Thursday, February 23, 2012

သစ်လွင်သော အခွန်ကောက်ခံခြင်း…

***


…အောင်မြေလောက စေတီတော် ဒါယကာမင်းတရားကြီးအနေနဲ့ တစ်ခါမှာတော့ သူ့ငယ်ကျွန်တော်ရင်း ဦးပေါ်ဦးကို ကျီစယ်လိုစိတ်ပေါ်လာတယ်၊ စကားကို ကြံကြံဖန်ဖန် အကျကောက်တတ်သူ၊
ကတ်သီးကတ်ဖဲ့ တွေးတတ် ကြံတတ်သူမဟုတ်လား။
…အခုအရာမှာလည်း ဘယ်လိုများ ကတ်အုံးမလဲ သိချင်တော်မူတဲ့အတွက်
ညီလာခံ စဲတော်မူကာနီးမှာ အမိန့်တော်ရှိတယ်။
…“ အတွင်းဝန် ဦးပေါ်ဦးဟာ ငါကိုယ်တော်အရှင်မြတ်ရဲ့ အိမ်တော်ပါ ငယ်ကျွန်ဖြစ်တယ်၊ ကိုယ်တော်၏အကျိုးကိုလည်း များစွာသည်ပိုးခဲ့တဲ့အတွက် ရာထူးအသစ် ပေးသနားတော်မူမယ်…”

…“ ဘုန်းတော်ကြောင့် အရှင်ချီးမြောက်မှသာ တောက်ပရမယ့် ကျွန်ရင်းဖြစ်ကြောင်းပါဘုရား…”
…ဦးပေါ်ဦးကလည်း လက်အုပ်ချီပြီး တုံ့ပြန်ပါတယ်။
…“ အေး…ငပေါ်ဦးအား ကိုယ်တော်ရှင်မြတ် သနားတော်မူမည့် ရာထူးသစ်က မြေ၀န်ပဲ၊ သို့သော် နိုင်ငံတော် တစ်နံတစ်လျားမှာရှိတဲ့ မြေကို ချန်လှပ်၍ ရွှေနန်းတော်ကြီးအတက်၊

အဆင်းရှိ လှေကားမှစတင်၍ အရှည်ခုနှစ်တောင်၊ အကျယ်ခုနှစ်တောင်ရှိတဲ့ မြေကို ကုန်အောင်
စားစေ မောင်မင်း…”
…ဦးပေါ်ဦးအနေနဲ့ အကျကောက်ပြီး မြေကြီးကို ပါးစပ်ဖြင့်စားရန် ကြိုးစားမည်လော၊ မည်သို့လုပ်မည်နည်း၊
မင်းတရားကြီး သိတော်မူလိုတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရယ်ရမှာ မုချပဲ။
…သို့သော်လည်း ဦးပေါ်ဦးက မင်းတရားကြီးတွေးသလို မြေကြီးကို ထမင်းစားသလို မစားဘူး။
နောက်တစ်နေ့ နံနက်ကျတော့ ရွှေနန်းတော်ကြီး အုတ်လှေကားရင်းကို
အစောကြီးရောက်လာတယ်။
…အဲ…ဦးပေါ်ဦးရောက်လာပြီး ရှေ့ဆင့်နောက်ဆင့်ပဲ တောင်သမန် ဥယျာဉ်တော်မှူးအနေနဲ့
ပန်းဆက်ဖို့ရောက်လာတယ်။
…“ ဥယျာဉ်မှူး…မောင်မင်းဟာ ငါအပိုင်စားရတဲ့မြေကို ၀င်ရောက်လာတဲ့အတွက်
အခွန်တော်တစ်ပဲပေးဆောင်စေ…”
…ဥယျာဉ်မှူး အံ့သြသွားတယ်။
…“ ဘ၀ရှင်မင်းတရားထံ ပန်းတော်ဆက်မလို့ပါ အမတ်ကြီးရဲ့ …”
…“ ဟဲ့…ငါပြောတာက မင်းတရားကြီးရဲ့ အမိန့်တော်အရ ငါစားခွင့်ရတဲ့မြေထဲကို
ဝင်လာတဲ့အတွက် အခွန်ကောက်တာ၊ အသပြာမပါရင် ခေါင်းပေါင်းချွတ်ထားခဲ့…”
…ဥယျာဉ်တော်မှူး ယောင်တိယောင်နနဲ့ ခေါင်းပေါင်းချွတ်နေဆဲမှာပဲ စားဖိုသည်တွေ ရောက်လာပြန်တယ်။
သူတို့ကတော့ အသပြာပါတဲ့အတွက် ပေးသွားတယ်။ ပေးသွားပေမယ့်ဘယ်ကျေနပ်မလဲ။
…တစ်ဆက်တည်းဆိုသလိုပါပဲ၊ သားတော်သမီးတော်တွေ၊ နားခံတော် သံတော်ဆင့်၊ စာတော်ဖတ်၊
ဝန်ကြီးမှူးကြီး၊ ယပ်တော်ဆက်၊ လက်ဖက်ရည်တော်သား၊ ကွမ်းတော်ဆက်၊
ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး၊ အကုန်အခွန်ကောက် တော့တယ်။
…ဘယ်သူမှ မကျေနပ်ဘူး၊ မကျေနပ်သော်လည်းပဲ ဘုရင့်အမိန့်တော်နဲ့စားခွင့်ရတဲ့
မြေပေါ်ကျူးကျော်လာလို့ ကောက်တယ်ဆိုတော့ ပေးဆောင်ကြရတယ်။ အဲဒီထဲမှာ သမီးတော်တစ်ပါးက
ငြိမ်မနေဘူး၊ ကျိတ်မခံဘူး၊ ခမည်းတော်ဆောင်ကို ရောက်လျှင်ရောက်ချင်း တိုင်တော့တာပဲ။
…“ ခမည်းတော်ဘုရားရဲ့ ပျော်တော်ဝန်အမတ်ကြီးက သူစားတဲ့မြေပေါ်
ကျူးကျော်တယ်ဆိုပြီး အခွန်တော်တစ်ပဲ ကောက်ပါတယ်ဘုရား၊ သမီးတော်မှာ မပါတဲ့အတွက်
ဖိနပ်တစ်ဖက် ပေးခဲ့ရတယ်ဘုရာ့…” …တစ်ယောက်က ဦးဆောင်ပြီးတိုင်တော့မှ တိုင်သူတွေ
ဟောတစ်ယောက် ဟောတစ်ယောက် ပေါ်လာတော့တာကလား။
…“ မှန်လှပါ၊ ကျွန်တော်မျိုးမှာ တစ်နေ့လျှင် အကြိမ်(၂၀)ခန့် အဆင်းအတက်လုပ်ရပါသောကြောင့်

တစ်ကြိမ်လျှင် တစ်ပဲကျ ပေးဆောင်ရပါလျှင် ရသောရိက္ခာတော်
ကုန်ပါတော့မည်ဘုရား…”
…ထိုသူကတော့ ဗြဲတိုက်တော်နဲ့ လွတ်တော်နန်းကို ပြေးလွှားကူးသန်းနေရတဲ့
မင်းချင်းတစ်ယောက်ပေါ့။

…မင်းတရားကြီး မသုန်မှုန်တဲ့အပြင် ပြုံးတော်မူတယ်။ အဲဒီအမှုထမ်းကိုပဲ ဦးပေါ်ဦးကို ခေါ်ချေ မောင်မင်းလို့ ခိုင်းလိုက်တယ်။
…“ ဟဲ့ ဦးပေါ်ဦး၊ ငါ့ရဲ့နန်းတော်ကို ၀င်ထွက်ခစားလာသူတွေကို
တစ်ပဲနှုန်းနဲ့ အခွန်ကောက်နေတာ ဘယ်သူ့အမိန့်တုန်း…”
…“ အရှင်မင်းကြီးက ရွှေနန်းတော် လှေကားရင်းရှိ ခုနှစ်တောင်ပတ်လည် မြေအကျယ်အ၀န်းကို စားစေ အမိန့်တော် ရှိပါသဖြင့် ကျွန်တော်မျိုးစားရသောမြေပေါ်သို့ ကျူးကျော်လာသူ မှန်သမျှထံမှ ကောက်ခံခြင်း ဖြစ်ကြောင်းပါဘုရား…”
…“ နင်ဟာ တော်တော်တတ်တဲ့ အရူးပဲ၊ မြေ၀န်နှင့်မတော်၊ ယနေ့မှစပြီး လေ၀န်ခံတော်မူလိုက်တယ်…”

…ဦးပေါ်ဦးပဲ ဘယ်ရမလဲ၊ တစ်ခါတည်း တပည့်လက်သား အစုံအညီနဲ့ မြစ်ကမ်းကို ဆင်းသွားတယ်။
ရွှက်လွှင့်သွားလာတဲ့ လှေမှန်သမျှ တံငါလှေကလေးပါမကျန် ကမ်းကို  
အကပ်ခိုင်းတယ်။
လေကို အသုံးပြုရွှက်လွှင့်တဲ့အတွက် လေခွန်ပေးဆောင်စေ။
…ငါးအရှာထွက်လာတဲ့ တံငါလှေတွေမှာ အခွန်ဆောင်စရာငွေ ပါမလာဘူး၊ အရင်တုန်းကလည်း

ငွေကြေးယူဆောင် လာစရာ အကြောင်းမှ မပေါ်ပေါက်ခဲ့ဖူးပဲကိုး၊ မပါရင် ငါးပေးခဲ့၊
ကုန်စိမ်းလှေတွေ အသီးအရွက်ပေးခဲ့။
…“ လေခွန်တဲ့တော်…ကြုံမှကြုံရပလေ…”
…တံငါလှေတွေ၊ ကုန်စိမ်းလှေတွေက ဒါလောက်ပဲ ညီးတွားပေမယ့် ကုန်သည်လှေကြီးတွေက
အကောက်ဝန်ကို တိုင်တယ်။ ရွှေမြို့တော်ဝန်ကို တိုင်ကြားတယ်။ …“ ကျွန်တော်မျိုးတို့မှာ ဆောင်ရိုးဆောင်စဉ်
အခွန်များကို ဆောင်ရ၍ မထောင်းတာစေကာမူ လေခွန်ကို ပေးဆောင်ရသည်မှာ များစွာ ၀န်လေးကြောင်းပါဘုရား…”
…ကင်းခွန်ဆိပ်ခွန်ဆိုင်ရာ အမတ်တွေက လေခွန်ကောက်သူ မည်သူနည်း စုံစမ်းတဲ့အခါ ဦးပေါ်ဦးဖြစ်နေတော့
ပြုံးရအခက် မဲ့ရအခက်နဲ့ ၀န်ထောက်တွေ၊ အတွင်းဝန်တွေကို တိုင်တော့တာပေါ့။
…အဆင့်ဆင့်သော ၀န်တွေလည်းထိန်ချန်မထားရဲဘူး၊ သူတို့ကျွန်အရှင်ကျီစယ်တာ
မကျီစယ်တာကို ကိုယ့်အလုပ်မဟုတ်ဘူး။ ဒီလိုက ဒီလိုဖြစ်ကြောင်း သံတော်ဦးတင်ရမှာက ကိုယ့်အလုပ်…
…မင်းတရားကြီး ရွှေနားတော်ကို ပေါက်ကြားသွားတဲ့အခါ အတွင်းဝန်ဦးပေါ်ဦးကို ရှေ့တော်သို့ ဆင့်ခေါ်တယ်။
…“ ဟဲ့…ပေါ်ဦး၊ မောင်မင်းဟာ ဘယ်သူ့အမိန့်နဲ့ အခွန်တော်တစ်မျိုး ထပ်မံတိုးချဲ့ ကောက်ခံနေရသတုန်း မောင်မင်း…”
… " မှန်လှပါ၊ ဘုန်းတော်ကြောင့် ဘ၀ရှင်မင်းတရားကြီးကိုယ်တော်တိုင်က ဘုရာ့ကျွန်ငပေါ်ဦးအား လေ၀န်ခန့်ထား တော်မူခဲ့ပါသည်ဘုရား၊ သို့ပါသောကြောင့် ဘုရာ့ကျွန်ပိုင်ဆိုင်သော လေကိုအသုံးပြုသည့် ရွက်လှေများကို
လေ၀န်၏ တာဝန်အရ လေခွန်ကောက်ခံရခြင်း ဖြစ်ကြောင်းပါဘုရား၊

ယခုပင်လျှင် အရှင်မင်းမြတ်စားဖိုမှူးကို စောင့်ဆိုင်း ထောက်လှမ်းနေဆဲတွင် အရှင်မင်းမြတ်ခေါ်တော်မူ၍
လိုက်လာရပါသဖြင့် တစ်ဖုံနာသွားကြောင်းပါ ဘုရား …”
…“ မောင်မင်းက ငါ့စားဖိုမှူးကို ဘယ်လိုအကြောင်းကြောင့် စောင့်ဆိုင်း ထောက်လှမ်းနေရတာလဲ…”
…မင်းတရားကြီးအနေနဲ့ သူ့စားရေး သောက်ရေးကိုပါ ဦးပေါ်ဦးထိပါးနိုင်ကြောင်း မရိပ်မိခဲ့တဲ့အတွက်
မေးတော်မူရတယ်။
…“ ကိုယ်တော့် စားဖိုမှူး မီးမွှေးအပြီးမှာ မီးမတောက်လို့လား၊ ဘာလားမသိပါဘူး၊
မီးပုလွေ (မီးပြောင်း)ကြီးတကိုင်ကိုင်နဲ့ လုပ်နေတယ်ရော့၊ အဲမီးပုလွေနဲ့မီးတစ်ချက်မှုတ်လိုက်ရင်
တစ်ခါတည်း အခွန်ကောက်မလို့ စောင့်နေတာ ဘုရာ့…”
…ဘိုးတော်မင်းတရားကြီး မရယ်မောဘဲ မနေနိုင်။
…“ ကဲပါဟယ်၊ မောင်မင်းကို ကျီစယ်တာပါ၊
အန္တရာယ် မလွယ်နိုင်လို့ လေလည်တာတောင် လိုက်ပြီး လေခွန် ကောက်ဦးမယ့်ကောင်၊
အခုချိန်ကစပြီး လေ၀န်အရာက ရုပ်သိမ်းတော်မူတယ်…”
…ကျွန့်အရှင်ကတော့ ကျီစယ်တာ၊ ကြားကလူတွေမှာ ကသိကအောက်…..။ ။

…သူငယ်ချင်းများအားလုံး ရယ်မောပျော်ရွှင်ကြပါစေ…

မေတ္တာဖြင့်
အေးအေးမိုးမိကူး

No comments: