Tuesday, August 28, 2012

ဖားကန့် ဒေသအတွင်း တိုက်ပွဲများကြောင့် ဒေသခံများ ဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်


PDF Print
Wednesday, 29 August 2012 08:38
တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် တိမ်းရှောင်လာသော ဒေသခံများကို ကယ်ဆယ်ရေးစခန်း၌ တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ မှော်မောင်းဘွမ်ရွာ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးစသည့် မှော်ရွာအနီးတစ်ဝိုက်များတွင် သြဂုတ်လ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံများနေရပ်ကို စွန့်ခွာ၍ ဖားကန့်မြို့နှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ရကြောင်း သတင်းရရှိပါသည်။

မှော်ရွာ ၁၃ ရွာမှ မှော်မောင်းဘွမ်ရွာ (ဒေသအခေါ်) မှော်မောင်းကုန်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ သူဌေးချောင်း၊ တောင်ပြို၊ ဗလခ၊ ဆွတ်နန်ကောင်၊ မျောက်ဖြူ၊ ကုလားမှော်၊ စိုင်းကြာဘွမ်၊ မန၊ ရှရော်ခ၊ မှော်မောင်းလျံတို့ဖြစ်ပြီး ယင်းရွာများမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်မှာ  ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၁၇ခုတွင် ခိုလှုံနေရကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် တိမ်းရှောင်လာသော ဒေသခံများကို ကယ်ဆယ်ရေးစခန်း၌ တွေ့ရစဉ်

''ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြေးလာတဲ့နေ့ကစပြီး လက်ခံပေးနေရပါတယ်။ လူတွေကများတော့ နှစ်ခြင်းကျောင်းကြီးတောင် မဆန့်တော့ဘူး။ တခြားစခန်းတွေမှာ မျှတပြီး ထားပေးရတယ်။ ကျန်းမာရေးကအစ အားလုံးလိုလို အခက်အခဲဖြစ်ပါရတယ်။ မြို့ပေါ် မှာရှိတဲ့ စေတနာရှင် လောပန်းကြီးတွေက ဆန်၊ ဆီ၊ဆားစတဲ့ လိုအပ်တာတွေ ကူညီပေးကြပါတယ်။ ဒါပေမယ့် မလုံလောက်ပါဘူး။ သက်ကြီး ရွယ်အိုတွေပါတော့ နေရာထိုင်ခင်းမှာ ပိုပြီးအခက်အခဲဖြစ်ပါတယ်။ ဘယ်နှရက် စောင့်ရှောက်ထားရမယ် အတိအကျ မသိရသေးပါဘူး။ မငြိမ်းချမ်းမချင်း တော့ ကူညီထားရမှာပါ''ဟု ဖားကန့် နှစ်ခြင်းအသင်းတော်မှ ဆရာကြီး ဦးBတူးဂျာက ပြောပြသည်။

မှော်ရွာများမှ ဘုန်းတော်ကြီးကျောင်းများမှာလည်း ပိတ်ထားခဲ့ရပြီး ကျောင်းရှိ သံဃာတော်များ၊ ကိုရင်၊ ကျောင်းသားများလည်း ဖားကန့်သို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ''အစ်မတို့က မှော်မောင်းလျံကပါ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ အိမ်ရှိ ပစ္စည်းတွေကို ကားနဲ့ အကုန်သယ်ပြီး လာခဲ့ကြတာပါ။ အိမ်ကို တံခါးပိတ်ပြီး ထားခဲ့ရတယ်။ ဈေးဆိုင်ကြီးတွေရှိတဲ့ သူတွေဆိုရင်လည်း ပစ္စည်းတွေကို နေ့ရောညပါ ကားတွေနဲ့ သယ်ကြရတယ်။ တချို့ဆို အကုန်တောင် မသယ်နိုင်ဘူး''ဟု မှော်မောင်းလျံရွာမှ စစ်ပြေးဒုက္ခသည်တစ်ဦးက ပြောသည်။

ယင်းရွာများရှိ စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ခန့်မှာလည်း မိဘများနှင့်အတူ ဒုက္ခသည်စခန်းများ၌ ပညာမသင်ရဘဲ ခေတ္တနေထိုင်နေကြရသည်။

''ဖြစ်တဲ့နေ့ကစပြီး ထွက်ပြေးလာခဲ့ကြတာပါ။ မိသားစုလိုက်ဆိုတော့ မလွယ်ဘူး။ ကလေးတွေလည်း စာမသင်ကြရဘူး။ စာမသင်ရတာ ခုနစ်ရက်လောက် ရှိသွားပြီ။ ရခိုင်လောပန်းတွေက ဆန်၊ ဆီစတာတွေလာလှူ ကြတာတော့ ရှိပါတယ်။ ကိုယ့်မိသားစုနဲ့ကိုယ် ချက်စားရတယ်။ ကြာလာရင် ကျန်းမာရေး၊ ရေ၊ အိမ်သာတွေ အကုန်အခက်အခဲ ဖြစ်နိုင်ပါတယ်''ဟု ရခိုင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးမှ ဒုက္ခသည်တစ်ဦးက ပြောပြသည်။
''အိမ်က ပစ္စည်းတွေ ဘာမှမယူနိုင်ဘူး။ အကုန်ထားခဲ့ရတယ်။ နွားတွေ၊ ၀က်တွေလည်း ဒီအတိုင်းပဲ။ ရွာမှာလည်း ဘယ်သူမှ မရှိတော့ဘူး။ တချို့က အစောင့်ထားခဲ့တာရှိတယ်။ တချို့ကျတော့ တံခါးပိတ်ပြီး ထားခဲ့ကြရပါတယ်။ ဒီမှာကြာကြာနေရမယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူး။ အဘွားကြီးအိုတွေ ပါတယ်။ မျက်စိမမြင်တဲ့လူတွေ ပါတယ်။ ကိုယ်တစ်ခြမ်းသေတဲ့လူ ပါတယ်။ အခက်အခဲကတော့ပြောရရင် အများကြီးပါပဲ။ ကလေးတွေကို ဖားကန့်ကျောင်းမှာ သွားထားရတယ်''ဟု မှော်မောင်းကုန်းရွာမှ ဒုက္ခသည်အဘွားက ပြောသည်။

''ဒီမှာက ဗလခ၊ တောင်ပြိုစတဲ့ မှော်ပေါင်းစုံက လူတွေ အကုန်လုံးပါပဲ။ အားလုံး ၅၆၀ လောက်ရှိတယ်။  စားဖို့တော့ လောပန်းတွေ လှူခဲ့ကြတဲ့ ဆန်တွေကို တစ်နေ့သုံးကြိမ် ချက်ကျွေးပါတယ်။ ဟင်းကတော့ တစ်နပ် ဟင်းကောင်းတစ်ခွက် ပါပါတယ်။ ခုလိုကျွေးရတာ လေးရက်ရှိပြီ ဘယ်နှရက် ကျွေးထားရမလဲ မသိပါဘူး။ ဒုက္ခသည်တွေ မပြန်မချင်း ကျွန်တော်တို့အသင်းက ချက်ကျွေးရမှာပါ'' ဟု မြို့ဦးစေတီစခန်းမှ ကရုဏာနာရေးကူညီမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးတောက်ထိန်က ပြောပြသည်။ ဒုက္ခသည်များ၏ အဓိကလိုအပ်ချက်မှာ ရိက္ခာမလုံလောက်မှု၊ နေရာ နှင့် လူဦးရေမမျှတမှု၊ သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ ကျန်းမာရေးစောင့်ရှောက်မှု ကလေးများ၏ ပညာရေး မသင်ကြားနိုင်မှု စသည်တို့ဖြစ်ကြောင်း သိရသည်။ 

No comments: