Wednesday, February 26, 2014
ကြံ့သားရေ ဖွတ်မြီး အပိုင်း ၎
ကြံ့ဖွံ့ပါတီရဲ့အားနည်းချက်အားသာချက်များ
အားသာချက်များ
အားသာချက် ၁
ကြံ့ဖွံ့ပါတီရဲ့ အဓိကအားသာချက်က ဘာလဲဆိုရင် တရားဝင် မြေပေါ်ရပ်နေတဲ့ပါတီတွေထဲမှာ စစ်တပ်လက်ကိုင်ရှိတဲ့ တခုတည်းသော ပါတီ ဖြစ်နေတဲ့အချက်ပဲ။ ကြံ့ဖွံ့မှာ စစ်တပ်လက်ကိုင်ရှိတယ်လို့ ပြောရင်သူတို့ကငြင်းမှာပဲ။ ဒါပေမဲ့ သာမန်လူတွေကိုပြောရင် လူတိုင်းလိုလိုက ဟုတ်တယ်လို့ဆိုမှာပဲ။ ကြံ့ဖွံ့ကဘာ့ကြောင့်ငြင်းသလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးကင်းရှင်းရမယ်၊ ပါတီတခုခုဘက်ကို ဘက်မလိုက်ရဘူးလို့ သူတို့ကိုယ်တိုင်ဆိုထားတဲ့ အချက်ရှိနေလို့ပဲ။ ဒါပေမဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေအားလုံးဟာ စစ်အာဏာရှင်ဟောင်းတွေဆိုတာ မျက်မြင်ထင်ရှားကြီးရှိနေမှတော့ သူတို့ငြင်းနေရင်လည်း အပိုပါပဲ။ သူတို့ငြင်းနေရင်လည်း သူတို့ပြောနေကျ ကျားကျားမီးယပ်စကားလို့သာ လူတွေကမှတ်ယူကြမှာပဲ။
စစ်တပ်က သူတို့ဘက်မှာရှိနေတာကြောင့်သာ သူတို့လုပ်ချင်တာအားလုံးကို တဘက်သတ် လုပ်လို့ ရနေတယ်လို့ ဆိုရင်လည်း မမှားဘူး။
၂၀၁၀ မှာ ကြံ့ဖွံ့မဲလိမ်တာကို လူတိုင်းသိတာပဲ။ ဘာ့ကြောင့်ငြိမ်ခံနေကြသလဲ။ သူ့ဘက်မှာ စစ်တပ်ရှိလို့။ စစ်တပ်ကိုမလှန်ရဲကြလို့။ ၂၀၀၈ အခြေခံဥပဒေကြီးဟာ ဒီမိုကရေစီကို ဖျက်ဆီးနေတဲ့ အဓိကအတားအဆီးကြီးဆိုတာ လူတိုင်းသိတာပဲ။ ဒီလိုသိတဲ့ကြားထဲက စစ်အာဏာရှင်တွေ မျက်နှာမညိုစေနဲ့၊ စစ်အာဏာရှင်တွေ ပေးသလောက်ပဲရလိမ့်မယ်လို့ ကိုကျော်ဝင်းတို့၊ အီးဂရက်စ်တို့၊ ဗဟုတို့၊ သည်ဗွိုက်စ်ဂျာနယ်တို့က ဘေးတီးပေးနေကြတာ ဘာ့ကြောင့်လဲ။ စစ်တပ်ကိုကြောက်လို့ပဲ။ ဒီတော့သေနတ်ပြပြီး ခြိမ်းခြောက်ထားနိုင်ခြင်းသည်သာ ကြံ့ဖွံ့ရဲ့အဓိကအားသာချက်လို့ ဆိုနိုင်ပါတယ်။
အားသာချက် ၂
ကြံ့ဖွံ့ပါတီရဲ့ ဒုတိယအားသာချက်က ငွေပဲ။ ကြံ့ဖွံ့ပါတီဟာ ငွေကြေးအင်အား အတောင့်တင်းဆုံးပါတီပဲ။ ဘယ်လိုနည်းနဲ့ တောင့်တင်းသလဲဆိုတော့ ကြံ့ဖွံ့ဆောင်းပါးအမှတ်တစ်ထဲမှာ ပြောခဲ့သလိုပဲ တရားမဝင်နည်းနဲ့ တောင့်တင်းနေတာပါ။ ပြည်သူလူထုရဲ့ငွေကို သူတို့အစိုးရဖြစ်နေစဉ်မှာ ကဲ့ယူထားလို့ တောင့်တင်းနေတာပါ။ သူတို့ဘယ်လောက်တောင်ယူထားသလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ လူမှုရေးလုပ်ငန်းလုပ်မယ့် လူထုအကျိုးပြုအသင်းကြီးပါလို့ ပြောပြီး အများပြည်သူ့ဘဏ္ဍာတွေကို ယူထားခဲ့ရာကနေ ကြံ့ဖွံ့ပါတီ ထူထောင်တဲ့အချိန်ကျတော့ ရူးချင်ယောင်ဆောင်ပြီး အားလုံးသယ်လာတဲ့အတွက် အဲဒီငွေအားလုံးဟာ တရားမဝင်ငွေကြေးတွေလို့ ဆိုတာဖြစ်ပါတယ်။ ရူးချင်ယောင်ဆောင်ပြီး ဆိုတဲ့စကားလုံးကို သုံးလိုက်ရတဲ့ အတွက် ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ကိုရော၊ သူတို့ခေါင်းပေါင်းကြီးတွေကိုပါ အားနာပါတယ်။ ဒါပေမဲ့ အများပြည်သူပိုင်ငွေ၊ အစိုးရငွေကို မသုံးရလို့သူများ အတွက် ဥပဒေထုတ်ပြီး သူတို့ကျတော့ ခပ်တည်တည်နဲ့ ဟိုဘက်ကငွေတွေ အဆောက်အဦးတွေ ပစ္စည်းတွေအားလုံး ဒီဘက်ကို မလာတာရယ် ၊ ဘာ့ကြောင့် အဲသလို လုပ်သလဲလို့ မေးခွန်းထုတ်တဲ့အခါ မကြားသလိုလို မသိသလိုလို လုပ်နေတာရယ်ကို ခြုံငုံမိဖို့အတွက် ဒီ့ထက် သင့်တော်တဲ့ စကားလုံး မတွေ့မိပါဘူး။
ဘယ်သူမှ သူတို့လို ငွေကြေးအင်အားမတောင့်တင်းနိုင်ဘူးဆိုတာ ကြံ့ဖွံ့သိတယ်။ ဒါ့ကြောင့် တခြားပါတီတွေကို နေရာများများမှာ ရွေးကောက်ပွဲမဝင်နိုင်အောင် လွှတ်တော်အမတ်တနေရာအတွက် ပြန်မထုတ်နိုင်မယ့် စဘော်ငွေငါးသိန်းတင်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုးကို သူတို့လုပ်ထားတယ်။ ဒီလိုလုပ်ထား လိုက်တဲ့အတွက် ငွေကြေးမချမ်းသာ၊ မတောင့်တင်းတဲ့ပါတီတွေကို ကန်ထုတ်ပြီးသားဖြစ်ရုံသာမက အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးစိတ်ဓါတ်ကိုပါ ဖျက်ဆီးပြီးသားဖြစ်သွားတယ်။ အတိုက်အခံတွေ ကိုယ်တိုင်က ပိုက်ဆံမရှိရင်နိုင်ငံရေးလုပ်လို့မရဘူးဆိုတဲ့ အတွေးအခေါ်မျိုး တွေးခေါ်လာတယ်။ တကယ်တော့ ဒီအတွေးအခေါ်ဟာ သူတို့က စနစ်တကျရိုက်သွင်းပေးတဲ့ အတွေးအခေါ်ပဲ။ ဒါပေမဲ့အတိုက်အခံတွေကတော့ သူတို့ဖာသာတွေးတဲ့ အတွေးအခေါ်လို့ထင်နေကြတယ်။ အဲသလိုထင်နေကြအောင် လုပ်နိုင်ခြင်းသည်ပင် အောင်မြင်မှုဖြစ်တယ်။ ရန်သူကို ကိုယ်တွေးခေါ်စေချင်သလို တွေးခေါ်လာအောင် ပုံသွင်းနိုင်တာဟာ အကြီးဆုံးအောင်မြင်မှုပါပဲ။ ပါတီနိုင်ငံရေးဘောင်ထဲက အတိုက်အခံတွင်မကဘူး၊ ကျောင်းသားတပ်မတော်လို တသက်တာလုံး ကိုယ်ကျိုးစွန့်အနစ်နာခံလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမျိုးကိုပါ ငွေမရှိရင်တော့ ဘာမှလုပ်မရဘူးဆိုတဲ့ အတွေးအခေါ်မျိုးဝင်လာအောင် ထည့်ပေးလိုက်နိုင်တယ်။
သန့်ရှင်းတဲ့နိုင်ငံရေးသမားတွေကို ဖျက်ဆီးလို့ အကောင်းဆုံးဟာငွေပဲ။ ငွေကြေးနဲ့ ပတ်သက်လာတဲ့အခါ ကိုယ်ကျိုးစီးပွားစဉ်းစားမှုတွေ အတူတွဲပါလာကြတယ်။ အပင်ပန်းခံ၊ အနစ်နာခံလာတဲ့ နိုင်ငံရေးသမားတွေကို ဇိမ်ခံချင်တဲ့နိုင်ငံရေးသမားတွေဖြစ်လာအောင် ဖျက်ဆီးနိုင်လာကြတယ်။ အများပြည်သူအကျိုးအတွက် သုံးဖို့လျာထားတဲ့ငွေကို ကိုယ်ကျိုးသုံးတာကိုတောင် မှန်ကြောင်း တရားကြောင်း တရားထူထောင်တာမျိုးတွေ ဖြစ်လာတယ်။ အထင်ရှားဆုံး အတွေးအခေါ်တခုကို ထောက်ပြချင်ပါတယ်။ “နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံရေးမှာ ဇောက်ချလုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံရေးရန်ပုံငွေထဲကနေ လစာသဘောမျိုး ကိုယ့်အတွက် ထုတ်ယူတာဟာ တရားတယ်၊ လုပ်သင့်လုပ်ထိုက်တယ်” ဆိုတဲ့ အတွေးအခေါ်ပါ။ အဲဒီအတွေးအခေါ်ကို နိုင်ငံခြားငွေအမြောက်အများကို ထောက်ပံ့ကြေးအဖြစ်ရယူနေတဲ့ နယ်စပ်က လူတယောက်က အမှန်တရားတခုသဖွယ် တင်ပြလာတာကို အားလုံးသိကြမှာပါ။ သူယူနေ၊ စားနေတာဟာ ခိုးတာ မဟုတ်ဘူး။ သူရသင့်ရထိုက်တာကို ယူနေတာလို့ သူမှန်ကြောင်း သူတရားကြောင်း သက်သေထူချင်တဲ့ သဘောပဲ။ သူ့လိုသာ ဗြောင်မပြောရင် ရှိမယ်။ တကယ်တန်း လက်တွေ့ကျင့်သုံးကြတာကတော့ သူတယောက်တည်း မဟုတ်ဘူး။ ထောက်ပံ့ကြေးယူတဲ့ နိုင်ငံရေးသမားကြီးငယ်အားလုံးလိုလိုဟာ အဲဒီထောက်ပံ့ကြေးနဲ့ ထမင်းစားကြတာ ချည်းပဲ။
“ဝင်ငွေရသောအလုပ်တစုံတရာမရှိဘဲနိုင်ငံရေးလုပ်ရင်းထမင်းစားနေနိုင်သောဘဝကိုကျနော်မသတီ”လို့ပြောခဲ့တဲ့ ရန်ကုန်ဘဆွေရဲ့စကားနဲ့ အခုသူတို့ပြောတဲ့စကားဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ဘယ်စကားက ဘယ်လိုအနှစ်သာရမျိုး ရှိသလဲဆိုတာကို ကျနော်တို့ အချိန်ယူပြီး တစိမ့်စိမ့်တွေးဖို့ကောင်းတယ်။
ဒီလို အတွေးအခေါ် ပျက်စီးလာတာဟာ ငွေပေးဝယ်သူတွေ ရှိတာကြောင့်လည်းပါသလို ကြံ့ဖွံ့ပါတီရဲ့ ငွေကြေးအင်အားသာလွန်မှုဒဏ်ကို မခံနိုင်ကြလို့ တခြားနိုင်ငံရေးသမားတွေ ပျက်စီးလာတာလည်း ဖြစ်ပါတယ်။ ကြံ့ဖွံ့ခေါင်းဆောင်တွေ ဆိုတာကတော့ တချိန်က အစိုးရခေါင်းဆောင်ဟောင်းတွေပါ။ ငွေကြေးနဲ့ ပတ်သက်လာရင် သူတို့မှာ ထူးပြီးပျက်စီးစရာ မရှိတော့ဘူး။ အကျင့်ပျက်လာဘ်စားမှုဆိုတာ သူတို့အတွက် ဘာမှမဆန်းပါဘူး။ သူတို့က နဂိုရ်ကတည်းက ပျက်စီးပြီးသားပါ။
အခု အစိုးရခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာဖို့ ဒီချုပ် လွှတ်တော်အမတ် ဦးဝင်းမြင့်က အဆိုတင်တဲ့အခါ အင်မတန်ရိုးသားလှပါတယ်ဆိုတဲ့၊ မုန့်ဟင်းခါးတောင်ရောင်းစားဦးမယ်ဆိုတဲ့ ဦးသိန်းစိန် တယောက်တောင် သွေးတက်သွားတယ်။ ဒီတော့မှ ကိုယ့်ပစ္စည်းကိုယ် ဘယ်ကရတယ်ဆိုတာ မဖော်ရဲ မပြောရဲတဲ့လူတွေက တိုင်းပြည်ကိုအုပ်ချုပ်နေကြပါလားလို့ ပြည်သူတွေ သိလာကြရတယ်။ ဘာ့ကြောင့် ပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေကို ထုတ်ဖော်ပြီး မကြေညာရဲတာလဲ။ သူတို့မှာခိုးထားတဲ့ငွေတွေရှိနေလို့လားလို့ သာမန်ပြည်သူ တယောက်က မေးရင် သူတို့ဘယ်လိုဖြေမလဲ။
ကြံ့ဖွံ့ပါတီရဲ့ အားသာချက်နဲ့ အားနည်းချက်တွေဟာ ဆက်စပ်နေတယ်။ သူတို့ရဲ့ အာဏာရှင် သက်တမ်းတလျှောက် ဆောင်ရွက်ချက်တွေကြောင့် ပါတီက စစ်တပ်ကို ကိုင်ထားနိုင်တယ်။ ဒါပေမဲ့ စစ်တပ်ကိုကိုင်ပြီး လူထုကိုနှိမ်နင်းသတ်ဖြတ်မှုတွေကြောင့်ပဲ သူတို့ပါတီကို လူတွေကမုန်းကြတယ်။
သူတို့ရဲ့ အာဏာရှင်သက်တမ်းတလျှောက် ဆောင်ရွက်ချက်တွေကြောင့် သူတို့ပါတီရော၊ ပါတီခေါင်းဆောင်တွေရောဟာ ကျိကျိတက်ချမ်းသာတယ်။ ပါတီဟာ တိုင်းပြည်ရဲ့ သယံဇာတတွေ ထုတ်ရောင်းထားတဲ့ငွေနဲ့ ချမ်းသာနေတဲ့အတွက် ပါတီကိုယ်တိုင်ဟာ ခရိုနီလို့ဆိုနိုင်တယ်။ ဒါပေမဲ့ အဲသလိုချမ်းသာမှု၊ အများပိုင်ငွေကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်မှုတွေကြောင့် သူတို့ပါတီကို လူမုန်းခံကြရတယ်။
အားသာချက် ၃
နောက်ထပ် အားသာချက်တခုကတော့ သူတို့ဟာ လက်ရှိအစိုးရဖြစ်တယ်။ လက်ရှိအစိုးရဖြစ်တဲ့အတွက် ယန္တရားတွေအားလုံး သူတို့လက်ထဲမှာ အပြည့်အဝရှိတယ်။ ရဲနဲ့ထောက်လှမ်းရေးကို ပိုင်ပိုင်နိုင်နိုင်ဆက်ပြီး ကိုင်ထားနိုင်တဲ့အတွက် လက်ဦးမှုရတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေကို ရဲနဲ့ထောက်လှမ်းရေးတွေသုံးပြီး ဖိနှိပ်နိုင်တုန်းပဲ။ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေကို ထောက်လှမ်းရေးနည်းသုံးပြီး လျှို့ဝှက် ကြိုးကိုင်နိုင်တယ်။ ဒါမျိုးကိုအာဏာရပါတီလုပ်သလို ဘယ်သူမှ ပိပိရိရိလုပ်နိုင်မှာမဟုတ်ဘူး။ အခုလူသိလာတယ်၊ ဖုံးမရဖိမရဖြစ်ကုန်တယ်ဆိုတာ သူတို့ဘက်ကသိပ်ရဲတင်းပြီး ဗြောင်ကျလွန်းလို့ဖြစ်တယ်။ ဒါ့အပြင်သူတို့မှာ လူထုထောက်ခံမှုမရှိတဲ့အတွက် သာမန်လူတွေကသူတို့လုပ်ရပ်တွေကို ဖော်ထုတ် ဖွင့်ချနေလို့ဖြစ်တယ်။ အဲသလိုမဟုတ်ရင် အစိုးရကိုယ်တိုင်လုပ်တဲ့အလုပ်ဟာ ဒီ့ထက်တောင်ပိရိနိုင်တယ်။ ဒါပေမဲ့အခုချိန်မှာလည်း ဒီဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေဟာ အစိုးရလက်ချက်ဆိုတာ မမြင်နိုင်ဘဲ ရောယောင်မျောပါနေတဲ့ ရိုးရိုးသားသားလူနဲ့သံဃာတွေ ရှိနေသေးတာဟာ သူတို့က အစိုးရယန္တရားကို ပါတီအကျိုးအတွက် အသုံးချနေနိုင်ခြင်းရဲ့ အားသာချက်လို့ ဆိုနိုင်တယ်။
အားသာချက် ၎
ဒါ့အပြင် သူတို့ကအစိုးရဖြစ်တဲ့အတွက် မီဒီယာတွေကို ကန့်သတ်နိုင်တယ်။ မီဒီယာကို သူတို့ခွင့်ပြုချင်တဲ့သူတွေကိုသာ လုပ်ခွင့်ပေးပြီး သူတို့မပေးချင်တဲ့သူကို မပေးဘဲထားလို့ရတယ်။ အခုပြည်တွင်းမှာ မီဒီယာတွေကို ဘယ်သူတွေပိုင်နေသလဲဆိုတာ လေ့လာကြည့်ပါ။ ရုပ်မြင်သံကြားအားလုံးကို အစိုးရ၊ စစ်တပ်နဲ့ခရိုနီကပိုင်တယ်။ ရေဒီယိုအားလုံးလည်း အဲဒီအတိုင်းပဲ။ ဂျာနယ်သတင်းစာတွေရဲ့ ထုတ်ဝေသူတွေကိုလည်း ကြည့်ပါ။ တကယ့်စစ်မှန်တဲ့ ပုဂ္ဂလိကသတင်းမီဒီယာဟာ လက်တဖက်စာ ငါးခုမပြည့်ဘူး။ ကျန်တဲ့ထုတ်ဝေသူအားလုံးဟာ စစ်ဗိုလ်ချုပ်ကြီးငယ်တွေချည်းပဲ။
အားသာချက် ၅
သူတို့အနေနဲ့ ငွေကြေး ဖောဖောသီသီပေးနိုင်တဲ့အတွက် အလိုတော်ရိတွေ များများစားစား မွေးထုတ်နိုင်တယ်။ ဒါဟာလည်း သူတို့ရဲ့အားသာချက်လို့ ဆိုနိုင်တယ်။
အားသာချက် ၆
ဒါ့အပြင် သူတို့ကြံ့ဖွံ့ဟာ လက်ရှိ အစိုးရလည်း ဖြစ်သလို၊ ပြည်တွင်းပြည်ပအားလုံးလိုလိုက အရင်အစိုးရဟာလည်း သူတို့လို့ပဲ နားလည်ထားကြတဲ့အတွက် နိုင်ငံတကာအစိုးရတွေဟာ သူတို့ကို အသိအမှတ်ပြု ဆက်ဆံနေကြရတယ်။ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံနဲ့ မကင်းနိုင်ကြတဲ့အကြောင်းတွေ ကိုယ်စီကိုယ်စီရှိကြတယ်။ အဲသလို မကင်းနိုင်တဲ့အခါ လက်ရှိဖြစ်တဲ့ ကြံ့ဖွံ့အစိုးရကို မလွှဲသာမရှောင်သာ ဆက်ဆံကြရတယ်။ ဒါဟာလည်းသူတို့ရဲ့ အားသာချက်ပဲ။
အားသာချက် ၇
နောက်ထပ် အရေးကြီးတဲ့ အားသာချက်တချက်ရှိသေးတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကော်မရှင်ပဲ။ ရွေးကောက်ပွဲကော်မရှင်ဟာ သူတို့စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်။ အကုန်လုံး သူတို့လူချည်းပဲ။ တခြားပါတီတွေက အဆိုပြုတဲ့လူ၊ ထောက်ခံတဲ့လူဆိုလို့ ခွေးတကောင် ကြောင်တမြီးမှမပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်း ရွေးကောက်ပွဲ တရားမျှတမှုအတွက် အဓိကအဖွဲ့အစည်းပဲ။ ရွေးကောက်ပွဲကို တရားအောင်လည်း သူတို့လုပ်နိုင်တယ်။ မတရားအောင်လည်း သူတို့လုပ်နိုင်တယ်။ ရွေးကောက်ပွဲ ယန္တရားကြီးတခုလုံးကို ပုံဖော်မယ့်သူဟာ သူတို့ပဲ။ ရွေးကောက်ပွဲစနစ်ကို ဘယ်စနစ်နဲ့လုပ်မလဲဆိုတာ သူတို့ဆုံးဖြတ်နိုင်တယ်။ ရွေးကောက်ပွဲ မဲရုံတွေကို ဘယ်လိုထားမယ်၊ မဲပြားကိုဘယ်ပုံရိုက်မယ်၊ မဲကိုဘယ်ပုံပေးမယ်၊ ပေးထားတဲ့မဲတွေကို ဘယ်သူတွေက ဘယ်လိုရေတွက်မယ်ဆိုတာတွေ အားလုံးကို စီစဉ်မယ့်သူဟာသူတို့ပဲ။ အဲဒီ ရွေးကောက်ပွဲ ကော်မရှင်ကြီးတခုလုံးက သူတို့လက်ခုပ်ထဲမှာရှိနေတာဟာ တရားမျှတမှုမရှိစွာ အသာ စီးရထားတဲ့ အားသာချက် ကြီးဖြစ်နေတယ်။
အခု ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်ပါတီက ဘယ်လိုမူ၊ ဘယ်လို ဗျူဟာတွေနဲ့ သွားကြမယ်ဆိုတာ မမြင်ရသေးဘူး။ အတိုက်အခံပါတီတွေအနေနဲ့ ဘာမှပြင်ဆင်ရသေးပုံမရဘူး။ ဒါပေမဲ့ကြံ့ဖွံ့ပါတီအနေနဲ့ကတော့ အားလုံးစီမံကိန်းချပြီးသား ဖြစ်မှာ သေချာသလောက်ပဲ။ ဒါပေမဲ့ သူတို့လုပ်ချင်တာတွေ၊ သူတို့ ကြံစည်ထားတာတွေကို တခုမှချမပြရသေးဘူး။ ဒီလိုချမပြတာကလည်း အနီးကပ်ပြီးမှ ချပြရင် အတိုက်အခံတွေဘက်က ဘာမှမတုန့်ပြန်နိုင်ဘဲ ဟင်ကနဲ၊ဟာကနဲဖြစ်သွားအောင် အငိုက်ဖမ်းနိုင်အောင်လို့ပဲ။ ဒါပေမဲ့ ဒီလိုကြိုပြီးချမပြဘဲ၊ ကြိုပြီးညှိနှိုင်းစရာမလိုဘဲ၊ အေးအေးဆေးဆေး စီမံနိုင်တာဟာ ရွေးကောက်ပွဲကော်မရှင်က သူတို့လက်ထဲမှာရှိနေတာရဲ့ အားသာချက်ကြီးလို့ ဆိုနိုင်ပါတယ်။
အားသာချက်အနေနဲ့ အချက် ၇ ချက်ကို အခုကျနော်ထုတ်ပြခဲ့တယ်။ ဆိုးတာက အဲဒီအားသာချက် ၇ ချက်ကို တချက်ချင်းစီ လိုက်ကြည့်လိုက်တဲ့အခါ အားသာချက် ၇ ချက်လုံးဟာ မတရားမှုကြီး ၇ ခုဖြစ်နေတာ တွေ့ရတယ်။ မတရားလုပ်ထားလို့သာ အားသာနေတာ ဖြစ်နေတယ်။ တရားမျှတစွာ၊ ရိုးရိုးသားသားနဲ့ အားကောင်း အားသာတဲ့အချက်မျိုး မရှိခြင်းဟာ သူတို့ရဲ့ အားနည်းချက်တွေကို ဖြစ်ပေါ်လာစေတယ်။ ကြံ့ဖွံ့ပါတီဟာ ဘာနဲ့တူသလဲဆိုတော့ သူများသွေးကိုစုပ်မြိုမှ အသက်ရှင်သန်ခွင့်ရတဲ့ မျှော့ကြီးတွေနဲ့တူတယ်။
အားနည်းချက်များ
အားနည်းချက် ၁
အားနည်းချက်တွေကို ပြောရရင်တော့ အဆိုးဆုံးအားနည်းချက်ကြီးက လူထုထောက်ခံမှုမရှိတဲ့ အချက်ပဲ။ နိုင်ငံတကာအနေနဲ့ ပထဝီနိုင်ငံရေးအရ မကင်းနိုင်ကြလို့ မြန်မာအစိုးရကို အသိအမှတ်ပြုဆက်ဆံကြတယ်လို့ စောစောက ကျနော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ လူထုထောက်ခံမှုမရှိတဲ့ လူထုကမုန်းတဲ့ အစိုးရတရပ်ကို ဘယ်နိုင်ငံကမှ လိုလိုလားလား ဆက်ဆံချင်တဲ့ ဆန္ဒမရှိကြဘူး။ လူထုမကြိုက်တဲ့ အစိုးရကို ဆက်ဆံပေါင်းသင်းရတယ်ဆိုတာ သူတို့မှာလည်း ပြဿနာရှိတယ်။ သူတို့လည်း နာမည်ပျက်တယ်။ ဒါ့ကြောင့် လူထုထောက်ခံမှုမရှိတဲ့ အချက်ဟာ သူတို့အတွက် အလွန်ဆိုးတဲ့ အားနည်းချက်ပဲ။
ဒါပေမဲ့အစိုးရဆိုတာ လူထုနဲ့ မကင်းကွာနိုင်ဘူး။ လူထုကသာ အမှန်တကယ်လက်မခံရင် ဘယ်လိုမှရပ်တည်လို့မရဘူး။ လူထုက အခွန်မပေးရင်၊ ရုံးဝန်ထမ်းတွေက အလုပ်လုပ်မပေးရင်၊ သူတို့ယန္တရားဟာ ဘယ်လိုမှရပ်တည်လို့မရဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ဒီလို လူထုဆန့်ကျင်မှုကြီးကြောင့် သူတို့ အစိုးရလေဖြတ် အကြောသေဖြစ်သွားတာကို သူတို့မျက်မျက်ကလေး ခံစားဖူးထားကြပြီးပြီ။ ဒါ့ကြောင့် လူထုညီညွတ်မသွားအောင် စည်းလုံးမသွားအောင် ပြီးခဲ့တဲ့စစ်အာဏာရှင်သက်တမ်းတလျှောက်လုံးမှာ အာဏာကို အလွန်အကျွံသုံးပြီး ဖိနှိပ်ခဲ့တာပဲ ဖြစ်တယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အကြောက်ဆုံးအရာဟာ စစ်တပ်ပြိုကွဲမှာကို အကြောက်ဆုံးပဲ။ အဲဒါကလွဲရင် ဒုတိယအကြောက်ဆုံးအရာဟာ လူထုလှုပ်ရှားမှုပဲ။ ဝန်ထမ်းတွေက သူတို့ကိုသပိတ်မှောက်မှာကို သိပ်ကြောက်တယ်။ ဝန်ထမ်းတွေ ညီညီညာညာ စည်းစည်းလုံးလုံးနဲ့ သပိတ်မှောက်ရင် အဲဒီအချက်တခုတည်းနဲ့တွင် သူတို့အစိုးရပြုတ်ကျသွားနိုင်တယ်။ ရှစ်လေးလုံးကာလတုန်းက အဲသလိုဖြစ်ခဲ့တာကို သူတို့သိပ်ကြောက်တယ်။ ဒါ့ကြောင့်ဝန်ထမ်းတွေကို လူထုနဲ့ခွဲပြီး နေပြည်တော်ပို့ထားတယ်။ သူတို့မျက်စိအောက်ထားပြီး ဒေါက်ထောက်ကြည့်နေတာဖြစ်တယ်။ ဝန်ထမ်းတွေက ဘယ်တုန်းကမှ သူတို့ကိုစိတ်ရောကိုယ်ပါ မထောက်ခံတာဟာ ကြံ့ဖွံ့ပါတီရဲ့ အားနည်းချက်တခုပဲ။
အားနည်းချက် ၂
နောက်ထပ် အားနည်းချက်တခုကတော့ သံဃာတွေ မထောက်ခံတဲ့အချက်ပဲ။ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကြီးဟာ သူတို့အတွက်တော့ အိပ်မက်ဆိုးပဲ။ အဲဒီအိပ်မက်က ဘယ်လောက်အထိဆိုးသလဲဆိုရင် စစ်တပ်တောင် ပြိုကွဲလုလုဖြစ်လာတယ်။ တကယ်လို့သာသံဃာတွေကို နောက်တခါထပ်ပြီး ပစ်ခတ်ချေမှုန်းခိုင်းရင် စစ်တပ်မပြိုကွဲဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူး။ ဒီအချက်ဟာ သူတို့စိတ်ထဲမှာ တစိမ့်စိမ့်ကြောက်လာတဲ့ အချက်တချက်ပဲ။ တစိမ့်စိမ့်နာကျည်းခံပြင်းနေတဲ့ အချက်တချက်လည်းဖြစ်တယ်။ ရိုးတွင်းချဉ်ဆီထဲအထိ ဝင်ရောက်လှိုက်စားနေတဲ့ ပိုးမွှားပဲဆိုတာကိုလည်း သူတို့နားလည်တယ်။ သူတို့မတရားမှုကို အထင်ရှားအပေါ်လွင်စေဆုံး လုပ်ရပ်လည်း ဖြစ်တယ်။
ဒါတွေကို ချေဖျက်နိုင်ဖို့အတွက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးတယ်။ အဲသလိုဖန်တီးတဲ့ရည်ရွယ်ချက်ကတော့ တကမ္ဘာလုံးနဲ့ ဗမာတပြည်လုံးက ကြည်ညိုလေးစားကြပြီး ခေတ်အဆက်ဆက်မှာ မတရားတဲ့အစိုးရတွေကို တွန်းလှန်ခဲ့တဲ့သံဃာတွေရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့ပဲ။ နောက်ဒုတိယတချက်က သံဃာတွေအချင်းချင်း ဂိုဏ်းကွဲအုပ်စုကွဲအောင်လုပ်ဖို့ပဲ။ လူထုကို လူထုနဲ့တိုက်၊ မီဒီယာကိုမီဒီယာနဲ့တိုက် သံဃာကိုသံဃာနဲ့တိုက်ဆိုတဲ့ သူတို့ဗျူဟာရဲ့ တစိတ်တဒေသပဲ။ တတိယအချက်ကတော့ အတိုက်အခံတွေနဲ့ သံဃာတွေရဲ့ညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးဖို့ပဲ။ ဒီလိုလူမျိုးရေးအဓိကရုဏ်းတွေဖန်တီးရင် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အတိုက်အခံတွေဟာ ကန့်ကွက်ပြောဆိုလာမယ်။ အဲသလိုပြောဆိုလာရင် သံဃာတွေနဲ့ အတိုက်အခံတွေကို ရန်ဖြစ်အောင်လုပ်မယ်ဆိုတာ သူတို့ရည်ရွယ်ချက်ပါပဲ။
ဒါပေမဲ့သံဃာတွေက သူတို့ကိုထောက်ခံနေပြီဆိုတဲ့အနေအထားတရပ်ကို သူတို့ခုထိ ပိုင်ပိုင်နိုင်နိုင်တော့ မရသေးဘူး။ သူတို့လုပ်ရပ်တွေကို နောဧကနောကျေနေတဲ့ သံဃာတွေ အများအပြားရှိနေသေးတယ်။ အဲဒီသံဃာတွေဟာ သံဃာတွေရဲ့ညီညွတ်ရေးကို အရိပ်အခြည်ကြည့်ပြီး စောင့်ဆိုင်းနေကြတယ်။ အဲဒီသံဃာတွေ လှုပ်ရှားလာတဲ့အခါ သူတို့ရဲ့ဗျူဟာ ကျဆုံးဖို့များတယ်။ သံဃာတွေကို သတ်ခဲ့ဖူးတဲ့အစဉ်အလာရှိတဲ့ ကြံ့ဖွံ့နဲ့စစ်အာဏာရှင်တွေအနေနဲ့ သံဃာတွေကို ရေရှည်အသုံးချလို့ ရဖို့မလွယ်ဘူး။
ကြံ့ဖွံ့ရဲ့ အဓိကအားနည်းချက်ဟာ လူထုထောက်ခံမှု မရှိတဲ့အချက်ပဲ။ ဒါ့ကြောင့် သူတို့အကြောက်ဆုံးကလည်း လူထုလှုပ်ရှားမှုပဲ။ လူထုလှုပ်ရှားမှုကို ဘယ်ပုံဘယ်နည်းနဲ့ပဲလာလာ သူတို့သေလောက်အောင် ကြောက်နေရတယ်။ ဂန္ဒီကြီးလို အကြမ်းမဖက်အာဏာဖီဆန်ရေး၊ အစိုးရနဲ့မဆက်ဆံရေးဆိုတဲ့ နည်းလမ်းမျိုးကို အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့လိုမျိုး ဗကသလို ကျောင်းသား အဖွဲ့အစည်းလိုမျိုးတွေက ညီညီညွတ်ညွတ်နှိုးဆော်မယ်ဆိုရင် မကျေမနပ်ဖြစ်နေကြတဲ့ လူထုကြီးဟာ ချက်ချင်းလိုက်ပါလာမှာပဲ။ လူထုက ၈၈ လိုလမ်းပေါ်ထွက် ဆန္ဒပြကြလို့နှိုးဆော်ရင်လည်း လမ်းပေါ်ထွက်ကြမှာပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ရဲ့ထောက်ခံမှု၊ နှိုးဆော်မှုပါမှသာ အဲဒီလိုထွက်ဖို့ရှိတယ်။ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မျှော်လင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်အကဲကို စောင့်ကြည့်နေတယ်။ သူကဘာမှမပြောရင်တော့ လှုပ်မှာမဟုတ်ဘူး။ ဒေါ်စုကလူထုမပါတဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး (အီလိနိုင်ငံရေး) ကိုပဲလုပ်နေရင်တော့ လူထုက လှုပ်ရှားမှာမဟုတ်ဘူး။
ဒါကိုလည်း ကြံ့ဖွံ့ခေါင်းဆောင်တွေက သိကြတယ်။ ဒါ့ကြောင့် လူထုနိုင်ငံရေးကို လူထုခေါင်းဆောင်တွေ ကိုယ်တိုင်က ကြောက်နေအောင် လုပ်ထားကြတယ်။ လူထုထွက်လာရင် စစ်တပ်ကပစ်လိမ့်မယ်။ စစ်တပ်ကပစ်ရင် လူထုခေါင်းဆောင်တွေရဲ့ အပြစ်လို့ အတွေးအခေါ်ဖြန့်ချိထားတယ်။ ပစ်တဲ့စစ်တပ်ကို အပြစ်မတင်ဘဲ လူထုနဲ့အတူချီတက်မယ့် ခေါင်းဆောင်တွေကို အပြစ်တင်တာဟာ လူထုနိုင်ငံရေးကို ခေါင်းဆောင်တွေ ကြောက်အောင် စောစောစီးစီး လက်ညှိုးထိုးထားတာပါ။ ဒါ့အပြင် လူထုတွေ လမ်းပေါ်ထွက်ရင် စစ်တပ်ကအာဏာသိမ်းလိမ့်မယ်လို့ ခြောက်လှန့်တဲ့ အတွေးအခေါ်ကို သူတို့ရဲ့အလိုတော်ရိတွေကတဆင့် ဖြန့်ပေးတယ်။ ဒါဟာလည်း သူတို့ကြောက်တဲ့ လူထုကို လမ်းပေါ် ရောက်မလာအောင် လုပ်တဲ့ခြောက်လှန့်တဲ့နည်းပါပဲ။
ဒီနည်းလမ်းဟာ တော်တော်လည်း ထိရောက်တယ်လို့ဆိုနိုင်တယ်။ အခု NLD က အခြေခံဥပဒေကို ပြင်ဆင်ချင် တယ်။ အဲသလို ပြင်ဆင်ဖို့ဟာ လွှတ်တော်ထဲမှာ စကားထပြောနေရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း သိလာ တယ်။ အဲဒီအချိန်မှာ လူထုအင်အားပြတာကို လိုလားတယ်။ အဲဒါကြောင့် အနယ်နယ် အရပ်ရပ်မှာ NLD ဦးဆောင်တဲ့ ဆန္ဒပြပွဲသေးသေးလေးတွေ လုပ်လာတယ်။ ဒါပေမဲ့ စောစောက ပြောသလို အတွေးအခေါ်နဲ့ချုပ် ထားတဲ့ အတွက် NLD ဟာ ပြတ်ပြတ်သားသား ဦးမဆောင်ရဲဘူး။ NLD ကဦးဆောင်တယ်လို့ တခွန်းမှ မပြောရဲဘူး။ လူထုကို ဆန္ဒထုတ်ဖော်ကြလို့ ပွင့်ပွင့်လင်းလင်း မဆော်သြရဲဘူး။ အတိုက်အခံရဲ့ ဘဝက ဆိုးတယ်။ ဆန္ဒပြတာတောင် ဟိုလူက ပြသလိုလို ဒီလူက ပြသလိုလို ခိုးကြောင်ခိုးဝှက်ပြနေရတဲ့ဘဝ။ အဲသလို အတိုက်အခံကလည်း ပျော့ညံ့နေလို့သာ ကြံ့ဖွံ့တွေခံသာနေတယ်။ အတိုက်အခံကသာ ကြံ့ဖွံ့ရဲ့ ပျော့ကွက်ကို စနစ်တကျ ထိုးနှက်နိုင်ခဲ့ရင် အခြေအနေဟာ တမျိုးတမည် ဖြစ်ကောင်း ဖြစ်နိုင်တယ်။
အားနည်းချက် ၃
ကြံ့ဖွံ့အတွက် နောက်ထပ် အားနည်းချက်က ကျောင်းသားတွေဟာ စစ်အာဏာရှင်တွေကို၊ ကြံ့ဖွံ့တွေကိုဘယ်တုန်းကမှ မထောက်ခံတဲ့ အချက်ပဲ။ ကျောင်းသားကို စစ်အစိုးရ ၊ စစ်အာဏာရှင် သက်တမ်းတလျှောက်မှာ နည်းအမျိုးမျိုးနဲ့ ဖြိုခွဲဖျက်ဆီးပေမဲ့ မအောင်မြင်ဘူး။ မျိုးဆက်တခုလုံးရဲ့ ပညာရေးကိုတောင် အပျက်စီးခံပြီး ရက်ရက်စက်စက် နှိမ်နင်းဖိနှိပ်တယ်။ ဒါလည်းမအောင်မြင်ဘူး။ ကျောင်းသားတွေထဲကို သပ်လျှိုဖြိုခွဲတဲ့နည်းသုံးတယ်။ ကျောင်းသားကို ကျောင်းသားနဲ့ တိုက်ကြည့်တယ်။ ကျောင်းသားတွေကြားမှာ သဘောထားကွဲလွဲမှု၊ အမြင်ကွဲလွဲမှုတွေ ထွက်ပေါ်လာပေမဲ့ အကွဲအားလုံးဟာ စစ်အာဏာရှင်ကို ညီညီညာညာဆန့်ကျင်ကြတယ်။ စစ်အာဏာရှင်တွေရဲ့ ရည်မှန်းချက်မပေါက်ဘူး။ ဦးနု၊ ဦးကျော်ငြိမ်းတို့က အစိုးရလက်ကိုင်တုတ် ဒီအက်စ်အို ကျောင်းသားသမဂ္ဂကို မွေးထုတ်နိုင်သလိုမျိုး၊ ဟန်ပြတောင် ဒီခေတ်မှာ မွေးထုတ်လို့ မရဘူး။ ကျောင်းသားတွေရဲ့ ထောက်ခံမှုကိုမရတာဟာ ကြံ့ဖွံ့အတွက် ဖြေရှင်းမရတဲ့ နစ်နာ အားနည်းချက်ကြီးဖြစ်တယ်။
အားနည်းချက် ၎
စစ်တပ်က ကြံ့ဖွံ့ပါတီဘက်မှာရှိနေတာဟာ ကြံ့ဖွံ့ရဲ့အားသာချက်လို့ အထက်မှာဆိုခဲ့ပါတယ်။ ဒါပေမဲ့စစ်တပ်အပေါ်မှာ မှီခိုရလွန်းခြင်းဟာ ကြံ့ဖွံ့ပါတီရဲ့ အားနည်းချက်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးမတွေ့ရဲတာပါ။ စစ်တပ်ခေါင်းဆောင် တယောက်ယောက်က ဒေါ်အောင်ဆန်းစုကြည်ဘက် ပါသွားမှာကို သူတို့သိပ်ကြောက်ပါတယ်။ သူတို့ဟာ စစ်တပ်အပေါ် အလွန်အကျွံမှီခိုနေရပါတယ်။ စစ်တပ်ရဲ့ ထောက်ခံမှုမရှိတာနဲ့ ကြံ့ဖွံ့ပါတီဟာ အလိုလိုပြိုလဲသွားမှာပါ။
လူထုလှုပ်ရှားမှု၊ သံဃာလှုပ်ရှားမှုကို ကြံ့ဖွံ့ခေါင်းဆောင်တွေကြောက်ရွံ့တာဟာ အဲဒီအချက်လည်း တချက်အပါအဝင်ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတခုခုကို ဖြိုခွဲနှိမ်နင်းရတဲ့အခါတိုင်းမှာ စစ်တပ်ပြိုကွဲနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အဲဒီအန္တရာယ်ဟာ တကြိမ်ထက်တကြိမ် နီးလာနိုင်ပါတယ်။ လက်နက်မဲ့ လူထုကို ပစ်ခတ်သတ်ဖြတ်နေရတဲ့ အတွက် စစ်တပ်ဟာ သူတို့ရဲ့ မတရားမှုကို တကြိမ်ထက် တကြိမ် ပိုမြင်လာတယ်။ သူတို့ အလုပ်အပေါ်မှာ တဖြည်းဖြည်း အယုံကြည်နည်းပါးလာတယ်။
ကြံ့ဖွံ့ဟာ လူထုထောက်ခံမှုနဲ့ နှိုင်းစာရင် လူထုမုန်းတီးမှုကို ပိုရနေတဲ့ အတွက် သူတို့ဟာ စစ်တပ်အပေါ်မှာသာ လုံးလုံးမှီခိုနေရတယ်။ ဒါပေမဲ့ မလွှဲမရှောင်သာ ဒီမိုကရေစီ အရေခြုံထားရတဲ့ အတွက် စစ်တပ်ကို တပါတီ အကျိုးအတွက် အသုံးချနေခြင်းဟာ တရားမဝင်ဘူး။ ဒီလိုသာ တသက်လုံးမှီခိုနေရင် ဒီလိုမှီခိုနေတာဟာ စစ်တပ်ရော ကြံ့ခိုင်ရေးပါတီကိုပါ အဖွဲ့အစည်းနှစ်ခုစလုံးကို ဥပဒေချိုးဖောက်ခိုင်းသလို ဖြစ်နေမယ်။ ဒါဟာ သူတို့ အတွက် ကျဉ်းထဲကျပ်ထဲကို ကျနေတဲ့ အခြေအနေဖြစ်ပါတယ်။ Dilemma လို့ခေါ်တဲ့ အပြန်အလှန်ပိတ်ဆို့နေတဲ့ အခြေအနေတရပ်အောက်ကို ကျရောက်နေတာဖြစ်ပါတယ်။ ဥပဒေနဲ့ အညီ စစ်တပ် အပေါ်လွှမ်းမိုးမှုမလုပ်ဘဲ သိက္ခာရှိရှိနေမယ်ဆိုရင် လူထုထောက်ခံမှုမရှိတဲ့ အတွက် ကြံ့ဖွံ့ပါတီ ဒုက္ခရောက်မယ်။ အဲသလို မရောက်ချင်လို့ စစ်တပ်အပေါ် သြဇာလွှမ်းမိုးတာတွေ အလွန်အကျွံအားကိုးတာတွေလုပ်ရင်လည်း စစ်တပ်ကိုပါ ဥပဒေမဲ့အောင် ဆွဲခေါ်ရာရောက်ပါလိမ်မယ်။
ဒီတော့ ကြံ့ဖွံ့ပါတီရဲ့ အားသာချက် အားနည်းချက်တွေကို နှိုင်းယှဉ်ကြည့်ရင်၊ သူ့လူကိုယ့်ဘက်သားတွေ ထင်နေကြသလို ကြံ့ဖွံ့ဟာမယှဉ်နိုင်လောက်အောင် အားကြီးတဲ့ အင်အားကြီးမဟုတ်ဘူး။ ကြံ့ဖွံ့ပါတီဟာအပေါ်ယံအမြင်အားဖြင့်ကြည့်ရင်အင်မတန်အားကောင်းခိုင်မာတဲ့ကျောက်ဆောင်ကြီးလို့ထင်စရာရှိပါတယ်။ တကယ့်အတွင်း အနှစ်သာရမှာတော့ ဟောင်းလောင်းကြီး၊ အခေါင်းပေါက်ကြီးဖြစ်ပါတယ်။
ဒါပေမဲ့ကျနော်တို့ သတိပြုရမယ့် အချက်တချက်ကတော့ တွန်းမယ့်လူ ဖြိုမယ့်လူရှိမှသာ ပြိုမှာပါ။ ကြံ့ဖွံ့က အထင်မှား အမြင်မှားမှာ စိုးရိမ်ပြီး မပြောဝံ့ မဆိုဝံ့ မထိဝံ့ မတို့ဝံ့ လုပ်နေပြီး လူထုရှေ့ကနေ ကာဆီးကာဆီးနဲ့ လိုက်ပိတ်ပင်၊ လိုက်တားမြစ်နေရင်တော့ ကြံ့ဖွံ့ပါတီဟာ သူ့အလိုလို ပြိုလဲကျသွားမှာ မဟုတ်ပါဘူး။
(ကြံ့ဖွံ့အကြောင်း ပြောစရာတွေက သိပ်များလွန်းလှပေမဲ့ လောလောဆယ်တော့ ဒီမှာ အဆုံးသတ်ပါမယ်)
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment