အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ထဲတွင် မြန်မာပြည် အခြေအနေများကို ကျမတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍ရသော မိတ်ဆွေတဦး ပါဝင်ပါသည်။ ထိုမိတ်ဆွေက “စု”၏ ဝေဖန်ချက်များ သိပ်ရဲလွန်းသည်ဟု ယူဆသော အခါများ၌ ‘စု’ က ယုံကြည်ချက်အရ သတ္တိရှိရုံမက၊ အဆက်အနွယ် အရလည်း သတ္တိရှိတာကိုး ဟု နောက်ပြောင်လေ့ရှိ၏။ သူဆိုလိုသည်မှာ ‘စု’ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်သဖြင့် တော်တော်နှင့် နှိမ်လို့ရမည် မဟုတ်ဟု ထင်ပါသည်။ ကျမ အထင်မှာတော့ ‘စု’ သည် သွေးသားအရထက် စိတ်ဓာတ်အရ သူမ မိဘနှစ်ပါး၏ သမီး ပီသပါပေသည်။
ကုလသမဂ္ဂရုံး၌ သုံးနှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် ‘စု’ ဆက်လက် တာဝန်မထမ်းတော့ဘဲ သားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း ရှိမည့် အိမ်ထောင်သည်ဘဝကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပါသည်။ သို့နှင့် ဘဝသစ်တရပ် စပါတော့သည်။ ဤအချိန်မှ စသော ဖြစ်စဉ်များမှာ အများသိပြီး ဖြစ်ပါသည်။ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်သည် နှစ်ပေါင်း အတော်ကြာပင် ဟိမဝန္တာ နိုင်ငံလေးဖြစ်သော ဘူတန်၌ ဘုရင့်သားသမီးများ၏ စာပြဆရာ အဖြစ်၎င်း၊ အစိုးရဘာသာပြန်ဌာန အကြီးအကဲအဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ‘စု’ လည်း ဘူတန်မှာ တနှစ်ခန့် နေခဲ့ပါသည်။ ဘူတန်သည် ကုလသမဂ္ဂအဖွဲ့ အတွင်းသို့ မကြာသေးမီကမှ ဝင်ခဲ့သဖြင့် ‘စု’ သည် ချက်ချင်းပင် ဘူတန်နိုင်ခြားရေးရုံး၌ ကုလသမဂ္ဂ ကိစ္စများဆိုင်ရာ အကြံပေးအရာရှိအဖြစ် အလုပ်ရပါသည်။ ‘စု’တို့ ဇနီးမောင်နှံသည် သားဦး အလက်ဇန္ဒားအား မျက်နှာမြင်ရန် အင်္ဂလန်သို့ ပြန်လာပါသည်။ မိုက်ကယ်ကား လန်ဒန်တက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းစတင်ပြီး၊ များမကြာမီ အောက်စဖို့ဒ်၌ ပညာရှင် အလုပ်ခွင်ထဲ ဝင်လိုက်ပါသည်။ဒုတိယသား ကင်မ်ကို ၁၉၇၇ ခုနှစ်တွင် ဖွားမြင်ပါသည်။ ‘စု’ လည်း ကလေးများအား ပြုစုပျိုးထောင်ခြင်း၊ ရန်ကုန်ရှိ မိခင်ထံ အလည်အပတ် သွားခြင်းတို့ဖြင့် အေးဆေးစွာ နေခဲ့ပါသည်။
မိသားစုကို ကြည့်ရှု ထိန်းသိမ်းရင်း ‘စု’ စာပေများ စ၍ ရေးသားပါသည်။ စာဖတ် ဝါသနာပါသည့်အလျောက် သူမသည် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာ စာအုပ် အမြောက်အမြား စုဆောင်းထားပါသည်။ မိုက်ကယ်၏ တိဗက် စာပေရေးရာနှင့် ဆိုင်သော စာအုပ်စာတမ်းများမှာလည်း တနေ့ထက် တနေ့ များပြားလာပါသည်။ သို့နှင့် သူတို့၏ အောက်စဖို့ဒ် နေအိမ်မှာ စာအုပ်များနှင့် ပြည့်လျှံ နေပါသည်။ ကလေးများကလည်း စာဖတ် ဝါသနာပါသူများအဖြစ် ကြီးပြင်းလာပါသည်။ ‘စု’ သည် သူမဖခင်၏ အထုပ္ပတ္တိရေးရန် စတင် စဉ်းစားပါသည်။ ဂျပန်ဘာသာစကားကို ဇွဲကြီးစွာဖြင့် စူးစူးစိုက်စိုက် သင်ပါတော့သည်။ မြန်မာပြည်အကြောင်း ရေးထားသော အင်္ဂလိပ်နှင့် မြန်မာစာအုပ်များ၊ ဂျပန်ပြည်အကြောင်း ရေးထားသော အင်္ဂလိပ်နှင့် ဂျပန်စာအုပ်များ တဖြည်းဖြည်း စုဆောင်းမိလာသည်။ ဖခင် အထုပ္ပတ္တိစာအုပ် ပြုစုရန် သုတေသန စတင်ပါသည်။ လန်ဒန်ရှိ အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာ ကျောင်း၌ ပါရဂူဘွဲ့ ယူရန်လည်း စတင် စီစဉ်ပါသည်။ ထိုအချိန်က သူမ၏ လုပ်ကိုင် လှုပ်ရှားမှုများသည် လုံ့လကြီးခြင်းနှင့် သန္နိဋ္ဌာန်ခိုင်ခြင်းကို ပြသသည်ဟု ဆိုရပေမည်။
၁၉၈၅ ခုနှစ်တွင် ဂျပန်နှင့်ဆက်စပ်သော သူမဖခင်၏ ဘဝ အစိတ်အပိုင်းနှင့်ပတ်သက်၍ သုသေသနပြုရန် တိုကျိုတက္ကသိုလ်က ကမ်းလှမ်းသော ပညာသင်ဆုကို ‘စု’ လက်ခံလိုက်ပါသည်။ ဂျပန်-မြန်မာ အစည်းအရုံးဝင်များကို တွေ့ဆုံကာ၊ ၎င်းတို့မှတဆင့် သူ့ဖခင်နှင့် သိကျွမ်းခဲ့သော အသက်ရှင်ဆဲ ရှိနေသည့် ဂျပန်များနှင့် အဆက်အသွယ် ပြုခဲ့ပါသည်။ တွေ့ဆုံသူတိုင်းက သူမအား ထိုစဉ်က အဖြစ်အပျက်အကြောင်း တခုမဟုတ်တခု ပြောပြပါကြပါသည်။ ဂျပန်များအကြောင်း ဗဟုသုတ တိုးပွားလာပြီး အဆက်အသွယ်များလည်း ကျယ်ပြန့်လာပါသည်။ ထိုအချိန်၌ မိုက်ကယ်သည် အိန္ဒိယပြည်မြောက်ပိုင်း ဆင်းမလားမြို့ရှိ အိန္ဒိယနိုင်ငံ အဆင့်မြင့် စာပေလေ့လာရေးဌာန၌ သုတေသန ပညာရှင် တဦးအဖြစ် ရောက်ရှိနေပါသည်။ သားကြီးက အောက်စဖို့ဒ်တွင် ကျောင်းအိပ် ကျောင်းစားအဖြစ် နေခဲ့ပြီး၊ သားငယ်က ‘စု’ နှင့် တိုကျိုမြို့သို့ ပါလာပါသည်။ ၁၉၈၆ ခုနှစ်တွင် ကျမကို တိုကျိုတက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ရိပ်သာ၌ သူတို့နှင့် အတူ လာနေရန် ‘စု’ ကဖိတ်ခေါ်ပါသည်။ ကျမလည်း သုံးလခန့် သွားနေဖြစ်ပါသည်။ ဂျပန်များနှင့်၎င်း၊ ဘာသာရပ်အမျိုးမျိုး လေ့လာရန် ဂျပန်ပညာသင်ဆုများ ရရှိထားသော နိုင်ငံတကာမှ ပညာရှင်များနှင့်၎င်း ‘စု’ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိပါသည်။ နောက်နှစ်တွင် ဆင်းမလားရှိ မိုက်ကယ်ထံသို့ ‘စု’ ၊ သားငယ်နှင့် အင်္ဂလန်မှ သားကြီးပါ ရောက်လာကာ မိသားစုအားလုံး ပြန်ဆုံကြပါသည်။ မိုက်ကယ် အလုပ်လုပ်နေသော ဌာန၌ ‘စု’ လည်း သုတေသနပညာရှင် အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၈၇ ခုနှစ်တွင် ကျမ အိန္ဒိယ၌ ရှိသည်ဖြစ်ရာ သုတေသနဌာနရှိ သူတို့ တိုက်ခန်း၌ တလခန့် ပျော်ပျော်ပါးပါး သွားလည်နိုင်ခဲ့ပါသည်။ ဌာနတည်ရာ အဆောက်အဦးကြီးသည် လွတ်လပ်ရေးမရမီ အချိန်ကာလက ဗြိတိသျှ ဘုရင်ခံချုပ်နှင့် ၄င်းတို့၏ ရုံးအဖွဲ့များ နွေရာသီနေထိုင်ရာ အိမ်တော်ဖြစ်ပါသည်။
ထိုနှစ်တွင်ပင် ဒေါ်ခင်ကြည်သည် မျက်စေ့တိမ်ကို ခွဲစိပ် ကုသရန်အတွက် လန်ဒန်သို့ ရောက်လာပါသည်။ ဆေးကုသမှုကြောင့် မသက်မသာ ရှိသော်လည်း ခွဲစိတ်မှုများ အောင်အောင်မြင်မြင် ရှိသဖြင့် ဒေါ်ခင်ကြည်အတွက် စိတ်ရွှင်လန်း ချမ်းမြေ့ဖွယ် ဖြစ်ပါသည်။ ‘စု’ သည် ဆင်းမလားမှ သူမ၏ အလုပ်ကို ရပ်ထားခဲ့ကာ မိခင်ကို ပြုစုရန် ရောက်လာပါသည်။ အမေရိကန် ပြည်ထောင်စုတွင် နေထိုင် အလုပ်လုပ်သော သူမ၏ အကိုလည်း ဆယ်ရက်ခန့် အလည် ရောက်လာပါသည်။ ကျမလည်း လန်ဒန်၌ ရှိသည့်လျောက် ဒေါ်ခင်ကြည်ကို နေ့တိုင်းလိုလို တွေ့ဖြစ်ပါသည်။ အခြား မိတ်ဆွေဟောင်းများ၊ မိတ်ဆွေသစ်များလည်း လာ၍ သတင်းမေးကြကာ ရယ်ရယ်မောမော ရှေးဟောင်း နှောင်းဖြစ်များအကြောင်း ပြောလိုက်ကြနှင့် ရွှန်လန်းချမ်းမြေ့ဖွယ် ဖြစ်ပါသည်။ ဒေါ်ခင်ကြည် တည်းနေသော တိုက်ခန်းသည် သစ်သီးများ၊ ပန်းများ၊ မြန်မာဆန်စွာ ရောဂါပျောက်ကင်း ကျန်းမာစေရန် ဆုတောင်းပို့သသော ကဒ်များနှင့် ပြည့်နေပါသည်။ ‘စု’ သည် အိမ်ထောင်မပြုမီက၄င်း၊ အိမ်ထောင်ပြုပြီးသော အခါ၌၄င်း မြန်မာပြည်ရှိ မိခင်ထံ မှန်မှန် အလည်သွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် သားမြေးများ ကြီးပြင်းလာသည်ကို မြင်ခဲ့ရပြီး မျက်စေ့ မခွဲမီနှစ်တွင် မိမိ၏ ရန်ကုန်အိမ်၌ ကလေးများ၏ ရှင်ပြုမင်္ဂလာပွဲကို ကိုယ်တိုင်ကြီးကြပ်ပြီး ကျင်းပခဲ့ပါသည်။ လန်ဒန်တွင် နှစ်လကြာ နေပြီးနောက် ဒေါ်ခင်ကြည်သည် မျက်စေ့များ အတော် အခြေအနေ ကောင်းလာပြီဖြစ်၍ မြန်မာပြည်သို့ ရွှင်လန်းစွာ ပြန်သွားပါသည်။ လန်ဒန်တွင် အလည်ရောက်စဉ်က မည်မျှ စိတ်ချမ်းမြေ့ခဲ့ကြောင်း၊ ၄င်းတို့နှင့် တွေ့ဆုံခဲ့ရသည်ကိုလည်း ပီတိဖြစ်ရကြောင်း စသဖြင့် မိတ်ဆွေ အများအပြားကို စာရေး အသိပေးပါသည်။ သို့သော် ရန်ကုန်ပြန်ရောက်၍ နောက်နှစ် ၁၉၈၈ မတ်လ ကုန်ပိုင်းတွင် ပြင်းထန်သော လေဖြတ်ခြင်းဒဏ်ကို ခံရပါသည်။ စု၊ မိုက်ကယ် နှင့် သားနှစ်ယောက်သည် အိန္ဒိယမှ အောက်စဖို့ဒ်သို့ ၁၉၈၇ စက်တင်ဘာလအတွင်း ပြန်ရောက်လာခဲ့ကြပြီး တက္ကသိုလ် ပညာရှင်များ လောကတွင် ပြန်လည် နေသားကျစ အချိန်၌ ဒေါ်ခင်ကြည် လေဖြတ်ကြောင်းသတင်း ရောက်လာပါသည်။ ‘စု’ လည်း ချက်ချင်းပင် ရသည့် လေယာဉ်ဖြင့် မိခင်အား ပြုစုရန် ရန်ကုန်သို့ လိုက်ပါသွားပါသည်။
၁၉၈၈ ခုနှစ် အတွင်း မြန်မာပြည်အတွင်း အဖြစ်အပျက်များကို အများသိပြီး ဖြစ်ပါသည်။ နှစ်ဦးပိုင်းက ဆန္ဒပြကျောင်းသားများ သေနတ်ပစ်ခတ်ခြင်း ခံကြရစဉ်ကစ၍ ပြဿနာများ၊ ပေါ်ပေါက်မည့် အလားအလာများ “၈-၈-၈၈” နေ့သည် ပြည်သူပေါင်း မြောက်များစွာ ချီတက်ဆန္ဒပြကြပြီး ဒီမိုကရေစီ တောင်းဆိုသောနေ့ ဖြစ်ပါသည်။ ဤဆန္ဒပြ ချီတက်ပွဲများကို နှိမ်နှင်းရန် အစိုးရတပ်များက ပစ်ခတ်သတ်ဖြတ်ခဲ့၍ ကျဆုံးဒဏ်ရာ ရသူများ အရေအတွက်မှာ နောင်တနှစ်ကြာတွင် ပီကင်းမြို့ တီယံအာမင်ရင်ပြင်၌ သေကြေပျက်စီမည့် တရုတ်ပြည်သူဦးရေထက် များစွာ ပိုမိုသည်။ ‘စု’ ခေါင်းရှောင်နေ၍ မဖြစ်တော့ပါ။ ဤလက်သစ်အကြမ်းဖက် အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် ပြည်သူလူထုကို ခေါင်းဆောင်ပေးနိုင်မည့် သူမ၏ ဖခင်ကား မရှိတော့ပြီ။ အဖေ့သမီး ပီသစွာ သူမ ပါဝင်လှုပ်ရှားရပေတော့မည်။
‘စု’ သည် တည်ထောင်ပြီးစ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံတဝှမ်း စည်းရုံးရေးဆင်းပါသည်။ ဤ စည်းရုံးရေးခရီးများ၏ ရည်ရွယ်ချက်မှာ အဖွဲ့ချုပ် ရုံးခွဲများ ဖွင့်လှစ်ရန်သာမက ဦးနေဝင်း၏ ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်စနစ် (နောက်ပိုင်းတွင်တော့ အရပ်သားအရေခြုံ စစ်အစိုးရ) လက်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့၍ စွဲကပ်နေသော ကြောက်ရွံ့စိတ်များမှ မြန်မာနိုင်ငံသူနိုင်ငံသားများ ရုန်းထွက် လွတ်မြောက်နိုင်စေခြင်းငှာ လမ်းပြနှိုးဆော်ရန် ဖြစ်ပါသည်။
‘စု’ က အင်္ဂလိပ်ရော၊ မြန်မာပါ ဘာသာစကား နှစ်မျိုးလုံးတွင် နိုင်နင်း ကျွမ်းကျင်ပါသည်။ မြန်မာဘာသာ စကားကို အသုံးပြုကာ သူမ၏ ဖခင်ကဲ့သို့ပင် မြန်မာပြည်သူလူထု၏ ရင်ထဲ အတွေးထဲသို့ ရောက်အောင် စွမ်းဆောင်ပါသည်။ သူမ၏ အတွေးအမြင်များနှင့် ဆောင်ရွက်ချက်များကို ကမ္ဘာသို့ တင်ပြရန် အင်္ဂလိပ်စကားကို သုံးပါသည်။ ထိုင်းမှိုင်းဖွယ်ရာ ဘဝ၌ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပြီး ဆန္ဒပြရန် နိုးကြားလာခဲ့ကြသော မြန်မာပြည်သူလူထုကို လှုံ့ဆော် စည်းရုံးရန်အတွက် မြန်မာဘာသာစကားသည် အရေးအပါဆုံး ဖြစ်ပါသည်။ ဤသို့ ပြည်သူလူထုကို လှုံ့ဆော် စည်းရုံးရန်အတွက် ‘စု’ သည် ကိုယ်စိတ်နှစ်ပါးစလုံး အလွန်ပင်ပန်းစွာ အားထုတ်ရသည့် အပြင် မရေမတွက်နိုင်လောက်အောင် အန္တရာယ်မျိုးစုံနှင့် စွန့်စားမှုများကိုလည်း ကြုံတွေ့ရပါသည်။ အထူးသဖြင့် စစ်အစိုးရက ထုတ်ပြန်ထားသော အမိန့်အရ လူ လေးဦးထက် ပို၍ စုဝေးခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ပြီး စစ်တပ်က အင်အားသုံးကာ လူစုခွဲခွင့်ရှိပါသည်။
တခါတွင် စစ်အစိုးရ၏ အမိန့် ထုတ်ပြန်ထားချက်နှင့် အညီဟု ထင်ပါသည်။ ကြည်းတပ်မှ ဗိုလ်ကြီးတဦးက ‘စု’ နှင့် သူမ၏ စည်းရုံးရေး အဖွဲ့ဝင်တို့ကို ရှေ့ဆက်သွားလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြီး သေနတ်များနှင့် ချိန်ကာ လမ်းခရီးကို ပိတ်ဆို့ပါသည်။ ‘စု’ က အလွန်တည်ငြိမ်စွာဖြင့် သူမ၏ အဖော်များကို ဘေးသို့အသာဖယ်၍ စောင့်နေရန် မှာပြီး သူမက လမ်းကို တဦးတည်းသာ ဆက်၍ သွားပါသည်။ သူမက လိုအပ်လျှင် အသက်တချောင်းကိုသာ စွန့်ရန်နှင့် ယင်းမှာလည်း သူမ၏ အသက်သာ ဖြစ်စေရမည်ဟု ယတိပြတ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤလုပ်ရပ်သည် အလွန်ရဲရင့်ပြီး အောင်မြင်မှုလည်း ရခဲ့ပါသည်။ အကြောင်းမှာ ထိုနောက်ဆုံး အချိန်ပိုင်းလေးမှာပင် ဘေးမှ ဗိုလ်မှူးတယောက်က ကြားဝင်၍ ပစ်ခတ်မည်ကို တားဆီးခဲ့ပါသည်။ တခါတရံ ‘စု’ က သူမမိခင် ဒေါ်ခင်ကြည်၏ စည်းကမ်းစနစ်ကျစွာ သွန်သင်ထိန်းကြောင်း လမ်းညွှန်မှုအောက်တွင် သူမ ကြီးပြင်းလာခဲ့ရပုံကို ပြောပြတတ်ပြီး ဤသို့သော ပဲ့ပြင် သွန်သင်မှုများကြောင့်ပင်လျှင် ဘဝတွင် တွေ့ကြုံရသော မထင်မှတ်သည့် အခက်အခဲ၊ ဒုက္ခများကို ကျော်လွှား အောင်မြင်နိုင်ခြင်း ဖြစ်ပါသည်။ ဆိုခဲ့သော အဖြစ်အပျက်မှာလည်း ဤကဲ့သို့သော အခက်အခဲ အကြပ်အတည်းများစွာထဲမှ တခုသာဖြစ်ပါသည်။
ဤအဖြစ်အပျက်ကို ကြားရ၊ ဖတ်ရသည့်အခါ ကျမနေနှင့် ဒေါ်ခင်ကြည်ကို တဖန်ပြန်လည် သတိရစေပါသည်။ အခါပေါင်းများစွာ သူမလည်း လက်ရုံးရည်၊ ဖြတ်ထိုးဥာဏ်နှင့် ဆုံးဖြတ်ချက်၊ ထိုးထွင်းဥာဏ်၊ မိမိအလိုသို့ပါအောင် ဆွဲဆောင် စည်းရုံးတတ်မှုနှင့် လူအများနှင့် ပြေပြစ်အောင် ဆက်ဆံတတ်မှုတို့ကို အသုံးချကာ အကျဉ်းအကျပ်ထဲမှ လွတ်အောင် ဆိုးဝါးသော ဘေးအန္တရာယ်မှ ဖယ်ရှားနိုင်အောင် ကြံဆောင်နိုင်ခဲ့ပါသည်။ ဒေါ်ခင်ကြည်က သူမ တွေ့ကြုံခဲ့ရသော အဖြစ်အပျက် များစွာကို ပြောပြတတ်ပြီး ‘စု’ လည်း ဤအဖြစ်အပျက် အားလုံးကို သိထားပြီး ဖြစ်ပါသည်။ ဒေါ်ခင်ကြည်သည် အလုပ်တာဝန်မှ အငြိမ်းစား ယူပြီးနောက်မှာပင် အများနှင့်ဆက်ဆံရာတွင် အလွန်သိုသိပ်ခြင်း၊ မှန်ကန်စွာ ဆုံးဖြတ်ခြင်းတို့ ရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာမူ အများသိပြီး ဖြစ်သည့်အတိုင်း လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်ဝရအောင် တသက်တာလုံး ကြိုးပမ်းခဲ့ပါသည်။
‘စု’ ၏ သဘောသဘာဝနှင့် ကြံ့ခိုင်သော စိတ်ဓာတ်တို့၏ ဇစ်မြစ်ကို လေ့လာ စူးစမ်းရာတွင် ကျမ၏ ရည်ရွယ်ချက်မှာ ဥပမာအားဖြင့် မြေကြီးကို အမှီပြုကာ အလွန် ထူးဆန်းရှားပါးသော အဖူးအပွင့် ကလေးတခု ဖြစ်ပေါ်လာရသကဲ့သို့ပင် မိဘနှစ်ဦးကို အရင်းခံပြီး ဤထူခြား ပြောင်မြောက်သော ရင်သွေးတဦး ဖြစ်ထွန်းလာရပုံကို ဆက်သွယ်ကြည့်ရန် ဖြစ်ပါသည်။
‘စု’ နှင့် ကိုယ်ကျင့်တရား ဖြောင့်မတ်ခြင်း၊ တည့်မတ်သော ရည်ရွယ်ချက် ပန်းတိုင်ရှိခြင်း၊ မလျော့သော ဇွဲလုံ့လနှင့် စူးစူးစိုက်စိုက် ရည်မှန်းချက်ကို ရောက်အောင် ကြံဆောင်တတ်ခြင်း စသော အရည်အသွေးများသည် အခက်အခဲနှင့် ရင်ဆိုင်ရသော အခါများတွင် စိတ်ဓာတ်ကျလေ့ မရှိခြင်း၊ ဘယ်အရာမဆို အကောင်းဘက်မှ ကြည့်တတ်ခြင်း၊ သူတပါး၏ ဆိုလိုရင်းကို နားလည်တတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် ရန်မူမှုများနှင့် တွေ့ကြုံရသောအခါ ဣနြေ္ဒမပျက်ခြင်း၊ သန္နိဌာန်ခိုင်ခြင်း စသည်တို့နှင့်လည်း အတူ တွဲလျက်ရှိနေပါသည်။ သူမ အောက်စဖို့ဒ်တွင် ပညာသင်ကြားခဲ့သော နှစ်များ၊ အိမ်ထောင်ရှင်မ ဘဝနှင့် သူမ၏ သားနှစ်ယောက်ကို ပြုစုပျိုးထောင်ရမှု၊ အင်အားချည့်နဲ့ သူများနှင့် သက်ကြီးရွယ်အိုများအပေါ် ဂရုစိုက် စောင့်ရှောက်မှု၊ သူမ၏ ကျယ်ပြန့်သော သူငယ်ချင်းမိတ်ဆွေ အသိုင်းအဝိုင်း၊ ပိုမိုတိုးပွားလာသော သူမ၏ စိတ်ဝင်စားမှုများ၊ သူမ၏ အဆိုအရ သူမ ခင်ပွန်းသည်ကို စံနမူနာပြု၍ အားကျ အတုယူပြီး ပညာထူးချွန်အောင် လေ့လာလိုက်စားမှု၊ နောက်ပိုင်း နှစ်များတွင် ရရှိခဲ့သော တွေ့အကြုံများ အားလုံးတို့ကို စုပေါင်းလိုက်သော အခါတွင် ရလဒ်မှာ ရင့်ကျက်မှု၊ လိုက်လျောညီထွေ ဆက်ဆံတတ်မှု၊ အလွန်အရေးပါသော စိန်ခေါ်မှုများကို လိုလားစွာ ကိုင်တွယ်နိုင်စွမ်း ရှိလာမှုတို့ပင် ဖြစ်ပါသည်။
ယခုလက်ရှိ အခြေအနေတွင် သူမအတွက် အချိန်သည် ရပ်တန့်လျက် ရှိနေသကဲ့သို့ ထင်ရသောလည်း သူမ၏ အရည်အသွေးများ ပိုမိုစူးရှ တောက်ပြောင်လာမှုကိုမူ မတားဆီးနိုင်ပါ။ သူမကို ဖိနှိပ်ချုပ်ချယ်ရသော လူတစု ကိုယ်တိုင်ကပင် သူမကို အထင်မကြီးဘဲ မနေနိုင်ကြဟု ယူဆပါသည်။ မြန်မာပြည်သူ ပြည်သားများ အပေါ် လွှမ်းခြုံလျက်ရှိသည့် “ကြောက်ရွံ့ခြင်း ဆိုသော မှိုင်းထုကြီး” ကို ဖြိုခွဲပစ်ရန် သူမ၏ ကြိုပမ်းချက်များမှာ အလွန်မွန်မြတ်လှသော ရည်မှန်းချက် တရပ်ဖြစ်ပြီး၊ ဤရည်မှန်းချက် အောင်မြင်အောင် တိုက်ပွဲဝင်ရန်အတွက် သူမတွင် ကာယစွမ်းရည်၊ ဥာဏစွမ်းအား၊ ဖြူစင်သော ကိုယ်ကျင့်တရားတို့နှင့်လည်း ပြည့်စုံပြီးဖြစ်ပါသည်။ အရေးတော်ပုံ အောင်ပါစေ။ ။
‘စု’ နှင့် သူမ၏ မိသားစုတို့အကြောင်းကို အထက်ပါအတိုင်း ကျမရေးခဲ့သည်မှာ အချိန် အတော်ကြာသွားပြီ ဖြစ်ပါသည်။
ဤအချိန်အတွင်း ကျမတို့၏ မြန်မာပြည်သူများ မည်သို့သော အခြေအနေများ ကြုံတွေ့ နေကြရပါသလဲ။ ‘စု’ တယောက်ရော ဘယ်မှာလဲ။ မြန်မာပြည်သူ၊ ပြည်သားများ ကောင်းစားရေးအတွက် ကြိုးပမ်းနေသည်ဟု အသံကောင်းလွှင့်နေသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က သူတို့ အပြောနှင့် ညီအောင် ဘာတွေများ လုပ်နေသလဲ။
ဝမ်းနည်းစရာ ကောင်းလောက်အောင်ပင် ကျမတို့ မြန်မာ ပြည်သူလူထု၏ ဘဝများမှာ ပင်ပန်းဆင်းရဲမှုနှင့် နာကျင်မှုများ ပြည့်နှက်လျက် ရှိနေဆဲ ဖြစ်ပါသည်။ သာမန်လူ တယောက်အတွက် လူနေမှု အဆင့်အတန်းမှာလည်း နိမ့်ကျမြဲသာ ဖြစ်ပါသည်။ နဝတက ဈေးကွက်တွင် လူသုံးကုန်များ ပို၍ ပေါများလာသည်ဟု ဆိုသော်လည်း ကုန်ဈေးနှုန်းများမှာ တက်မြဲ တက်လျက်သာ ဖြစ်နေပါတော့သည်။ မြန်မာတပြည်လုံးကို ကြောက်ရွံ့ခြင်းက လွှမ်းမိုးထားဆဲ ဖြစ်ပါသည်။ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ဝင်များကလည်း ထုံးစံအတိုင်း နေရာအနှံ့ ရှိပါသည်။ မည်သူမျှ တဦးအပေါ် တဦး မယုံကြည်ရဲကြပါ။ ဥပဒေနှင့် မညီသော တဖက်သတ် အမိန့်စီရင် ချမှတ်ခြင်းများ၊ တရားမျှတမှု မရှိခြင်းနှင့် တပ်မတော်ကသာ ကြီးစိုး ခြယ်လှယ်ခြင်းတို့လည်း ဆက်၍ ဖြစ်ပွားနေပါသည်။ အာဏာ ချုပ်ကိုင်ထားသော တပ်မတော်အတွင်း အဂတိလိုက်စားမှုများ အကြောင်းကိုလည်း လူတိုင်း အသိပင် ဖြစ်ပါသည်။ မည်သည့် ဝေဖန်မှုကိုမျှ ခွင့်မပြု၊ လက်မခံကြပါ။ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုသည်မှာလည်း လုံးဝမရှိပါ။
နဝတ က ၄င်းတို့၏ ကန့်သတ်ချုပ်ချယ်မှု ပေါင်းများစွာထဲမှ အနည်းငယ်ကို အလျော့ပေးသယောင် ဟန်ပြသော်လည်း ၄င်းတို့အပေါ်တွင် လူထုက ယုံကြည်လာအောင် မလုပ်နိုင်ပါ။ ထိုင်း၊ တရုတ်နှင့် မြန်မာတို့ မှောင်ခိုကူးခြင်း လုပ်ငန်းကို တရားဝင် ခွင့်ပြုပြီး လမ်းများ ဖွင့်ပေးလိုက်ခြင်းသည်လည်း ဆင်းရဲသားများ၏ ဘဝများကို မည်သို့မျှ မချောင်လည်စေပါ။ စစ်အစိုးရက တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပိုမိုခင်မင်ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် စစ်လက်နက်များ ဝယ်ယူနိုင်ရန်နှင့် ဖက်စပ် စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကြံဆောင်ချက်များမှာလည်း မြန်မာပြည်သူ ပြည်သားအပေါင်းတို့၏ အနာဂတ်အတွက် ရင်လေးဖွယ် ဖြစ်သည့်အပြင် မြန်မာနိုင်အတွက် ဆင်းရဲတွင်း ပို၍နက်စေပါသည်။ နိုင်ငံအတွင်းမှ သယံဇာတများကို မတန်တဆ ဈေးများလျော့၍ ရောင်းပြီး ရသည့်ငွေဖြင့် လူနည်းစု တိုင်းရင်းသားများနှင့် ဖြစ်နေသော မဆုံးနိုင်သည့် ပြည်တွင်းစစ်ပွဲများတွင် အသုံးပြုရန်အတွက် လက်နက်များ ဝယ်ယူကြပါသည်။
နဝတက သူတို့ ပြောသမျှကို ခေါင်းညိတ်မည့် သူများဟု ယူဆရသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အချို့ကို ရွေးချယ်ခေါ်ယူပြီး အမျိုးသား ညီလာခံတရပ် ကျင်းပနေပါသည်။ သူတို့က “ပါတီစုံ ဒီမိုကရေစီစနစ်ကို အရင်းခံသော အခြေခံဥပဒေ တရပ်ကို ရေးဆွဲရန်” ကြိုးပမ်းနေကြသည်ဟု ပြောပါသည်။ သူတို့ ရွေးချယ် ခေါ်ယူထားသော “ဟုတ်ကဲ့” ဟုသာ ဖြေမည်ဟု ယူစရသည့် ပါတီ ကိုယ်စားလှယ်များထဲမှပင် အချို့က နောင်အနာဂတ်တွင်လည်း စစ်တပ်က ယခုလိုပင် နိုင်ငံရေးတွင် ဦးစီးဦးဆောင် ပြုသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် အဆိုကို ကန့်ကွက်ခဲ့ကြပါသည်။ စူးစမ်းလေ့လာသူများက ဤအမျိုးသား ညီလာခံကို လက်ရှိအာဏာရှင်များ အနေနှင့် အာဏာကို အချိန်အကန့်အသတ်မရှိ ဆုပ်ကိုင်ထားနိုင်အောင် အကွက်ဆင်ထားသော လုပ်ရပ်တခုသာ ဖြစ်သည်ဟု သတ်မှတ်ကြပါသည်။
နဝတ အစိုးရသည် ၄င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်သော လုပ်ရပ်များအတွက် ကဲ့ရဲ့ရှုတ်ချမှု အမျိုးမျိုးခံရပါသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်များတွင် ထိုသို့သော ဝေဖန်ကန့်ကွက်သည့် ဆုံးဖြတ်ချက်စာတမ်းများ ထုတ်ပြန်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်သတ်မှတ်မှတ် အမည်နှင့်တကွ ထုတ်ဖော်ကာ ဒေါ်အောင်းဆန်းစုကြည်နှင့် အတူ အခြား ထိန်းသိမ်းခံနေရသည့် နိုင်ငံရေးသမားများအား လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ဂျီနီဗာမြို့၌ ကျင်းပသော ဆွေးနွေးပွဲတွင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အတိုက်အခံအဖွဲ့များ၏ အထင်းရှားဆုံး ခေါင်ဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နဝတ က ဆက်လက် ဖမ်းဆီးထားခြင်းကိုလည်း ရှုတ်ချခဲ့ပါသည်။ ဤကော်မရှင်က မြန်မာပြည်အတွင်း၌ ဆက်လက် ဖြစ်ပွားနေသော ပိုမိုဆိုးဝါးလာသည့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ၊ ဥပမာ ရွာများကို ရွာလုံးကျွတ် အဓမ္မပြောင်းရွေ့စေခြင်း၊ ပြည်သူများကို အတင်းအကြပ် စစ်တပ်အတွက် ပေါ်တာများအဖြစ် ခိုင်းစေကာ အစာမကျွေးဘဲ ထားခြင်း၊ စစ်ကြောင်းအရှေ့မှ မိုင်းရှင်းရာတွင် လူများကို အသုံးချခြင်း၊ စစ်ပွဲများမှ ဖမ်းဆီးသော စစ်သုံ့ပန်းများကိုရော၊ နိုင်ငံရေး အကျဉ်းသားများကိုပါ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်းများ အပါအဝင် အခြားမြောက်များ လှစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို သွားရောက်လေ့လာပြီး ပြန်လည်တင်ပြ အစီအရင် ခံရန်အတွက် အထူးကိုယ်စားလှယ် အဖွဲ့များအား နှစ်ကြိမ်စေလွှတ်ခဲ့ပါသည်။
နဝတ အစိုးရသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တလေးတစား ဆက်ဆံမှုကို ဆုံးရှုံးခဲ့ပြီး ယခုမှသာ ပြုပြင်ထားသော အသွင်တမျိုးအား ကမ္ဘာ့နိုင်ငံများကို တင်ပြရန် ကြိုးစားနေပါသည်။ အချည်းနှီးပါတည်း။ ယောင်္ကျား၊ မိန်းမ၊ ကလေးများပါ မကျန် ဘုန်းတော်ကြီးများ အားလုံးတို့မှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ကြသူများ ဖြစ်ပြီး ထိုမြန်မာပြည်သူ လူထုအပေါင်းအား ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို မည်သည့်အခါမျှ မေ့နိုင်ကြမည် မဟုတ်ပါ။ ယခုတိုင် ပြင်းထန်ကြမ်းတမ်း ရက်စက်သော နည်းမျိုးစုံဖြင့် အတိုက်အခံ မှန်သမျှကို နှိမ်နင်း ချေမှုန်းနေရာတွင် အထူးသဖြင့် လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများ အသုံးပြုနေကြသည်ကို လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အစိုးရများက စုံစမ်းသိရှိခဲ့ကြပြီး ရှုတ်ချကန့်ကွက် ခဲ့ကြပါသည်။ နဝတ၏ အသိသာ အထင်ရှားဆုံးသော အပြစ်တခုမှာ ၁၉၉၀ ပြည့်နှစ် မေလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည် ‘စု’ တည်ထောင်ခဲ့ပြီး နိုင်ငံရေး မြေပုံပေါ်ကို တင်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ အာဏာလွှဲပြောင်းရေး ကိစ္စကို မရေမရာ ဝေးကွာလှသည့် အနာဂတ်ဆီသို့ ရွှေ့ဆိုင်းထားခြင်းပင်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများ အလယ်တွင် နဝတ စစ်အစိုးရ၏ ဂုဏ်သိက္ခာမှာ ကျဆင်းခဲ့ရ၍ ‘စု’ မှာမူ သူ၏ နိုင်ငံတွင်း၌ သာမက တကမ္ဘာလုံး၏ အမြင်တွင် ဂုဏ်ရှိန်မြင့်တက် ကျော်ဇောလျက် ရှိနေပါတော့သည်။ သူမကို အကျယ်ချုပ်နှင့်ဖမ်းဆီးထားပြီး လူမြင်ကွင်းမှ ဖယ်ရှားထားသည့် ကြားကပင် သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀ မေလ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာ အများဆုံး အနိုင်ရခဲ့ပါသည်။ ကမ္ဘာ့နေရာ အနှံ့အပြားက သူမကို ဂုဏ်ထူများ၊ ဆုများ အမြောက်အမြား အပ်နှင်းခဲ့ပါသည်။ ထိုအထဲတွင် အမြင့်မားဆုံး ဆုတခုမှာ သူမ၏ အကြမ်းမဖက်သော ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် သူမ၏ ပြည်ထောင်စုသားများအတွက် လူ့အခွင့်အရေး ရရှိအောင် ရပ်တည်ချက်၊ ကြိုးပမ်းချက်များအတွက် ၁၉၉၁ ခုနှစ်တွင် ဂုဏ်ပြု ချီးမြှင့်ခံခဲ့ရသော နိုဘဲလ် ငြိမ်းချမ်းရေးဆုပင် ဖြစ်ပါသည်။ နိုဘဲလ်ကော်မတီ၏ သဘာပတိက ဆုပေးပွဲတွင် မိန့်ကြားခဲ့သော မိန့်ခွန်းတွင် “သူမသည် ယခုအခါ၌ မြန်မာနိုင်ငံတွင်သာမက ကျန်အာရှတခွင်နှင့် အခြားသော ကမ္ဘာ့နေရာ အနှံ့အပြားတို့တွင် ပေါ်ပေါက်နေသော အကြမ်းဖက်မှုတို့ကို ဆန့်ကျင်တိုက်ဖျက်ရေးနှင့် လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးတို့အတွက် လှုပ်ရှားမှုများ၏ အထိမ်းအမှတ် သင်္ကေတတခုပင် ဖြစ်ပါသည်” ဟု ပြောသွားသည်။
၁၉၉၃ ခု နှစ်ဦးပိုင်းက တောင်အာဖရိကမှ ခရစ်ယာန် ဘုန်းတော်ကြီး ဘိရှော့တူးတူးနှင့် တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားတို့ အပါအဝင် အခြားနိုဘဲလ်ဆုရှင်များ ပါဝင်သည့် အဖွဲ့တဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရန် အထူး တိုက်တွန်းခဲ့ပါသည်။ သို့သော် အရာမထင်ခဲ့ပါပေ၊ ထိုအဖွဲ့က သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပါသည်။ နဝတ နှင့် ကမ္ဘာတဝှမ်းသို့ အသံလွှင့်ခဲ့ပါသည်။ သူတို့က “ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာတဝှမ်းတွင် လွတ်လပ်ခြင်း၏ အထိမ်းအမှတ် သင်္ကေတဖြစ်ပြီး မြန်မာပြည်သူ လူထုတရပ်လုံးကိုလည်း စိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်နိုင်ဆဲပင် ဖြစ်ပါသည်။ သူမကို လွတ်လပ်ခွင့် ပြန်ပေးရန် သင့်ပါသည်” ဟုပြောခဲ့ပါသည်။
အင်းလျားကန်ဘေးမှ သူမ၏ နေအိမ်အတွင်း တဦးတည်း အချိန်ကြာရှည်စွာ ချုပ်နှောင်မှု ခံနေရသည်မှာ ယခုဆိုလျှင် ငါးနှစ်တာကာလအတွင်း ဝင်ရောက်လာပြီ ဖြစ်သော ‘စု’ အကြောင်းကို ကျမ တွေးနေမိပါသည်။ ဤသို့သော ဆိုးဝါးလှသည့် အခြေအနေမျိုးကို ရင်ဆိုင်နိုင်အောင် ဘယ်အရာကများ သူမကို စွမ်းဆောင်ပေးနေပါလိမ့်။
သူမ အကောင်အထည်ဖော် ကြံဆောင်လျက်ရှိသည့် ရည်မှန်းချက်မှာ အထူးမွန်မြတ်လှပြီး မလွဲမသွေ မုချ အောင်မြင်ရလိမ့်မည်ဟူသော မည်သို့မျှ ယိုင်နှဲ့ဖျက်ဆီးပစ်၍ မရနိုင်သည့် ခိုင်မာသော ယုံကြည်ချက်တခု သူမတွင် ရှိပါလိမ့်မည်။
ဒီမိုကရေစီနှင့် မြန်မာပြည်သူ အပေါင်းအတွက် လူ့အခွင့်အရေးများ ရရှိအောင် ကြိုးပမ်းချက်များ အပေါ်တွင်လည်း ‘စု’ က သူမ၏ မိသားစုထံမှ အဆုံးစွန်သော ယုံကြည်မှု၊ နားလည်မှုနှင့် ထောက်ခံ အားပေးမှုများကို ရထားပါသည်။ ‘စု’ ထံတွင် ပင်ကိုယ်စွမ်းရည် သတ္တိများ ရှိထားပြီးဖြစ်ပါသည်။ စူးရှထက်မြက်သော စိတ်စွမ်းအားနှင့် အသိဥာဏ်၊ အလိမ္မာများလည်း ပြည့်စုံပြီး ဖြစ်ပါသည်။ စည်းစနစ်လည်းကျပြီး သူမ၏ဘဝကို ပညာဗဟုသုတ ရှာဖွေခြင်းနှင့် ဗုဒ္ဓဘာသာ တရားတော်များကို လေ့လာ ကျင့်ကြံခြင်းအားဖြင့် ဖြည့်ဆည်းတတ်ပါသည်။
သူမဖခင် ဗိုလ်ချုပ်၏ စွမ်းဆောင်ချက်များ၊ မြန်မာပြည်သူ လူထုအပေါ် ထားသော ဗိုလ်ချုပ်၏ မေတ္တာစေတနာနှင့် လူထုတရပ်လုံးကလည်း ဗိုလ်ချုပ်ကို လေးစားချစ်ခင်စွာ သတိရလျက် ရှိနေကြောင်းများကို ‘စု’ အမြဲ စဉ်းစားနေလိမ့်မည်ဟု ကျမ ထင်ပါသည်။
သူမက အမျိုးသား ပြန်လည်ညီညွတ်မှု ရရှိရေးနှင့် ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းပြီး သဘောထား ကွဲလွဲနေမှုများကို ဖြေရှင်းနိုင်ရေးအတွက် အဓိပ္ပါယ်ရှိသော စေ့စပ်ဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်အောင် နဝတ အစိုးရကို ယခင်ကလည်း ဖိတ်ခေါ်ခဲ့ပြီး ယခုထိလည်း ဖိတ်ခေါ်နေဆဲဖြစ်ပါသည်။
‘စု’ သည် ကျမတို့၏ မြင်ကွင်းများမှ ပျောက်နေသော်လည်း ကျမတို့၏ အတွေးများထဲမှ မည်သည့်အခါမှ ကွယ်ပျောက် သွားလိမ့်မည် မဟုတ်ပါ။ မြန်မာပြည်သူ ပြည်သားများရော၊ ပြည်ပတွင် ရောက်နေသူ မြန်မာတိုင်းရင်းသားများပါ အားလုံးက ‘စု’ ကို သတိရနေပြီး၊ ‘စု’ အကြောင်းကို တွေးတောလျက် ရှိနေကြပါသည်။ ကမ္ဘာကလည်း ‘စု’ လွတ်မြောက်လာမည့် နေ့ကိုလည်း စောင့်မျှော်လျက်၊ မြန်မာပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်အောင် လမ်းပြ ခေါ်ဆောင်ရမည့် သူမ၏ ကံကြမ္မာကို သူမ ဖြည့်ဆည်းခွင့် ရတော့မည့် ထိုအချိန်အခါ စောင့်ကြည့် နေကြပါသည်။ ‘စု’ သည် ပြည်သူလူထုနှင့် အတူ ရှိနေပါသည်။ ‘စု’ သည် ပြည်သူလူထု ဘက်မှသာ ရပ်တည်ပါသည်။ မြန်မာပြည်သူလူထု၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များကို ‘စု’ က ဖြည့်စွမ်းပေးမည် ဆိုသည်ကို စိုးစဉ်းမျှပင် သံသယမဖြစ်မိပါ။
‘စု’ လွတ်မြောက်လာမည့် နေ့ကိုသာ ကျမတို့အားလုံး မျှော်လင့်တကြီး စောင့်စား နေမိကြပါတော့သည်။
မသန်းဧ
၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ။
(ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ရေးသားထားသော “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from Fear)” စာအုပ်ကို မြန်မာ ဘာသာပြန်၍ ဒေါက်တာအောင်ခင် တည်းဖြတ်ထုတ်ဝေထားသည့် စာအုပ်မှ ကူးယူးဖေါ်ပြပါသည်။)
No comments:
Post a Comment