ဆီးပင်တန်းညီလာခံ
နှစ် ၂ဝ ကျော်ကြာပြီးတဲ့နောက် အချက်လက် အတော်များများကို ပြန်မှတ်မိဖို့ ကျနော်မနည်း ကြိုးစားနေရပေမယ့် KNU နယ်မြေ ကော်မတီဖွဲ့တဲ့နေ့ကို စဉ်းစားရင်း အလိုလို သတိရနေတာကတော့ “ကျောက်စရစ် မာခေါင်ခေါင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာပမာ” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
အဲဒီ စကားလုံးရဲ့ ပိုင်ရှင်ကတော့ သံလွင်စခန်းရဲ့ ကိုယ်စားလှယ် (နောက်ပိုင်း ၂၀၉ တပ်ရင်းမှူးနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ) ကိုသိန်းဆန်းဖြစ်ပြီး လက်ရှိဗဟိုကော်မတီ အောက်ခြေလွတ်နေပုံကို ဝေဖန်ထောက်ပြ လိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဝေဖန်ပြောဆိုချက်တွေဟာ ထိရောက်ပေမယ့် သူများကို ပြောခွင့်မပေးဘဲ၊ သူချည်း နင်းကန်ပြောနေလို့ သဘာပတိက မကြာခဏ တားနေရပါတယ်။ ဒါပေမယ့် ရှေ့မှာ တင်ပြခဲ့တဲ့ အတိုင်း အရည်အချင်း ရှိလွန်းလို့ မဟုတ်ဘဲ ခွဲတမ်းအရ
ကိုယ်စားလှယ် ပါလာတဲ့ ကျနော့် ခမျာတော့ ကိုသိန်းဆန်းကိုကြည့်ပြီး ငါလည်း သူ့လို ပြောနိုင်အောင် လေ့ကျင့်ဖို့ လိုနေသေးပါလား ဆိုတာကို သတိရစေပါတယ်။
ဘာကြောင့်လဲဆိုရင် အဲဒီအချိန်ထိ ကျနော်ဟာ နိုင်ငံရေး စကားလုံးတွေကို သူများနားဝင်အောင် ပြောတတ်သူ မဟုတ်သေးလို့ပါ။ လူရှေ့မှာ စကားပြောရတာကိုလည်း အလေ့အကျင့်က မရှိသေးတော့ ခြေတုန်လက်တုန် ဖြစ်နေဆဲပါ။
နယ်မြေကော်မတီအတွက် ကျနော်တို့ အစည်းအဝေးလုပ်တဲ့ နေရာကတော့ ခုနက DAB အစည်းအဝေး လုပ်ရာ အဆောက်အအုံရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းက မူလတန်း ကျောင်းလေးမှာ ဖြစ်ပါတယ်။ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ အဲဒီကျောင်းလေးရဲ့ နဘေးမှာ ဆီးပင်တန်းလေး ရှိတဲ့အတွက် ဆီးပင် တန်းကျောင်းလို့ အလွယ် မှတ်ထားပါတယ်။
ဖွင့်ပွဲနေ့မှာ အမှာစကား လာပြောသူတွေကတော့ DAB ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ကချင်လွတ်လပ်ရေး တပ်မတော် (KIO) ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း၊ KNU ဒု ဥက္ကဋ္ဌ ဖဒိုသန်းအောင်နဲ့ ရဟန်းပျိုအဖွဲ့က အရှင် ခေမာစာရတို့ ဖြစ်ပါတယ်။ နောက်တခါ ဒေါက်တာ စင်သီယာမောင်လည်း ကျနော်တို့ အစည်းအဝေးကို တက်တယ်လို့ အမှတ်ရနေပါတယ်။ ဒေါက်တာစင်သီယာမောင်ကို ကျနော်တို့ နယ်မြေကော်မတီမှာ ကျန်းမာရေး တာဝန်ခံအဖြစ် တာဝန်ပေးဖို့ အဆိုပြုခဲ့ပေမယ့် သူက လက်မခံဘဲ တသီးပုဂ္ဂလ အဖြစ်နဲ့သာနေပြီး အတတ်နိုင်ဆုံး ကူပေးမယ်လို့သာ ပြောခဲ့တယ်လို့ ထင်ပါတယ်။
ဧည့်သည်တော် ဥက္ကဋ္ဌ ဘရန်ဆိုင်းနဲ့ ဖဒိုသန်းအောင်တို့ ဘာတွေပြောသွားသလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပေမယ့်
စတိုင်ကျလှတဲ့ ဘရန်ဆိုင်းရဲ့ ပုံကိုတော့ အခုအချိန်ထိ စိတ်ထဲမြင်ယောင်နေဆဲ ဖြစ်ပါတယ်။ မရန်ဘရန်ဆိုင်းကို အခုမှ လူကိုယ်တိုင် တွေ့ဖူးပေမယ့် တကယ်တော့ သူဟာ တောမခိုခင် သတင်းစာထဲမှာ ကျနော်တွေ့ဖူးတဲ့ တဦးတည်းသော သူပုန်ခေါင်းဆောင် ဖြစ်ပါတယ်။
ဘရန်ဆိုင်းနဲ့အဖွဲ့ ဂျာမနီနဲ့ ဥရောပနိုင်ငံတွေဆီသွားပြီး မြန်မာ့နိုင်ငံရေး အခြေအနေကို ရှင်းပြခဲ့တယ် ဆိုတဲ့ သတင်းဆောင်းပါး တပုဒ်ကို ၁၉၈၆ ခုနှစ် ၀န်းကျင်ကထုတ်ဝေခဲ့တဲ့ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာမှာ ကျနော် ဖတ်ခဲ့ဖူးပါတယ်။
အနောက်တိုင်းဝတ်စုံကို အသေအချာဝတ်ထားတဲ့ ဘရန်ဆိုင်းရဲ့ ဓာတ်ပုံနဲ့တွဲပြီး အဲဒီ သတင်းကို ဖော်ပြထားတာတွေ့တော့ မြန်မာသူပုန်တွေလည်း ဒီလိုနိုင်ငံခြား သွားလို့ရသလား၊ ဒီလိုရှင်းပြနိုင်တဲ့ အရည်အချင်းမျိုး သူပုန်တွေမှာ ရှိသလားဆိုပြီး ကျနော် စဉ်းစားမိပါသေးတယ်။
အဲဒီကာလဟာ တက္ကသိုလ် ကျောင်းသားနဲ့ တောခိုဖို့ကိစ္စ ဘာမှ အဆက်အစပ် မရှိသေးပေမယ့် ဘရန်ဆိုင်းရဲ့ သတင်း ဓာတ်ပုံပါတဲ့ သတင်းဟာ ကျနော့်အတွက်တော့ သူပုန်တွေအပေါ် ပထမဆုံး စိတ်ဝင်စားစေတဲ့ သတင်းတပုဒ် ဖြစ်ခဲ့
ပါတယ်။
ဒီနေ့ အခမ်းအနားကို ရောက်လာတဲ့အချိန်မှာလည်း သူ့ပုံစံက ကျနော်တွေ့ဖူးတဲ့ သတင်းစာထဲက ပုံနဲ့ သိပ်မကွာပါဘူး။
အနောက်တိုင်း ၀တ်စုံနေရာမှာ ဖက်စိမ်းရောင် KIA စစ်ယူနီဖောင်းနဲ့ စစ်ဘက် အဆောင်အယောင်တွေက နေရာယူ ထားပါတယ်။ အင်္ကျီအဖြူမှာ နက်ကတိုင်စည်းပြီး အဲဒီအပေါ်ကမှ စစ်ယူနီဖောင်းကို သေသေသပ်သပ် ၀တ်ဆင်ထားတဲ့၊
ဘယ်ဘက် လက်သူကြွယ်မှာ လက်စွပ်အကြီးကြီးတခု စွပ်ထားတဲ့၊ အရပ် ထောင်ထောင်မောင်းမောင်း အသားဖြူဖြူနဲ့ ဘရန်ဆိုင်းရဲ့ပုံဟာ မြန်မာရုပ်ရှင်တွေထဲမှာ မြင်နေကျ သူပုန်တွေနဲ့ သိပ်မတူသလို ဖြစ်နေပါတယ်။
တော်လှန်ရေးကာလတလျှောက် ကျနော်တွေ့ဖူးသမျှ သူပုန်ခေါင်းဆောင် တွေထဲမှာတော့ ဘရန်ဆိုင်းဟာ စမတ်အကျဆုံး ခေါင်းဆောင်တဦး ဖြစ်ပြီး မာနယ်ပလောက ကချင်ကုန်းမှာ တွေ့ဖူးခဲ့တဲ့ KIA ရဲဘော်တွေဟာလည်း စမတ်အကျဆုံး ရဲဘော်တွေအဖြစ် သတိထားမိပါတယ်။
ဘရန်ဆိုင်းနဲ့ ဖဒိုသန်းအောင်တို့ပြောတဲ့ စကားလုံးတွေကို မမှတ်မိတော့ဘူး ဆိုပေမယ့် အခြေခံအားဖြင့်ကတော့
ကျောင်းသားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အစိုးရကို တော်လှန်ကြဖို့၊ အဲဒီလို တော်လှန်တဲ့အခါမှာ တပ်ပေါင်းစုအတွင်းကနေ လှုပ်ရှားကြဖို့ ဆိုတဲ့ ၂ ခုကိုတော့ မှတ်မိနေပါတယ်။ ဒီလိုပြောရတာကလည်း ကျနော်တို့ KNU နယ်မြေကော်မတီ ဖွဲ့တာကို ဗဟိုနဲ့ စင်ပြိုင်ဖွဲ့တဲ့သဘော၊ ကျောင်းသား တွေကြား တယောက်တဖွဲ့ ဖြစ်နေတဲ့သဘောလို့ အထင်ရှိနေတဲ့ အတွက်လို့ ကျနော်ကတော့ သံသယ ၀င်မိပါတယ်။
သူတို့ထင်မယ်ဆိုလည်း ထင်စရာပါပဲ။ အခု ကျနော်တို့ရဲ့ နယ်မြေကော်မတီ အစည်းအဝေးဆီ ဗဟိုကော်မတီ တဦးမှ လာမတက်သလို၊ အဲဒီလူတွေ ဘယ်နားနေမှန်းတောင် ကျနော်တို့ မသိကြသေးပါဘူး (ABSDF ဗဟိုဟာ ၁၉၈၉ ခုနှစ် ဒုတိယ ညီလာခံအပြီးမှာမှ မာနယ်ပလောက လောကွားလူကုန်းမှာ ရုံးခန်းဖွင့်နိုင်ခဲ့ပြီး အဲဒီမတိုင်ခင်အထိ တိကျတဲ့ ရုံးခန်းမရှိခဲ့ဘူးလို့ ထင်ပါတယ်) နောက်တခါ ကျနော်တို့ကြား အငြင်းပွားနေတဲ့ နောက် အချက်တခုကတော့ ငါတို့ကျောင်းသားတွေက
သူပုန်တွေနဲ့ပေါင်းပြီး DAB ထဲဝင်တာ မှန်ရဲ့လား၊ ငါတို့ကိုပါ အများက သူပုန်လို့ ထင်သွားမလား ဆိုပြီးစိုးရိမ်သူတွေလည်း
ရှိနေဆဲဖြစ်ပါတယ်။ တကယ်ကတော့ ကိုယ့်ဟာကိုယ် သူပုန်ဖြစ်လို့ ဖြစ်မှန်း မသိသေးတဲ့ ကျနော်တို့ဘ၀ပါ။
ကျနော် နောက်ပိုင်း ပြန်စဉ်းစားမိတာကတော့ ဒီစိုးရိမ်ချက်ဟာ အလကားနေရင်း ထွက်ပေါ် လာတာမျိုးမဟုတ်ဘဲ
မြို့ပြက လာသူတွေရဲ့ အစဉ်အလာအရ စိုးရိမ်နေပုံ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလိုမျိုး စိုးရိမ်မှုကို ၁၉၉ဝ ရွေးကောက်ပွဲ အပြီးမှာ နယ်စပ်ထွက်လာတဲ့ ဒေါက်တာစိန်ဝင်းတို့ အမျိုးသားညွန့်ပေါင်း အစိုးရ ဖွဲ့ကာစမှာလည်း တခါကြုံဖူးလို့ ဖြစ်ပါတယ်။ ရွေးကောက်ခံ အမတ်တွေနဲ့ လက်နက်ကိုင်သူပုန် ခေါင်းဆောင်တွေပေါင်းပြီး အစိုးရ ဖွဲ့လို့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် လွှတ်တော်အမတ်ချည်း သက်သက်နဲ့ အစိုးရ ဖွဲ့လိုက်တာက သက်သေ ခံနေတယ်လို့ ကျနော်ယူဆ မိပါတယ်။
ဒီလို စိုးရိမ်မှုတချို့ ရှိနေပေမယ့်လည်း မူအရတော့ တပ်ပေါင်းစုထဲ ပါတာကို ဘယ်သူမှ တရားဝင် ကန့်ကွက်တာမျိုး မရှိပါဘူး။ နောက်တခါ ABSDF ဗဟိုအတွင်းရေးမှူး ကိုသန်းဝင်းကိုလည်း DAB ရဲ့ တွဲဘက် အတွင်းရေးမှူး နေရာမှာ တာဝန်ပေးထားတဲ့ အတွက် နောက်ပိုင်းမှာတော့ DAB စစ်ကြောင်းတွေကို စတင် လုပ်ဆောင် လာနိုင်တာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခု လောလောဆယ် ကျနော်တို့ နယ်မြေကော်မတီ ဖွဲ့ကာစအချိန်မှာတော့ ဗဟိုကော်မတီအပေါ် ကျနော်တို့က အမြင် သိပ်မကြည် ကြပါဘူး။
ဗဟိုဌာနချုပ် ဘယ်မှာရုံးထိုင်လို့ ဘယ်လိုဆက်သွယ်ရမှန်း မသိ၊ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ရှေ့နေ ဦးကျော်လင်း တဦးကလွဲပြီး ဘယ်ဗဟို ခေါင်းဆောင်တဦးနဲ့မှ ကျနော်တို့ စကားမပြောရသေး၊ ဒီလိုနဲ့ အပြန်အလှန်ငြင်းခုံကြရင်း ၃ ရက်လောက် ဆွေးနွေးအပြီးမှာတော့ KNU နယ်မြေကော်မတီကို တရားဝင် ရွေးချယ်တင်မြှောက် လိုက်ပါတယ်။
ဥက္ကဋ္ဌအဖြစ် ကျနော်တို့စခန်းက ကိုကျော်ကျော်၊ ဒု ဥက္ကဋ္ဌအဖြစ် သံလွင်စခန်းက ကိုမောင်မောင်တိတ်၊ အတွင်းရေးမှူးအဖြစ် သီဘောဘိုး စခန်းက ကိုခင်မောင်စိုးတို့ဖြစ်ပြီး ကျန်တဲ့တာဝန်တွေကို ကျနော် အတိအကျ မမှတ်မိတော့ပါဘူး။
မှတ်မိသလောက်ကို တင်ပြရမယ်ဆိုရင်တော့ နိုင်ငံခြားရေး ဌာနအတွက် ကျနော်တို့စခန်းက ဦးအောင်ခင်က တာဝန်ခံ၊ ကိုအောင်သန်းဝင်းနဲ့ ကလက်ဒေးက ထိုင်းစကား ကျွမ်းကျင်တဲ့ ကိုဝင်းမြင့် (အခု BBC) တို့က အဖွဲ့ဝင်တွေဖြစ်ပါတယ်။
စည်းရုံးရေးနဲ့ ပြန်ကြားရေးအတွက် သံလွင်စခန်းက ကိုသိန်းဆန်းနဲ့ ကလက်ဒေးက ကိုအာယု၊ ထောက်ပံ့ရေး ဌာနအတွက် သံလွင်စခန်းက ကိုအောင်သူနဲ့ စောထက ကိုခင်ဇော်၊ လုပ်ငန်း စစ်ဆေးရေးအတွက် ကျနော်နဲ့ ၀မ်ခစန်း ကိုသိန်းလွင်၊ ကျန်းမာရေးဌာနအတွက် ကလက်ဒေးက ဒေါက်တာကျော်သက်ဦးနဲ့ ၀မ်ခက ကိုသိန်းထွန်းတို့ ဆိုတာကို ကျနော် အမှတ်ရနေပါတယ်။
သီဘောဘိုးစခန်းက ကိုတင်းဌေးကို တွဲဘက်အတွင်းရေးမှူးအဖြစ် အမှတ်ရနေပေမယ့် အဲဒါဟာ စဖွဲ့စဉ် ကတည်းက ရွေးတာလား၊ နောက်ပိုင်း လစ်လပ်နေရာအတွက် ထပ်ရွေးတာလား ဆိုတာကို မမှတ်မိဘဲ ဖြစ်နေပါတယ်။ လူစာရင်းနဲ့ တာဝန်အတိအကျ သိနိုင်ဖို့ ABSDF ဗဟိုမှတ်တမ်းဌာနကို မေးမြန်းထားပေမယ့် အခုအချိန်အထိ မရသေးပါဘူး။ အမည်၊
တာဝန်အမှားအယွင်းနဲ့ ကျန်ခဲ့တာများရှိရင် တောင်းပန်ပါတယ်။
ကော်မတီ ရွေးချယ်မှုပြီးပြီးချင်း ပထမဆုံး ကြုံရတာကတော့ ကျနော်တို့ကို တည်းခိုခွင့် ပေးထားတဲ့၊ သားနားလှတဲ့ အဆောက်အအုံ ဆီကနေ ထွက်ခွာ ပေးရမှာ ဖြစ်ပြီး သောင်ရင်းမြစ် ဘေးနားက ဘားတိုက်ငယ်တခုမှာ ကျနော်တို့ အဖွဲ့ ရုံးစိုက်ရပါတယ်။ ရုံးစိုက်တယ် ဆိုပေမယ့် ရုံးပစ္စည်း ဘာမှမရှိပါဘူး။ စားဖို့အတွက်လည်း ငွေတပြားမှ မရှိပါဘူး။ ဒါပေမယ့်
ကုန်သွယ်ရေး လမ်းကြောင်းနဲ့ကပ်နေတဲ့အပြင် အပေါင်းအသင်းတွေလည်း အတော် ရနေပြီ၊ လူရည်လည်း အတော်လည်နေပြီ ဖြစ်တဲ့အတွက် ဘန်းချောင်းဒေသမှာ နေစဉ်ကလို မျိုးတော့ ထမင်း မငတ်တော့ပါဘူး။
ထမင်းမငတ်ဘူးဆိုပေမယ့် လဖက်ရည်ငတ်တာကလည်း အတော် ဆိုးပါတယ်။ ဘန်းချောင်းနဲ့ မောင်တော်စခန်းမှာ လဖက်ရည်ဆိုင်လည်း မရှိ။ တခြားဆိုင်လည်း ဘာမှမရှိတဲ့အတွက် ငတ်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ဒါပေမယ့် ကလက်ဒေးမှာ ကတော့ ရွာထဲမှာ လဖက်ရည်ဆိုင်ရော၊ တခြားစားသောက်ဆိုင် တွေပါ စုံနေတဲ့အတွက် ရွာထဲဝင်တိုင်း
လဖက်ရည် သောက်ချင်တာ ပါးစပ်ကိုယားနေတာပါပဲ။ တနေ့မှာတော့ ဘယ်သူတွေက ချွေ (ထိုင်းအခေါ် အကူအညီ ပေးတာပါ။ ကျောင်းသားတွေကြား အသုံးများပါတယ်) သွားလဲမသိတဲ့ ဘတ် ၁၀၀ လောက်နဲ့ ကျနော်တို့ ကော်မတီ အသစ်စက်စက်လေးဟာ ကော်ဖီတခွက်စီနဲ့ ခါဂျာမုန့် တခုစီကို ၀ယ်စားခွင့် ရခဲ့ပါတယ်။ နောက်တခုကတော့
ကျနော်က ဆေးလိပ်မသောက်လို့ အဲဒီကိစ္စအတွက် သိပ်ပြဿနာ မရှိပေမယ့် ဆေးလိပ်သောက်သူတွေ ခမျာတော့ ဆေးလိပ်ငတ်တဲ့ ဘေးကလဲ အတော်ဒုက္ခများတယ်လို့ ဆိုပါတယ်။ ကျနော်တို့ ဥက္ကဋ္ဌသစ် ကိုကျော်ကျော်နဲ့
ဆေးလိပ် သောက်တဲ့ ရဲဘော်တချို့ဟာ ကရွန်းထစ်ကိုလည်း မကိုင်နိုင်၊ ယာစင်းကိုလည်း အထုပ်လိုက်မ၀ယ်နိုင်တော့ ဆေးတံသောက်တဲ့ စတိုင်တခုကိုထွင်ပြီး အဖိုးကြီးပုံစံနဲ့ ဆေးတံကိုက်လို့ ရွာထဲလှည့်ခဲ့တာကို ကျနော်မှတ်မိနေပါတယ်။
ကျနော်မြင်ရသလောက် ဆိုရင် တယောက်ယောက်ကများ ကရွန်းထစ် ဆေးလိပ်တလိပ် ပေးသွားရင် အဲဒါကို တယောက်တလှည့် အလုအယက် ၀ိုင်းဖွာ၊ ယာစင်းနဲ့ ပွတ်ချွန်းကိုလည်း မီးခိုး ထွက်တဲ့နေရာကို မှန်းဆသွားရှာနဲ့
အတော် အခြေနေဆိုးပါတယ်။ အဲဒီအချိန်က ကျောင်းသားတွေကြား ဟာသ တခုတောင် ထွက်ပေါ်ခဲ့ ပါသေးတယ်။ အဲဒါကတော့ ဆေးလိပ် သမားတွေဟာ မီးခိုးထွက်တဲ့နေရာကိုရှာ၊ လက်ညှိုးနဲ့ လက်ခလယ်ကြား ဆေးလိပ် ညှပ်ထားပုံ ရတဲ့ သူမှန်သမျှကို ရှာရင်းနဲ့ နောက်ဆုံးတော့ အပေါ့သွားနေသူနဲ့ ဆေးလိပ်သောက်သူကို မှားပြီး ဆေးလိပ် သွားတောင်းတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ ပြက်လုံးပါ။
မော်ဒယ်လ်သူပုန်နဲ့ ထူးအိမ်သင်ရဲ့ ဂီတပွဲတော်
ကျနော်ပြောတဲ့အထဲ အဆင်မပြေမှုတွေ သိပ်များနေလို့ စာဖတ်ပရိသတ် စိတ်ညစ်နေပြီထင်ပါတယ်။ တကယ်ကတော့
တချိန်လုံး အဆင်မပြေ ဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။ အဲဒီ ကလက်ဒေးခစန်းမှာ ကျနော် မော်ဒယ်လ် လုပ်ခွင့် ရတယ်ဆိုရင် ပရိသတ်ယုံပါ့မလားဘဲ။
သောင်ရင်းမြစ် ဘားတိုက်အဟောင်းလေးကို ရုံးသစ်လို့ နာမည်ပေးလိုက်ပြီး အဲဒီနေရာကို ရောက်ပြီးတဲ့ နောက်တရက်မှာ ထင်ပါတယ်။ ရှေ့နေ ဦးကျော်လင်းနဲ့ အတူတွဲနေတဲ့ ရှေ့နေ ဦးမြင့်အေးက ကျနော့်ကို မော်ဒယ်လ်လုပ်ဖို့ ကမ်းလှမ်း လာတာပါ။
မော်ဒယ်လ်ဆိုလို့ စင်မြင့်ပေါ်တက်ပြီး လမ်းလျှောက်ပြမယ့်သူလို့တော့ မထင်လိုက်ပါနဲ့။ ABSDF အတွက် ပို့စ်ကတ် ထုတ်ချင်တယ်၊ အဲဒီအတွက် မင်းသရုပ်ဆောင် ပေးနိုင်မလားလို့ မေးတာပါ။
“ရတာပေါ့ ဒီလောက်ကတော့ ဘာခက်တာမှတ်လို့” ဆိုပြီး ကျနော်ကပြောတော့ ကလက်ဒေးစခန်းက ထုတ်ပေးထားတဲ့
ပြောက်ကျား ယူနီဖောင်းအသစ်တစုံ၊ စစ်ဖိနပ်နဲ့ M 16 သေနတ်တလက်ပေးပြီး ကျနော်တို့ ဘားတိုက်ရှေ့က ချုံတန်းလိုလို၊ ပန်းခြံလိုလိုရဲ့ရှေ့မှာ တိုက်ပွဲအတွင်း နေရာယူတဲ့ပုံနဲ့ မိကျောင်းတွားတက်တဲ့ပုံ ဓာတ်ပုံ အရိုက်ခံရပါတယ်။
ကျနော့်ကို ရိုက်ရတာ သိပ်မဆင်မပြေလို့လား၊ နဂိုကတည်းက အမျိုးသားတဦး၊ အမျိုးသမီးတဦး ရိုက်ဖို့ စီစဉ်ထားတာ လားတော့မသိပါဘူး၊ ကျနော့်ကို ခဏစောင့်ခိုင်းထားပြီး ကလက်ဒေးစခန်းက အလှဆုံး ကျောင်းသူတဦးဖြစ်တဲ့ မစန်းစန်းချိုကို အထက ကျောင်းသူပုံစံ အဖြူအစိမ်းဝတ်ပေး၊ ရိုးရိုးညှပ်ဖိနပ်ကို စီးခိုင်းပြီး M 16 ပေးကိုင်ပြီးတော့ ဆက်ရိုက်ပါတယ်။
သူ့ကိုတော့ ကျနော့်လို တိုက်ပွဲတွင်း နေရာယူခိုင်းတာမျိုးမဟုတ်ဘဲ မဆလ စစ်သားတွေရဲ့ စစ်ခမောက်တလုံးကို သစ်ငုတ်တို ခြေရင်းမှာချ၊ အဲဒီအပေါ်မှာမှ သူ့ရဲ့ ခြေထောက်တဖက်ကို တင်ခိုင်းပြီး M 16ကို မိုးပေါ်ထောင်ထားတဲ့ပုံနဲ့ ရိုက်လိုက်တာ အတော်အိုကေသွားပြီး အဲဒီပုံကို အားလုံးကကြိုက်တဲ့အတွက် ပို့စ်ကတ်အဖြစ် သတ်မှတ်ရွေးချယ် လိုက်ပါတယ်။ ကျနော်က
တော့ အရံမော်ဒယ်လ် ဖြစ်သွားတယ် ဆိုပါတော့။
ရှေ့နေကိုမြင့်အေးရဲ့ မှတ်ချက်အတိုင်း ဆိုရင်တော့ “မောင်ရင်က စစ်သားပုံလည်းပေါက်တယ်။ဘော်ဒီ စထရက်ချာကလည်း မိုက်တယ်။ ဒါပေမယ့် တိုက်ပွဲတွင်းနေရာယူတဲ့ ပုံစံက ရန်သူကိုပြန်တိုက်မယ့် ပုံမပေါက်ဘဲ ရန်သူ့ကျည်မှန်ပြီး ကျသွားတဲ့ပုံ ပေါက်သွားလို့ပါ” တဲ့။
ကျနော် မအောင်မြင်လိုက်တဲ့ မော်ဒယ်လ်ရွေးပွဲ အပြီးမှာတော့ သီချင်းဆိုပွဲ တခု ထပ်ကျင်းပဖို့ ကျနော်တို့ စီစဉ်ပြန်ပါတယ်။ တကယ်ကတော့ စီစဉ်တာ မဟုတ်ပါဘူး။ အချိန်က ဒီဇင်ဘာနှောင်းပိုင်း ခရစ္စမတ် ရာသီရောက်လာပြီ ဖြစ်တဲ့အတွက် ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ တနေကုန် မအားမလပ်ဖြစ်နေတဲ့ ကျနော်တို့ဟာ ခရစ္စမတ် ရာသီမှာတော့ အဲဒီ မရှိတဲ့ အလုပ်ကို ခဏနားပြီး ဂစ်တာငှား၊ သီချင်းတိုက်၊ ကယ်ရယ်စင်းဂင်း (carol singing) ထွက်ဖို့ပြင်ကြတာပါ။
ထားဝယ်မှာနေစဉ် ၂၄ နှစ်တာ ကာလလုံးလုံး ခရစ္စမတ်ပွဲ တခါမှ မနွှဲဘူးတဲ့ တောသားကျနော်ဟာ ဝေလေလေ အခန်းကနေ အားဖြည့်ပေးသူသာ ဖြစ်ပြီး တကယ် တီးခတ်သူကတော့ ဂစ်တာသမား ဥက္ကဋ္ဌကိုကျော်ကျော်နဲ့ အဖွဲ့ ဖြစ်ပါတယ်။
“ဤအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော် … ရောက်စေသော။ ဤအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော။
ရောက်စေသော။ ဟားလေးလူးယား … ဟားလေးလူးယား” စသဖြင့် ရသမျှ ခရစ္စမတ်သီချင်းတွေကို ဆိုပြီး ကလက်ဒေး ရွာထဲမှာ ကျနော်တို့ လှည့်လည်ခဲ့ပါတယ်။ အဲဒီနေ့တွေမှာ ဘုရားကျောင်းအတွက် အလှူငွေ ထည့်နိုင်ခဲ့သလို ၀ါးတီး ကိစ္စလည်း အတော်အဆင်ပြေ ခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။
ခရစ္စမတ်ပွဲပြီးလို့ နှစ်သစ်ကူးပွဲမှာတော့ ထူးထူးခြားခြား ကိုထူးအိမ်သင်နဲ့ ကိုမွန်းအောင်တို့ကိုယ်တိုင် သီဆိုတီးခတ်တဲ့
ဂီတစင်မြင့်ပွဲကို ကလက်ဒေးမှာ ကျနော်နွှဲလိုက်ရပါတယ်။
နာရီပေါ်ကမျက်ရည်စက်များ၊ အမေ့အိမ် စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးနေတဲ့ ထူးအိမ်သင်နဲ့ မိုးလုံးမှိုင်း၊ ၂/ ၈၂ အင်းလျား သီချင်းတွေနဲ့ နာမည်ကြီးနေတဲ့ တက္ကသိုလ်ဝန်းကျင်က အဆိုတော် ၂ ဦးကို ဒီလိုတောထဲမှာ တွေ့ရလိမ့်မယ်လို့ ကျနော် လုံးဝ ထင်မထားခဲ့ပါဘူး။ သူတို့ ၂ ဦးဟာ သီဘောဘိုးနဲ့ ၀မ်ခ (ကော့မူးရာ) မှာ ကျင်းပတဲ့ ပထမအကြိမ် ABSDF အစည်းအဝေးနဲ့ ညီလာခံတွေကို လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြသူတွေ ဖြစ်ပြီး အတော်ထူးခြားတဲ့ တောခိုသူပုန် အဆိုတော်တွေ ဖြစ်ပါတယ်။
နာမည်ကြီး အဆိုတော်တွေ ဖြစ်တဲ့အပြင် သူတို့ရဲ့သီချင်းစာသားကိုလည်း ကျနော်က အတော်ကြိုက်တာကြောင့် သူတို့ သီဆိုတဲ့ပွဲကို ကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာ အတော်ပျော်ရွှင်မိပါတယ်။
နှစ်သစ်ကူးပွဲအပြီးမှာတော့ ကိုငှက်ကြီးခေါ် ထူးအိမ်သင်ဟာ အခြေအနေ အမျိုးမျိုးကြောင့် ရန်ကုန် ပြန်သွားပါတယ်။ အဲဒီနောက်ပိုင်း သူရေးစပ်သီဆိုတဲ့ သီချင်းတွေဟာ ပိုပြီးအဓိပ္ပာယ် လေးနက် လာတယ်လို့ ကျနော် ခံစားမိပါတယ်။ နောက်တခါ သူ ကလက်ဒေးကနေ မပြန်ခင်မှာ ရေးပေးခဲ့တဲ့ “အဆုံးသတ်တိုက်ပွဲ” သီချင်းဟာလဲ ကျနော်တို့ကြား အတော်ရေပန်းစား လူကြိုက်များခဲ့ပါတယ်။
“အရေးကြီးပြီ ညီနောင်အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့ …၊ ငါတို့ရဲ့သမိုင်းတခေတ်ကို ငါတို့ သွေးနဲ့ရေးခဲ့ပြီ … သွေး သစ္စာလဲပြခဲ့ပြီ”
“နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ … သေပစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ။ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည် … အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်”
ကိုထူးအိမ်သင်ရဲ့ စကားလုံးတွေဟာ ပြောင်မြောက်လှပြီး ကျောင်းသားတွေရဲ့ရင်ကို တိုက်ရိုက် လာမှန်တဲ့အတွက် နောက်ပိုင်းမှာတော့ ဒီသီချင်းဟာ ကျောင်းသားတပ်မတော်ရဲ့ စစ်ချီသီချင်းတောင် ဖြစ်လာခဲ့ပါတယ်။
ကိုမွန်းအောင်ကတော့ တောထဲမှာဆက်နေပြီး ၁၀၂ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်၊ နောက်ပိုင်းမှာတော့ မာနယ်ပလောက DVB တောတွင်း စတူဒီယိုမှာ တာဝန်ဆက်ထမ်းခဲ့ပါတယ်။ ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမွန်းအောင်ရဲ့ “ငြိမ်းချမ်းရေတိုက်ပွဲ” စီးရီးဟာ
တော်လှန်ရေးနယ်မြေမှာ အအောင်မြင်ဆုံး စီရီးတခုဖြစ်လာခဲ့ပါတယ်။
ခုနက ကိုထူးအိမ်သင်ရေးခဲ့တဲ့ အဆုံးသတ်တိုက်ပွဲဟာလည်း အဲဒီစီးရီးထဲမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပါတယ်။ အခုအချိန် မှာတော့ ကိုမွန်းအောင်က နော်ဝေးနိုင်ငံမှာ အခြေချနေထိုင်နေပြီး ကိုထူးအိမ်သင်ကတော့ ၂၀၀၄ ခုနှစ် ကတည်းက
ရန်ကုန်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
No comments:
Post a Comment