Friday, August 10, 2018

" ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး(ABPY) နဲ့ပါတ်သက်ပြီး ဖြည့်စွက် ပြောပြချင်တာလေးတွေ "

မြိတ် ၈၈၈၈ အထက(၁) သပိတ်စခန်းဟာ စစ်မျက်နှာ နှစ်ခုဖွင့်တိုက်ခဲ့ရတဲ့ တော်လှန်ရေးနေရာတခုပါ။
အဲဒီတုန်းက ကျောင်းသားခေါင်းဆောင်တွေ အားလုံး မှတ်မိကြနိုင်မယ် ထင်ပါရဲ့။
ကျနော်တို့ဟာ အာဏာရှင်ကို တော်လှန်ဖို့ ၈၈၈၈ ကို ဆင်နွှဲခဲ့ကြပေမဲ့၊ မမျှော်လင့်တဲ့ ရန်သူကိုပါ ရင်ဆိုင်ခဲ့ရတယ်။
အဲဒါကတော့ သမိုင်းစာမျက်နှာတွေမှာ ခေတ်ပြောင်းကာလတိုင်း ပေါ်တတ်နေကျ 'တောကြောင်' လူတန်းစားပဲ။
မြိတ်သပိတ်မှောက်ကျောင်းသားတွေဟာ သပိတ်စခန်းကို ဝင်စီးထားတဲ့ တောကြောင်တွေရဲ့ လွှမ်းမိုးမှုဒဏ်ကိုပါ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတာပါ။
ကျနော်တို့ရောက်ချိန်မှာ သပိတ်စခန်းသာ ဖွင့်ထားတာ ကျောင်းအသီးသီးက ကိုယ့်အစုနဲ့ကိုယ်ဖြစ်နေကြတယ်။ ဒါနဲ့ ကျောင်းအသီးသီးက သပိတ်မှောက်ခေါင်းဆောင်တွေ၊ အရပ်သားလူငယ်တွေ၊ ကုန်တင်ကုန်ချလုပ်သားတွေ ကို စုစည်းပြီး သပိတ်မှောက်ကော်မီတီ ဖွဲ့ခဲ့ပါတယ်။
မြင့်ဝေ ခေါ် ရေမြွေ ဦးဆောင်တဲ့ အဖွဲ့ဟာ လုံခြုံရေးအမည်ခံ အလှူခံဂိတ်တွေကို စီးထားခဲ့တယ်။ ၈၈၈၈ အရေးတော်ပုံကြီးကို အားတက်သရော် ထောက်ခံလှူတန်းခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ အလှူငွေ သိန်းပေါင်းများစွာကို ယူသွားခဲ့တယ်။
ကျောင်းသားတွေ အပေါ်မှာ နိုင့်ထက်စီးနင်းတွေ လုပ်ခဲ့တယ်။ တချို့ အလက က ကျောင်းသားခေါင်းဆောင်လေးတွေ ကို ကိုယ် ထိလက်ရောက် ရိုက်နှက်တာမျိုးတွေ ရှိခဲ့တယ်။
ကျနော် နဲ့ ကိုရဲလင်း Ko LinKo Linn Wai Aungng တို့ကို ထောက်လှန်းရေးတွေ လို့ စွပ်စွဲသမုတ်ပြီး တိုက်ခိုက်ခဲ့တယ်။
ကံအားလျော်စွာ ၈၈၈၈ မတိုင်မီ သဲချောင်း၊ ကြပ်ချောင်း၊ ရှော်တောမော် ရွာတွေဆီ စည်းရုံးရေးဆင်းထားခဲ့တဲ့ ကျနော်တို့ကို မှတ်မိနေတဲ့ ဒေသခံတွေကြောင့် အသက်ဘေးက လွတ်ခဲ့ရတယ်။
ကျနော်တို့က ရန်ကုန်က လာတဲ့ လူတွေ ဆိုတော့ ဒေသခံကျောင်းသားတွေနဲ့ ပိုမိုရင်းနှီးဖို့ လိုတာကတကြောင်း၊ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ကျောင်းသားလူငယ်လေးတွေ ဒီမိုကရေစီသဘောတရားကို အမှန်တကယ် သဘောပေါက်ယုံကြည်စွာ တိုက်ပွဲဝင်လိုစေတာကတကြောင်း ကျနော့်အနေနဲ့ နိုင်ငံရေးသင်တန်း ပေးခဲ့တယ်။
အထက ကျောင်းများနဲ့ အလကကျောင်းများက ကျောင်းသူ ကျောင်းသား လူငယ်လေးတွေကို နိုင်ငံရေးသင်တန်းပေးဖြစ်ခဲ့တယ်။
ပြောမယ်ဆိုရင် မြန်မာပြည်တပြည်လုံးက သပိတ်စခန်းတွေထဲမှာ မြိတ်အထက(၁) သပိတ်စခန်း ဟာ တခုတည်းသော နိုင်ငံရေးသင်တန်းပေးနိုင်ခဲ့တဲ့ သပိတ်စခန်း ဖြစ်မယ် ထင်တယ်။
သပိတ်မှောက်ကော်မီတီမှာ ကျနော် က သဘောတရားရေးရာနဲ့ ဝါဒဖြန့်ချိရေးမှူး တာဝန်ယူခဲ့တယ်။ သူနဲ့ ငြိတဲ့ ကိုရဲလင်း ကို ရေမြွေက အငြှိုးထားပြီး ဘာတာဝန်မှ မယူစေခဲ့ပါဘူး။
နိုင်ငံရေးသင်တန်းပေးတာနဲ့ မိန့်ခွန်းတွေ လွဲချော်နေတာတွေကို တည်းဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။
ညဘက်မှာ ရေမြွေအဖွဲ့က မူးပြီး ကျောင်းသူတွေအနားလာရစ်နေတာတွေ့တဲ့အတွက် အပေါ်ထပ်စာသင်ခန်းတွေမှာ မိန်းကလေး၊ ယောက်ျားလေး သီးသန့် အိပ်ဖို့ နေရာချပေးပြီး ကော်ရစ်ဒါတွေမှာ ကျောင်းသားလေးတွေကို လုံခြုံရေး ပြန်ချပေးခဲ့တယ်။ အပြင်လူ ပေးမဝင်ခဲ့ဘူး။
ဦးစိုးရီ၊ ဦးဘီးရှိန်၊ သခင်မကြီးဒေါ်သိန်းရီ၊ တိုင်းပညာရေးမှူးဟောင်းဆရာမကြီးဒေါ်သန်းရှင်၊ ဦးကင်းစိန် တို့ပါဝင်တဲ့
မြို့မိမြို့ဖလူကြီးတွေ လာရောက်စေ့စပ်တဲ့အချိန်မှာ ကျနော်နဲ့ ကိုအေးသော် တို့ သပိတ်မှောက်ကော်မီတီ ကိုယ်စား သွားတွေ့ဆုံ ညှိနှိုင်းခဲ့တယ်။
သပိတ်စခန်းထဲက အလွဲသုံးစားမှုတွေ၊ ကျောင်းသားလူငယ်လေးတွေ အပေါ် မြင့်ဝေတို့ နိုင့်ထက်စီးနင်းလုပ်မှုတွေ လူမမယ်ကလေးတွေ များလွန်းတာတွေကြောင့် ကျနော် သပိတ်လှန်ဖို့ ဆုံးဖြတ်ခဲ့တယ်။
တချို့က အဲဒီဆုံးဖြတ်ချက်ကို မကျေနပ်ကြပါဘူး။ ကျနော့်အနေနဲ့ အဲဒီဆုံးဖြတ်ချက်ချနိုင်မှု ကို ဒီကနေ့အထိ ကျေနပ်ဂုဏ်ယူပါတယ်။
မြိတ်ကောင်စီဥက္ကဌဒုဗိုလ်မှူးကြီးတင်မြင့် က သူ့လက်မှတ်နဲ့ သပိတ်မှောက်သူတွေကို အရေးမယူပါကြောင်း တရားဝင်စာထုတ်ပေးခဲ့သလို၊ တရားဝင် အသံချဲ့စက်နဲ့ကြေညာပေးခဲ့တဲ့ အပြင်၊ ကျနော်တောင်းဆိုတဲ့အတိုင်း မော်တော်ယာဉ်တွေနဲ့ ကျောင်းသားလူငယ်တွေ ပြန်ဖို့ စီစဉ်ပေးခဲ့တယ်။
မြိတ်အထက(၁) သပိတ်စခန်း အကြောင်းကတော့ အကျဉ်းချုပ်အနေနဲ့ ဒီလောက်ပါပဲ။
အဲဒီတုန်းက တိုက်ပွဲဝင်ခဲ့တဲ့သူတွေ အားလုံးကို နှုတ်ခွန်းဆက်သပါတယ်။
မှတ်မှတ်ရရ လက်နှိပ်စက် ဒိုင်ခံရိုက်ပေးခဲ့တဲ့ မြိတ်က ကျောင်းသား ရဲဘော်ကြီး ကို သတိရနေမိပါတယ်။
အောင်ဇော်မင်း
(ချိုတူးဇော်)

 https://www.facebook.com/groups/1396640697119767/permalink/1400553273395176/

" ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး(ABPY) နဲ့ပါတ်သက်ပြီး ဖြည့်စွက် ပြောပြချင်တာလေးတွေ "
ကိုရဲလင်း (Ko Linn Wai Aung)က ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး အကြောင်း ကို အကျဉ်းချုပ်ပြောထားတာ ဖတ်ရတယ်။ အဲဒီမှာ ဖြည့်စွက်ပြောပြချင်တာလေးတွေ ရှိတယ်။
ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ကို ၁၉၈၈ ဇွန်လ (၁၉) ရက်နေ့၊ တနင်္ဂနွေနေ့မှာ စတင်ထူထောင်ခဲ့တာ ဖြစ်တယ်။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ပဲ။
မတ်လ (၁၃) ရက်နေ့ ကိုဖုန်းမော်ကျဆုံးပြီး ကထဲက စ ခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေဟာ တစ တစ အရှိန်မြင့်လာရာကနေ ဇွန်သပိတ်မှာ အီ နေတယ်။ မိန်း ထဲမှာ သပိတ်က အညောင်းမိလာ စ ပြုနေပြီ။ မကြာခင်မှာ အကြီးအကျယ်ဖြိုခွင်း ချေမှုန်းခံရလိမ့်မယ် လို့ ကျနော် က သုံးသပ်တယ်။ ဒါနဲ့ သပိတ် ကနေ ခွဲထွက်မယ့် အဖွဲ့အစည်းတရပ် ထူထောင်ဖို့ ဆုံးဖြတ်ပြီး၊ ဇွန်လ ၁၉ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ပင်မ ထဲ ဝင်ရောက် လူစုခဲ့တယ်။
တနင်္ဂနွေ ဖြစ်တဲ့ အားလျော်စွာ လုပ်သားကောလိပ်ကျောင်းသူကျောင်းသားအများစု ရှိနေပါတယ်။ အစည်းအဝေး ပြုလုပ်တဲ့နေရာကနေ ကျနော် လေ့လာအကဲခတ်ရသလောက် စိတ်ထဲ စိတ်တိုင်းကျယုံကြည်မိတဲ့ လူငယ် ကျောင်းသားတွေကို လက်တို့ခေါ်ပြီး ကျနော့်အိမ်မှာ ဆွေးနွေးကြ၊ အမြင်တွေ ဖလှယ်ကြပြီး၊ အာဏာရှင်ကို တော်လှန်ဖို့ အဖွဲ့အစည်းတရပ် ဖွဲ့စည်း ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးဟာ စ တင်ဖွဲ့စည်း ကထဲက သပိတ်လမ်းကြောင်း ကနေ ခွဲထွက်ပြီး၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့၊ မြေပေါ် မြေအောက် ချိတ်ဆက်ပြီး နည်းမျိုးစုံ ဆန့်ကျင်တိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားခဲ့တယ်။
ရိုးသားစွာပြောရရင် အဲဒီအချိန်က ကျနော်တို့ဟာ ကျနော်တို့လက်လှမ်းမီသလောက် သမိုင်းအသိနဲ့ မကြာခင်ကျောင်းသားလှုပ်ရှားမှုအားလုံး ဖြိုခွင်းခံရပြီး ၆၂၊ ၇၄၊ ဦးသန့်၊ မှိုင်းရာပြည့်တွေ လို ပွဲပြီးသွားမယ်၊ အဲဒီလို ပွဲပြီးသွားသည့်တိုင် မီးမသေကြဘဲ ဆက်တိုက်ပွဲဝင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့ကြတာပါပဲ။
ရန်ကုန်ကနေ မြိတ်ကို ဆင်းလာဖြစ်တာဟာ အဓိက ထိုင်းဘက်ကို ကူးပြီး၊ ပြည်ပအဆက်အသွယ်ရှာမယ် ဆိုတဲ့ ရည်ရွယ်ချက်ပါ။
အဲဒီခေတ်က ရန်ကုန်ကလူငယ်တွေအနေနဲ့ ထိုင်းကူးပြီး ဟိုဘက်ကမ်းမှာ ဘာတွေ ရှိတယ်၊ ဘာတွေ ရနိုင်မယ် ဆိုတာ ဘာမှကို အတွေ့အကြုံ ဗဟုသုတ မရှိခဲ့ကြပါဘူး။
ကံအားလျော်စွာ ကျနော်တို့ထဲမှာ မြိတ်သားကိုချို(ကိုခင်မောင်ဝင်းချို) ပါခဲ့တဲ့အတွက် မြိတ် ကို အလွယ်တကူ ဆင်းရ လာခဲ့တယ်။
ဒီလိုဆင်းမလာခင်မှာ ကျနော်တို့ ရန်ကုန်မှာ ဖွဲ့စည်း ချန်ရစ်ခဲ့ကြသူတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ လျှို့ဝှက်စာကုဒ်တွေ ထွင်ကြတယ်။ လျှို့ဝှက်စာကုဒ်တွေကို အဓိကထွင်ခဲ့သူက မြိတ်သားကိုချိုပါ။ ရန်ကုန်မှာ ကျန်ခဲ့တဲ့ မနန်း ဆိုတဲ့ လုပ်သားကောလိပ်ကျောင်းသူ အမကြီးတယောက် ကို လျှို့ဝှက်စာရေးနည်း၊ ဖတ်နည်းတွေ ပြန်သင်ပေးပြီး အပြန်အလှန်ဆက်သွယ်ဖို့ ထားခဲ့တယ်။
သူ့လျှို့ဝှက်စာ ဟာ အင်္ဂလိပ်စာလုံးတွေနဲ့ ဂဏန်းတွေကို အောက်ကမြစ်တွေ၊ သေးသေးတင်တွေပါ ပေါင်းထားတော့ တော်တန်ရုံ လူ ဖေါ်နိုင်မယ် မထင်ပါဘူး။
ကျနော်တို့ တကြိမ်အပြန်အလှန်မြိတ်ရန်ကုန်ဆက်သွယ်နိုင်ခဲ့ကြတဲ့ အတွက် ကိုချို ရဲ့ ဆက်သွယ်ရေးစနစ်အောင်မြင်တယ် ပြောရမယ်။
ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးအဖွဲ့ဝင်တွေဟာ သပိတ်ထဲ ဆက်မပါဘဲ၊ ကင်းကင်းနေဖို့ ချမှတ်ခဲ့တယ်။ ဘေးအမြင်မှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ လူငယ်တွေ လို့ ထင်အောင် ပိပိရိရိ ကျစ်ကျစ်လျစ်လျစ်နေဖို့ ကျနော်တို့ ချမှတ်ခဲ့တယ်။ ကျနော်တို့ထဲက စည်းရုံးရေးမှူးတွေကပဲ ဆန္ဒပြပွဲတွေ၊ သပိတ်တွေထဲက လက်ရွေးစင်ကျောင်းသားလူငယ်တွေကို ရွေးထုတ်စည်းရုံးဖို့ ချမှတ်ခဲ့တယ်။
ရေရှည်မြေပေါ်မြေအောက်တိုက်ပွဲဝင်မယ့် အဖွဲ့အစည်းတရပ်လို
ဖွဲ့စည်းခဲ့တာပါ။
တကယ့်လက်တွေ့မှာ ကျနော်တို့ လုပ်ဆောင်ခဲ့တာ အဲဒီလို ကနဦး ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းပုံစံနဲ့ ကွဲပြားခဲ့တယ်။ နိုင်ငံရေးအခြေအနေကလည်း လုံးဝ မျှော်လင့်မထားခဲ့တဲ့ ပြည်သူတရပ်လုံးပါဝင်တဲ့ လူထုလှုပ်ရှားမှုသဏ္ဍန် ဖြစ်သွားခဲ့တာကိုး။
ဒီတော့ မီးစင်ကြည့် က ခဲ့ကြရတဲ့ သဘောပါ။
ဒါတွေကို အဓိက ပြန်ပြောပြချင်တာက ကျနော်တို့ တော်တော်ကို စနစ်တကျ ချမှတ်ပြင်ဆင်ထားခဲ့တယ် ဆိုတာပါပဲ။
ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ မြိတ်ကို ဆင်းလာချိန်မှာလည်း ကျနော်တို့ဟာ ဂစ်တာတလုံးထမ်းပြီး ကြောင်ကြောင်ကြားကြားတွေ ဝတ်၊ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ဘာမှ မဆိုင်တဲ့ ဂျလေဘီပေါ့ပေါ့နေပေါ့ပေါ့စားလူငယ်တွေ လို ဟေးလေးဝါးလားနဲ့ ထွက်လာခဲ့ကြတာပါ။ မြေအောက်ယူဂျီလှုပ်ရှားမှုစည်းကို အပြည့်ချမှတ် လုပ်ဆောင်ခဲ့ကြတယ်။
မြိတ်မှာ ဒေသခံလူငယ်တွေနဲ့ စုစည်းစကားဝိုင်းတွေကို ညဘက်ဂစ်တာဝိုင်းတွေနဲ့ လုပ်ခဲ့ကြတယ်။ ကျနော်တို့အဖွဲ့ဟာ အစောဆုံး ရန်ကုန်က ထွက်လာတဲ့ အဖွဲ့ဖြစ်တယ်။ မြိတ်မြို့ပေါ်မှာလည်း ရန်ကုန်ကျောင်းသားသုံးယောက် ရောက်နေတာ ထင်းထင်းကြီး ဖြစ်နေတယ်။ ဒီတော့ မြိတ်က နယ်မြေခံရဲက ကျနော်တို့ နောက် တောက်လျှောက်ကို လိုက်ခဲ့တယ်။
အဲဒါကြောင့်လဲ အစည်းအဝေးတွေကို ဂစ်တာဝိုင်းတွေနဲ့ လုပ်ခဲ့ကြတာ။ မြိတ်မြို့က ခွာပြီး ပင်လယ်ထဲ ဆင်းတော့လဲ လဘက်ရည်ဆိုင်ထိုင်နေပြခဲ့တာ။ ထုံးစံအတိုင်း ရဲက ကျနော်တို့ နောက် မလှမ်းမကမ်းပဲ လိုက်နေတာ။ နောက်က ကိုချိုသူငယ်ချင်းမြိတ်သားတယောက်က ကျနော်တို့အထုပ်အပိုးတွေကို ဆိုင်ကယ်နဲ့ သယ်ပြီး လှေပေါ် ရွှေ့ပေးထားနှင့်တယ်။ ကျနော်တို့က ကမ်းနားဈေးထဲပတ်ပြီး ကိုယ်ယောင်ဖျောက် လှေထဲဆင်း ကူးခဲ့ကြတယ်။
ကျနော်တို့ ယူဂျီစည်းမပေါက်ခဲ့တာ၊ ပိရိတာကို မြိတ်မှာ ၈၉ အဖမ်းခံရတော့ ထောက်လှမ်းရေး က ပြန်ပြောပြခဲ့တယ်။ မြိတ်ကို ရန်ကုန်ကျောင်းသား သုံးယောက် ဆင်းလာတာ သိတယ်။ လိုက်ရင်း လွတ်သွားရတယ် တဲ့။
၈၈၈၈ မြိတ်မှာ စ ဖြစ်တော့ ကျနော်တို့က ရန်ကုန်ပြန်ဖို့ ပြင်နေကြပါပြီ။ ကိုချို့အမေဟာ ကျနော်တို့အတွက် လေယာဉ်လက်မှတ်တွေ ဝယ်ပေးထားပြီးပြီ။ ကျနော်တို့ ၈၈၈၈ မြိတ်မှာ ပါသင့် မပါသင့် တော်တော်ချိန်ဆ တိုင်ပင်ပြီး မှ ဝင်ခဲ့ကြတာဖြစ်ပါတယ်။
၉ ရက်နေ့မှာမှ ဝင်ခဲ့တာပါ။ သပိတ်စခန်းထဲမှာ တစုစီ ဖြစ်နေတာကိုတွေ့လို့ ပြန်စုစည်း ဖွဲ့စည်း မျှော်လင့်မထားတဲ့ ရေမြွေအန္တရာယ်ကို ရင်ဆိုင်ရတော့ မြိတ်ကျောင်းသားလေးတွေနဲ့ ကျနော်တို့ဟာ သေဘေးအတူဖြတ်ခဲ့ကြသလို တသားထဲ ဖြစ်ခဲ့ရတယ်။
သပိတ်စခန်းဆိုပေမဲ့ သွေးဆူနေတဲ့ လူအုပ်၊ လုံခြုံရေးဆိုတဲ့ လူတွေဟာ ခေါင်းစည်းအနီတွေ၊ လက်ပတ်အနီတွေ လက်ထဲမှာ လှံတွေ၊ မှိန်းတွေ၊ ဓါးတွေနဲ့။
ရေမြွေဟာ အစည်းအဝေးခန်းမှာ ကတောက်ကဆပြောဆိုသွားပြီး အဲဒီသူ့လူတွေကို အကုန်စု ဂိတ်ကလူတွေကို ပါးရိုက်ပြီး၊
မင်းတို့ လုံခြုံရေးအသုံးမကျလို့ ခု အပေါ်မှာ ထောက်လှမ်းရေး ဝင်နေပြီ လို့ တမ်းပြောတာ။
သိတဲ့အတိုင်း ရန်ကုန်သား စကားကလဲ ကွဲ၊ ဆံပင်ပုံစံ၊ အဝတ်အစားပုံစံ၊ လမ်းလျှောက်တာက အစ ကွဲတယ် တဲ့။ မြိတ်က သူငယ်ချင်းတွေ ပြောပြခဲ့တာ။ အဲဒီလူ သူစိမ်းတွေ ဖြစ်တဲ့ ကျနော်နဲ့ ကိုရဲလင်း ထောက်လှမ်းရေးဘဝနဲ့ ခုနက လှံတွေ၊ မှိန်းတွေနဲ့ လူအုပ်ကြီး နဲ့ ရင်ဆိုင်ရှင်းခဲ့ရတာဖြစ်ပါတယ်။
ဖြစ်ချင်တော့ ကျနော်တို့ရဲ့ ကျောင်းသားကဒ်တွေက ကိုချို့အမေ အန်တီမရှုပ်ကို လေယာဉ်လက်မှတ်လုပ်ဖို့ ပေးထားကြတယ်။ ဘာအထောက်အထားမှ ပြစရာမရှိနဲ့။ မှတ်မှတ်ရရ သဲချောင်းဘက်ကတက်လာတဲ့ ဆန္ဒပြရွာသားတွေက သူတို့ရွာလာတရားဟောသွားတဲ့ ကျောင်းသားတွေလို့ ထောက်ခံပေးလို့သာ အသက်ဘေးလွတ်ခဲ့ကြတာ။
ဒီလိုထောက်လှမ်းရေးစွပ်စွဲခံရတာ သပိတ်စခန်းထဲမှာမှ မဟုတ်ဘူး။ သပိတ်လွန် မြိတ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး၊ ကျနော့်ကို ဖိတ်၊ အကြံအဉာဏ်ပေးပါဆိုတော့ ကျနော်က ကျောင်းသားသမဂ္ဂကို အထကကျောင်းသားလေးတွေနဲ့ပဲ ဖွဲ့စည်းသင့်ကြောင်းပြောပြခဲ့တယ်။ တကယ်လဲ မြိတ်အထက(၁) သပိတ်စခန်းထဲမှာ အထက အလက ကျောင်းသားတွေက အများစု အဓိက ပါဝင်ဦးဆောင်ခဲ့ကြတာ ဖြစ်တယ်။ သပိတ်ပြီး ကျောင်းသားသမဂ္ဂ ဆိုပြီး ဖွဲ့တော့ ၈၈၈၈ တိုက်ပွဲမှာ အဓိကဦးဆောင်ခဲ့တဲ့ အထက်တန်းကျောင်းသားလေးတွေ ဖယ်ထုတ်ပြီး ၈၈၈၈ ကာလက မြိတ်မှာ ရှိမနေတဲ့ မြိတ်က တက္ကသိုလ်ကျောင်းသားတွေနဲ့ ဖွဲ့ထားကြတယ်။
ဒီတော့ ကျနော်က ကျနော့်အမြင်ကို ရိုးရိုးကလေးပဲ ဖြောင့်ဖြောင့်ပြောခဲ့တယ်။
အဲဒီမှာ ပြဿနာဖြစ်တော့တာပဲ။
ကျနော့်ကို မြိတ်ကျောင်းသားသမဂ္ဂက ကိုသန်းဝင်း( ရန်ကုန်စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ် က) ဆိုတဲ့ တယောက် က မဆလ လေ့ကျင့်လွှတ်လိုက်တဲ့ ထောက်လှမ်းရေး လို့ စွပ်စွဲ ပြောဆိုတော့တာပါပဲ။
သူ့စွပ်စွဲချက်တွေက
၁။ ကျနော်ဟာ သိပ်ငယ်လွန်းပြီး၊ အရွယ်နဲ့ မလိုက်အောင် (အတန်းလည်း ငယ်သိတိုင်) နိုင်ငံရေး ကို သိနေ၊ တတ်နေတယ်။ ( နိုင်ငံရေးဆိုတာ စာသင်ခန်းထဲ သင်ရတာကျလို့)
၂။ ကျနော့်ပြောဆိုချက်ထဲမှာ ကျနော်ဟာ ဒုတိယနှစ် ဗိသုကာ လို့ ပြောတယ်။ အာရ်အိုင်တီမှာ စက္ကန်းရီးယားအောင်မှ မေဂျာခွဲတာ လွဲနေတယ် တဲ့။ ( အမှန်က ဖစ်သ်ရီးယားသာ သူရောက်နေတာ၊ အာခီဟာ စက္ကန်းရီးယား ထဲက ခွဲတာကို သူမသိတာ၊ မခက်ဘူးလား)
ဆိုတော့ကာ အဲဒီတုန်းက ကျနော်တို့ ABPY နဲ့ မြိတ်ကျောင်းသားသမဂ္ဂ နဲ့ တလျှောက်လုံးကို အဆင်မပြေခဲ့ဘူး။
ဒါတွေကို ခုပြန်ပြောနေတာ ဆက်ရန်ဖြစ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အသက်တွေလည်း ကြီးကုန်ကြပြီပဲ။ ပြန်ပြောပြီး ရယ်ပွဲဖွဲ့ကြဖို့၊ သင်ခန်းစာ ယူကြဖို့ပါ။
ကျနော်တို့အဖွဲ့မှာ ကျောင်းသားတွေ ချည်း မဟုတ်ဘဲ၊ လူငယ်တွေ အဓိက စုစည်းခဲ့တယ်။ ၈၈၈၈ မှာ ပါခဲ့ပြီး ကျောင်းသားမဟုတ်လို့ ဘေးထုတ်ခံခဲ့ရတဲ့ လူငယ်မှန်သမျှ ကျနော်တို့ဆီ ပါခဲ့တဲ့ အတွက် အင်အားအထူးတောင့်တင်းခဲ့တယ်။
၈၈ ကာလ သမဂ္ဂ မဟုတ်တဲ့ လူငယ်ကျောင်းသားအဖွဲ့အစည်းတွေ အများစုဟာ လူကြီးပါတီတခုခု ရဲ့ လက်ခွဲ လူငယ်အဖွဲ့ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဝါရင့် နိုင်ငံရေးသမားကြီးတဦးဦး ရဲ့ သြဇာခံ ကျောထောက်နောက်ခံပြု ဖွဲ့စည်းထားတာ ဖြစ်တတ်ပါတယ်။
လွတ်လပ် အမှီခိုကင်းတဲ့ လူငယ်ကျောင်းသားပါတီ ရှားပါတယ်။
ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ဟာ အဲဒီလို ရှားရှားပါးပါး လူငယ်ကျောင်းသားအဖွဲ့အစည်းတရပ် ဖြစ်ခဲ့တယ်။
ကျနော်တို့လူငယ်တွေကို ပြောချင်တာ နိုင်ငံရေးမှာ အသုံးချခံ မဖြစ်ဖို့ပါ။ ABPY ဟာ လူငယ်ကျောင်းသားတွေ မိမိတို့သဘောဆန္ဒနဲ့ ဖွဲ့စည်းထူထောင်ပါဝင်ခဲ့ကြသလို၊ ဘယ်လူကြီး၊ ဘယ်နိုင်ငံရေးသမားရဲ့ သြဇာမှ မခံ၊ အသုံးချ မခံခဲ့ဘူး။
စာတော်တော်ရှည်နေပြီမို့၊ နောက်မှ ကျနော်တို့ ကြုံခဲ့ရတဲ့ ဝါရ့င့်နိုင်ငံရေးစားဖားတွေရဲ့ အသုံးချဖို့ ကြိုးစားခဲ့တာတွေ၊ ရှောင်ရှားခဲ့ရတာတွေ ဆက်ရေးပါဦးမယ်။
လက်ရှိနိုင်ငံရေးဆက်လုပ်နေကြတဲ့ လူငယ်တွေ သင်ခန်းစာ ရ စေချင်လို့ပါ။
အောင်ဇော်မင်း
( ချိုတူးဇော်)

No comments: