဒါကတော့ “၂၀၀၈ အခြေခံဥပဒေကြီးကို ပြည်သူလူထု ၉၂.၄ ရာနှုန်းက ထောက်ခံထားတော့....” ဆိုတဲ့စကားပါ။ ဒီစကားကိုလည်း မကြာမကြာပြောပါတယ်။ တကယ်တော့ ဒီစကားကိုကြားတိုင်းမှာ တာဝန်သိတဲ့ ပြည်သူတိုင်းဟာ ကန့်ကွက်သင့်တယ်။ ဒီစကားကိုပြောနေတာဟာ ပြည်သူကို ဗြောင်စော်ကားနေတာပဲ။

၂၀၀၈ မှာ နာဂစ်မုန်တိုင်းကြီး တိုက်တော့ လူပေါင်းတစ်သိန်းခွဲ အနည်းဆုံးသေခဲ့တယ်။ ဒါဟာ စစ်အစိုးရက လက်ခံကြေညာတဲ့ ကိန်းဂဏန်းပါ။ တကယ်တော့ ၂သိန်းကျော်တယ်လို့ နိုင်ငံတကာက ယုံကြည်ကြတယ်။ တိုင်းပြည်တပြည်လုံး ပူဆွေးဝမ်းနည်းကြတယ်။ ဒုက္ခသည်တွေကိုစာနာကြတယ်။ စစ်အစိုးရကတော့ ပြည်ပက အကူအညီတွေကို ချက်ချင်းလက်မခံခဲ့ဘူး။ ပြည်ပကလူတွေဝင်လာရင် ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး မတရားလုပ်ထားတာတွေ ကမ္ဘာသိဖြစ်မှာစိုးလို့ အကူအညီတွေ ချက်ချင်းလက်မခံခဲ့ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဇွတ်အတင်း အတည်ပြုခဲ့တယ်။ အခြေခံဥပဒေဆန္ဒခံယူပွဲ မတိုင်ခင်မှာ ကန့်ကွက်မဲပေးဖို့ တိုက်တွန်းသူတွေကို ဖမ်းခဲ့တယ်။ ဆန္ဒခံယူပွဲသပိတ်မှောက်ဖို့ ပြောသူတွေကို ဖမ်းဆီးခဲ့တယ်။ နိုးဗုတ်တွေဗုတ်နိုးတွေ အဖမ်းခံကြရတာကို မှတ်မိကြပါလိမ့်မယ်။ ဒါနဲ့တောင်မှ အဲဒီအခြေခံဥပဒေကို ပြည်သူတွေရဲ့ ၉၂.၄ ရာနှုန်းက ထောက်ခံပါတယ်လို့ ဒီနေ့အထိ လိမ်လည်တုန်းပဲ။ ဒါတွေကိုလုပ်ခဲ့တာ ဘယ်သူလဲ။ ကြံ့ဖွံ့တွေပါပဲ။ စစ်အာဏာရှင်တွေပါပဲ။

ဒါတွေကိုသိရက်နဲ့ ကျနော်တို့နိုင်ငံသားတွေဟာ သည်းခံနားလည်ပေးခဲ့ကြတယ်။ ဒီမိုကရေစီကို လိုချင်တဲ့အတွက် ခွင့်လွှတ်ပေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုခွင့်လွှတ်သည်းခံတာကို အခွင့်ကောင်းယူပြီး ကြံ့ဖွံ့ခေါင်းဆောင်တွေဟာ သူတို့အမှန်တကယ် ရိုးရိုးသားသား ရထားလေဟန် ရောင့်တက်ပြီး အကြိမ်ကြိမ် အခါခါ မဏ္ဍပ်တိုင်တက်ပြောဆိုကြတယ်။ တကယ်တော့ ဒါဟာ လူထုကိုစော်ကားတာပဲ။ လူထုကို မင်းတို့ ဘာမှနားမလည်တဲ့ ငတုံးတွေပါလို့ ဆိုရာရောက်တယ်။ ဒါကပထမအဓိပ္ပါယ်။ နောက်အဓိပ္ပါယ်ကတော့ မင်းတို့ဘာထင်ထင် ငါပြောချင်ရာပြောမယ်၊ မင်းတို့ဘာတတ်နိုင်သေးလဲ။ ငါတို့ကဂရုမစိုက်ပါဘူး ဆိုတဲ့အဓိပ္ပါယ်ပဲ။

တကယ်တော့ ဒါတွေကိုငြိမ်ခံမနေသင့်ဘူး။ ကိုယ့်လူမျိုးကိုယ့်ဂုဏ်သိက္ခာကို စောင့်ထိန်းတဲ့အနေနဲ့ ရဲရဲရင့်ရင့် ကန့်ကွက်ပြောဆိုကြဖို့ သင့်တယ်။ ဒါတွေကိုငြိမ်ခံနေတာဟာ လူမျိုးပါသိက္ခာကျတယ်လို့ ဆိုနိုင်တယ်။ “မင်းတို့လူမျိုးတွေက ဒါတွေကိုသိရက်နဲ့ ငြိမ်ခံနေကြတာပဲလား။ ဒါလောက်ကလေးမှ မပြောရဲဘူးလား” ရယ်လို့ လူမျိုးခြားက ကဲ့ရဲ့စရာလည်းဖြစ်တယ်။

ကြံ့ဖွံ့ပါတီလုပ်တဲ့ နောက်ထပ်မတရားမှုတခုကတော့ ရွေးကောက်ပွဲကော်မရှင်ပါ။ ရွေးကောက်ပွဲကော်မရှင်မှာ ဗဟိုကစပြီး အောက်ဆုံးအထိ သူ့လူတွေချည်းပဲ အပြည့်ထည့်ထားတယ်။ တဘက်သတ်ကြီး။ ဦးတင်အေးဆိုတာ ပြည်သူတွေ အလွန်မုန်းတဲ့ ဦးပိုင်ကိုကိုင်ခဲ့သူ။ ကြံ့ဖွံ့ခေါင်းဆောင်၊ စစ်အာဏာရှင်ဟောင်း တဦး။ ဒီလိုတဘက်သတ် ရွေးကောက်ပွဲကော်မရှင်ကို သုံးပြီး တဘက်သတ်လုပ်တဲ့လုပ်ရပ်တွေဟာ ၂၀၁၅ အထိလည်း ပါလာဦးမှာပဲဆိုတာ သေချာသလောက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဇန်နဝါရီလထဲမှာတွင်ပဲ ရွေးကောက်ပွဲကော်မရှင်မှာ စစ်သား ၆၀ လောက် အင်အားဖြည့်လိုက်သေးတယ် မဟုတ်လား။ ဒါကို အတိုက်အခံပါတီများကလည်း မကန့်ကွက်ရဲကြဘူး။ ရေဒီယိုအင်တာဗျူးတခုမှာ ဦးဥာဏ်ဝင်းက ကန့်ကွက်စရာ မရှိပါဘူးလို့ ပြောသွားတာကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရတော့ အံ့အားတောင်သင့်မိတယ်။

အတိုက်အခံဘက်က မကန့်ကွက်တဲ့အခါ ကြံ့ဖွံ့ခေါင်းဆောင်တွေ သိပ်ရဲလာတယ်။ သူတို့ခြေလှမ်းတွေကို သွက်သွက်ကြီး လှမ်းပြလာတယ်။ သူတို့ကပဲ သူများထက် ဒီမိုကရေစီကို ပိုချစ်သယောင် လုပ်လာတဲ့ အထိ အတင့်ရဲလာတယ်။ သူတို့မှတပါး တခြားသူတွေက ဒီမိုကရေစီကို မချစ်တတ်သယောင်ယောင်တောင် ရှေ့ကနေ ဦးဆောင်ပြလာတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကိုတောင် သူတို့ဘက်ကစပြီး အသံထုတ် ပေးလိုက် သေးတယ်။ အပြောင်းအလဲဆိုတာ သူတို့ကစတာပါလို့ အသံကောင်းဟစ်သလိုမျိုး၊ အခြေခံဥပဒေ ပြောင်းလဲရေးဆိုတာကိုလည်း သူတို့က အရင်ပြောတာပါလို့ နာမည်ကောင်း ယူချင်ပုံရပါတယ်။

ဒါပေမဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာတော့ နှာခေါင်းနဲ့ ကျည်ပွေ့တွေ့ပါတော့တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ နန့်တန့်တန့်သွားလုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ ပြည်သူလူထုတရပ်လုံးက တကယ် ပြင်ချင် နေတဲ့အရာ။ ပြည်သူလူထုတရပ်လုံးက ဘယ်တုန်းကမှမလိုလားတဲ့အရာ။ ကုန်ကုန်ပြောရရင် ပြင်ချင်နေတာတောင် မဟုတ်ဘူး။ အသစ်ရေးချင်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝိတ်နဲ့အတင်းဆွဲထားလို့ ပြင်- အဆင့်မှာ အလျှော့ပေးပြီး အရိပ်အခြည် စောင့်ကြည့်နေကြတာ။

တကယ်တော့ အခြေခံဥပဒေကို သူတို့ပြင်မယ်ဆိုတာက နငယ်အမြီးတပ်သလောက်လေး ပြင်ချင်တာ။ အခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်မယ့်ကိန်း ဖြစ်လာတယ်။ တကယ်ပြောင်းရမယ်ဆိုတဲ့အခါမှာ ဇာတိရုပ်ပေါ်လာတယ်။ ဗိုလ်ချုပ်အုန်းမြင့်က ပါးရိုက်မယ်ဆိုတာတွေ၊ သူရအေးမြင့်က ဒေါ်အောင်ဆန်းစုကြည် မြက်မစိုက်ဘူး ဆိုတာတွေ ထွက်လာတယ်။

ကြံ့ဖွံ့ရဲ့ ပင်ကိုယ်မျက်နှာ ပြန်ပေါ်လာတယ်။ ကြံ့ဖွံ့ကိုမဲပေးကြ၊ ဦးသိန်းစိန်ကိုမဲပေးကြ၊ ဦးရွှေမန်းကိုမဲပေးကြ..... ဆိုသူတွေကို အကြံပေးချင်ပါတယ်။ ကြံ့ဖွံ့ရဲ့ ပင်ကိုယ်မျက်နှာ ပေါ်လာတုန်း သေသေချာချာကြည့်ကြပါ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဆက်စပ်စဉ်းစားကြည့်ကြပါ။

ကြံ့ဖွံ့ပါတီကို သာမန်အရပ်သား လူအများက ကြံ့ဖွတ်ပါတီလို့ပဲ ခေါ်ကြတယ်။ ပညတ်သွားရာ ဓါတ်သက်ပါတယ်လို့သာ ဆိုရပါတော့မယ်။ အခုကျနော်ထောက်ပြခဲ့တဲ့ အချက်တွေကို ကြည့်ရင် ကြံ့ဖွံ့ ခေါ် ကြံ့ဖွတ်ဟာ ရက်စက်ကြမ်းကြုတ်တတ်တဲ့ သဘော၊ အရေထူ တတ်တဲ့သဘော၊ တင်းမာတတ်တဲ့ သဘော၊ ဗလအားကိုးနဲ့ မိုက်တတ်တဲ့ သဘောတွေကို ကိုယ်စားပြုတဲ့ ကြံ့သားရေကိုခြုံထား သလို တပြိုင်တည်းမှာပဲ လိမ်ညာတဲ့သဘော ၊ သိမ်ဖျင်းတဲ့သဘော၊ မွဲတေတဲ့သဘောကို ကိုယ်စားပြုတဲ့ ဖွတ်မြီးကြီးကလည်း ဖုံးမရ ကွယ်မရ တန်းလန်းကြီး ထွက်ကျနေတာကို တွေ့နိုင်ပါတယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

No comments: