Monday, March 31, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဒဿမ အကြိမ် ညီလာခံသို့ တင်သွင်းသော ဗဟိုကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)
ဒဿမ အကြိမ် ညီလာခံသို့ တင်သွင်းသော ဗဟိုကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ
နိဒါန်း
မကဒတ ၏ န၀မအကြိမ်ညီလာခံ သက်တမ်း ၂၀၁၁ ခုနှစ်မှ၂၀၁၄ ခုနှစ် မတ်လအထိ ၃ နှစ် သက်တမ်းအတွင်း မြန်မာ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများနှင့်အတူ မိမိတို့ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၏ ရုန်းကန်လှုပ်ရှားမှု ပုံစံများမှာလည်း အသွင်အမျိုးမျိုး ပေါ်ထွက်လာခဲ့ပေပြီ။ မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်)၏ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ရာတွင် အထောက်ကူပြုနိုင်ရေးအတွက် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ် ပြောင်းလဲလာသော ပကတိအခြေအနေများအပေါ် အခြေခံ၍ ဤနိုင်ငံရေး အစီရင်ခံစာကို ရေးသားပြုစုလိုက်သည်။

၁။ ညောင်နှစ်ပင်နှင့် လမ်းပြမြေပုံအား ကိုင်တွယ်အသက်သွင်းခဲ့သည့် စစ်အာဏာရှင်စနစ်အခြေအနေ
(က) န၀တ၊ နအဖ ညောင်နှစ်ပင် ညီလာခံမှသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်ချက်
န၀တ စစ်အစိုးရ၏ ညောင်နှစ်ပင်ညီလာခံ အခြေခံမူ ၆ ချက်၊ အသေးစိပ်အခြေခံရမည့်မူ ၁၀၄ ချက်ပေါ်မူတည် ရေးဆွဲခဲ့သော ၂၀၀၈ဖွဲ့စည်းပုံတွင် “တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရမည်”ကို အတိအလင်း ထည့်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၇ စက်တင်ဘာလတွင် အဆုံးသတ်ခဲ့ပြီး ၂၀၀၈ခုနှစ် မေလ ၁၀ ရက် နေ့တွင် ၉၂.၄ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု တဖက်သတ်ကြေငြာ အတည်ပြုခဲ့သည်။
နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေးအင်အားစုများက ယင်း ဥပဒေသည် နိုင်ငံရေးပါတီများနှင့် လူထုဆန္ဒ သဘော ထားများ ထောက်ခံမှုမရှိကြောင်း ပြောဆိုဝေဖန်မှုများရှိခဲ့သော်လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် အထွေထွေ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပကာ ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အာဏာသက်ရောက်စေခဲ့သည်။
ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရှိသူများ စိတ်ကြိုက် တဖက်သတ် ရေးဆွဲအတည်ပြုခဲ့သည့် တတိယမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ဖွဲ.စည်းပုံ အခြေခံဥပဒေ)ကြောရိုးတခုပေါ်ထွက်လာကာ စစ်တပ်နောက်ခံပြု ပါတီ၊ စစ်တပ်နောက်ခံပြု လွတ်တော် နှင့် စစ်တပ်နောက်ခံပြု အစိုးရများ ပေါ်ထွက်လာခဲ့တော့သည်။ အာဏာသိမ်း စစ်ကောင်စီ ဘ၀မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကာအကွယ်ယူပြီး ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ် တဖြစ်လည်း စစ်တပိုင်း အရပ်တပိုင်း အစိုးရ ပုံစံ ပြောင်းလာခဲ့သည်။
၂၀၁၀ မေလ ၄ ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအ၀င် ဗိုလ်ချုပ်အချို့ (တပ်မှူး ၄၆ဦး) အပါအ၀င် ထိပ်ပိုင်း စစ်ခေါင်းဆောင်များ အရပ်ဝတ်လဲကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကြေငြာခဲ့သည်။
(ခ) ဆုံးဖြတ်ခွင့် အာဏာ ဘယ်မှာလဲ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသော စစ်ဗိုလ်အမတ်များသည် လွတ်တော် အရပ်ရပ်တွင် ၂၅ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်သလို အဓိကကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးမှာ ၎င်းတို့၏ သဘောထားဆန္ဒ အပေါ်တွင်သာ မူတည်နေပေသည်။ ထို့အပြင် နအဖ စစ်ကောင်စီဘ၀မှ လူဝတ်လဲ စစ်ခေါင်းဆောင် များဖြင့် အသွင်ပြောင်းလဲလာသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များဖြင့် ဖွဲ့စည်းထားသည့် ဦးသိန်းစိန်ခေါင်းဆောင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်သုံးရပ်တွင် ကိုယ်စားလှယ်ပေါင်း ၈၈၂ နေရာ ရယူထားသဖြင့် အခြားသော နိုင်ငံရေးပါတီများ၏ တင်ပြပြောဆိုချက်များမှာ ထိရောက်နိုင်ဖွယ် မရှိသလို လူထု၏ ဆန္ဒသဘောထားအမှန်များကို ထိရောက်အောင် အကောင်ထည်ဖော်ဆောင်နိုင်ဖွယ် မရှိပေ။
တဖက်တွင်လည်း လက်ပန်းတောင်းတောင် စီမံကိန်း၊ ရခိုင်ပြည်နယ်အရေးကဲ့သို့သော တိုင်းပြည်ရေးရာကိစ္စများအား ဖြေရှင်းရန် လွှတ်တော်ကော်မတီများ (ဥပမာ- ဖွဲ့စည်းပုံပြင်ဆင်ရေး) နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ (ဥပမာ လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း) ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော်လည်း ပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။
ထို့အပြင် သမ္မတ၊ ဒု-သမ္မတများ၊ လွတ်တော်ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးစသည့် စစ်ဗိုလ်ချုပ်ကြီးများဖြင့် စုဖွဲ့ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဆန္ဒသဘောထား သာလျှင် အခရာကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် နေရာ ဖြစ်နေပြန်သည်။
ထိုကဲ့သို့အစိုးရ၊ လွှတ်တော်၊ လုံခြုံရေးကောင်စီ စသဖြင့် အဆင့်ဆင့်ဆုံးဖြတ်ချက်နေရာများသတ်မှတ်ထားသည့်အပြင် စစ်တပ် အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအပိုင်းတွင်သာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စများကို နိုင်ငံတော်၏ အထူးလျှို့ဝှက်ချက်များအဖြစ် သီးခြား အထူးအခွင့်အရေး ရရှိနေခြင်းကြောင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များတွင် ၎င်းတို့သဘောထားက အဓိကနေရာတွင် ရှိနေဆဲဖြစ်သည်။
ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးများ ခေါင်းဆောင်သည့် န၀တ၊ နအဖ စစ်အာဏာသိမ်း အစိုးရဘ၀မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြောထောက်နောက်ခံပြု ရွေးကောက်ခံ အစိုးရအဖြစ် အသွင်ပြောင်းလဲလာခဲ့ပါတော့သည်။ ထို့ကြောင့် ယနေ့တိုင်းပြည်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေးအပါအ၀င် အဓိကကျသောစီမံခန့်ခွဲရေး အခန်းကဏ္ဍများတွင် စစ်တပ်၏ချုပ်ကိုင်လွှမ်းမိုးမှုများ ကြီးမားစွာ ရှိနေဆဲဖြစ်သည်။ တဆက်တည်းမှာပင် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ(ခရိုနီ)သည်လည်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကြိုးပမ်းမှုကာလတွင် အဟန့်အတားဖြစ်နေသကဲ့သို့ ၎င်းတို့၏ အသွင်ကူးပြောင်းရေးကာလ ပါဝင်ဆောင်ရွက်မှုများကို အထူးအလေးထားစောင့်ကြည့်သွားရန် လိုအပ်သည်။
(ဂ) တရားဝင်မှုဆိုင်ရာ စိန်ခေါ်ချက်
နအဖ စစ်အုပ်စု၏ တဖက်သတ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ အတည်ပြုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ဖွယ်မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများဖြစ်မြောက် ရေးအတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးခဲ့သည်။
ထို့ပြင် ၂၀၀၉ ခုနှစ်မှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ အတင်းသွတ်သွင်းခဲ့ခြင်း နှင့် နိုင်ငံရေး သဘောတူညီချက် မရှိဘဲ တပ်ဖွဲ့အသွင်ပြောင်းခြင်း၊ နယ်ခြားစောင့်တပ်အဖြစ် အတင်းအဓမ္မဖိအားပေး ပြောင်းခိုင်းခြင်း များကြောင့် န၀တ စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့စည်းများ၏ တန်ပြန် ခုခံစစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများ နှင့် ဖွဲ့စည်းထားသည့် စီအာပီပီ၊ ယူအန်အေ စသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများဖက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နှင့် ရွေးကောက်ပွဲကို တရားဝင် သပိတ်မှောက်ခဲ့ခြင်းကလည်း စစ်အုပ်စု၏ တရားဝင်မှုကို ထိခိုက်စေခဲ့သည်။
တဖက်တွင်လည်း သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း နိုင်ငံတကာ ခရီးစဉ်များနှင့်အတူ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ခြင်း၊ မြန်မာ့ ငွေကြေးစနစ်၊ ဘဏ်စနစ်များကို နိုင်ငံတကာ စံချိန်စံညွန်းအညီ ပြုပြင်ရန် ကမ္တာ့ငွေကြေးအဖွဲ့ အစည်းများအား ၀င်ရောက်ခွင့်ပြုခြင်း၊ တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ အာစီယံ အလှည့်ကျ သဘာပတိအဖြစ် လက်ခံခြင်း၊ ဆီးဂိမ်းကျင်းပခြင်း စသဖြင့် တရားဝင်မှု ရရှိအောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။
(ဃ) ဖိအားများအားလျော့ချခြင်းနောက်က စိန်ခေါ်မှုများ
နေအိမ်အကျယ်ချုပ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကိုယ်စားလှယ်များ တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာပြီးနောက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဖိအားပေးပိတ်ဆို့မှုများကို တဖြေးဖြေးချင်း လျှော့ချပေးခဲ့ကာ ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင် လာခဲ့သည်။
အပစ်ခတ်ရပ်စဲရေးအဖွဲ့များအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် လိုက်ပါရေးနှင့် တပ်ဖွဲ့အသွင်ပြောင်းလဲရေး စီမံချက် အစား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး၊ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးရေး ဆိုသည့် အဆင့် ၂ ဆင့်ပါသည့် ၅ ချက် ၈ ချက် ပါ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရပ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ချဉ်းကပ်လာခဲ့သည်။ သို့သော် ယင်းစီမံချက်မှာ ပုံစံသစ် မဟုတ်ဘဲ အားလုံးအား နောက်ဆုံးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လေးစားလိုက်နာပြီး ပါတီပြောင်း လွတ်တော်တွင်းဝင်ရောက်ရေး ဖြစ်နေသည့်အတွက် သဘောတူညီမှုမရှိခဲ့ပေ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေး မူဘောင်ဆွေးနွေးရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးဆိုသည့် အဆိုပြုချက်အသစ် တရပ်ကို ၂၀၁၃ အောက်တိုဘာလ ၁၃ ရက်နေ့ ဦးသိန်းစိန်၏ သမ္မတ မိန့်ခွန်းတွင် ထပ်မံပြောဆိုလာခဲ့ပြန်သည်။ သို့သော် ယနေ့တိုင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုပင် လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ ဤသည်မှာ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများအနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ဆန္ဒသဘောထားအပေါ် သံသယရှိနေဆဲဖြစ်သလို စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး နှင့် အနာဂါတ်တပ်မတော်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးအဖြေရှာခွင့်နှင့် အာမခံချက်အမှန်တကယ် ပေးနိုင်ခြင်းရှိမရှိအပေါ် မေးခွန်းထုတ်နေဆဲဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီး ဦးသိန်းစိန်အစိုးရနှင့် အပစ်ခတ်လက်မှတ်ရေးထိုးထား သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့ရှိခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်နိုင်သေးခြင်း။ တိုင်းရင်းသား နယ်မြေများတွင် စစ်ရေးတိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခြင်းများ(ကချင်၊ ရှမ်းဒေသများ) ကလည်း လက်ရှိအစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ယုံကြည်မှုများ ကျဆင်းစေခဲ့သည်။
ထို့ပြင် ပြင်ပ နိုင်ငံသားများ ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်းနှင့် မီဒီယာ လွတ်လပ်ခွင့် များ၊ လူထုသဘောထားဆန္ဒဖော်ထုတ်မှုများကို အကန့်အသတ်ဖြင့်ခွင့်ပြုလာခဲ့ခြင်းဖြင့် ၄င်းတို့အနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များကို တစစ ဖြေလျော့ လုပ်ဆောင်နေသည့် ပုံစံ ပြောဆိုလာခဲ့သည်။
သို့သော် အကန့်အသတ်ဖြင့် ခွင့်ပြုလာသည့် အခြေအနေပေးမှုနောက်တွင် ပြည်သူလူထုအတွင်း နှစ်ပေါင်းများ စွာခံစားခဲ့ ကြရသည့် စစ်အာဏာပိုင်များနှင့် ၄င်းတို့နီးစပ်ရာ စီးပွားရေးသမားများ၏ ခေါင်းစဉ်အမျိုးမျိုးတပ်ထားသည့် မြေသိမ်း၊ ယာသိမ်း မှုများ၊ ဒေသခံ လူထု၏ ဆန္ဒသဘောထားမပါသည့် စီမံကိန်းများနှင့်ပတ်သက်သည့် လယ်သမား၊ အလုပ်သမားများ၏ တောင်းဆို တိုက်ပွဲဝင်မှုများကား တနေ့တခြား အရှိန်မြင့်တက်လာမှုကိုကား တားဆီးနိုင်ခြင်း မရှိသလို ပြေလည်အောင် ဖြေရှင်းပေးနိုင်သည့် အနေအထားလည်း မမြင်တွေ့ရသေးပါ။ ပြည်သူလူထု၏ မူလအခြေခံ ရပိုင်ခွင့်များအား ကာကွယ်စောင့်ရှောက်နိုင်သည့် ဥပဒေများ ကင်းမဲ့နေသလို အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်နှင့် ၎င်းတို့ နီးစပ်ရာ စီးပွားရေးလုပ်ငန်းရှင်များ သဘောထားကသာ အဆုံးအဖြတ်ဖြစ် နေပေရာ လူထု အထွေထွေမကျေနပ်မှုများ ကြီးထွားနေဆဲဖြစ်သည်။ အခြေခံ အောက်ခြေ လူများစုကြီးဖြစ်သည့် လယ်သမား၊ အလုပ်သမားများ အကျိုးထက် လူနည်းစု အချို့အတွက် သာဖြစ်နေသေးသည့်အတွက် လက်ရှိအစိုးရပြောဆိုနေသော ပြုပြင်ပြောင်းလဲမှု အပေါ် ယုံကြည်စိတ်ချမှု လုံးဝ မရှိကြသေးပါ။
အခြားတဖက်တွင်လည်း အစိုးရတာဝန်ရှိသူများကိုယ်တိုင် ဖွဲ.စည်းပုံပြင်ဆင်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး၊ ဖက်ဒရယ်စနစ်ဖော်ထုတ်ရေး- စသည့် နိုင်ငံရေးစကားလုံးများကို ထုတ်ဖော်ပြောဆိုမှုများ ရှိလာခဲ့သလို ဝေဖန်ပြောဆိုမှုများကို လမ်းဖွင့်ပေးထားခဲ့သည်။
၂။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်
နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် က ၂၀၁၀ မတ်လ ၆ ရက်နေ့တွင် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရန် ဖိအားပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စီအာပီပီ အဖွဲ့ဝင်များက လိုက်နာခဲ့ခြင်းမရှိခဲ့ပေ။ ရွှေဂုံတိုင်ကြေငြာချက်၊ ကလေးကြေညာချက်(၂၁ရာစုပင်လုံ)၊ ၂၀၀၈ ဖွဲ့စည်းပုံတိုက်ဖျက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ခေါင်းစဉ်များအောက်တွင် အတူတကွ ရပ်ခံ တိုက်ပွဲဝင်ခဲ့ကြသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အစိုးရ ကိုယ်စားလှယ်နှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်ခြင်း နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းတို့အား ဗဟိုကော်မတီအစည်းဝေး ခေါ်ယူဆုံးဖြတ်ပြီးနောက်တွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု ပုံစံများ ပြောင်းလဲလာခဲ့သည်။
အထူးသဖြင့် လွတ်တော်တွင်း ၀င်ရောက်ကြိုးပမ်းမှုနှင့် လွတ်တော်ပြင်ပ ကြိုးပမ်းမှု နှစ်ခုစလုံးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူထုအား အသိပေးခဲ့သည်။
၂၀၁၀ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်၍ ပါတီ ကိုယ်စားလှယ်လောင်း ၄၂ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ၄၁ နေရာ အနိုင်ရရှိခဲ့သည်။
• ပြည်တွင်းငြိမ်းချမ်းရေး၊
• ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့်
• တရားဥပဒေစိုးမိုးရေး
ဟူသော နိုင်ငံရေး ဦးတည်ချက် သုံးရပ်ကို ကိုင်စွဲရင်း လွတ်တော်တွင်းသို့ ၀င်ရောက်သွားခဲ့သည်။
တဖက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ်ကို ၂၀၁၃ ဇန်န၀ါရီလတွင် ပထမဆုံး အကြိမ် ခေါ်ယူနိုင်ခဲ့ပြီး ခေါင်းဆောင်မှုအသစ်၊ စုဖွဲ့မှုအသစ်များကို ပြုလုပ်ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ မွေးဖွားခဲ့သည့် နိုင်ငံရေးပါတီ၊ ၁၉၉၀ ပြည့် အနိုင်ရပါတီ၊ လူထု ခေါင်းဆောင် ဦးဆောင် သည့် နိုင်ငံရေးပါတီကြီးတရပ်အနေဖြင့် ပြည်သူလူထု နှင့် နိုင်ငံတကာ၏ ထောက်ခံအားပေးမှုများ ရရှိနေဆဲဖြစ်သည်။ သို့သော် လက်ရှိ ပါတီခေါင်းဆောင်များနှင့် အောက်ခြေပါတီဝင်များကြား၊ ဗဟိုနှင့် မြို့နယ်ကြား၊ ပါတီဝင် အချင်းချင်းကြား ဖြစ်ပေါ်နေသော ပါတီတွင်း စည်းရုံးရေးမှုအခြေအနေ လျော့လျဲနေမှုကို ထိမ်းသိမ်းလုပ်ကိုင်နေရပြီး ပါတီဝင်များ၏ နိုင်ငံရေးသဘောထား မြှင့်တင်ရေး၊ လူထု စည်းရုံးရေး၊ အတတ်ပညာတည်ဆောက်ရေးစသည့် ပါတီတွင်းတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရသည်။ ပညာရေး၊ ကျန်းမာရေး ကွန်ယက်များဖွဲ့စည်းကာ အောက်ခြေလူထုအတွက် အခြေခံလူမှုရေးလုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သလို နိုင်ငံအနှံ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး လူထုဟောပြောပွဲများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြုလုပ်လာခဲ့သည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် CRPP အပါအ၀င် အခြားသော ဒီမိုကရေစီနှင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် ဆက်စပ်လုပ်ဆောင်မှုများ တနည်းအားဖြင့် မဟာမိတ်စုဖွဲ့မှုလုပ်ငန်းစဉ်မှာ ယခင်ကထက် အလှမ်းဝေးလာနေ သည်ဆိုသည့် ဝေဖန်ပြောဆိုချက်များ အပေါ် အမြန် ပြန်လည် သုံးသပ်ရန် လိုအပ်နေသည်။
ထို့ပြင် ယခင်က ပြောဆိုတင်ပြခဲ့သည့် ၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့် ပြောဆိုမှုများ နည်းပါးလာ သလို၊ လက်ရှိဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် နိုင်ငံရေးပါတီကြီးတခုအနေဖြင့် ယခုထက် ပိုမို နီးစပ်လုပ်ကိုင် ရန် လိုအပ်နေပေသည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ တရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ဟု တရားဝင် ပြောဆိုခဲ့ သော်လည်း လက်တွေ့အခြေအနေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မိမိတို့တင်ပြထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက်အလက်များ လစ်လျူလျုခံခဲ့ပါကလည်း ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် အနေအထား ဖြစ်နေသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွတ်တော်တွင်း ကြိုးပမ်းမှုမှာ မိမိတို့ ထင်သလောက် ခရီးမပေါက်သလို ဖြစ်နေကာ လွတ်တော်ပြင်ပ ကြိုးပမ်းမှုများကိုလည်း တိုးမြင့်ဆောင်ရွက်သွားရန် လိုအပ်နေပေသည်။
၃။ အခြား နိုင်ငံရေးပါတီများနှင့် အင်အားစုများ
(က) ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများ (ယူအန်အေ)
နိုင်ငွေသိမ်း၊ ဦးခွန်ထွန်းဦး စသည့် တိုင်းရင်းသားခေါင်းဆောင်များဖြင့် စုစည်းထားသည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုက်ဖျက်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ ၂၁ ရာစုပင်လုံ ဖြစ်ပေါ်ရေး ကြိုးပမ်းမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတူ စုစည်း ရပ်ခံ တိုက်ပွဲဝင်ခဲ့ကြ သည်။
သို.သော် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၀င်ရောက်ခဲ့ပြီးနောက်ပိုင်းတွင် တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် လွတ်တော်ပြင်ပ နိုင်ငံရေး လမ်းကြောင်းကိုသာ ဆက်လက် ရွေးချယ်ခဲ့ကာ-
- ၂၀၀၈ ဖွဲ.စည်းပုံ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရေး၊
- ဖက်ဒရယ်ရေး၊
တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့အတွက် အင်အားစုအားလုံးပါဝင်သည့် လွတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အဓိက ဦးစားပေးအဖြစ် လုပ်ဆောင်လာခဲ့သည်။
(ခ) လွတ်တော်တွင်းလမ်းကြောင်းပေါ်မှ အခြား နိုင်ငံရေးပါတီများ
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးထက် လက်ရှိရရှိနေသော အခြေအနေကို အခွင့်အလမ်း တရပ်အနေဖြင့် ရွေးချယ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြီုင်ခဲ့ကြသလို တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ပါတီစုပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဖွဲ့စည်းခြင်းမျိုးဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်စုဖွဲ့မှုများ စတင်လုပ်ဆောင်နေကြသည်။
(ဂ) လွတ်တော်ပြင်ပ အခြားနိုင်ငံရေးအင်အားစုများ
၂၀၀၇ သံဃာ လှုပ်ရှားမှုများ မတိုင်ခင် နောက်ဆုံးအကြိမ် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည့် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွသူများ အားလုံးနီးပါး ပြန်လည်လွတ်မြောက်လာခဲ့သည်။ ကိုမင်းကိုနိုင်ခေါင်းဆောင် သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းများစုစည်း၍ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းစဉ်အောက်တွင် လူထုအသိပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ လူထုအတွင်း ရင်ဆိုင်နေရသော လူမှုရေးပြဿနာများအား ဥပဒေအရ အထောက်အကူဆောင်ရွက်ခြင်းနှင့် အလုပ် သမား၊ လယ်သမားရေးရာများ အားဝင်ရောက် ဖြန်ဖြေသည့် ကိစ္စ များကို လုပ်ဆောင်နေသည်။
၂၀၁၄ ဖေဖော်ဝါရီလတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများနောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သည်။
ယနေ့အချိန်ထိ ၈၈ ငြိမ်းပွင့်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီ ထောင်ခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောဆိုမှုမျိုး မရှိသေးပါ။
တပြိုင်နက်တည်းမှာပင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ကြေငြာချက်စာတမ်းပါ ဆုံးဖြတ်ချက် သုံးရပ် အကောင်ထည်ဖော် နိုင်ရေးအတွက် လုပ်ငန်းကော်မတီများကို အခြားသောနိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ အကောင်ထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း ကျယ်ပြန့်သည့် စုစည်းမှုမျိုးဖြစ်ရန် လက်တွေ့ အခက်အခဲများ ရင်ဆိုင်နေရသလို ဆုံးဖြတ်လုပ်ဆောင်မှု အ၀န်းအ၀ိုင်းတွင် ၆၂၊ ၇၄ ၀ါရင့်နိုင်ငံရေးသမားများနှင့် အခြားသော ပြည်နယ်၊ တိုင်းများမှ ၈၈ မျိုးဆက်များ၏ သဘောထားများ ပါဝင်လာနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်။
မြန်မာနိုင်ငံရေးတွင် အဓိက အင်အားတခုအဖြစ် လူထုထောက်ခံမှုရရှိထားသော ၈၈ ခေါင်းဆောင်များထဲမှ အချို့ပုဂ္ဂိုလ်များ သည် လွတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများမှတဆင့် နိုင်ငံရေးပါတီထောင်ခြင်း (သို့မဟုတ်) နိုင်ငံရေး ပါတီတခုသို့ဝင်ခြင်းဖြင့် လွတ်တော်တွင်း နိုင်ငံရေးလမ်းကြောင်းပေါ်သို့ မကြာမှီ ရောက်ရှိသွားနိုင်သည့် အနေအထား ရှိနေသည်။
၆၂၊ ၇၄ မျိုးဆက် နိုင်ငံရေးခေါင်းဆောင်များ၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်၊ ဗကသ၊ တကသ လှုပ်ရှားမှုများ အားကောင်းလာသလို ပြည်တွင်းငြိမ်းချမ်းရေး၊ တက္တသိုလ်သမဂ္ဂများဖော်ထုတ်ရေး အပါအ၀င် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ ပြည်သူလူထု လယ်သိမ်း။ မြေသိမ်းတိုက်ပွဲများ၊ အလုပ်သမားတိုက်ပွဲများတွင် လူထုနှင့်အတူ ၀န်းရံ ပံ့ပိုးမှုများ လုပ်ဆောင်နိုင်ခဲ့ကြသည်။
ပြည်သူလူထုမှာ မိမိတို့၏ နစ်နာချက်များကို မိမိတို့ကိုယ်တိုင် စုစည်း ဦးဆောင် တိုက်ပွဲဝင်နေရသဖြင့် အစိုးရအပေါ်သာမက နိုင်ငံရေးအင်အားစုများအပေါ် ယုံကြည်အားထားမှုများ နည်းပါးလာနေသည်ကို အထူးသတိပြုရန် လိုအပ်နေသည်။
၎။ နယ်စပ်အခြေပြုအဖွဲ့အစည်းများ၊ တပ်ပေါင်းစုများ
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနှင့် ၁၉၉၀ ရွေးကောက်ပွဲပြီး ပေါ်ပေါက်ခဲ့သော နယ်စပ်အခြေပြုအဖွဲ့အစည်းများ နှင့် တပ်ပေါင်းစုများမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအပေါ် တဦးချင်း၊ တဖွဲ.ချင်း သီးခြား လှုပ်ရှားမှုများနှင့်အတူ ပြိုကွဲသွားခဲ့ပြီး မိမိတို့ အဖွဲ့အစည်းများအကြား နိုင်ငံရေးအရ စုစည်းမှုကိုလည်း ဆက်လက် ထိမ်းသိမ်းနိုင်မှု အားနည်းလာခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွတ်တော်အမတ်များဖြင့် ဖွဲ့စည်းခဲ့သည့် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB) ကို တရားဝင် ဖျက်သိမ်းခဲ့သည်။ တချိန်က လွတ်မြောက်နယ်မြေ၏ အထင်ကရ တပ်ပေါင်းစုတခုဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) သည် အဖွဲ့ဝင်များ၏ ယုံကြည်မှု ကင်းမဲ့လာကာ အလုပ်အဖွဲ့ ကော်မတီများ၏ လှုပ်ရှားမှုများ မှာလည်း ရပ်တန့်သွားခဲ့ရသည်။
တပြိုင်နက်တည်းမှာပင် NDF, DAB, FDB တပ်ပေါင်းစုများမှာလည်း အဖွဲ့ဝင်များကြား ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေအပေါ် ရှုမြင်သုံးသပ်မှု ကွဲလွဲလာမှုများ၏ နောက်တွင် စုစည်းညီညွတ်မှု အားနည်းလာခဲ့သည်။
၂၀၁၂ ခုနှစ်တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် စုစည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ပေါ်ပေါက်လာကာ ယနေ့နိုင်ငံရေးအခြေအနေနှင့်အညီ အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ၊ အနာဂါတ် ပြည်ထောင်စု စုဖွဲ့ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေး ကိစ္စများကို စုပေါင်း ဆွေးနွေး အဖြေရှာရန် ကြိုးပမ်း လာခဲ့သည်။ ဤသို့ဖြင့် UNFC သည် ယနေ့ကာလတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့စည်းများအတွက် နိုင်ငံရေး၊ စစ်ရေး တပ်ပေါင်းစု တခု အဖြစ်ရပ်တည် လျက်ရှိသည်။
၅။ သီးခြားဖြစ်စဉ်များ
၂၀၁၂-၂၀၁၃ခုနှစ်မှ စ၍ ၉၆၉၊ မျိုးစောင့်ဥပဒေ၊ အမျိုးဘာသာ ကာကွယ်ရေးအဖွဲ့ စသဖြင့် ဗုဒ္ဓဘာသာ သံဃာ အချို့ ဦးဆောင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ဒီမိုကရေစီ အခြေခံအရ လွတ်လပ်စွာ သဘောထားကွဲ ပိုင်ခွင့်ကို လေးစားရမည် ဆိုသော်လည်း လူ့အခွင့်အရေးစံတခုဖြစ်သည့် တဦးချင်း လွတ်လပ်စွာယုံကြည်မှုကို မထိခိုက်ရေးအား အလေးထား ဂရုစိုက်ရန် လိုအပ်သည်။ ရခိုင်အရေးအခင်း၊ မိတ္ထီလာ အရေးအခင်းများကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား မြန်မာနိုင်ငံအတွင်း ဥပဒေ စိုးမိုးရေး နှင့် လူ့အခွင့်ရေး အခြေအနေအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်ယုံကြည်မှုများအကြား သဘောထားကြီးမှုနှင့်အပြန်အလှန်လေးစား အသိအမှတ်ပြု မှုများ ဖွံ့ဖြိုးထွန်းကားမှုလိုအပ်နေသေးသည်။
၆။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများ
(က) နိုင်ငံရေး အဖြေရှာခွင့် မရခဲ့သည့် အပစ်ခတ်ရပ်စဲရေး
ညောင်နှစ်ပင်ညီလာခံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင် မိမိတို့၏ ဆန္ဒသဘောထားများကို လစ်လျူရှုခံခဲ့ရ ယုံသာမက နယ်ခြားစောင့်တပ် (BGF)၊ ဌာနေပြည်သူ့စစ် (HBGF) များအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ၂၀၁၀၊ ၂၀၁၁ ခုနှစ်များအတွင်း အကြပ်ကိုင်ခံခဲ့ကြရသည်။ အင်အားကြီး အဖွဲ့စည်းများ UWSA, KIO, SSAN, NDAA (မိုင်းလား) နှင့် NMSP (မွန်ပြည်သစ်ပါတီ) တို့အနေဖြင့် နအဖ စစ်အစိုးရ၏ ၂၀၁၀ ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားတင်ပြလာသည့် မလိုက်နာပါက မတရားအသင်းကြေငြာခြင်း၊ အပစ်ရပ်ထားမှုကို ဖျက်သိမ်းခြင်း စသည့် ခြိမ်းခြောက်မှုများကို လုံးဝငြင်းဆန်ခဲ့ကြသည်။
သို့သော် အချို့သော အပစ်ခတ်ရပ်ဆဲထားသည့် အဖွဲ့များ (ဥပမာ- ကလလတ၊ ရလလဖ၊ ကယန်းပြည်သစ်၊ DKBA) မှာ ဖိအားပေးအကြပ်ကိုင်မှုများအောက်တွင် တပ်ဖွဲ့ အသွင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြရပြီး မိမိတို့၏ မူလ နိုင်ငံရေးစုစည်းမှုများကို ပုံစံသစ်အဖြစ် ထိမ်းသိမ်းနေရသည့် အနေအထားရောက်ရှိသွားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲပြီး သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရတက်လာပြီး အဆင့် ၂ ဆင့်ပါ ၅ ချက် ၈ ချက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းများနှင့် အစိုးရအကြား အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ ပြန်လည်ဖြစ်ခဲ့ကာ အဖွဲ့ ၁၄ ဖွဲ့က ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သည်။ ကချင်ဒေသ၊ ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၁၂ခုမှ စတင်ခဲ့သည့် အစိုးရ စစ်ဆင်ရေးများတိုးမြင့်လာမှုကြောင့် KIO၊ TNLA ၊ ရှမ်း (မြောက်) တို့နှင့် စစ်ရေး ပဋိပက္ခများ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရကာ ယနေ့တိုင် ပြေလည်မှုမရရှိသေးပါ။
(ခ) တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး
အရင်းခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာခွင့် အမခံချက်မရှိသော အပစ်ခတ်ရပ်စဲရေးများသည် မည်သို့မျှ စစ်မှန်သည့် ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ကြောင်း သမိုင်းသင်ခန်းစာ ထုတ်ယူကြရတော့မည်။ တဦးကောင်း၊ တဖွဲ့ကောင်း ကြိုးပမ်းမှုဖြင့်လည်း မဖြစ်နိုင်သလို မိမိတို့ ဘ၀တူ အင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့်သာ ရရှိနိုင်မည်ကိုလည်း သတိပြုမိခဲ့ကြသည်။
ထို့ကြောင့် လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများစုပေါင်း၍ ၂၀၁၃ နိုဝင်ဘာ ၂ ရက် ကချင်ပြည်နယ် လိုင်ဇာကွန်ဖရင့်၊ ၂၀၁၄ ဇန်န၀ါရီ ၂၅ရက် ကရင်ပြည်နယ် လောခီးလာတို့တွင် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးမူဘောင် ဆွေးနွေးရေး၊ နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး၊ ဖက်ဒရယ်စနစ် အာမခံချက်နှင့် အနာဂါတ်တပ်မတော်ပိုင်းဆိုင်ရာ ကိစ္စများအပေါ် တပြိုင်နက် ညှိနှိုင်းအဖြေရှာနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်လာကြသည်။ ရရှိခဲ့သည့် သဘောတူညီချက်များအား အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ဆက်လက် ညှိနှိုင်းဆဲဖြစ်သည်။
အခြားတဖက်တွင်လည်း UNFC ကဲ့သို့သော နိုင်ငံရေး တပ်ပေါင်းစု၏ ဦးဆောင်မှုဖြင့် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား နိုင်ငံရေး၊ စစ်ရေး အပြန်အလှန် ၀န်းရံ ပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေ ဖော်ထုတ် နေကြရသည့် အခြေအနေဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို လက်နက်ဖြင့် အင်အားသုံး ဖြေရှင်းသည့်နည်းအစား စားပွဲဝိုင်းပေါ်တွင် နိုင်ငံရေး နည်းအရ ဆွေးနွေးအဖြေရှာရေးဖြင့် အစားထိုးရန် ခိုင်မာသည့် အမာခံချက်ရရှိရေးမှာ လက်ရှိအစိုးရပေါ်တွင် မူတည်နေပေသည်။
၇။ လူထုအခြေအနေ
(က) အခွင့်ရေးဆုံးရှုံးမှုများနှင့် ထွေထွေအကြပ်အတည်း
အခြေခံ ပြည်သူလူထုကြီးမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေခံ အကျပ်အတည်းများ ကြားတွင် ဘ၀ရှင်သန် ရေးအတွက် ရုန်းကန်နေရသလို သက်ဆိုင်ရာအာဏာပိုင်များ၏ ခေါင်းစဉ်အမျိုးမျိုးဖြင့် မြေနေယာ သိမ်းပိုက်ခြင်းဆိုင်ရာ ကိစ္စများကိုလည်း တဖက်မှတိုက်ပွဲဝင်နေရသည်။ မိမိတို့၏အခြေခံရပိုင်ခွင့် (အသက်ရှင်ပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်)များ ဆုံးရှုံးနေရသည်။
နိုင်ငံတ၀ှမ်းမြေသိမ်းရာတွင်-
o မြို့ပြများ တိုးချဲ့ရေး၊
o စက်မှုဇုံ၊
o တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များတိုးချဲ့တည်တောက်ရေး (တပ်မြေအဖြစ်သိမ်းဆည်းခြင်း)၊
o နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ရေး၊
o စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာ ချထားခြင်း
စသဖြင့် အာဏာပိုင်များ၊ တပ်မတော်နှင့် ၄င်းတို့နီးစပ်ရာ ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီများက အမည်အမျိုးမျိုးခံ သိမ်းဆည်း ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ နိုင်ငံတ၀ှမ်းမြေသိမ်းမှုများဖြေရှင်းရေးကို ပြေလည်အောင်မဆောင်ရွက်ဘဲ လူထုဆန္ဒသဘောထားပေါ် ရှေ့ရှုဆောင်ရွက်နေသည်ဆိုသည့် အစိုးရ၏ ပြောဆိုချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မြန်မာနိုင်ငံ အထက်ပိုင်း (မန္တလေးတိုင်းနှင့် မကွေးတိုင်း) အပူပိုင်းဇုန် သတ်မှတ်ဧရိယာ ၁၆ ခုရှိ အိမ်ထောင်စု ၂၆ ဒဿမ ၅ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်နေပြီး ၁၈ ဒဿမ ၅ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်ကြောင်း WFP ကမ္တာ့စားနပ်ရိက္ခာအစီအစဉ်၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့၏ ပူးပေါင်းလေ့လာရေးစာတမ်းကဖော်ပြထားပေရာ အခြေခံလူထု၏ လူမှုဘ၀အခြေအနေမှာ အဆိုးဝါးဆုံးအခြေအနေသို့ ဆိုက်ရောက်နေပေသည်။
o အခြေခံ အလုပ်သမားများ အခွင့်အရေးများ အပြည့်အ၀ရရှိရေး (လစာ ဖူလုံရေး)၊
o လယ်သိမ်းမြေသိမ်းခံများ၏ မိမိ မူလပိုင် လယ်မြေများ ပြန်လည်ရရှိရေး-
လှုပ်ရှားမှုများမှာလည်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော်လည်း ပြည်သူလူထု၏ ဘ၀မှာ ဥပဒေ၏ အကာကွယ်ပေးမှု မရရှိသည့်အပြင် အားကိုးရာမဲ့နေရာမှ မိမိတို့ကိုယ်တိုင် ဦးဆောင်တိုက်ပွဲ ၀င်နေရသည့် အနေအထား ဖြစ်နေသည်။
(ခ) စုစုပေါင်းထုတ်ကုန် (GDP)၊ ငွေကြေးဖောင်းပွမှု နှင့် ရင်းနှီးမြှုတ်နှံမှု
၂၀၁၂ - ၂၀၁၃ စုစုပေါင်းထုတ်ကုန် ဂျီဒီပီ ၇ ဒဿမ ၅ ရာခိုင်နှုန်းမြင့်တက်မှုရှိကာ ၂၀၁၃ - ၂၀၁၄ တွင် ၇ ဒဿမ ၇ ရာခိုင်နှုန်း ခန်.မှန်းကြောင်း ကမ္တာ့ငွေကြေးရံပုံငွေအဖွဲ. (IMF) ၏ ၂၀၁၁၄ ဇန်န၀ါရီ ၂၁ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သို.သော် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ဘတ်ဂျက်လိုငွေပြမှုသည် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်အတွင်းတွင် ၂၃၂၃ ဒဿမ ၇ ဘီလီယံ ကျပ် ရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ဖော်ပြခဲ့သည်။ ထိုသို့လိုအပ်နေသည့်ဘတ်ဂျက်အား ငွေကြေးရိုက်ထုတ်သည့် နည်းလမ်းဖြင့်သာ ဖြေရှင်းနေဆဲဖြစ် သောကြောင့် စုစုပေါင်းထုတ်ကုန် GDP တိုးတက်မှုရှိသည်ဟု ဆိုသော်လည်း ဘတ်ဂျက်လိုငွေ (Money Supply) တိုးနှုန်းမညီမျှခြင်း ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ မြင့်တက်လာ ခဲ့ရပြန်သည်။
စားသုံးသူဈေနှုန်းကို အခြေခံ တွက်ချက်မှုအရ
၂၀၁၁ - ၂၀၁၂ခုနှစ်တွင် ၂ ဒဿမ ၈ %
၂၀၁၂ -၂၀၁၃ ခုနှစ်တွင် ၂ ဒဿမ ၈၅ % နှင့်
၂၀၁၃ -၂၀၁၄ ခုနှစ်၊ ပထမ ၆ လ တွင် ၅ ဒဿမ % ငွေကြေးဖောင်းပွလျက်ရှိကြောင်း ပြည်ထောင်စုလွတ်တော်သို့ တင်သွင်းသည့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။ ဖော်ပြပါ ငွေကြေးဖောင်းပွမှုနှုန်းအတိုင်း ဖြစ်ပေါ်နေသည့် အခြေအနေကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်နေသလို အထူးသဖြင့် ပြည်သူလူထု၏ အခြေခံ စားဝတ်နေရေးပြဿနာများမှာ စိုးရိမ်ဖွယ်ရာ အခြေအနေဆိုက်ရောက် လာနိုင်သည်။
၂၀၁၀ ခုနှစ်ကျော်မှ စ၍ အမေရိကန်၊ EU, UK စသဖြင့် ဥရောပနိုင်ငံများနှင့် သံတမန် ဆက်သွယ်မှုများ နီးကပ်လာမှုနှင့် အတူ ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်ပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းလာခဲ့ကာ မြန်မာနိုင်ငံတွင်းသိုး ရင်းနှီးမြှုတ်နှံမှုများ ပိုမိုပြုလုပ်ခဲ့ကြသည်။ တရုပ်နှင့် အပြိုင် မြန်မာနိုင်ငံမှ သွင်းကုန် အထူးအခွန် သက်သာခွင့် အခွင့်အရေးကို ရရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုတ်နှံမှု အများဆုံး သုံးနိုင်ငံမှာ တရုပ်၊ ထိုင်း နှင့် ဟောင်ကောင်တို့ ဖြစ်ကာ UK နိုင်ငံမှာ ဥရောပ နိုင်ငံများထဲတွင် အများဆုံး လုပ်ဆောင်လာခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုကဏ္ဍတွင် စွမ်းအင်၊ ရေနံ နှင့် သဘာဓာတ်ငွေ့ ကဏ္ဍတို့တွင်သာ ဦးစားပေးလုပ်ကိုင်နေကြသဖြင့် အခြေခံ ပြည်သူလူထု၏ အကျိုးထက် စီးပွားရေးကုမ္ပဏီများ၏အကျိုးသာ ဖြစ်နေသေးသည်။
(ဂ) ၀န်ကြီးဌာနများ၏ လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုတ်နှံမှုများ
၂၀၁၄ - ၂၀၁၅ ဥပဒေကြမ်းအရ ကာကွယ်ရေး ၀န်ကြီးဌာန ၁၇ ဒဿမ ၇ % ဖြင့် ၀န်ကြီးဌာနများတွင် အများဆုံးလျာထား သတ်မှတ်ခဲ့ကာ ပညာရေးနှင့် ကျန်းမာရေး မှာ ၃ ဒဿမ ၉ % သာ လျာထားခဲ့သည်။ ၂၀၁၄ - ၂၀၁၅ အတွက် ကျန်းမာရေး အတွက် ၂၇၀,၄၆၆ သန်း (ကျပ်) နှင့် ပညာရေးအတွက် ၂၆၈,၄၀၆ သန်း (ကျပ်) ရှိသည်ဟု ဖော်ပြခဲ့သည်။
UNICEF ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ကျန်းမာရေးတွင် ၇၈ % နှင့် ပညာရေးတွင် ၃၀% အသီးသီး ဘဏ္ဍာငွေ တိုးမြှင့် သုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပြည်တွင်းစုစုပေါင်းထုတ်ကုန် (GDP)၏ ၂ % အောက်သာ ရှိသည်။ လူထု ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများတွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်က GDP ၏ ၀ ဒဿမ ၈ % အာစီယံနိုင်ငံများတွင် အနည်းဆုံး နှင့် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် GDP ၏ ၁ ဒဿမ ၇ % အာစီယံနိုင်ငံများတွင် ဒုတိယ အနည်းဆုံး နေရာတွင် ရောက်ရှိနေခဲ့ပါသည်။
(ဃ) မပြီးပြတ်သေးသည့် ဧရာဝတီ မြစ်ဆုံ၊ လက်ပန်းတောင်း နှင့် နောက်လာမည့် စီမံကိန်းများ
• လျှပ်စစ်ဝန်ကြီးဌာန ၁၅ % (အခမဲ့)
• အေးရှားဝေါ ကုမ္ပဏီ ၅ % (လက်ငင်းငွေ)
• CPI (China Power Investment Cooperation) ၈၀ % ဖြင့် -
ဧရာဝတီ မြစ်အထက်ပိုင်းတွင် စီမံကိန်း ၇ ခု - မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာ နှင့်အတူ မြစ်ဆုံဒေသတွင် လုပ်ငန်းသုံး ရေးအားလျှပ်စစ်စက်ရုံတခု တည်ဆောက်ရေး စီမံချက်ကြီးဖြစ်သည်။ နအဖ အစိုးရသက်တမ်းတွင် သဘောတူ စာချုပ်ချုပ်ဆိုခဲခြင်းဖြစ်ပြီး ငွေကြေးပမာဏ၊ စီမံချက်၊ သဘောတူညီချက်များအားလုံး လျှို့ဝှက်ထားဆဲဖြစ်သည်။
တိုင်းရင်းသားပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံ၏ စုပေါင်းတောင်းဆိုမှုကြောင့် ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်သူလွတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးနှင့် အမျိုးသားလွတ်တော် ဒုတိယပုံမှန်အစည်းဝေးတွင် ဦးသိန်းစိန်က ၎င်းသမ္မတ သက်တမ်းအတွင်း မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ခေတ္တယာယီရပ်ဆိုင်းကြောင်း ကြေငြာထားခြင်းသာဖြစ်သည်။ အမျိုးသားရေးညီညွတ်မှုတခုကို ပြသနိုင်ခဲ့သည့် ဧရာဝတီ လှုပ်ရှားမှုကား အပြီးအပြတ် ငြိမ်းအေးသွားခြင်းမဟုတ်သေးပါ။ အစဉ်သတိဖြင့် စောင့်ကြည့်နေရမည့် လုပ်ငန်းတခုအဖြစ်သာမက ထာဝစဉ်ထိမ်းသိမ်းရမည့် အမျိုးသားရေးဆိုင်ရာ ထိမ်းသိမ်းမှုအဖြစ် ဆောင်ရွက်သွားရန်လိုအပ်နေသေးသည်။
၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲ အပြီးတွင် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသည့် စီမံကိန်းများ ဆိုင်းငံ့၊ ပယ်ဖျက်မည်ဟု ပြောဆိုခဲ့ကာ ၀န်းကြီးဌာန ၃၄ ခုရှိသည့်အနက် ၀န်ကြီးဌာန ၈ ခုသာ ဆက်လက်ဆောင်ရွက် ခွင့်ပြုမည်ဖြစ်ပြီး ကျပ် ၂,၃၅၆ ဘီလီယံရှိ စီမံကိန်း ၅၀၃ ခု ကို ချပြခဲ့သည်။ ယင်းစီမံကိန်းများကို ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံး ဆောင်ရွက်ရန်ဖြစ်ပြီး လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုတ်နှံမှု လျာထားချက်၏ ၁၇ ဒဿမ ၇ % သုံးစွဲမည်ဖြစ်သည်၊ စီမံကိန်းများနှင့် ပတ်သက်သည့် ဆွေးနွေးမေးမြန်းချက်များကို နိုင်ငံတော် လျှို့ဝှက်ချက်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ထုတ်ဖော်ဆွေနွေးခြင်းမပြုအပ် ဟူသော ပြည်ထောင်စု လွတ်တော် နာယကက သတိပေး တားမြစ်ခဲ့ပြန်သည်။
ဤသည်မှာ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လူထုဆန္ဒသဘောထားမပါသော စီမံကိန်းများ၏ အကျိုးဆက်ကြောင့် ရင်ဆိုင် နေရသည့် မြစ်ဆုံစီမံကိန်း၊ လက်ပန်းတောင်းတောင်စီမံကိန်းများကို ဖြေရှင်းရန် တာဝန်မဲ့လာသည်နှင့်အမျှ နောက်ဆက်တွဲ လုပ်ဆောင် လာမည့် စီမံကိန်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပေပြီ။
၈။ နိုင်ငံတကာ ဆက်ဆံရေး
အမေရိကန်၊ ဥရောပ နိုင်ငံများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ နှင့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြင်းထန်စွာ ဝေဖန်ပြောဆိုမှု များရှိခဲ့သော်လည်း မြန်မာ စစ်အာဏာရှင်များနှင့် ထိတွေ့ဆက်ဆံမှုများကို ၂၀၁၁ ခုနှစ်မှစ၍ ပိုမိုတိုးမြှင့်ခဲ့ကြသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးနှင့် အထူးကိုယ်စားလှယ်များ၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟယ်လရီ၊ သမတ အိုဘားမား အပါအ၀င် ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင်များ ကိုယ်တိုင် မြန်မာနိုင်ငံသို့ ၂၀၁၂ - ၂၀၁၃ ခုနှစ်အတွင်း ရောက်ရှိလာခဲ့ကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ်ကို သတိထား ကြိုဆိုခဲ့ကာ မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်မှုများကို လျော့ချပေးခဲ့သည်။ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံရေး အကျပ်အတည်း ကို အငြိမ်းချမ်းဆုံး နည်းဖြင့် ဖြေရှင်းရန် သံတမန်ရေးနည်းလမ်းများဖြင့် ချည်းကပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထု ကျန်းမာရေး၊ ပညာရေး လူမှုရေးဆိုင်ရာ အကူညီများ ပေးနိုင်ရေး၊ လူမှုအခြေခံအဖွဲ့အစည်းများ အားကောင်းရေး၊ ဒုက္ခသည်များကူညီရေး ခေါင်းစဉ်များဖြင့် တိုးမြှင့်ဆောင်ရွက်လာခဲ့သလို လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ကူညီထောက်ပံ့မှုများ ပြုလုပ်လာခဲ့သည်။
တဖက်တွင်လည်း မြန်မာ စစ်အာဏာရှင်များဘက်မှ နှစ်ရှည်ကြားခံခဲ့သည့် တရုပ်၊ အာစီယံ၊ အိန္ဒိယ နိုင်ငံများ ဘက်မှလည်း ပြောင်းလဲလာသည့် မြန်မာ-နိုင်ငံတကာ ဆက်ဆံရေး အခြေအနောက်တွင် ယခင်ရရှိခဲ့သည့် ဆက်ဆံရေး ကို ထိမ်းသိမ်းရန်လိုအပ်သလို မိမိ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းမှုတခုတည်းကို မကြည့်ဘဲ ဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားကိုပါ အလေးထားစဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။
မိမိ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးအခြေနေကို အဓိကထား အခြေခံစဉ်းစားပြီး သက်ဆိုင်သည့် နိုင်ငံခြား ရေးမူဝါဒများ ချမှတ်လေ့ရှိရာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအပါအ၀င် ဂျပန်၊ အမေရိကန်၊ ဥရောပ နိုင်ငံများ အနေဖြင့်လည်း မြန်မာ နိုင်ငံ ဒီမိုကရေစီရရှိရေး၊ ပြုပြင်ပြောင်းလဲရေးထက် အားလုံးနှင့် ထိတွေ့ဆက်ဆံရေး ပေါ်လစီကို ကျင့်သုံးခြင်းဖြင့် အာစီယံဒေသတွင်း ဖြစ်ပေါ်နေသည့် တရုပ်သြဇာ လွမ်းမိုးမှုကို ထိမ်းသိမ်းလိုရာမှ ပြောင်းလဲကျင့်သုံး လာခဲ့ခြင်းဖြစ်သည်။
သို့သော် တဖက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေး အပါအ၀င် လွတ်လပ်သည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးစသော မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် သံတမန်နည်းလမ်းများဖြင့်သာ ဆက်လက်ဆောင်ရွက်သွားနိုင်ဖွယ်ရှိသည်။
၉။ တစုံလုံးဆိုင်ရာ ခြုံငုံသုံးသတ်ချက်
(က) ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေအရ အစိုးရ၊ နိုင်ငံရေးပါတီ၊ အင်အားစုများသာမက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးစကားပြောဆိုမှုဘောင်အတွင်းတွင် တဦးနှင့်တဦး သတိထား ထိတွေ့ ဆက်ဆံနေရသည့် အနေအထားဖြစ်သည်။ တဖက်နှင့်တဖက် အလုံးစုံ ယုံကြည်စိတ်ချရသေးသည့် အခြေအနေမျိုးမဟုတ်ပါ။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့်နည်းလမ်းကို ရွေးချယ်ကျင့်သုံးနေကြသော်လည်း လက်ရှိအခြေအနေမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးအတွက် အားလုံးလက်ခံနိုင်သည့် အဖြေရှာဖွေရန် အခက်အခဲများစွာ ရှိနေသေးသည်ကို အထူးသတိပြုရန်လိုအပ်သည်။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ ဆုံးဖြတ်လုပ်ဆောင်ချက်များတွင် ပါတီ၊ လွတ်တော်၊ အစိုးရ၊ စစ်တပ်တို့ကြား မတူညီသည့်တာဝန်များ ခွဲဝေကျင့်သုံးနေကြသော်လည်း လက်ရှိ သမတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ဆောင်ရွက်ချက်များသည် နအဖ၏ လမ်းပြမြေပုံ ၇ ဆင့်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုနိုင်ခြင်း၊ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း၊ အစိုးရသစ်တရပ် ဖော်ထုတ်နိုင်ခြင်းဖြင့် အာဏာသိမ်း စစ်ကောင်စီဘ၀မှ ဖွဲ့စည်းပုံအခြေခံ စစ်တပ်ကျောထောက် နောက်ခံပြု အစိုးရ အဖြစ် ပြောင်းလဲခဲ့သည့် သမိုင်းဖြစ်သည်။
(ဂ) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့် လွတ်တော်တွင်း ကြိုးပမ်းမှု များတွင် လူထုနစ်နာချက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဥပဒေရေးရာ ချမှတ်မှုများကို ဖော်ထုတ်တင်ပြနိုင်သည့် အခွင့်အရေးများ ရရှိနေသည်။ သို့သော် ဥပဒေ အချက်အလက် တခုခြင်း၊ တပိုဒ်ခြင်း ပြင်ဆင် အတည်ပြုခြင်းဖြင့် လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို မဖြေရှင်းနိုင်သလို လွတ်တော်တွင်းပါဝင်နေကြသော အဓိက ဆုံးဖြတ်ပိုင်ခွင့် ရရှိနေသည့် နိုင်ငံရေးပါတီ နှင့် စစ်တပ်သဘောထား မပါဘဲ မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်နိုင်သည့် အနေအထားမရှိပါ။ ထို့ကြောင့်မကဒတ၏ ညီလာခံအဆက်ဆက် ဆုံးဖြတ်ချက်ဖြစ်သော မဟာဗျူဟာလုပ်ငန်းစဉ် ရည်မှန်းချက် ဖြစ်သည့် လမ်းပြမြေပုံ ၇ ချက်အား အဆင့်တိုင်းတွင် တိုက်ဖျက်ရေး မူသဘောထားနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းဆိုသည်မှာ ဝေါဟာရပြသနာဖြစ်သည်။ မိမိတို့နိုင်ငံလိုအပ်နေသည့်ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအာမခံချက်ရှိသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကိုဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေးပင် ဖြစ်သည်။
(ဃ) ၂၀၁၄ - ၂၀၁၅ သည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသည့် အချိန်တခုဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေးလှုပ်ရှားမှု၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များ၏ အခြေခံအခွင့်ရေးရပိုင်ခွင့်လှုပ်ရှားမှု။ လူထု ဆန္ဒသဘောထားမပါသည့် စီမံကိန်းများ ရပ်တန့်ရေး လှုပ်ရှားမှု၊ ပြည်တွင်းငြိမ်းချမ်းရေး။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၏ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ လှုပ်ရှားမှုများနှင့် ဖြတ်သန်းကြရတော့မည်ဖြစ်သည်။ အထွေထွေအကြပ်အတည်း များအားကျော်လွားရန် လူထုကိုယ်တိုင် တိုက်ပွဲဝင်နေသည့် အခြေခံရပိုင်ခွင့် လှုပ်ရှားမှုများကို နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့စည်းများအနေဖြင့် မျက်ခြေမပြတ်ရေးမှာ အရေးကြီးဆုံးဖြစ်သည်နှင့်အညီ ယင်းလှုပ်ရှားမှုများအား စုစည်း၍ နိုင်ငံရေးအရ ဦးဆောင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်ရန် လိုအပ်နေသည်။
(င) တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းသည် အားလုံးအတွက် အကောင်းဆုံး အဖြေရှာသည့် ပုံစံဖြစ်သည်။ သို.သော် အင်အားသုံး၊ ဖိအားပေးမှုများဖြင့် ရင်ဆိုင်ရလျင် သို့မဟုတ် လမ်းပြ မြေပုံ ၇ ဆင့်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံထဲသို့ အတင်းအကြပ် ၀င်ရောက်ခိုင်းလျင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကား အားလုံးအတွက် အဆိုးဘက်သို့ဦးတည်သွားနိုင်သည်။ ထို.ပြင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးလား သို့မဟုတ် ချော့မြူပေါင်း သင်းဆက်ဆံရေးလား ဆိုသည်ကို သတိရှိရှိ ဖြတ်သန်း ရင်း မိမိတို့ အဖွဲ.စည်းအတွင်းတွင်လည်းကောင်း၊ မဟာမိတ်အင်အားစုများကြားတွင်လည်းကောင်း ရရှိထားသည့် စုစည်း ညီညွတ်မှုများကို မထိခိုက်အောင် အစဉ် ထိမ်းသိမ်းထားရန်လိုသည်။
(စ) နိုင်ငံရေး ကြွေးကျော်သံ အလှည့်အပြောင်း
မိမိတို့ ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအဖွဲ.စည်းများ နှစ် ၂၀ ကျော်ကိုင်စွဲခဲ့ကြသည့် ၁၉၉၀ ရွေး ကောက်ပွဲရလဒ် အသိမှတ်ပြု အကောင်ထည်ဖော်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆိုသည့် နေရာတွင် -
- ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တိုက်ဖျက်ရေး။
- တတိုင်းပြည်လုံးအပစ်ခတ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
- အင်အားစုအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ ( ၂၁ ရာစု ပင်လုံ)
စသည့် ကြွေးကျော်သံများက ယနေ့ နိုင်ငံရေးအင်အားစုများအားလုံး ကိုင်စွဲလာခဲ့ရပြန်သည်။
ထို့ပြင် လွတ်တော်တွင်းနိုင်ငံရေး နှင့် လွတ်တော်ပြင်ပနိုင်ငံရေး ဆိုသည့် ရုန်းကန်မှုပုံစံများ ထွက်ပေါ်လာခဲ့သည်။ လွှတ်တော် တွင်းရှိနိုင်ငံရေးအင်အားစုများအတွင်းတွင်လည်း မိမိတို့နှင့်နိုင်ငံရေးရည်မှန်းချက်များတူညီသည့် အင်အားစုများရှိနိုင် သကဲသို့ လွှတ်တော်ပြင်ပရှိနိုင်ငံရေးအင်အားစုများတွင်လည်း မိမိတို့နှင့်နိုင်ငံရေးရည်မှန်းချက် သဘောထားကွဲလွဲမှုများလည်း ရှိနိုင် သည်ကို သတိချပ်သင့်ပေသည်။
ယနေ့ သက်ဆိုင်ရာအင်အားစုများပါဝင်သည့် (အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီ၊ တော်လှန်ရေးအင်အားစု) နိုင်ငံရေး ဆွေးနွေးပွဲ တရပ်ကိုဖြတ်သန်းရင်း အနာဂါတ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်တခု ချမှတ်နိုင် မှသာလျင် အားလုံးရင်ဆိုင်နေရသည့်နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည်။
၁၀။ မိမိအခြေအနေသုံးသပ်ချက်
(က) တစုံလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေအရ ဘက်ပေါင်းစုံအကြပ်တည်းကြားတွင် နိုင်ငံရေးအရ ကြံ့ကြံ့ခံရပ်တည်ရင်း အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ တဖက်တွင်လည်း အဖွဲ့အစည်းတွင်း ကျဆင်းခဲ့သည့် စည်းရုံးရေး၊ သတင်း နှင့် ပြန်ကြားရေး၊ သံတမန်ရေး၊ တပ်တည်ဆောက်ရေး လုပ်ငန်းများကို အမြန်ပြုပြင် ဆောင်ရွက်ရန်လိုအပ်နေသည်။ အခက် အခဲများကြားတွင် အဖွဲ့အစည်းနှင့်အတူ လိုက်ပါခဲ့ကြသော တပ်ဖွဲ့ဝင်မိသားစုများ၏ ဘ၀လုံခြုံရေး၊ စားဝတ်နေရေး ကိစ္စများ အား ပံ့ပိုးကူညီသည့် အစီစဉ်များကိုလည်း ချမှတ်ဆောင် ရွက်ရန်လိုအပ်လာသည်။
(ခ) လက်ရှိအခြေအနေတွင် ပြည်တွင်း နိုင်ငံရေး မျက်နှာစာထဲ ၀င်ရောက်နိုင်ခဲ့ကာ နိုင်ငံရေးပါတီများ။ အင်အားစုများ နှင့် ထိတွေ့ ဆက်ဆံခွင့် ပိုမိုရရှိခဲ့သည်။
(ဂ) အဖွဲ့အစည်းအနေဖြင့် အခွင့်အလမ်းများရှိသလို စည်းရုံးရေး အ၀န်းအ၀ိုင်း ဖြန့်ကျက်စုစည်းရာတွင် သတိကြီးကြီးထားလုပ် ဆောင် ဖြတ်သန်းကြရတော့မည်ဖြစ်သည်။
(ဃ) အဖွဲ့အစည်း၏ သမိုင်းကြောင်းဆိုင်ရာဖြစ်တည်မှု၊ ဖြတ်သန်းမှုတို့အပေါ် တန်ဖိုးထား အသိမှတ်ပြုမှုများရှိသလို ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများအကြား ဆက်စပ်အလုပ်လုပ်ပေးနိုင်သည့် အဖွဲ့အစည်းတခုဖြစ် မှတ်ကျောက်တင် ခံခဲ့ရသည်။
(င) လက်ရှိ ဖြတ်သန်းနေရသော နိုင်ငံရေးအခြေအနေ၊ အဖွဲ့အစည်း၏ ပကတိ အခြေအနေများနှင့်အညီ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းစဉ်အလိုက် နည်းပရိယာယ် ရှိရှိ၊ စနစ်တကျ ပြန်လည် ဖော်ထုတ်ရင်း- တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ရဲရဲဝန့်ဝန့် ဆောင်ရွက်သွားကြရမည်။
(စ) ၂၅ နှစ်တာ တော်လှန်ရေး ခရီးကြမ်းတွင် ရရှိခဲ့သည့် အတွေ့အကြုံများထဲမှ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာ အဖြစ်အခြေခံ၍ မကဒတ (ကျောင်းသားတပ်မတော်)၏ နိုင်ငံရေး ဦးတည်ချက် ၄ ရပ် အထမြောက် အောင်မြင်ရေးအတွက် သံဓိဋ္ဌာန်ရှိရှိ ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ နှင့် လည်းကောင်း၊ နိုင်ငံတကာ မိတ်ဆွေများနှင့်လည်းကောင်း မဟာမိတ်ပိုင်းဆိုင်ရာ စုဖွဲ့မှုများကို လုပ်ဆောင်သွားမည်ဖြစ် သည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ် မတ်လ (၇) ရက်

No comments: