- Category: ဆောင်းပါး
တစ်လောက
ဂျာနယ်တစ်စောင်ရဲ့ မျက်နှာဖုံးမှာ “ဒီမိုကရေစီ အကယ်ဒမီ” ဆိုပြီး
တွေ့လိုက်ရတယ်။ အလိုလေးဗျာ ဒီမိုကရေစီ ဈေးပေါလိုက်တာ။ ဒီလိုနဲ့
“ဒီမိုကရေစီ မယ်လိုဒီ” “ဒီမိုကရေစီ ဆိုကြမယ် ပျော်ကြ မယ်” “ဒီမိုကရေစီ
ရင်တွင်းဖြစ်” “ဒီမိုကရေစီ ရင်ခုံသံ” `ဒီမိုကရေစီ ကာရာအိုကေ´ `ဒီမိုကရေစီ
နိုက်ကလပ်´ `ဒီမိုကရေစီ ဖျော်ဖြေပွဲ´ `ဒီမိုကရေစီ ၀မ်းမင်းရှိုး´
ဘယ်လောက်ဟန်ကျလိုက်သလဲ။
ဘာကြောင့်
အကယ်ဒမီ ဒီမိုကရေစီဖြစ်ရတာလဲဆိုတာ ဖတ်ကြည့်လိုက်တော့ အကယ်ဒမီရသွားတဲ့
မင်းသား လေးက ဒီမိုကရေစီလို့ ပြောလိုက်လို့တဲ့လေ။ ဒီမိုကရေစီဆိုတာ
ဒီခေတ်မှာ လူတိုင်းပြောခွင့်ရှိတာပဲ။ အထူး အဆန်းမှမဟုတ်တာ။
ဒီမိုကရေစီအကြောင်း မင်းသားကပြောလို့ မျက်နှာဖုံးကိုတင်လိုက်တာဆိုရင်တော့
အဲဒီင်္ ဂျာနယ်ရဲ့ အယ်ဒီတာတွေကို အပြစ်တင်ချင်တယ်။ မီဒီယာလောကမှာကလည်း
ကျောင်းမှာ စာစီစာကုံးတောင် မရေးတတ်လို့ ဆရာအဆူခံရသူက
ကျောင်းပြီးပြီဆိုတော့ ဂျာနယ်မှာ သတင်းထောက်ဝင်လုပ်၊ တစ်နှစ်လောက် ရှိရင်
အယ်ဒီတာဖြစ်၊ ၂ နှစ်လောက်နေရင် အယ်ဒီတာချုပ်ဖြစ်၊ စတိုင်နဲ့ မလိုင်နဲ့
အနှစ်မဲ့တောမှာ ကြက်ဆူပင် တွေ မင်းမူနေကြတာဆိုတော့ ပြောရတာ မောလှတယ်။
၂၀၁၂
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကကျင်းပသွားတဲ့ ပြည်သူ့လွှတ်တော်ပဉ္စမနေ့ အစည်းအဝေးမှာ
ရွှေပြည်သာ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက
`နိုင်ငံတော်၏စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်
ဘက်လိုက်၍ ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး၊
ပြည်သူ့လိုအင်ဆန္ဒ အမှန်အမှားကို သမာသမတ်ကျကျ သိက္ခာရှိရှိ မျှတစွာ ရေးသား
ထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များ ထွက်ပေါ်လာရေး´ ဆိုပြီး
အဆိုတင်သွင်းလာတာကိုတွေ့ရပါတယ်။
ပြောတဲ့သူတွေကလည်း
အဆင့်အတန်းရှိရှိပြော၊ ရေးတဲ့သူတွေကလည်း အဆင့်အတန်းရှိရှိရေး၊ ထည့်သူတွေ
ကလည်း အဆင့်အတန်းရှိတာကိုမှထည့်၊ ဖတ်သူတွေကလည်း အဆင့်အတန်းရှိတာတွေပဲဖတ်ရင်
ဒီပြဿနာ ကင်းသွားမယ်ထင်ပါတယ်။ ပြည်သူက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
ပြည်သူလက်ခံအောင် အတင်းအဓမ္မ လုပ်ယူလို့ မရပါဘူး။
ပြည်သူလက်မခံတဲ့အရာမှန်သမျှ တစ်နေ့ကျဆုံးသွားရတတ်ပါတယ်။ အချိန်က
အဆုံးအဖြတ်ပေးပါလိမ့်မယ်။
လူ့သဘောက
ရှားမှတန်ဖိုးထားတတ်တာ။ ပေါလာရင် သိပ်ပြီး တန်ဖိုးရှိတယ်လို
မထင်ချင်တော့ဘူး။ ဒီမိုကရေစီကို ခပ်ဟဟတောင်မအော်ရဲတဲ့ခေတ်ကနေ ၁၉၈၈
နောက်ပိုင်း ဒီမိုကရေစီတွေဖြစ်လာတယ်။ ဘာမှန်းညာမှန်းမသိ ဒီမိုကရေစီကြတယ်။
မှတ်မိ သေးတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ယခင်နာမည်ကျော်
မင်းသားပျက်တစ်ယောက်က ဂျစ်ကားတစ်စီးပေါ် သူ့သားနဲ့ အပေါင်းအဖော်တွေခေါ်တင်၊
ခေါင်းတွေမှာ အနီစတွေပတ်ပြီး သင်္ကြန်ရေပက်ခံထွက်သလိုထွက်လာတာ။
ပါးစပ်တွေကလည်း ဒီမိုကရေစီချင်း မိုးမွှန်အောင် အော်လိုက်၊ ပါလာတဲ့
အရက်ပုလင်းတွေကို မော့လိုက်နဲ့ မြင်မကောင်းအောင်ဖြစ်လာလို့ သံဃာတော်တွေ
နောက်ကလိုက်တားရတာ။
တစ်လောကလည်း
Facebook ပေါ်ကို မမြင်ရက်စရာ မြင်ကွင်းတစ်ခုတက်လာတယ်။ သူ့ကိုယ်သူ စာရေး
ဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်ဝေသူအဖြစ် အမည်ခံထားတဲ့
မင်းသားပေါက်တစ်ယောက် အရက်တွေ မူးပြီး ကားလမ်းမအလယ်ခေါင်တည့်တည့်ထိုင်နေတာ။
ဒါအဆန်းမဟုတ်သေးဘူးဗျ။ နောက်ပိုင်း အောက်ပိုင်း ဗလာ ပုဆိုးချွတ်နဲ့
လမ်းမပေါ်လျှောက်အော်နေတာ ဘယ်လိုမှ မမြင်ရက်စရာပါ။ ဒါကို
ဒီမိုကရေစီခေါ်ပါသလား။
အဲဒီ
အရှက်မရှိတဲ့ သရက်စိလေးက ယခင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့
မင်းသားကြီးဝင်းဦးကိုအားကျပြီး သူ့လို အကုန်လိုက်လုပ်၊ နှုတ်ခမ်းမွှေးတောင်
သဲ့သဲ့လိုက်ထား၊ ရုပ်ရှင်တောင် မင်းသားကြီးဝင်းဦးရဲ့ မှုန်ရွှေရည်ကို
အားကျပြီး ဇာတ်သဘင်ကားလိုက်ရိုက်၊ နောက်ဆုံး မင်းသားကြီးလို ပွဲခွင်ထဲမှာ
အပြူးသား (မျက်လုံး) နဲ့ သေပြ၊ အဲဒါကို အကယ်ဒမီတွေ တစ်ထောကြီးရမယ်ထင်ပြီး
မှန်းထားပုံရပါတယ်။
ဒါပေမယ့်
အဲဒီဇာတ်ကားမှာ တကယ်တော်တဲ့ အနုပညာဖန်တီးရှင် မြန်မာ့ဆိုင်းဆရာလေးက
အကယ်ဒမီရသွားပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာနဲ့ သရက်စိလေးလည်း
အရှက်မရှိစွာနဲ့ လမ်းမပေါ်မှာ ပေါက်ကွဲနေပုံရပါတယ်။ လမ်းမပေါ်မှာ ပုဆိုး
ချွတ်ပြီး မူးရမ်းတာ ဒီမိုကရေစီလား သံသယပွားစရာ ဖြစ်လာပါတယ်။
တော်လှန်ရေးကောင်စီလက်ထက်ကစပြီး
ဆိုရှယ်လစ်တစ်ခေတ်လုံးကနေ နအဖအစိုးရလက်ထက်တိုင်အောင်
ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ကွယ်ပျောက်လာတယ်။
အခြားအာဇာနည်ခေါင်းဆောင်ကြီးတွေဆိုတာကတော့ ပြောဖွယ်ရာမရှိ မသိတော့ပါဘူး။
ယနေ့ခေတ် လူငယ်တွေကို “အာဇာနည်” ဆိုတာ သိသလားမေးရင် ကောင်း ကောင်းသိတယ်လို့
ပြောလိမ့်မယ်။ အထင်မကြီးလိုက်ပါနဲ့ သူတို့သိတာက “R ဇာနည်” ဆိုတဲ့
အဆိုတော်ကိုပါ။
ကျောင်းတွေမှာ
အာဇာနည်နေ့ဆိုပြီး မလုပ်ခဲ့တာ၊ အာဇာနည်နေ့မှာ ဟောပြောပွဲတွေမလုပ်တာ၊
အာဇာနည်နေ့ မှာ လွမ်းသူ့ပန်းခွေတွေ ကျောင်းအလိုက်သွားပြီးဂုဏ်မပြုကြရတာ၊
အာဇာနည်နေ့မှာ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အချိန်မှာ ဥသြတွေဆွဲပြီး
သတိပေးတာ၊ အာဇာနည်နေ့မှာ မေလှမြိုင်ရဲ့ “မှတ်မိသေးတော့တယ် သတ္တိသွေးတွေ…”
ဆိုတဲ့ သီချင်းသံတွေမကြားရတော့တာ၊ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့
ရဲရင့်ပြတ် သားတဲ့အသံနဲ့ မိန့်ခွန်းကို တစ်နိုင်ငံလုံး မကြားခဲ့ရတာ
ဘယ်လောက်ကြာသွားပြီလဲ။ ဒါကြောင့် “အာဇာနည်” မသိ “R ဇာနည်” ပဲသိတဲ့
ဒီခေတ်လူငယ်တွေကို အပြစ်တင်ရင် အပြစ်တင်တဲ့သူသာ မှာပါလိမ့်မယ်။
မကြာသေးမီက
ဗိုလ်ချုပ်အောင်ဆန်းပုံသာမက သူ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ပုံတွေကိုပါ နေရာအနှံ့တွေ့လာရတယ်။ ဂျာနယ်တွေမှာလည်း မျက်နှာဖုံးပေါ်မှာမှ
ဒေါ်အောင်ဆန်းစုကြည်ပုံမပါရင် ဂျာနယ် မဟုတ်သလိုဖြစ်လာတယ်။ ဒီနှစ်
ပြက္ခဒိန်မင်းသမီးတွေလည်း ညည်းကြတယ်။ သူတို့ဒီနှစ်ဝင်ငွေမရှိတော့ဘူး တဲ့။
အရင်ကဆိုရင် နှစ်မကုန်မီ ပြက္ခဒိန်မျက်နှာဖုံးအတွက် ဓာတ်ပုံဆရာတွေ
အပြိုင်အဆိုင်လာပြီး စာချုပ်လို့ ၀င်ငွေကောင်းသတဲ့။ ဒီနှစ်တော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်နှာဖုံးပါ ပြက္ခဒိန်တွေကို ဘယ်လိုမှ မကျော်နိုင်
ဘူးဆိုတာသိလို့ စီးပွားရေးသမားတွေလည်း လက်ရှောင်နေကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့
ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို wall poster တွေအရွယ် အမျိုးမျိုးထုတ်ကြတယ်။
တစ်ပုံ ၃၀၀ ကျပ်၊ နှစ်ပုံ ၅၀၀ ကျပ်ဆိုပြီး ကားတွေအပေါ်၊ ကားဂိတ်တွေမှာ
လက်ပွေ့လိုက်ရောင်းကြတယ်။ ရန်ကုန်မြို့ ဘတ်စ်ကားတိုင်းပေါ်မှာ
ယခင်ဆရာတော်ဘုရားကြီးတွေရဲ့ နေရာမှာ ဗိုလ်ချုပ်နဲ့သူ့သမီးပုံတွေက
နေရာယူလာတယ်။ ဓာတ်ပုံအထူးပြုလုပ်ချက်တွေနဲ့ အဖေနဲ့သမီးဆိုပြီး အသက် ၃၀
ကျော်ဗိုလ်ချုပ်က ခုံပေါ် အခန့်သားထိုင်နေတာကို အသက် ၆၀ ဒေါ်အောင်ဆန်းစုကြည်က
ထိုင်ကန်တော့နေတာတွေ လုပ်ပြတယ်။ ဗိုလ်ချုပ်
ဂျပန်ဓားကိုင်မြှောက်ထားတဲ့ပုံမှာ “အောင်ဆန်းသို့မဟုတ် အရိုင်း” ဆိုပြီး
စာတန်းထိုးလိုက်တော့ ကားပေါ်မှာ ကလေးတစ်ယောက်က သူ့အမေကို “မေမေ အဲဒါ
ဆာမူရိုင်းလားဟင်” ဆိုပြီး မေးသံကိုကြားလိုက် ရတာ ရင်နာလိုက်တာ။
ကျွန်တော်ပြောခဲ့ပြီးပါပြီ
လူတွေက ရှားမှသာ တန်ဖိုးရှိတယ်လို့ ထင်တတ်ကြတာ။ ခုတော့ ပေါအောင် လုပ်ခွင့်
ပေးလိုက်တော့ နေရာအနှံ့ နိုင်ငံအနှံ့ ကြော်ငြာပေးလိုက်သလိုဖြစ်သွားတာ
တစ်ဖက်ကကြည့်ရင်တော့ ကောင်း ပါတယ်။ ယခင် အရှိတရားကို မသိရာကနေ၊
အသိတရားတွေရလာတာတော့ အမြတ်ပေါ်ပါတယ်။ ဒါပေမယ့် ပလပ်စတစ်အုပ်ထားတဲ့
အဲဒီပုံတွေဟာ ခုဆိုရင် လမ်းဘေးအမှိုက်ပုံထဲအထိ ရောက်လာတာဟာ တန်ဖိုးရှိမှန်း
မသိသေးတဲ့ အသိတရားတစ်ခုလို့ပဲ မြင်ရပါလိမ့်မယ်။
မြန်မာတွေက
သွေးဆူတတ်တဲ့လူမျိုးဆိုတော့ ဒီလိုပဲ “ယော ယိမ်းလိုက် ဘသားယိမ်းလိုက်”
“အရေးပေါ်လိုက် ကြွေးကြော်လိုက်” လုပ်တတ်ကြတာကြောင့်
အနှစ်သာရမဲ့နေတဲ့စိတ်ဓာတ်တွေကို အဆင့်အတန်းရှိစွာ မပြုပြင်
မတည်ဆောက်နိုင်ခဲ့တာပဲ ၀မ်းနည်းမိပါတယ်။ တကယ်ဆိုရင်
အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ပြည်သူ့နီတိ
အကြောင်းတွေကို ကောင်းစွာသင်ကြား လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်း
ခံခဲ့ရရင် ဒီလိုဖြစ်မယ်မထင်ပါဘူး။
ဒီနေရာမှာ
ဖဆပလ ပမာဏပြင်ဆင်မှုညီလာခံမိန့်ခွန်းအနေနဲ့ ၁၉၄၇ ခုနှစ်၊ မေလ ၁၉
ရက်နေ့တုန်းက ဂျူဗလီ ဟောညီလာခံကြီးမှာ (ဒီခေတ်လူငယ်တွေ ဂျူဗလီဟောဆိုတဲ့
သမိုင်းဝင်နေရာကိုလည်း သိမယ်မထင်ဘူး။ သိရအောင်ကလည်း ရှိမှမရှိတော့တာ)
ပြောကြားသွားတဲ့ မိန့်ခွန်းကို ကောက်နုတ်ပြလိုပါတယ်။
“အစိုးရဆိုတဲ့
အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အား
ကောင်းတဲ့သူတွေ အချင်းချင်းလုကြတယ်။ ရရင်လည်း လက်မလွှတ်ချင်ဘူး။
တိုင်းသူပြည်သားတွေဆိုတာက တော့ အဲဒီထဲမှာ တုတ်လုပ်ပြီး အရိုက်ခံရမယ့်
အခါကျမှ ပါရတာပဲ။ ဒီလိုအာဏာလုကြတဲ့အခါ ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊
ပြည်သူ့အာဏာလို့ ကြွေးကြော် ဟစ်အော်ပြီး ညာတဲ့စနစ်တွေလည်းရှိတယ်။ လူတွေက
တိုင်းသူ ပြည်သားတွေက အစိုးရ အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်
ကောင်းအောင် လုပ်ပေးပါဆိုပြီး အာဏာ အပ်လိုက်တာပါပဲ။ ဒါပေမယ့် ကျုပ်တို့ကို
ခင်ဗျားတို့က အုပ်စိုးတဲ့အတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာ
ဖြစ်နေတာပဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကိုလုပ်တဲ့ လူတွေရဲ့
အစိုးရသာလျှင် ဒီမိုကရေစီဖြစ် နိုင်မယ်။ အခြားဟာတွေ
ဒီမိုကရေစီမဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်တယ်”
“ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး အသံဖမ်းပြော ကြတာတွေလည်း အများကြီးပဲ”
“တကယ့်
ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက
တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ
ပြည်သူတွေရဲ့ လက်ငင်းစီင်္းပွားရေး အဆင့်အတန်းကို
အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ
တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”
ဒါတွေကို
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းက
ပြောပြီးသားတွေ။ ဒါတွေ ရှိမှန်း ဘယ်သူသိသလဲ။ သိနိုင်အေင်
ဘယ်သူတွေလုပ်ပေးကြသလဲ။ ကျောင်းတွေမှာ သမိုင်းသင်နေတဲ့ ဆရာတွေ အချိန်ရရင်
ရသလို ထည့်ပြောပေးကြသလား။ အဲဒီဆရာတွေကရော ဒီလိုတွေပြောခဲ့ဆိုခဲ့မှန်း
သိကြပါသလား။
ခုချိန်မှာ
ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် သူ့ခေတ်က
“လွတ်လပ်ရေး” လို့ တစ်စာစာ အော်ပြီး ပြောသွားတဲ့နေရာတွေမှာ “ဒီမိုကရေစီ”
ဆိုတာကို အစားထိုးပြီး ဒီလိုပြောမယ်ထင်ပါတယ်။
“အဲဒီတော့ကာ
ခင်ဗျားတို့ဟာ ဒီမိုကရေစီကို လိုချင်ရင်၊ ဒီမိုကရေစီ ရနိုင်လောက်တဲ့
စည်းကမ်းကို ရှိကြပါ။ ဒီမိုကရေစီကို လိုချင်လို့ရှိရင် ဒီမိုကရေစီကို
ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ ဒီမိုကရေစီကို လိုချင်ရင်
ဒီမိုကရေစီကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက်
ရှေ့ကို ဒီမိုကရေစီ အရသာကို ခံစား စံစားချင်တယ်ဆိုရင် အလုပ် လုပ်ကြဖို့၊
စည်းကမ်းရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုး တွေ၊
အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်
ကနေ့ပြောခဲ့ချင်တယ်” (၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌
ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သည့် မိန့်ခွန်းတွင် “လွတ်လပ်ရေး”
စာလုံးများနေရာ၌ “ဒီမိုကရေစီ” ဆိုသည့်စာလုံးများကို
အစားသွင်းကြည့်ခြင်းဖြစ်ပါသည်)
All
the ills of democracy can be cured by more democracy. လို့
အမေရိကန်နိုင်ငံရေးသမား တစ်ယောက်ဖြစ်တဲ့ Al Smith (1873-1944)
ကပြောသွားဖူးပါတယ်။ ဒီမိုကရေစီမရှိရင် ပိုပြီးရှိအောင် လုပ်ခြင်းနဲ့သာ
ကုစားနိုင်ပါတယ်။ ဒီမိုကရေစီ မသိရင် သိအောင်ပိုပြီး လုပ်ကြရပါလိမ့်မယ်။
သိအောင်ဆိုတာက လည်း မသိ သိအောင်၊ သိထားမှဖြစ်မယ်ဆိုတဲ့ စေတနာအရင်းခံနဲ့
မသင် သင်အောင်လုပ်ကြရပါလိမ့်မယ်။
“သိသွားရင်..”
ဆိုတာက သံသယဖြစ်ပါတယ်။ သိအောင်လုပ်ပေးဖို့ သဘောထားမကြီးရင်၊ မသိ
သိအောင်လုပ် တဲ့အချိန်တစ်ချိန်နဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲဒီအချိန်ကျရင်
ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတတ်ပါတယ်။ အီဂျစ်နိုင်ငံ ရဲ့ သင်ခန်းစာတွေ
အများကြီးရှိပါတယ်။
ဒီမိုကရေစီဆိုတာ
လူတစ်ယောက်ရဲ့ အခွင့်အရေး၊ လူတစ်ယောက်ရဲ့ လွတ်လပ်မှု (individual right and
liberties) ကိုသာမဟုတ်ဘဲ လူတစ်စုရဲ့ လွတ်လပ်မှု၊ လူတစ်စုရဲ့
အခွင့်အရေးကိုလည်း တိုင်းပြည်ရဲ့အကျိုးနဲ့ မဆန့်ကျင်သမျှ
လေးစားရတယ်ဆိုတာကို သင်ပြထားဖို့လိုတယ်။
လူတစ်စု
သို့မဟုတ် လူနည်းစုဆိုတဲ့သူတွေရဲ့ ဘာသာရေးကိုးကွယ်မှု၊
နိုင်ငံရေးဆောင်ရွက်မှု၊ ပညာသင်ကြားမှု၊ စီးပွားရေးလုပ်ကိုင်မှုစတဲ့
ကိစ္စရပ်တွေမှာ တိုင်းပြည်ရဲ့အကျိုးကိုလည်း မထိခိုက်ဘူး၊ အခြေခံဥပဒေနဲ့
အခြား ပြဌာန်းထားတဲ့ ဥပဒေတွေကိုလည်း မဆန့်ကျင်ဘူးဆိုရင် လွတ်လပ်မှုနဲ့
အခွင့်အရေးတွေကို လေးစားပြီး ပေးထားရမယ်။ ဒါမှသာ လူနည်းစုအပေါ်မှာ
အင်အားများတဲ့သူတွေ (State) က မတရားသဖြင့် ဥပဒေလက်လွတ်
ဖိနှိပ်ချုပ်ချနေတယ်ဆိုတဲ့ အယူအဆတွေ ကင်းမှာဖြစ်တယ်။ ဒီမိုကရေစီစစ်မှန်စွာ
ကျင့်သုံး တဲ့နိုင်ငံတွေမှာ လူနည်းစုက တော်လှန်ခြင်း၊ ပုန်ကန်ခြင်း၊
ရန်သူနဲ့ ပူးပေါင်းကြံစည်ခြင်းစတဲ့ တိုင်းပြည်အပေါ် အန္တရာယ်ရှိအောင်
မလုပ်ဘူးဆိုတာ ဒီမိုကရေအရသာကို အပြည့်အ၀ ခံစားနေကြရလို့သာဖြစ်တယ်။
ဒီမိုကရေစီမှာ
“သဘောထားကြီးခြင်း” ဆိုတာ အရမ်းအရေးကြီးတယ်။ သဘောထားကြီးမှ
အမြော်အမြင်ကြီး နိုင်တယ်။ မျှတတဲ့စိတ်ထားနိုင်တယ်။ လိုက်လျောမှုတွေ
လုပ်နိုင်တယ်။ ဥပေက္ခာလည်း ပြုနိုင်တယ်။ ဒါဆိုရင် ဥပဒေနဲ့ မဆန့်ကျင်သမျှ
လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသား ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ
စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ
ပညာသင်ကြားခွင့်တွေရရှိမှာဖြစ်တယ်။ သဘောထားကြီးရင် အခဲ မကြေ၊
ရန်ညှိုးဖွဲ့တာမျိုးတွေ ကလဲ့စားချေတာမျိုးတွေ မဖြစ်နိုင်တော့ဘူးပေါ့။
ဒီမိုကရေစီနိုင်ငံတွေမှာ
စည်းကမ်းမရှိရင်၊ စည်းကမ်းမလိုက်နာနိုင်ရင်၊ စည်းကမ်းကို မလေးစားရင်
မယဉ်ကျေး ဘူး (Un-Civic) ဆိုပြီးသတ်မှတ်တယ်။ လူမှုရေးဆန့်ကျင်တယ်
(Anti-Social) ဆိုပြီး နှာခေါင်းရှုံ့တယ်။ လူအများစုရဲ့ဆန္ဒကို
နားမလည်သူဆိုပြီး အထင်အမြင်သေးကြတယ်။
အဲဒီလို
သတ်မှတ်ခြင်းမခံချင်တော့ ဒီမိုကရေစီအတိုင်း၊ စည်းကမ်းအတိုင်း
လိုက်နာကျင့်သုံးနေထိုင်နိုင်အောင် ကြိုးစားကြတယ်။ စောင့်ထိန်းကြ တယ်။
ကြောက်လို့ထက် ရှက်လို့လိုက်နာတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင်
အခြေချထားတာကြောင့် ဘယ်သူမှ ရှက်ပြီး မဟုတ်တာမလုပ်မိအောင် ထိန်းသိမ်းကြတယ်။
ရှက်တတ်အောင် ငယ်စဉ်ကတည်းက သင်ပေးနိုင်တဲ့ မိဘတွေ၊ ဆရာတွေ၊ ပညာတွေ၊
အစိုးရကတွေ လိုနေပြီထင်ပါတယ်။
လုပ်ချင်တာကို
လွတ်လပ်စွာ လုပ်ချင်သလို လုပ်ခွင့်ရှိတာကို ဒီမိုကရေစီလို့ ထင်ထားရင်တော့
အထင်မှားနေပြီ ထင်တယ်။ အဲဒီလို ဒီမိုကရေစီကို မလိုချင်ကြပါနဲ့ဗျာ။
တင်ညွန့်
No comments:
Post a Comment