Tuesday, November 22, 2011

“စု” နှင့် မိတ်ဆက်ခြင်း (၁)

ဗမာ့သွေး စုဆောင်းထားသော ဓာတ်ပုံဖြစ်သည်။
ဒေါ်သန်းအေး ပညာတော်သင်အဖြစ် အင်္ဂဂလန်နိုင်ငံသို့ ရောက်ရှိနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ ဆုံခဲ့သည်။ ထို့နောက် သူမသည် ဒေါ်ခင်ကြည်၏ မိတ်ဆွေဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဘဝတစ်လျောက် လုံးတွင် ချစ်ခင်ရင်းနှီးသူ ဖြစ်သည်။ ဒေါ်သန်းအေးကို ထိုခေတ်က အဆိုတော် ‘ဘိလပ်ပြန်သန်း’ ဟု လူသိများခဲ့သည်။ ဆရာမအဖြစ် တာဝန် ထမ်းဆောင်ပြီးသောအခါ ကမ္တာ့ကုလသမဂ္ဂတွင် အမှူထမ်းသော ထမဦးဆုံး မြန်မာအမျိုးသမီး ဖြစ်လာသည်။ ကုလသမဂ္ဂတွင် နှစ်ပေါင်း (၂၅) နှစ်ကြာ အမှုထမ်းပြီးနောက် အငြိမ်းစားယူကာ ယခုအခါ သြစတြီးယားနိုင်ငံတွင် နေထိုင်လျှက် ရှိသည်။

**********

စတြာစ်ဘောက်မြို့  (Strasbourg) ဍ္ဍ် (၁၂) နိုင်ငံပါဝင်သော ဥရောပပါလီမန်သည် ၁၉၉၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် တည်ငြိမ်သိက္ခာရှိသော အထူးအစည်းအဝေးပွဲ ကျင်းပကာ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်စွာ တွေးခေါ်မှုအတွက် ၁၉၉၁ ခုနှစ် ဆာခါရော့ (Sakharov) ဆုကို ချီးမြှင့်လိုက်ပါသည်။ ယခင်နှစ်များက တောင်အာဖရိကမှ နယ်လ်ဆင်မန်ဒဲလား (Nelson Mandela)၊ ဆိုဗီယက်ပြည်ထောင်စုမှ အနာတိုလီမာချန်ကို (Anatoly Marchenko) နှင့် ချက်ကိုဆလိုဗက်ကီးယား နိုင်ငံမှ အလက်ဇန္ဒားဒုဗ်ချက် (Alexander Dubcek) တို့အား အလားတူ ဂုဏ်ပြုခဲ့ပါသည်။ ပါလီမန်ဥက္တဋ္ဌဖြစ်သူ ဘာရွန်ခရက်(စ်)ပို (Baron Crespo) က ခန့် ညားထယ်ဝါသော စပိန်ဘာသာစကားနှင့် မြွတ်ကြားလိုက်သော ကြေငြာချက်ကို ကျမတို့ နားကျပ်များထဲမှ ဘာသာပြန်ကာ အင်္ဂလိပ်စကားနှင့် ပြန်ပြောလိုက်သည်မှာ ‘ကျွန်တော်တို့သည် ဤဆုကို ရဲရင့်သော အာရှသူတစ်ဦးအား ချီးမြှင့်လိုက်ပါသည်။ ဤအမျိုးသမီး၏ အမည်သည် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီအတွက် အကြမ်းမဖက်သောနည်းနှင့် တိုက်ပွဲဝင်ခြင်းတို့ ဖြင့် ထပ်တူထပ်မျှပင် ဖြစ်ပါသည်’။ မိန့် ခွန်းအပြီး၌ ဥက္တဌကြီးသည် အခမ်းအနား စင်မြင့်ပေါ်တွင် ဖခင်နှင့်အတူ ထိုင်နေသော ကင်မ် (ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် မောင်ထိန်လင်း) အား ဆုလက်မှတ်ကို အပ်နှင်းလိုက်ခြင်းဖြင့် တိုတောင်သော်လည်း စိတ်လှုပ်ရှားဖွယ် အတိဖြစ်သော အခမ်းအနားကို နိဂုံးချုပ်လိုက်ပါသည်။ မိတ်ဆွေသူငယ်ချင်းများက ‘စု’ ဟု ခေါ်လေ့ရှိသော သူမသည်ကား ဤဆုကို ကိုယ်တိုင်လာရောက် လက်မခံနိုင်ရှာပါ။ သူသည် မြန်မာစစ်အစိုးရ၏ အကျဉ်းကျခံတစ်ဦးအနေနှင့် ရန်ကုန်မြို့၌ အထိန်းသိမ်းခံဘဝ ‘သုံး’ နှစ်မြောက် သက်တမ်းကို စတင် ရင်ဆိုင်လျက်ရှိပါသည်။

ဤဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သော စု၏ ဘဝလမ်းကြောင်းကို စဉ်းစားသုံးသပ်ရင်း ကျမကိုယ်ကျမ မေးခွန်းအမျိုးမျိုး ထုတ်နေမိပါသည်။  ”ဒါတွေဟာ ဘယ်လိုကဘယ်လို ဖြစ်လာတာပါလိမ့်၊ ဒီလိုအခြေအနေဆိုးတွေ၊ ဖိဆီးချုပ်ချယ်မှုတွေကို ခံနိုင်စွမ်းပေးတဲ့ ကြံ့ ခိုင်တဲ့စိတ်ဓာတ်ရဲ့ အရင်းအမြစ်ဟာ ဘာပါလိမ့်၊ ဘယ်ကများ ထွက်ပေါ်လာပါလိမ့်၊ ဘယ်လောက်ကြာဦးမယ်မသိအောင် ဆက်လက်ထိန်းသိမ်းခံ နေရဦးမှာနဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ကွင်းထဲ သူမ စွမ်းဆောင်ခဲ့သမျှ ကို စစ်အစိုးရက တမင်တကာ တိုက်ဖျက်နေတာတွေကို သူဘယ်လိုများ မြင်ပါလိမ့်။” သူမသည် ထိုဇတ်ကွင်းထဲသို့ ၁၉၈၈ ခုနှစ်ဍ္ဍ် နိုင်ငံရေးပါတီတရပ် တည်ထောင်စဉ်က ၀င်ရောက်ခဲ့ပါသည်။ သူမအား ဖမ်းဆီးလိုက်ပြီး (၁၀) လခန့်အကြာတွင် ကျင်းပခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌် ထိုပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါသည်။

ကျမ၏ အထင်အမြင်အရ၊ စု၏ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နှင့် အများနှင့်မတူ တမူထူးသော သဘော သဘာဝတို့၏ ခိုင်မြဲသော ဇစ်မြစ်သည် မေ့ပျောက်၍ မရနိုင်သော သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သတိရတမ်းတဖွယ်ရာ အရည်အချင်းများနှင့် သူမ၏ ထူးခြားသောမိခင် ဒေါ်ခင်ကြည်၏ ပြုစုပျိုးထောင်မှုတို့ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဇာတ်လမ်းသည် မြန်မာ့သမိုင်း၏ တစိတ်တပိုင်းဖြစ်၍ အများကသိပြီး၊ မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ (နောက်ဆုံးမှတ်တမ်းတရပ်ကို သူ့သမီးကိုယ်တိုင် ပြုစုခဲ့ပါသည်။) ဗြိတိသျှလက်အောက်ခံ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်တပ်မတော်နှင့်အတူ ရှေ့ဦးမှ ချီတက်မည့်ရဲဘော်သုံးကျိပ် ခေါင်းဆောင်အဖြစ် ဂျပန်တို့ထံမှ စစ်ပညာသင်ကြားခဲ့ပုံ၊ ဂျပန်တို့လက်အောက်ခံအဖြစ် နေခဲ့ရသော အတုအယောင် လွတ်လပ်ရေးကာလ နောက်ပိုင်း၌ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရန် ၀င်ရောက်လာသော မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံ၊ နောက်ဆုံး စစ်ပြီးခေတ်၌် လုံးဝလွတ်လပ်ရေး တောင်းဆိုချက်ကို ဗြိတိသျှတို့ လိုက်လျောရသည်အထိ အပတ်တကုတ် ကြိုးစားခဲ့ပုံ စသည်တို့ကို စာရေးဆရာအများက အသေးစိတ် ရေးသားတင်ပြပြီး ဖြစ်ပါသည်။ ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိကိုမူ စေ့စေ့ငှငှ မှတ်တမ်းတင်ထားခြင်း မရှိပါ။

ဗိုလ်ချုပ်နှင့် ပတ်သက်၍ ကျမ သတိရနေသော အချက်တချို့မှာ အထူး အောက်မေ့လွမ်းဆွတ် ဖွယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကိစ္စများကို အတ္တလီ (Attlee) အစိုးရနှင့် ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကာ ဗိုလ်ချုပ်ရောက်လာသော ၁၉၄၇ ခုနှစ် ဇန္န၀ါရီလမှာ အင်္ဂလန်နိုင်ငံ၌ အဆိုးဆုံးဆောင်းကာလ၏ ရာသီဒဏ်ကို အလူးအလဲခံနေရချိန် ဖြစ်ပါသည်။ လန်ဒန်မြို့လယ်၌ နှင်းစိုင်နှင်းခဲများသည် ရှင်းလင်း၍ မထားနိုင်လောက်အောင် ထူထပ်စွာပုံနေပြီး ကိုယ်စားလှယ်အဖွဲ့ တည်းခိုရာ ဒေါ်ချက်(စ်)တာဟိုတယ် (Dorchester Hotel) သွားလမ်းကိုပင် ပိတ်ဆို့လုမတတ် ဖြစ်နေပါသည်။ စစ်ပြီးခေတ် ခြိုးခြံစွာနေထိုင်ရေးစနစ်သည် အားလုံးအပေါ် သက်ရောက်မှုရှိသဖြင့် မြန်မာများလည်း အခြားလန်ဒန်တွင် နေထိုင်သူ လူအများနည်းတူ နေ့စဉ် နာရီပေါင်းများစွာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရသည့် ဒုက္ခကို ကောင်းကောင်းကြီး ရင်ဆိုင်နေရပါသည်။ ဟိုတယ်ခန်းများတွင် မီးသွေးမီး၊ ထင်းမီးတို့နှင့် ဟုန်းဟုန်းတောက် နေသော မီးလင်းဖိုကြီးများမရှိပါ။ သေးငယ်သော ဓာတ်လင်းဖိုကလေးများသာ ရှိပါသည်။ အနေရအထိုင်ရ မသက်သာလှသော အချိန်ဖြစ်သော်လည်း၊ မျှော်လင့်ခြင်းနှင့် စိတ်ဓာတ်တက်ကြွခြင်းတို့ မြင့်မားနေချိန်လည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် လန်ဒန်ရှိ မြန်မာများအားလုံးနှင့် တွေ့ဆုံနိုင်ရန် ဂရုတစိုက် စီစဉ်ခဲ့၏။ လန်ဒန်ရှိ မြန်မာများဆိုသည်မှာ ပညာသင်နေသူများ၊ အလုပ်လုပ်ကိုင် နေထိုင်နေသူများ၊ ခရီးသွားရင်းလာရင်း ခဏတဖြုတ်ရပ်နားနေသူများနှင့် ကျမကဲ့သို့ ခပ်ကြာကြာ အလည်အပတ်ရောက်နေသော ဧည့်သည်များ ဖြစ်ကြပါသည်။ စိုဟိုရပ်ကွက် (Soho) ရှိ မြန်မာထမင်းဆိုင်တဆိုင်တွင် ဗိုလ်ချုပ်အား ဂုဏ်ပြုသည့် ဧည့်ခံပွဲ ကျင်းပကြပါသည်။ အတော်အတန် ပြည့်ကြပ်နေသော ဧည့်ပရိသတ်ကို နှုတ်ခွန်းဆက်စကား ပြောပြီးနောက် ဗိုလ်ချုပ်က ကျမတို့ တစ်ဦးချင်းနှင့် ခင်မင်ရင်းနှီးစွာ စကားပြောပါသည်။ ဗိုလ်ချုပ်၏ ရနံ့သင်းသော ဂုဏ်သတင်း များ ကျမတို့ထံ ရောက်ခဲ့သည်မှာ အတန်ကြာပါပြီ။ လူအများ အသိအမှတ်ပြုရသော သူ၏ အရှိန်အ၀ါ၊ တောက်ပြောင်လှသော သူ၏ တည်ကြည်ဖြောင့်မှတ်မှု၊ အတိုက်အခံများအား ကိုင်တွယ်ရာ၌ လိမ္မာပါးနပ်ပုံ၊ ဂျပန်ခေတ်အတွင်းက ဂျပန်များနှင့် စစ်ပြီးခါနီးနှင့် စစ်ပြီးခေတ်၌ အင်္ဂလိပ်များအပါအ၀င်၊ သူနှင့် ဆက်ဆံ လုပ်ကိုင်ရသူများနှင့် အဆင့်အမြင့်ဆုံး အာဏာပိုင်များ၏ လေးစားခြင်းကို ရယူနိုင်ပုံ၊ သူလိုလားသည့် လွတ်လပ်ရေးဆွေးနွေးပွဲများအား အကောင်အထည်ဖေါ်နိုင်သည့် အဆင့်တိုင်အောင် မြန်မာနိုင်ငံကို သယ်ဆောင်လာခဲ့သော သူ၏လှုပ်ရှားမှုများ စသည့် ကိစ္စအပေါင်းကို အားလုံး သိနှင့်ကြပြီး ဖြစ်ပါသည်။ ဤအမျိုးသားသူရဲကောင်းကြီးသည် ကျမတို့ တဦးချင်စီ၏ နက်ရှိုင်းသော ရိုသေလေးစားမှုကို ရရှိပြီး ဖြစ်ပါသည်။ သူ၏ ရိုးသား၍ ဟန်ပန်မပါသော ခင်မင်မှုသည် ကျမတို့၏ အသဲနှလုံးများကိုပါ သိမ်းကြုံးလိုက်ပါ တော့သည်။

ဗိုလ်ချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အလုပ်တာဝန်မှ အားလပ်သော ညနေများတွင် ကျမကို ဗိုလ်ချုပ်တို့တည်းခိုနေသော ဟိုတယ်ဧည့်ဆောင်၌ ထမင်းစားရန် ဖိတ်ခေါ်လေ့ရှိပါသည်။ ထမင်းစားသောက် ပြီးသောအခါ ဓာတ်မီးလင်းဖို ခပ်မှိန်မှိန်လေးကို ၀ိုင်းရန်ကာ စစ်မဖြစ်မီက အကြောင်းများ၊ ဂျပန်များထံမှ စစ်ပညာသင်ကြားစဉ်က အကြောင်းများ၊ အနာဂတ်အတွက် မျှော်လင့်ချက်ထားနိုင်သော ပစ္စုပ္ပန်ကာလ အကြောင်းများ စသည်တို့ကို ဆွေးနွေးကြပါသည်။ စစ်အတွင်း မြန်မာပြည်အကြောင်းနှင့် စစ်ပြီးစကာလ၌ ဗြိတိသျှအစိုးက ဗိုလ်ချုပ်၏ တောင်းဆိုချက်များကို လက်ခံလာစေရန် လှုပ်ရှားရုန်းကန်ခဲ့ရပုံ အကြောင်းတို့ကိုကား များစွာ ပြောလေ့ပြောထ မရှိပါ။ အဖွဲ့တဖွဲ့လုံးအတွက် ကိုယ်ရောစိတ်ပါ သက်သာစေရန် အပန်းဖြေချိန်ပင် ဖြစ်ပါသည်။ စစ်အတွင်းကာလတွင် ကျမက နယူးဒေလီရှိ အိန္ဒိယပြည်လုံးဆိုင်ရာ အသံလွင့် ဌာန၌ အလုပ်လုပ်နေခဲ့ပါသည်။ ထိုဌာနမှ ဘာသာစကား အမျိုးမျိုးဖြင့် ဂျပန်များ သိမ်းပိုက်ထားသော အာရှနယ် မြေများသို့ အသံလွင့်ပါသည်။ ထို့နောက် ဆန်ဖရန်စစ္စကို (San Francisco) သို့သွား၍ ယခု ဗွီအိုအေ (VOA) ခေါ် ထိုစဉ်က အမေရိကန်ပြည်ထောင်စု စစ်ပြန်ကြားရေးရုံး၌ အလားတူအလုပ်မျိုး လုပ်ပါသည်။ မြန်မာပြည်မှ ရောက်လာသော မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ကွဲကွာနေကြစဉ်အတွင်း ဖြစ်ကြောင်းရယ်တဲ့ ကုန်စင်အောင် ပြောရန်အချိန်ပင် မလောက်နိုင်ပါ။

ထိုဓာတ်မီးလင်းဖို မှိန်မှိန်လေးကို ၀ိုင်းရံနေကြသည့် လူစုထဲပါဝင်သူများမှာ ဗိုလ်ချုပ်နှင့် သူ၏ ကိုယ်ရံတော်၊ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့၊ ဘီဘီစီ၌ အလုပ်လုပ်နေသော မြန်မာတဦး နှင့် ရံဖန်ရံခါ ကျမကဲ့သို့ သော ဧည့်သည်များဖြစ်ကြပါသည်။ ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်ပြီး၊ ဂျပန်ခေတ်ကာလအတွင်းက အမည်ခံအရ လွတ်လပ်သော မြန်မာနိုင်ငံ၏ စစ်သံမှူးအဖြစ် တိုကျိုတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်စင်္ကြာလည်း ထိုလူစု ထဲတွင် ပါဝင်ပါသည်။ စကားအနည်းငယ်စဲသောအချိန်များ၌ သူက ဂျပန်တွင် နေစဉ်က တတ်ခဲ့သော အလွမ်းအဆွေးသီချင်းများဆိုပြီး၊ ကျမက မြန်မာသီချင်းများ ဆိုကြပါသည်။ ဗိုလ်ချုပ်က သူ၏ မိသားစု၊ ဇနီးနှင့် သားသမီး သုံးယောက်အကြောင်း၊ အငယ်ဆုံးမှာ မိန်းကလေးဖြစ်ကြောင်းတို့ကို ပြောလေ့ရှိပြီး၊ ၄င်းတို့အတွက် လက်ဆောင်များ ၀ယ်ပေးပါဟု ကျမကို ပြောပါသည်။ သို့နှင့် ကိုယ်စားလှယ်အဖွဲ့ အလုပ်ကိစ္စများ ပြီးစီး၍ လန်ဒန်မှ ပြန်သွားသောအခါ သူ၏ မိသားစုဝင် တဦးချင်းစီအတွက် ကျမ ၀ယ်ပေးလိုက်သော လက်ဆောင်များ ဗိုလ်ချုပ်နှင့် အတူပါသွားပါသည်။ စုအတွက် အရုပ်ကြီးတခု ၀ယ်ပေးလိုက်ပါသည်။ နှစ်ပေါင်းများစွာကြာသော အခါ ထိုအရုပ်ကြီးကို စုက မပျက်မစီး ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိသေးသည်ကို တွေ့ရ၍ ကျမ ကျေနပ်အံ့အားသင့်ရပါသည်။

ကိုယ်စားလှယ်အဖွဲ့ မပြန်မီ ရက်အနည်းငယ်အလိုတွင် မိမိတို့ ပြီးစီးလုပ်ဆောင်နိုင်ခဲ့သော ကိစ္စအ၀၀ နှင့် ပတ်သက်၍ ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှ အသံလွင့်ရန် စာတမ်းတစောင်ကို ဗိုလ်ချုပ် ပြင်ဆင်ထားပါသည်။ အသံလွင့်မည့်နေ့တွင် ကျမတို့က ဗိုလ်ချုပ်နှင့် သူ၏ ကိုယ်ရံတော်တို့အား ဘီဘီစီ စားသောက်ဆိုင်၌ ဆုံပြီး နေ့လည်စာ အတူစားရန်ဖြစ်ပါသည်။ ထိုနေ့လည်စာစားပွဲမှာ ပျော်ရွှင်အားရဖွယ် မဟုတ်ခဲ့ပါ။ နေ့လယ်စာ စားပွဲသည် ဆိတ်ငြိမ်နေပြီး ဗိုလ်ချုပ်၏ မျက်နှာမှာ ခြိမ်းတော့မည့် မိုးကဲ့သို့ အုံ့မှိုင်းနေ၏။ ဘီဘီစီမြန်မာပိုင်း အစီအစဉ် ဌာနမှူးဖြစ်သူ (အင်္ဂလိပ်အမျိုးသားတဦး) က အင်္ဂလိပ်လို ဘာသာပြန် ထားသော ဗိုလ်ချုပ်မိန့်ခွန်း၏ အစိတ်အပိုင်းအချို့ကို ဖြတ်တောက်ပြင်ဆင်ခဲ့ပြီး၊ မူရင်း မြန်မာစာတမ်းကိုလည်း အလားတူ ပြင်ဆင်ရမည်ဟု အကြပ်ကိုင်နေပါသည်။ ဘီဘီစီမှ ထုတ်လွှင့်သော မိန့်ခွန်းများပါ နိုင်ငံရေးအကြောင်းအရာများနှင့် ပတ်သက်၍ ထားရှိသော စည်းမျဉ်းကန့်သန့်ချက်များနှင့် ကိုက်ညီရန်ဖြစ်သည် ဟု ရှင်းလင်းပြပါသည်။ ဤအဖြတ်အတောက်များကို လက်ခံလိုက်ရမည်လော၊ အသံလွှင့်အစီအစဉ်ကိုပဲ ဖျက်သိမ်းလိုက်ရမည်လောနှင့် ဗိုလ်ချုပ်မှာ စိတ်ဒွိဟဖြစ်နေ၏။ ဗိုလ်ချုပ်၏ မိသားစုအတွက် လက်ဆောင်များ ယူလာသော ကျမက စားသောက်ခန်းသို့ အနည်းငယ် အရောက်နောက်ကျပါသည်။ ကျမရောက်သွားပြီး နောက်ပိုင်း သဖြည်းဖြည်းတင်းမာမှုနှင့် စိတ်မချမ်းမြေ့မှုများ လျော့ပါးသွားကာ နေ့လည်စာစားပွဲ စတင်ပါတော့သည်။ ထို့နောက် ဗိုလ်ချုပ်က မြန်မာနိုင်ငံသူ နိုင်ငံသားများထံ အသံလွှင့်အစီရင်ခံရန် ထွက်သွားပါသည်။ သို့သော်လည်း ကြိုတင်အသိပေးခြင်း မရှိဘဲနှင့် သူ၏ စာတမ်းကို မပြုလုပ်သင့်ဟု သူ ယူဆသော တည်းဖြတ်မှုများ ပြုလုပ်ခြင်းကြောင့် မည်မျှ မကျေနပ် မနှစ်မြို့ဖြစ်ရကြောင်းကို ရှင်းရှင်းလင်းလင်း ကြီး သိသာစေခဲ့၏။ ဤသည်ကား ဗိုလ်ချုပ်၏ အသွင်တပုံ။

ကိုယ်စားလှယ်အဖွဲ့၏ အလုပ်လည်း ပြီးဆုံး၍ ပြန်ချိန်လည်း နီးလာလေပြီ။ ဗိုလ်ချုပ်အား ဧည့်ခံကြည့်ရှု ခဲ့သော အင်္ဂလိပ်များနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ဧည့်ခံပွဲကြီး ကျင်းပပါသည်။ ဧည့်သည်ပရိတ်သတ် လည်း အတော်များပါသည်။ ဗြိတိသျှပါလီမန်အမတ်များ၊ ကိုယ်စားလှယ်အဖွဲ့၏ အလုပ်ကိစ္စအ၀၀ အဆင်ပြေ ချောမွေ့စေရန် တာဝန်ယူခဲ့သော အဆင့်မြင့်အရာရှိကြီးများ၊ သတင်းစာအယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ မြန်မာပြည်နှင့် မြန်မာပြည်၏ အနာဂတ်တွင် စိတ်ဝင်စားကြသူများနှင့် လာရောက်နိုင်သော မြန်မာမှန်သမျှတို့ အသီးသီးပါဝင်ကြပါသည်။ ဧည့်ခံပွဲမတိုင်မီညက ဗိုလ်ချုပ်က ကျမကို ဧည့်ခံပွဲ၌ သီချင်းဆိုရန် ပြောပါသည်။ ကျမက လုပ်ရိုးလုပ်စဉ် ဟုတ်မည်မထင်ဟုပြောကာ ငြင်းခဲ့၏။ ဧည့်ခံပွဲနေ့၌ ဂျပန်များဝင်လာသည် အထိ မြန်မာပြည်တွင် အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သော အင်္ဂလိပ်မိတ်ဆွေဟောင်းတယောက်ထံ ကျမ အလည်သွားခဲ့၏။ သူ၏ အိမ်ရှိရာအရပ်မှ လန်ဒန်သို့ အပြန်ခရီးမှာ နှေးကွေးလှ၍ ကျမနှင့်အတူ ပါလာသော မိတ်ဆွေများ ဧည့်ခံပွဲ အရောက်နောက်ကျမည်စိုးကာ ရင်တမမ ဖြစ်နေ၏။ ဧည့်ခံပွဲမမီလိုက်က ဗိုလ်ချုပ်တို့နှင့် နောက်ဆုံးတွေ့ရမည့်အခွင့်အရေး လွတ်သွားမည်ထင်ကာ ကျမတို့ ပူပန်နေကြခြင်း ဖြစ်ပါသည်။ သို့သော်လည်း ကမန်းကတန်း အ၀တ်အစားလဲပြီး ရောက်သွားသောအခါ ဗိုချုပ်က စောင့်နေပါသည်။ အချမ်းပြေ မုန့်အနည်းငယ်စားသောက်ပြီးနောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်ပေါ်တင်ထားသော စန္ဒယားရှိရာသို့ ခေါ်သွားပြီး၊ “မြန်မာအမျိုးသမီးလေးတယောက်က သီချင်းဆိုဧည့်ခံပါမည်” ဟု ပရိတ်သတ်အား ကြေငြာလိုက် ပါသည်။ ကျမလည်း သီချင်းဆိုရပါတော့သည်။ ထိုညက ဆိုခဲ့သော သီချင်းများမှာ အင်္ဂလိပ်သီချင်းတပုဒ်၊ ပြင်သစ်သီချင်းတပုဒ် နှင့် မြန်မာသီချင်းတပုဒ်တို့ ဖြစ်ပါသည်။ ယခု ပြန်လည်တွေးကြည့်သောအခါ နောက်ဆုံးတပုဒ်သာ ဆိုခဲ့သင့်သည်ဟု ကျမထင်မိပါသည်။ သို့သော်လည်း ထိုသီချင်းကို မြန်မာများကသာ နားလည်နှစ်သက်ကြမည် ဖြစ်ပါသည်။ ထိုသီချင်းမှာ ကျမတို့အားလုံး သိကြသော လှိုင်ထိပ်ခေါင်တင်၏ “စိန်ခြူးကြာညောင်” ဘောလယ်ဖြစ်ပါသည်။ ပရိသတ်က ယဉ်ကျေးစွာ သြဘာပေးကြပါသည်။ ထို့နောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်ပေါ်မှ ဆင်းရန် လာခေါ်ပြီး ကျမ၏ အဆိုကို သူ မည်မျှသဘောကျနှစ်သက်ကြောင်း ပြောပါသည်။

ကိုယ်စားလှယ်အဖွဲ့ အထူးလေယာဉ်နှင့် လန်ဒန်မြို့မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာလေဆိပ်မှ ထွက်ခွါ သွားချိန်၌ တတိုင်းပြည်လုံး နှင်းစိုင်နှင်းခဲများနှင့် ဖုံးလွှမ်းထားဆဲပင် ဖြစ်ပါသည်။ နှုတ်ဆက်ရန် အဆင့်မြင့် အင်္ဂလိပ်အရာရှိများ အဖွဲ့ကြီးတဖွဲ့ ရောက်နေပါသည်။ ကျမတို့ မြန်မာအချို့လည်း ကိုယ်စားလှယ်များ၊ အခြားသူများနှင့်အတူ ဟုန်းဟုန်းတောက်နေသည့် မီးလင်းဖိုကြီး၏ အပူရှိန်နှင့် နွေးနေသော ဧည့်ကြိုခန်းမကြီး ၌ သွားရောက်စုဝေးနေပါသည်။ ကျမတို့အားလုံး ၀ိုင်းထိုင်စကားပြောကြပါသည်။ ခဏကြာသောအခါ ဗိုလ်ချုပ်က အင်္ဂလိပ်များအကြားမှ ထလာပြီး ကျမတို့နှင့် စကားပြောပါသည်။ ကျမကို ပြုံးပြီး “ကျနော်တို့နှင့် ဗမာပြည်ကို လိုက်ခဲ့ပါလား” ဟု ပြောပါသည်။ ထို့နောက် ကျမတို့ အပေါင်းအဖော်တစု နှင်းခဲများအကြားရပ်ပြီး ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ရှိရာသို့လျှောက်၍ ထွက်ခွာသွားနေသည်ကို ငေးမျှော်ကြည့်ရင်း လက်များ ဝှေ့ရမ်း နှုတ်ဆက်ကြပါသည်။ ဆောင်းနေ့ကလေး၏ လွမ်းဖွယ့်အသွင်နှင့် မိတ်ဆွေများနှင့် ခွဲခွာရခြင်း၊ အထူးသဖြင့် ဗိုလ်ချုပ်နှင့် ခွဲခွာရခြင်းတို့ကြောင့် ကျမတို့တတွေ ၀မ်းနည်းတသသ ဖြစ်နေကြပါသည်။ ဗိုလ်ချုပ်ခမျာ တိုတောင်းလှသော ဘ၀သက်တမ်းလေးမျှသာ ကျန်တော့သည်ကိုကား ကျမတို့ မည်ကဲ့သို့မျှ မမှန်းဆမိခဲ့ကြပါ။

ဂျပန်ခေတ်နှင့် စစ်ဒဏ်တို့ကြောင့် ပျက်စီးယိုယွင်းနေသော တိုင်းပြည်ကို ပြန်လည်ထူထောင်၍ မြန်မာပြည်တွင် ခေတ်သစ်ထွန်းစေမည် ဟူသည့် ဗိုလ်ချုပ် သယ်ဆောင်သွားသော မျှော်မှန်းချက်များမှာ နိုင်ငံရေးပြိုင်ဘက်တဦး၏ ပယောဂကြောင့် ထိုနှစ်တွင်ပင် ပြိုကွဲခဲ့ရပါတော့သည်။ ဘုရင်ခံ၏ အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကျင်းပနေစဉ် အခန်းအတွင်းသို့ လူသတ်တမားများ အတင်းဝင်ရောက်လာကာ စစ်သေနတ် များဖြင့် အလယ်တွင်ထိုင်နေသော ဗိုလ်ချုပ်ကို ဦးစွာပစ်ခတ်ပြီး အခြားပုဂ္ဂိုလ် ရှစ်ဦးကိုပါ လုပ်ကြံသတ်ဖြတ် သွားပါသည်။ နှစ်စဉ်နှစ်တိုင်း တနိုင်ငံလုံး သတိတရ ယူကျုံးမရဖြစ်ရသော အာဇာနည်နေ့၊ ၁၉ ဇူလိုင် ၁၉၇၄ ခုနှစ် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ ဇနီး ဒေါ်ခင်ကြည်သည် မိမိအတွက်သာမက တမျိုးသားလုံး အတွက်ပါ ကြေကွဲဖွယ်ရာ ဤအဖြစ်ဆိုးကြီးနောက်ပိုင်း၌ သူမဘ၀ကို ပြန်လည်ပျိုးထောင်ရပါတော့သည်။ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန၊ ထို့နောက် လူမှုဝန်ထမ်းဌာန တို့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၏။ မအားမလပ် အလုပ်တာဝန်များအထဲ နစ်မြုပ်နေစဉ်ပင် ကံကြမ္မာ၏ဒဏ်ကို နောက်တဖန်ခံရပြန်၏။ ဒုတိယသားဖြစ်သူ အောင်ဆန်းလင်းခမျာ ရန်ကုန်နေအိမ်ခြံဝင်း အတွင်းရှိ ရေကန်ဘောင်ရိုးပေါ် ကစားနေစဉ် လိမ့်ကျကာ ရေနစ်သေဆုံးသွာရှာသည်။ အောင်ဆန်းလင်းသည် ‘စု’ အထူးချစ်မြတ်နိုး အားကိုးသော အကိုဖြစ်၍ စုအဖို့ ထိုအဖြစ်ဆိုးကြီးကြောင့် စိတ်တုန်လှုပ်ထိခိုက်ခဲ့ရမှုသည် အတော်နှင့် ပျောက်ကွယ်သွားခြင်း မရှိနိုင်ခဲ့ပါ။ ‘စု’ သည် သူမ၏ အကိုကို မည်သည့်အခါမျှ မမေ့နိုင်သကဲ့သို့ သူမ၏ ဖခင်ကိုလည်း မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပါ။ ဖခင်၏ ဘ၀ဇာတ်ကြောင်း၊ စာပေအရေးအသား၊ တိုင်းသူပြည်သားများအား ဆော်သြချက်များနှင့် (၃၂) နှစ်တာ သက်တမ်းအတွင်း ဖြစ်မြောက်ခဲ့သော အံ့သြဖွယ်ရာစွမ်းဆောင်ချက်များကို လေ့လာခြင်းမှာ ‘စု’ အတွက် အဆက်မပြတ်နိုင်သော စွဲလမ်းချက်တရပ် ဖြစ်ခဲ့ပါသည်။

ဒေါ်ခင်ကြည်သည် သားသမီးများအား ငယ်စဉ်ကပင် သူတို့၏ ဖခင်ပေးခဲ့သော အမွေအနှစ်ကို အမြဲ သတိရစေရန် ကြိုးပမ်းခဲ့၏။ ဗိုလ်ချုပ်၏ ရဲဘော်ရဖက်များနှင့် သူထူထောင်ခဲ့သော တပ်မတော်မှ အဖွဲ့ဝင်များက ဗိုလ်ချုပ်၏ မိသားစုအပေါ် ထားရှိသော သံယောဇဉ်မှာ ပျက်ကွက်သွားခြင်း မရှိခဲ့ပါ။ ထို့ကြောင့် “စု” က တပ်မတော်သားများလက်ပေါ် ကြီးပြင်းလာခဲ့သည်ဟု ပကတိရှိရင်းအတိုင်း ပြောနိုင်ပါသည်။ အရည်အချင်းကြွယ်ဝ၊ အတွေ့အကြုံများပြား၊ ရထူးရာခံမြင့်မားသော မြန်မာလူကြီးလူကောင်း အများအပြား ဒေါ်ခင်ကြည်နှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံခြင်းသည်လည်း သားသမီးများအပေါ် သြဇာသက်ရောက်မှု ရှိခဲ့၏။ နှစ်ပေါင်းများစွာ နိုင်ငံတော်ဝန်းထမ်းတဦးအဖြစ် ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခဲ့သော တရားသူကြီးချုပ် ဦးမြင့်သိန်းဆိုလျှင် တသက်တာ ရင်းနှီးခင်မင်သော မိတ်ဆွေကောင်းတဦးဖြစ်ပါသည်။ ရိုသေလေးစားမှု၊ ကြည်ညိုမှု၊ ချစ်ခင်မှု စသော အရှိန်အဝါများက သူနှင့် သူမ၏ မိသားစုတို့အပေါ် လွှမ်းခြုံထားပါသည်။

ဒေါ်ခင်ကြည်သည် မိမိ၏ သားသမီးများအား မြန်မာ့လူမှုရေးနှင့် ကိုယ်ကျင့်သီလ၏ တန်ဖိုးကို အလေးထားပြီး၊ ဗုဒ္ဓဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းရန် သွန်သင်ဆုံးမခဲ့၏။ ကျမ၏ အမြင်အရ ဝတ်စား၊ သွားလာ၊ နေထိုင်မှုအရပ်ရပ်နှင့် စပ်လျဉ်း၍ လူအများမြင်ကွင်းတွင်၎င်း၊ အိမ်တွင်းအသိုင်းအဝိုင်းတွင်၎င်း၊ “စု” သည် မြမန်မာ့ယဉ်ကျေးမှုအရ စံတင်လောက်ပါသည်။ ဥပမာတခု ပေးရမည်ဆိုလျှင် မိမိထက် တနှစ်၊ တရက်၊ တမနက်ကြီးသူမှန်သမျှကို ကိုယ်အမူအယာ၊ နှုတ်အမူအယာအရ ရိုသေလေးစားသမှုပြခြင်းဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်းသွားသောအခါ ခါးညွတ်ခြင်း၊ လကြီးများထံပါးတွင် ကျုံ့ကျုံ့ယုံ့ယုံ့ နေထိုင်ခြင်း၊ ယဉ်ကျေးလေးစားသော အသံနေအသံထားနှင့် စကားလုံးများကို ရွေးချယ်သုံးခြင်း၊ စသည်တို့မှာ “စု” အတွက် အရိုးစွဲနေသော အမူအကျင့်များဖြစ်ပါသည်။ ဤကဲ့သို့ ထင်ရှားလှသော မြန်မာဆန်မှုတို့ကြောင့် “စု” ကို မြန်မာများက ချစ်မြတ်နိုးကြပြီး နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်သော်လည်း “စု” ၏ မြန်မာပီသမှုမှာ မှေးမှိန်ယိမ်းယိုင်သွာသည်ဟူ၍ မရှိခဲ့ပါ။ မြန်မာနိုင်ငံလူထုကြီးအား စွဲဆောင်၍ ၄င်းတို့၏ အတက်ကြွဆုံး၊ အူလှိုက်သည်းလှိုက် ထောက်ခံမှုကို “စု” ရယူနိုင်ခြင်း၏ အဓိကအကြောင်းရင်း အချက်မှာ သူမ၏ မြန်မာပီသမှုပင် ဖြစ်ပါသည်။

၁၉၆၀ ခုနှစ်တွင် ဦးနုအစိုးရသည် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပါသည်။ ထိုရာထူးနေရာတွင် ၁၉၆၂ ခု ဦးနေဝင်းက စစ်အာဏာသိမ်းပိုက်ပြီး နောက်ပိုင်း၌ပင် ဒေါ်ခင်ကြည် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်းသည် သူမအား ရိုသေလေးစားမှုအတိုင်းအတာ မည်မျှ ကြီးမားကြောင်းကို ပြသပါသည်။ အလုပ်သက်တမ်းပြီးဆုံး၍ အငြိမ်းစားယူသောအခါ ဒေါ်ခင်ကြည်သည် အင်းလျားကန်ဘောင်ရှိ မိမိအိမ်၌ ပြန်လည်နေထိုင်ပါသည်။ အင်းလျားကန်ဘောင်တလျှောက်တွင် မြန်မာနိုင်ငံရေးနှင့် စီပွားရေးလောကျမှ အထင်ကရပုဂ္ဂိုလ်အများအပြား နေထိုင်ကြပါသည်။ ယခု “စု” လည်း ထိုအင်းလျားကန်နေအိမ်တွင်ပင် အကျယ်ချုပ်ဘဝနှင့် အထိန်းသိမ်းခံနေရပါသည်။
နယူးဒေလီမြို့သို့ မိခင်နှင့်အတူ ရောက်လာစဉ်က “စု” သည် ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးများနှင့် (၁၅) နှစ်အရွယ် ကလေးမလေးဖြစ်ပါသည်။ ယေရှုနှင့်မေရီ ကွန်ဘင့်ကျောင်း (Convent of Jesus and Mary) နှင့် လေဒီရှယ်ရီရမ်ကောလိပ် (Lady Shri Ram College) တို့၌ ဆက်လက်ပညာသင်ပါသည်။ သူမ၏ အိန္ဒိယမိတ်ဆွေအသိုင်းအဝိုင်းမှာ ကျယ်ပြန့်လာပါသည်။ မဟတ္တမဂန္ဒီနှင့် ဂျဝါဟာလာနေရူးတို့၏ တိုင်းပြည်ကို စူးစမ်းလေ့လာ နားလည်နိုင်ရန် “စု” အဖို့ အခွင့်ကောင်းဖြစ်ပါသည်။ “စု” ၏ ဖခင်လည်း ဤတိုင်းပြည်ကို ရောက်ဖူးပြီး နေရူးနှင့်တွေ့ဆုံဆွေးနွေးကာ ရင်းနှီးခင်မင်သော နားလည်မှု ရရှိခဲ့ပါသည်။ “စု” ၏ မိခင် သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရချိန်တွင် နေရူးက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါသည်။

“စု” ဗဟုသုတ အတွေ့အကြုံ ကျယ်ပြန့်စေရန် သူမ၏မိခင် စီစဉ်ပေးသော ကိစ္စများအနက် ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာသင်ခြင်းနှင့် မြင်းစီးသင်ခြင်းတို့ ပါဝင်ပါသည်။ အိန္ဒိယနိုင်ငံ သမ္မတကြီး၏ ကိုယ်ရံတော်တပ်ဖွဲ့လေ့ကျင့်ရာ မြင်းစီးကွင်း၌ အိန္ဒိယအရာရှိကြီးများ၏ သားသမီးများ၊ နိုင်ငံတကာ သံအမတ်များ၏ သားသမီးများနှင့် ပန်ဒစ်နေရူး၏ မြေး၊ အင်ဒီရာဂန္ဒီ၏ သားဖြစ်သူ ဆန်ဂျေးတို့နှင့် “စု” တွေ့ဆုံ လေ့ရှိပါသည်။ နံပတ် (၂၄) အက္ကဘားလမ်း (24 Akbar Road)  ရှိ နေအိမ်တွင် စန္ဒယား ဆက်သင်ရပါသည်။ ထိုသံအမတ်နေအိမ်သည် ကြီးမား၍ အလွန်ခန့်ညားတင့်တယ်သော ပန်းဥယျဉ်ပျိုးထားသည့် ခြံဝင်းကျယ်ကြီး အတွင်း တည်ရှိပါသည်။ အဆင့်အမြင့်ဆုံး အိန္ဒိယအရာရှိကြီးများအတွက် သတ်မှတ်ထားသော အိမ်မျိုးဖြစ်ပြီး အစိုးရက ဗြိတိသျှလက်ထက်ကကဲ့သို့ပင် လှပကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ ဒေါ်ခင်ကြည်ကို အထူးလေးစားသောအားဖြင့် ထိုနေအိမ်ကို ပေးထားခြင်းဖြစ်ပါသည်။

“စု” အထူနှစ်သက်မက်မောသော ဝါသနာမှာ စာဖတ်ခြင်းပင်။ သူမ၏ စာအုပ်စာပေမြတ်နိုးမှုကို အားပေးခဲ့သော ဦးအုန်းကို “စု” အစဉ် ချစ်ခင်ကျေးဇူးတင်စွာ သတိရလေ့ရှိပါသည်။ သတင်းစာဆရာတဦး ဖြစ်ခဲ့သော ဦးအုန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အကျွမ်းဝင်ခဲ့သူတဦးဖြစ်ပြီး စစ်ပြီးခေတ်၌ လန်ဒန်တွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တာဝန်ထမ်းဆောင်ပါသည်။ နောင်တွင် မော်စကိုမြို့တော်သို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ သူသည် “စု” အား ဖတ်သင့်ဖတ်ထိုက်သည့် မြန်မာနှင့် အင်္ဂလိပ်စာအုပ် စာရင်းရှည်ကြီးများ ပေးသူများအနက် တဦးအပါအဝင်သည်။ “စု” ၏ အသိပညာ အတွေးအခေါ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ပို၍သတိပြုမိပြီး စိတ်ဝင်စားခဲ့သူမှာ အလွန်နာမည်ကြီးခဲ့သော ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၏ တချိန်က အယ်ဒီတာဖြစ်ခဲ့ပြီး “စု” ၏ ဖခင်နှင့်အတူ တက္ကသိုလ်တွင် ရှိခဲ့သော ဦးညိုမြပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဦးညိုမြကို စာနယ်ဇင်းသမားတဦးနှင့် အလွန်နာမည်ရသော စာအုပ်များစွာကို ရေးသားသည့် စာရေးဆရာတဦးအဖြစ် လူသိများလာပါသည်။ သူက တခြားသူများထက်ပင် ပိုပြီး “စု” ဖတ်ရန် အင်္ဂလိပ်နှင့် မြန်မာစာအုပ်ပေါင်းများစွာကို လမ်းညွှန်ပေးခဲ့ပါသည်။ ဦးညိုမြ လက်ဆောင် ပေးခဲ့သော အလွန်အဖိုးတန်သည့် ဟားဗက်ဂန္ဒဝင် စာအုပ်တွဲ တစုံလုံး (Harvard Classics) ကို အလွန် တန်ဖိုးထားပြီး မကြာခဏ ဖတ်ခဲ့ပါသည်။ “စု” ၏ စာဖတ်ဝါသနာမှာ အိန္ဒိယမရောက်မီကပင် အမြစ်တွယ်ပြီး ဖြစ်ပါသည်။

နယူးဒေလီမြို့ ဆင်ခြေဖုံးအစွန်အဖျားရှိ မေရော်လီ (Mehrauli) ရပ်ကွက်တွင် ဂရုတစိုက်ထိန်းသိမ်း ထားနိုင်ခြင်း မရှိသည်မှာ ကြာပြီဖြစ်၍ ပျက်စီးယိုယွင်းနေသည့် အာသောကဝိဟာရ အမည်တွင်သော ဗုဒ္ဓဘာသာ ဌာနတခုရှိပါသည်။ ထိုဌာန ပြန်လည်ရှင်သန်လာနိုင်စေရန် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံများမှ သံအမတ်များ၏ အကူအညီကို ဒေါ်ခင်ကြည် ရယူခဲ့ပါသည်။ ဤလုပ်ဆောင်မှုကြောင့် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များနှင့် အိန္ဒိယနိုင်ငံ အခြားဒေသများမှ ဗုဒ္ဓဘာသာဝင်အချို့ အတွက် ပြန်လည်အသက်ဝင်လာပြီ ဖြစ်သော အာသောကဝိဟာရသည် နှစ်စဉ်ကျရောက်သော ဗုဒ္ဓဘာသာပွဲ တော်ကြီးများ ကျင်းပရာ၊ ဘုရားဝတ်ပြုရာ ကမ္မဋ္ဌန်း ဘာဝနာ စီးဖြန်းရာဌာန ဖြစ်လာပါသည်။

အမျိုးသားရေးကိစ္စများဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာကိစ္စများဆိုင်ရာ အခမ်းအနားကြီးငယ်အများအပြား တို့တွင် “စု” ပါဝင်ကူညီခဲ့၏။ ဒေါ်ခင်ကြည်သည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား မှန်မှန်ပင့်ဖိတ် ဆွမ်းကပ်တရားနာလေ့ရှိ၏။ “စု” ၏ အကိုလည်း ကျောင်းပိတ်ရက်များ အတွင်း အင်္ဂလန်မှ ရောက်လာသောအခါ ဤကိစ္စများတွင် ပါဝင်ဆောင်ရွက်ပါသည်။ အမေနှင့် သမီးကို မြန်မာများ ချစ်ခင်လေးသားသည့်အတိုင်း ဒေါ်ခင်ကြည်၏ လုပ်ဖော်ကိုင်ဖက် သံတမန်များနှင့် ပန်ဒစ်နေရူးမှ အစချီ၍ အိန္ဒိယအစိုးရအဖွဲ့ဝင်အပေါင်းတို့ကလည်း ချစ်ခင်လေးစားကြပါသည်။ အိန္ဒိယတွင် ရရှိခဲ့သော အတွေ့အကြုံများသည် “စု” အတွက် အင်မတန် အရေးပါ စိတ်အားထက်သန်ဖွယ်ရာဖြစ်ခဲ့ပါသည်။ ယခုတိုင် သူမ အိန္ဒိယနိုင်ငံအပေါ် ထားရှိသော မေတ္တာနှင့် သံယောဇဉ်တို့မှာ ခိုင်မာလျက်ရှိသည်။

ထိုအချိန်က ဒေလီရှိ ဗြိတိသျှမဟာမင်းကြီးမှာ ဆာပေါ(လ်)ဂိုးဘူ(သ်) (Sir Paul Gore-Booth) နောင်အခါ လော(ဒ်)ဂိုဘူ(သ်)၊ (Lord Gore-Booth) ဖြစ်ပါသည်။ ယခင် မြန်မာနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က သူနှင့် သူ၏ ဇနီး ပတ်တြီရှာ (Patricia) တို့သည် ဒေါ်ခင်ကြည်နှင့် ကောင်းစွာ သိကျွမ်းခဲ့၏။ ထိုခင်မင်ရင်းနှီးမှုမှာ အိန္ဒိယ၌ ပြန်လည်ဆန်းသစ်ရှင်သန်လာပါသည်။ သို့နှင့် “စု” အောကစဖို့ဒ် တက္ကသိုလ်သို့ ပညာသင်ရန် သွားသောအခါ ပေါ(လ်) နှင့် ပက်တြီရှာတို့က မိဘကိုယ်စား ကြည့်ရှုစောင့်ရှောက် ရန် တာဝန်ယူခဲ့၏။ “စု” သည် သူတို့၏ မိသားစုဝင်တဦးကဲ့သို့၊ သူတို့ သားနှစ်ယောက်နှင့် သမီးနှစ်ယေက်တို့၏ ညီအမရင်းချားတဦးကဲ့သို့ ဖြစ်လာပါသည်။ ထိုမိသားစုအိမ်တွင်ပင် ၄င်းတို့၏ မိတ်ဆွေများအပြင် ၄င်းတို့ ဖိတ်ကြားဧည့်ခံသော နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကို “စု” သိကျွမ်းခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များမှာ သူမ ဝင်ရတော့လုဆဲဖြစ်သည့် ကျယ်ဝန်းလှသော ကမ္ဘာလောကမှ ပုဂ္ဂိုလ်များပင် မဟုတ်ပါလော။

နွေရာသီကျောင်းပိတ်ရက်များအတွင်း “စု” သည် မိခင်ရှိရာ နယူးဒေလီသို့ ပြန်လေ့ရှိ၏။ သို့သော် တနှစ်တွင် ကျမနှင့် အဲ(လ်)ဂျီးယား(စ်)မြို့ (Algiers) တွင် လာနေပါသည်။ ကျမသည် နယူးဒေလီ ကုလသမဂ္ဂ ပြန်ကြားရေးဌာနမှ အ(လ်)ဂျီးရီယားနိုင်ငံ (Algeria) ၏ မြို့တော်သို့ ပြောင်းရွေ့ကာ အလားတူဌာနတခုဖွင့်ရန် တာဝန်ပေးခြင်း ခံရပါသည်။ အ(လ်)ဂျီးရီယားသည် ၁၉၆၂ ခုနှစ်တွင် ချား(လ်)ဒီဂိုး(လ်) (Charles de Gaulle) အစိုးရနှင့် အေဗီယန်စာချုပ် (Treaty of Evian) ကို လက်မှတ်ထိုးပြီး လွတ်လပ်ရေးရခဲ့သည်မှာ မကြာသေးပါ။ ပြင်သစ်ထံမှ လွတ်လပ်ရေးရရန် ရှစ်နှစ်ကြာ ရုန်းကန်မှုနောက်ပိုင်း တဖြည်းဖြည်း နာလန်ထူဆဲနိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် အ(လ်)ဂျီးရီယားမြို့တွင် နေရာထိုင်ခင်း အလွန်ရှားပါးနေခြင်း၊ ပျက်စီးယိုယွင်းနေသော ရပ်ကွက် ဒေသများ ပေါများနေခြင်း၊ အခြေအနေကောင်းမွန်သော ဟိုတယ်များနည်းပါးနေခြင်း နှင့် ဝန်ဆောင်မှုလုပ်ငန်း များလွန်စွာမှကန့်သတ်ထာခြင်းတို့မှာ အံ့သြဖွယ်ရာမဟုတ်ပါ။ ဖွင့်လှစ်စသံရုံးများ၊ ကုလသမ္မဂရုံးများနှင့် ဝင်ရောက်လာဆဲ စီးပွားရေးလုပ်ငန်းများသာမက အ(လ်)ဂျီးရီယန်းလူမျိုးများကပါ အိမ်နေရာများနှင့် လုပ်ငန်းခွင်နေရာများရရှိရန် သဲသဲမဲမဲ လုံးပမ်းရှာဖွေနေရပါသည်။ အ(လ်)ဂျီးရီယားတွင် ကြာမြင့်စွာ အခြေချ နေထိုင်ခဲ့သော ပြင်သစ်လူမျိုးမြောက်များစွာမှာ ဤတိုင်းပြည်မှ ထွက်ခွာသွားကြပြီး ဖြစ်သော်လည်း အခြားလူသစ်များမှာ ဝင်လာမစဲဖြစ်ပါသည်။ ထိုသူများမှာ ပြင်သစ်အမျိုးသားလူငယ်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ထောက်ပံ့ရေးစီမံကိန်းအလုပ်သမားများနှင့် အလည်အပတ်သက်သက်လာသူများဖြစ်ကြပါသည်။

“စု” ရောက်လာချိန်မှာ ဟွာရီဘူမီဒီယန် (Houari Boumedienne) က အာမတ်ဘင်ဘဲလား (Ahmed Ben Bella) အား စံနမူနာထားလောက်အောင် သွေးထွက်သံယိုမှုကင်းမဲ့သော အာဏာသိမ်းပွဲပြုလုပ်ကာ ဖြုတ်ချအပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပါသည်။ ဖိတ်ကြားခံရသော ဧည့်ခံပွဲများစွာသို့ သွားရမည်ထက် “စု” က အ(လ်)ဂျီးရီယန်းလူမျိုးများနှင့် တွေ့ဆုံကာ ၄င်းတို့တိုင်းပြည်အတွင်း ဖြစ်ပျက်နေသမျှကို လေ့လာရန် ပိုမို၍ စိတ်ထက်သန်ပါသည်။ “စု” မှာ ဖတ်ရှုကျက်မှတ်ရန် စာအုပ်တသေတ္တာလည်း ပါလာပါသည်။ နှစ်ပေါင်းများစွာ လွတ်လပ်ရေးရုန်းကန်မှုဒဏ်ကို ခံခဲ့ရသူများအား ကူညီထောက်ပံ့ရန် စီမံကိန်းများကို ကွပ်ကဲနေသော အဖွဲ့အစည်းတခုနှင့် ကျမတို့ ဆက်သွယ်ပါသည်။ စီမန်ကိန်းတခု၏ တာဝန်ခံဖြစ်သူ လူငယ်တဦး လာရောက်၍ ၄င်းတို့လုပ်ငန်းအကြောင်း ရှင်းပြပါသည်။ လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူဇနီးများအတွက် နေအိမ်များ ဆောက်လုပ်နေကြရာ အ(လ်)ဂျီးရီယန်းလူမျိုးများသာမက နိုင်ငံတကာမှ လူငယ်များပါ ဝင်ရောက်ကူညီရန် ဖိတ်ခေါ်ကြိုဆိုကြောင်း ပြောပါသည်။ “စု” လည်း ထိုဆောက်လုပ်ရေးစခန်းတွင် ရက်သတ္တပတ်အတော်ကြာ သွားရောက်နေထိုင်ကာ လုပ်အားပေးခဲ့ပါသည်။ အလုပ်သွန်သင်ကြီးကြပ်သူမှာ ရုရှားလူမျိုးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှာ အ(လ်)ဂျီးရီယား၊ ပြင်သစ်၊ လက်ဗနွန်၊ ဟော်လန်နှင့် ဂျာမနီ စသော တိုင်းပြည်များမှ လူငယ်များဖြစ်ပါသည်။ အစားအသောက်နှင့် နေရာထိုင်ခင်း ပေးသော်လည်း လုပ်ခမပေးပါ။

“စု” ၏ မိတ်ဆွေများသည် သူမအား ကာဗီးလီး (Kabyle) တောင်တန်းများသို့ လက်ထပ်မင်္ဂလာပွဲတပွဲ တက်ရောက်ကြည့်ရှုရန် ခေါ်သွားဖူးသည်။ ကျမတို့နှစ်ဦးအတူ ဆဟာရသဲကန္တာရအစပ်ရှိ မြို့လေးတမြို့ တိုင်အောင်လည်း ခရီးရှည်ထွက်ခဲ့ပါသည်။ နွေရာသီအပူရှိန် ပြင်းထန်လွန်းလှသဖြင့် ထိုထက်လွန်၍ မသွားနိုင်ခဲ့ပါ။ နောက် အလည်အပတ်ခရီးတရပ်အနေနှင့် ရောမခေတ်က ဆောက်လုပ်တည်ခဲ့သော မြို့ပျက်ကြီးရှိရာသို့ သွားခဲ့၏။ ထိုမြို့ပျက်တွင်းရှိ လဟာပြင်ဇာတ်ရုံကြီး၏ ကျောက်ပြားခင်းထားသော တလင်းပြင်ပေါ်တွင် ဘင်ဘဲလား၏ သစ္စာခံများက “ဘင်ဘဲလား အသက်ရှည်ပါစေ” ဟု စာလုံးကြီးများနှင့် ရေးထားပါသည်။ “စု” မော်ရော်ကိုသို့ ခရီးတခေါက်ထွက်ခဲ့ပြီး စပိန်နိုင်ငံ တောင်ဘက်ကမ်းခြေကိုလည်း ခြေချမိသည်ဆိုသလောက်တော့ ရောက်ခဲ့ပါသည်။ ထို့နောက် ပြန်လည်စာဖတ်ပြီး ကျောင်းပိတ်ရက်အဆုံးတွင် ကျေကျေနပ်နပ်ကြီးနှင့် အောက်စဖို့ဒ်သို့ ပြန်သွားနိုင်ခဲ့ပါသည်။

ဘွဲ့ရပြီးနောက် “စု” သည် လပိုင်းမျှ စာသင်ပို့ချခြင်းနှင့် သမိုင်းဆရာ ဟယူးတင်ကာ (Hugh Tinker) နှင့် အတူ သုတေသနလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးသောအခါ နယူးယောက်ရှိ ကျမနှင့် လာ၍ နေပါသည်။ အဲ(လ်)ဂျီးယားတွင် လေးနှစ်မျှ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ကျမ ကုလသမဂ္ဂဌာနချုပ်သို့ ပြန်ရောက်နေပါသည်။ မိသားစုမိတ်ဆွေတဦးဖြစ်သူ ဖရင့်ထရေဂါ (Frank Trager) က ၄င်းအပြည်ပြည်ဆိုင်ရာ ပါမောက္ခအဖြစ် ဆောင်ရွက်နေသော နယူးယောက်တက္ကသိုလ်၌ “စု” ဘွဲ့လွန်သင်တန်းတက်ရန် စီစဉ်ပါသည်။ ပါမောက္ခထရေဂါသည် အမေရိကန် ထောက်ပံ့ရေးအစီအစဉ်တခုဖြင့် မြန်မာပြည်တွင် နှစ်အတန်ကြာ နေခဲ့ဖူပါသည်။ သူသည် အရှေ့သောင်အာရှနှင့် အရှေ့ဖျားနိုင်ငံများတွင် ကျယ်ပြန့်စွာ ခရီးလှည့်လည်ဖူးကာ၊ ထိုဒေသများ၏ ကိစ္စအဝဝတို့တွင် စိတ်ဝင်စားသူတဦးဖြစ်ပါသည်။ သူရေးသော ဘားမား၊ ပဒေသရာဇ်နိုင်ငံမှ သမတနိုင်ငံသို့ အမည်ခံစာအုပ်ထွက်ခဲ့သည်မှာလည်း မကြာသေးပါ။ သူသညါ “စု” ၏ တိုးတက်မှုကို ဂရုတစိုက်လေ့လာပါသည်။ ကျမတို့နေရာ မြို့လယ် မန်ဟတ်တင် (Midtown Manhatten) မှ နယူးယောက်တက္ကသိုလ်သို့ သွားရသောဘတ်စ်ကားခရီးမှာ အတော်ရှည်ပြီး ကားမူးတတ်သော “စု” အတွက် ပင်ပန်းခက်ခဲပါသည်။ ဘတ်စ်ကားမှတ်တိုင်မှ ပန်းခြံတခုကိုဖြတ်ပြီး၊ ဝါရှင်တန်ရင်ပြင် (Washington Square) သို့ သင်တန်းတက်ရန် “စု” သွားရသောလမ်း၌ ကျက်စားလေ့ရှိသော လူကြမ်းများ၏ အန္တရာယ်ကလည်း ရှိပါသေးသည်။ ကုလသမဂ္ဂရုံးသို့ကျမနေအိမ်မှ ခြောက်မိနစ်လောက်သာ လမ်းလျှောက်ရပါသည်။ သို့ဖြင့် လောလောဆယ် “စု” ကုလသမဂ္ဂတွင် အလုပ်ဝင်လုပ်ပြီး နောက်မှ စာဆက်သင်ရန် စိတ်ကူးပေါ်ပါသည်။ အလုပ်လျှောက်လွှာများ၊ ထောက်ခံစာများ၊ တွေ့ဆုံမေးမြန်းခြင်းများနှင့် ဖြစ်ရိုးဖြစ်စဉ် ကြန့်ကြာမှုနှင့် အခက်အခဲများကို ကျော်လွန်ပြီးသောအခါ “စု” ကုလသမဂ္ဂရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ပါသည်။ ကော်မတီ ဝင်များသည် မိမိတို့နိုင်ငံများ၏ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ထားရခြင်း မဟုတ်ဘဲ၊ ဘဏ္ဋာရေးဆိုင်ရာကိစ္စ များတွင် ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ခြင်းခံရသူများဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် အရံအဖွဲ့အစည်းများ အားလုံးအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့များကဲ့သို့သော အထူး အေဂျင်စီများ၏ စီမံကိန်းအစီအစဉ်များနှင့် ဘတ်ဂျက်များကို ထိုကော်မတီက လေ့လာမှတ်ချက်ချပြင်ဆင်ပြီး သဘောတူညီရရန် တင်ပြရပါသည်။ ထက်မြက်ထူးချွန်သော အဖွဲ့ဝင်များတို့ကြောင့် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ထိုအဖွဲ့ဝင်များနှင့် “စု” ကောင်းစွာ သိကျွမ်းလာပါသည်။

ကုလသမဂ္ဂဝန်ထမ်းများသည် ညနေပိုင်းနှင့် သတင်းပတ်ကုန်ပိုင်း အားလပ်ချိန်များ၌ ပရဟိတ လုပ်ငန်းများတွင် လုပ်အားပေးလေ့ရှိကြပါသည်။ မန်ဟတ်တင်ရှိ ကျမတို့နေအိမ်မှ ဘတ်စ်ကားနှင့်သွားလျှင် ဆယ်မိနစ်ခန့်သာဝေးသော ဘဲ(လ်)ဗယူး (Belleview)  ဆိုသည်မှာ နယူးယောက်ဆေးရုံကြီးတခု၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဘဝကို ရင်မဆိုင်နိုင်တော့ဘဲ ကိုယ်စိတ်နှစ်ဖြာပြိုလဲလုမတတ် ဖြစ်နေသူများကို ထိုဆေးရုံသို့ ခေါ်လာလေ့ရှိပါသည်။ လူမမာများအား စာဖတ်ပြရန်၊ အဖော်ပြုရန် အစီအစဉ်များတွင် ပါဝင်ရန် အမျိုးသမီး၊ အမျိုးသားများ အမြဲအလိုရှိနေပါသည်။ ထိုအစီအစဉ်တွင် “စု” ပါဝင်၍ အပတ်စဉ် နာရီပေါင်းများစွာ လုပ်အားပေးပါသည်။ ဤကား သူမမိခင်၏ ပရဟိတလုပ်ငန်း အစဉ်အလာအရ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ထိုအချိန်က မြန်မာနိုင်ငံမှ ဦသန့်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ပါသည်။ ဟဒ်စင်မြစ်ကို လှမ်း၍မြင်ရသော သူ၏အိမ်ကြီးသည် ရီးဗားဒေး(လ်) (Riverdale) အရပ်တွင်ရှိပြီး ကျမတို့နေအိမ်မှ ကားနှင့် တနာရီခန့် သွားရပါသည်။ ဦးသန့်အိမ်၌ တည်းခင်းကျင်းပသော တနင်္ဂနွေနေ့ ထမင်းစားပွဲများမှာ ကျမတို့အဖို့ အလွန်စိတ်ရွှင်လန်းဖွယ်ရာ ဖြစ်ပါသည်။ အခြား မြန်မာမိတ်ဆွေများလည်း လာကြပြီး ကျမအကြိုက် မြန်မာအစားအစာများ ကျွေးမွေးလေ့ရှိပါသည်။ ဦးသန့်၏ မြေးတဦးဦး၏ မွေးနေ့ကဲ့သို့သော အထူးနေ့များတွင် မြန်မာများအပြင် နိုင်ငံတကာမှ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်များကိုပါဖိတ်ကြားဧည့်ခံပါသည်။ အစားအစာမှာမူ အစဉ်အမြဲ အကောင်းဆုံးမြန်မာထမင်းဟင်းများ ဖြစ်ပါသည်။ ဦးသန့်မိသားစုက နွေးထွေးပျူငှာ ကာ ဧည့်ဝတ်ကျေလှပါသည်။ ကျမတို့ကမူ ဧည့်သည်သိပ်မများသော ထမင်းပွဲများကို ပိုမို၍ နှစ်သက်သော်လည်း၊ ထိုအခါများ၌ပင်လျှင် လူမှုရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အခြေအနေ၊ ဦးသန့်ကိုင်တွယ်နေရသော ပြဿနာများ စသည်တို့ကို စိတ်ပါလက်ပါ ဝိုင်းဝန်းဆွေးနွေးနိုင်ခြင်းမရှိပါ။ ဦးသန့်၏ အိမ်ရှင်အနေနှင့် ဆောင်ရွက်ရသော တာဝန်အဝဝကြောင့် ထိုကဲ့သို့ စကားဝိုင်းဆွေးနွေးပွဲများ မဖြစ်နိုင်ခဲ့ဟု ထင်ပါသည်။

မြန်မာနိုင်ငံမှ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်ဖြစ်သူ ဦးစိုးတင်၏ ဖိတ်ကြားဧည့်ခံပုံများမှာမူ အနည်းငယ်ကွာခြားပါသည်။ သူလည်း ရီးဗားဒေး(လ်)၌ပင် ဦးသန့်၏ ဂေဟာလောက် ကြီးကျယ်ခမ်းနားခြင်း မရှိသော အိမ်တလုံး၌ နေပါသည်။ အထွေထွေညီလာခံကြီး ကျင်းပချိန်ဖြစ်သော စက်တင်ဘာလ ဒုတိယအပတ်မှ ဒီဇင်ဘာလလယ်ခန့်အတွင်းဆိုလျှင် ဦးစိုးတင်သည် အလုပ်ကိစ္စများ၊ မအားမလပ်ဖြစ်နေလေ့ ရှိပါသည်။ အခြားအချိန်များတွင်မူ နယူးယောက်ရှိ မြန်မာများကို သူ၏ အိမ်သို့ ဗုဒ္ဓဘာသာပွဲတော် အခါသမယများ၌ ဖိတ်ခေါ်လေ့ရှိပါသည်။ ကျမတို့သည် သူ၏ ဇနီးနှင့် သားသမီးများကို ခင်မင်နှစ်သက်ပါသည်။ ဦးစိုးတင်သည် သဘောထားကြီးသူဖြစ်သည့်အလျောက် မြန်မာများကို သိုးများ၊ ဆိတ်များဟူ၍ ခွဲခြားပြီး မဆက်ဆံပါ။ ဆိတ်များဆိုသည်မှာ ဦးနေဝင်းလက်အောက် မြန်မာနိုင်ငံ၏ အခြေအနေကို အခြေအတင် ဆွေးနွေးငြင်းခုန်နိုင်ပါသည်။ တခါတရံ အငြင်းအခုံမှာ ပြင်းထန်သော်လည်း အများအားဖြင့် ဗွေမယူတမ်း၊ ခင်မင်သော သဘောဆောင်ပါသည်။

တချိန်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပဆဲအချိန်အတွင်း ကျမနှင့် “စု” ကို ဦးစိုးတင်အိမ် သို့ ထမင်းစားဖိတ်ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အချို့က ကျမတို့နှင့်တွေ့လိုကြောင်း ပြောပါသည်။ ဦးစိုးတင်သည် အစဉ်ယဉ်ကျေး ဖော်ရွေသူတဦး ဖြစ်သော်လည်း ဤဖိတ်ကြားပုံမှာမူ ထူခြားနေသဖြင့် `တခုခုတော့ တခုခုပဲ’ ဟု ကျမ ထင်မိပါသည်။ သူ၏ ရီးဗားဒေး(လ်)နေအိမ်သို့ ကျမတို့ နေ့လယ်လောက် ရောက်သွားပါသည်။ ပန်းများ၊ ရွက်လှပင်များ၊ အနက်နှင့် ရွှေရောင်ခြယ် မြန်မာယွန်းထည်များနှင့် ပြည့်နေသော လေးထောင့်ပုံ ဧည့်ခန်းကြီးအတွင်းရှိ ဆိုဖာများနှင့် ကုလားထိုင်များကို အခန်းဘေးကိုကပ်၍ ရွေ့ထားပြီး၊ ကော်ဖီပန်းကန်တင် စာပွဲကြီးများကို ထိုင်ခုံများရှေ့တွင် စီထား၏။ ဆိုဖာများနှင့် ကုလားထိုင်များပေါ်တွင် အထွေထွေညီလာခံတက်ရန် ရောက်နေသော မြန်မာသံအမတ်ကြီးများ တသီတတန်းကြီး ထိုင်နေကြ၏။ ကျမတို့နှင့် မတွေ့ဖူးသေးသော သူများအား မိတ်ဆက်ပေးပြီး ‘စု’ ကို အခန်းတဖက်စွန်း၌ လူကြီးနှစ်ယောက်အကြားတွင် ထိုင်စေပါသည်။ ကျမကိုမူ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီး မောင်လွင်ရှိရာနှင့် မဝေးလှသော လူနှစ်ဦးအကြား၌ ထိုင်စေပါသည်။ ဦးစိုးတင်၏ ဇနီးက သစ်သီးဖျော်ရည်များ လိုက်၍ကမ်းခြင်း၊ အားလူးကြော် စသော သွားရည်စာများကို စားပွဲများပေါ်ချခြင်း စသည့် ဝတ္တရားများ ပြီးစီးသည်နှင့် အထူးဧည့်သည်တော်များနှင့် ထိုက်တန်အောင် ချက်ပြုတ်ထားသော ထမင်းပွဲကို အပြီးသတ် စီမံရန် ကပ်လျက်အခန်းထဲသို့ ထွက်သွားပါသည်။ အားလုံး အလ္လာပ၊ သလ္လာပ စကားများ ပြောကြပါသည်။ ဦးစိုးတင်သည် ယဉ်ကျေးစွာ ပြုံးနေသော်လည်း အနေခက်နေပုံရပါသည်။ ရောက်ရှိနေသော လူစုလူဝေးက ‘စု’ အပေါ်တွင် စီရင်ချက်တမျိုးမျိုးချရန် စိုင်းပြင်းနေသည်မှာ ထင်းရှားပါသည်။ ဘယ်လိုစီရင်ချက်မျိုး ချမည်ကိုတော့ ကျမ မတွေးနိုင်ဖြစ်နေပါသည်။ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲက ဦးဆောင်တိုက်ခိုက် ပါတော့သည်။ ‘စု’ မည်ကဲ့သို့ ကုလသမဂ္ဂ၌ အလုပ်လုပ်နေပါသနည်း၊ မည်သည့်နိုင်ငံကူးလတ်မှတ် ကိုင်ဆောင် ထားပါသနည်း၊ သူမမိခင်သည် သံအမတ်ကြီး မဟုတ်တော့သဖြင့် ‘စု’ အနေနှင့် သံတမန်များဆိုင်ရာ နိုင်ငံကူး လက်မှတ် ပြန်အပ်ရမည် ဖြစ်ပါသည်။ ယခုထိ ပြန်မအပ်ရသေးဆိုသည်မှာ မှန်ပါသလား။ သံတမန်များဆိုင်ရ နိုင်ငံကူးလက်မှတ်ကို ဆက်လက်ကိုင်ထားခြင်းမှာ ဥပဒေနှင့်မညီကြောင်း သူမ သိမည်ဖြစ်ပါသည်။ အလွန်မှ နည်းလမ်းမကျသော ကိစ္စဖြစ်သဖြင့် အမြန်ဆုံးပြင်ဆင်ရန်လိုပါသည်။

တစုတဝေးလုံးက ဦးလွင်ပြောသမျှကို မျက်နှာလိုမျက်နှာရ အောက်ကျို့သောအသွင်ဖြင့် ထောက်ခံသံများပြုကာ ‘စု’ ကို ဝိုင်းကြည့်နေကြပါတော့သည်။ ‘စု’ က အနေမပျက် တည်ငြိမ်စွာရှိနေခြင်းမှာ ကျမအတွက် အတော်စိတ်သက်သာရာဖြစ်စေပါသည်။ သူမက ဣနြေ္ဒ ရှိရှိ လေအေးအေးနှင့် ပြန်ဖြေပါသည်။ နိုင်ငံကူးလတ်မှတ်အသစ်ရရန် လန်ဒန်ရှိ မြန်မာသံရုံး၌ သူမ လျှောက်ထားသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်သော်လည်း ယခုတိုင် အဖြေမရသေးကြောင်း၊ မည်ကဲ့သို့အကြေင်းကြောင့် ဤမျှ ထူးထူးခြားခြား ကြန့်ကြာနေရသည်ကို မပြောနိုင်ကြောင်း၊ နယူးယောက်သို့ သူမ ပညာသင်ရန် လာခဲ့ရာ၌ ရှိလက်စ နိုင်ငံကူး လက်မှတ်ကိုပင် ကိုင်ဆောင်ခဲ့ရကြောင်း၊ စားဝတ်နေထိုင်ရေးအတွက် အလုပ်ရှာရန် လိုနေသည့် အချိန်၌ ကံအားလျော်စွာ ကုလသမဂ္ဂ၌ အလုပ်ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြရန် နိုင်ငံကူးလက်မှတ်မှာ လိုအပ်ချက်ဖြစ်ကြောင်း၊ လပေါင်းများစွာကပင် လျောက်ထားခဲ့သော နိုင်ငံကူးလက်မှတ် ကို လန်ဒန်သံရုံးမှ ပို့ပေးရန် စောင့်နေလျက်ပင်ဖြစ်ကြေင်း၊ နိုင်ငံကူးလက်မှတ် အသစ်ရောက်သည်နှင့် အဟောင်းကို ဝမ်းသာစွာပြန်အပ်မည်ဖြစ်ကြောင်း၊ နိုင်ငံခြား၌ အလုပ်လုပ်ကိုင်နိုင်ရန် နိုင်ငံကူးလက်မှတ် (သံတမန်ဆိုင်ရာပဲဖြစ်စေ၊ ရိုးရိုးပဲဖြစ်စေ) တမျိုးမျိုး လိုအပ်သည်ကို အခန်းတွင်းရှိ ဦးလေးအားလုံး နာလည်ကြမည်ဟု သူမ ယူဆကြောင်း၊ ‘စု’ က ယဉ်ကျေးသိမ်မွေ့သော အသံနေအသံထားနှင့် တိကျကောင်း မွန်သော မြန်မာစကားလုံးများကိုသုံး၍ ပြောသွားပါသည်။

လန်ဒန်မှ မြန်မာသံအမတ်က ထကာ ‘စု’ အနေနှင့် နိုင်ငံကူးလက်မှတ်အသစ်ရရန် လျှောက်ထားခဲ့ သည်မှာ လပေါင်းများစွား ရှိပြီဖြစ်ကြောင်းကို အတည်ပြုကာ ထုံးစံအတိုင်းလျှောက်လွှာကို ရန်ကုန်သို့ ပို့ထားကြောင်း ပြောပါတော့သည်။ အဘယ့်ကြောင့် လပေါင်းများစွာ ကြာပြီဖြစ်သော်လည်း အကြောင်းမပြန်သေးသည်ကို သူ မသိရကြောင်းလည်း ပြောပါသည်။ အမှန်အားဖြင့် မြန်မာပြည်၌ ဤသို့နည်းတူ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေသော ရှုပ်ထွေးပွေလီလှသည့် ဗျူရိုကရက်ယျန္တရားနှင့် အလုပ်အကိုင်မပီပြင်မှုများအကြောင်းကို အခန်းတွင်းရှိ ကျမတို့အားလုံး သိရှိပြီးဖြစ်ပါသည်။ ထိုအခါမှ အခြား သံအမတ်များကလည်း ‘စု’ အနေနှင့် မိမိလုပ်ခဲ့ပုံမှလွဲ၍ အခြားရွေးစရာလမ်းမရှိခဲ့ဟု သဘောတူ ကြပါတော့သည်။ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ၏ မျက်နှာထားကား မတင်မကျဖြစ်လာ၏။ တောင်းပန် သကဲ့သို့သော လေသံနှင့် အစကအခြေအနေကို လုံးစေ့ပတ်စေ့ နားမလည်ခဲ့ကြောင်း၊ ရန်ကုန်ပြန်ရောက်သော အခါ နိုင်ငံကူးလက်မှတ်ရုံးက လုပ်စရာရှိသည်ကို လျင်မြန်စွာလုပ်ရန် သူကိုယ်တိုင်ညွှန်ကြားလိုက်မည် ဖြစ်ကြောင်း ပြောပါသည်။ ဤပုဂ္ဂိုလ်ကြီးမှာ ‘စု’ ထက် အသက်အားဖြင့် ကြီးကြသူများဖြစ်ကြသော်လည်း ကောင်းသောအရည်အချင်းအားဖြင့် ကြီးသူများမဟုတ်ဟု ကျမထင်မိပါသည်။ ကျမလည်းချက်ကောင်းယူကာ “နိုင်ငံကူးလက်မှတ်တွေ လုံးလုံးမလိုတော့တဲ့နေ့ မြန်မြန်ရောက်ပါစေလို့ ကျမတို့ မျှော်လင့်ရမှာပဲ” ဟု ပြောလိုက်ပါသည်။ ထို့နောက် ကျမတို့ နေ့လယ်စာစားကြပါသည်။

(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear)” စာအုပ်ကို မြန်မာ ဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ်ထုတ်ဝေထားသည့်  စာအုပ်မှ ကူးယူးဖေါ်ပြပါသည်။)

ဆက်လက်ဖော်ပြပါမည်။

No comments: