Wednesday, August 1, 2012
သက်ဆုံးတိုင် ပူးကပ်နေမည့် ဝိညာဉ်များ
မိသားစုနေထိုင်ရာ အသိုက်အမြုံလေးထဲသို့ သြဂုတ်လမိုးစက်တို့က အတားအဆီးမဲ့စွာ ခုန်ဆင်းလျက် ရှိနေသည်။
ပြိုကျစီးဆင်းလာသော သြဂုတ်လမိုးစက်တို့က အတိတ်တစ္ဆေအလား ကျနော့်ထံ ဝင်ရောက်ပူးကပ်၍ ခန္ဒာကိုယ် သွေး ကြောအနှံ့ပျံ့ဝင်စီးမျောလျက်ရှိသည်။ အတိတ်ဖြစ်ရပ်တို့ကို လွယ်လွယ်နှင့် ကြိုးစားမေ့ဖျောက်၍ မရနိုင်ပေ။ ဘဝတွေ၊ အသက်တွေ မြောက်များစွာ ပေးဆပ်ခဲ့ကြရသလို ခါးသည်းပြင်းထန်သော ဘဝလမ်းခရီးများကိုလည်း ယနေ့တိုင် အချို့ လျှောက်လှမ်းနေကြရဆဲ ဖြစ်သည်။ အတိဒုက္ခပေါင်းစုံနှင့် လှောင်ပိတ်နေသော အနာဂတ်ခရီးလမ်းတခုကို မည်သူမျှ ရွေး ချယ်လိုကြမည်မဟုတ်။ သို့သော်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက်မို့ ဒုက္ခကို ပျားရည်ဆမ်း၍သောက်သုံးပျော်ပိုက်ရင်း ကျေကျေနပ်နပ်ကြီး လျှောက်လှမ်းနေရဆဲ ဖြစ်သည်။
မှတ်မှတ်ရရ ၁၉၈၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ …
မိမိပညာရည်နို့ချို သောက်သုံးရာ အထက (၂) တာမွေကျောင်း နံရံအနှံ့ပေါ်သို့မည်သူတွေ လာရောက်ကပ်ထား မှန်းမ သိသောစာများစွာကို တွေ့ရှိရလေသည်။ အကြောင်းအရာများမှာ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် ၈-၈-၈၈ ရက်နေ့တွင် တတိုင်းပြည်လုံးအတိုင်းအတာဖြင့် တပါတီအာဏာရှင်စနစ်အား ဆန့်ကျင်တိုက်ပွဲဝင်ရေး ဆန္ဒပြသွား မည်ဖြစ်ကြောင်း ရေးသားထားသည့်စာများပင် ဖြစ်သည်။
ကျနော်တို့ကျောင်းမှာ ကျောင်းသူကျောင်းသား အားလုံး ကြောက်ရသော ဆရာတဦးလည်း ရှိနေသောကြောင့် ဟိုနား တစု ဒီနားတစု တိုးတိုးတိတ်တိတ် တိုင်ပင်ဖတ်ရှု နေခဲ့ကြရသည်။ မျက်လုံးများကလည်း စည်းကမ်းထိန်းသိမ်းရေးမှူး ဆရာကြီးစိန်သောင်းကိုလည်း စောင့်ကြည့်ကြရသေးသည်။ စည်းကမ်းအလွန်ကြီးသလို အရိုက်လည်းအလွန်ကြမ်းသော ဆရာကြီးဖြစ်သည်။
မနက်ဖြန်မနက် ၈ နာရီတွင် လူစုရန်နှင့် ကျောင်းသို့လာရောက်ကြိုဆိုမည့် လူထုကြီးချီတက်လာမှ အားလုံး ပူးပေါင်းကြ ရန် ခေါင်းဆောင်များကမှာကြား၍ လူစုခွဲကာ ပြန်ခဲ့ကြသည်။ ၈-၈-၈၈ ရက်နေ့ မနက်စောစောမှာပင် ကျောင်းသို့သွားရန် ကျနော် ဆန္ဒစောနေမိသည်။ ဆန္ဒပြမည်ဟုသာသိထားသည်။ အခြားမည်သည့် အကြောင်းအရာကိုမှ သေသေချာချာ ဂဃနဏ မသိ။ အာဏာရှင်၊ ဒီမိုကရေစီ စသည့် စကားလုံးတို့ကိုတော့ အာပေါင်အာရင်းသန်သန်ဖြင့် အားရှိပါးရှိ အော်ခဲ့ ဖူးသည်။ အရသာတော့ရှိသည်။ အနက်အဓိပါယ်ကို မသိရိုး အမှန်ပင်ဖြစ်သည်။
သြဂုတ် ၈ ရက်နေ့မနက် ကျောင်းသို့သွားခါနီး ဒဂုံသီရိလမ်း နေထိုင်သူသန္တာအောင် ပေးထားသော လက်ကိုင်ပုဝါလေး ၃ထည်ကိုတော့ မှတ်မှတ်ရရလွယ်အိတ်ထဲသို့ ထိုးသွင်းပစ်ခဲ့သည်။ ကျောင်းသို့ရောက်ပြီး အခြေအနေကိုစောင့်ကြည့်နေ သော်လည်း မည်သို့မှ ထူးခြားမလာသေးပေ။ အချိန်ကတဖြည်းဖြည်း မွန်းလွဲပိုင်းသို့ပင် ကူးပြောင်းလာခဲ့ပြီ။ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် မလွှကုန်းဘူတာဘက်မှ ရထားဥသြသံနှင့်အတူ “ဒို့အရေး…ဒို့အရေး” ဟု အော်ဟစ်သံများနှင့်အတူ လူထု ကြီးသည် ကျနော်တို့ကျောင်းဘက်သို့ တဖြည်းဖြည်း နီးကပ်ရောက်ရှိလာခဲ့သည်နှင့် ကျောင်းသူကျောင်းသားတို့ကို ဆရာ၊ ဆရာမတို့ ထိန်းသိမ်း၍မရတော့။ ပိတ်လှောင်ထားသော အခန်းတံခါးများကို တွန်းဖွင့်လိုက်ကြသည်။ သံဇကာများ ကိုလည်း ဝိုင်းဝန်းဆွဲခွာ ပစ်ကြသည်။ ကျောင်းခြံစည်းရိုးများပေါ်ကျော်တက်၍လည်းကောင်း၊ နည်းမျိုးစုံဖြင့် လူထုကြီးနှင့် ပေါင်းစည်းမိရန်အတွက် ကြိုးစားရုန်းကန်၍ ထွက်ခွာခဲ့ကြသည်။ အားလုံးပေါင်းစည်းမိသောအခါ ကျားကွက်သစ် လမ်းမ ကြီးအတိုင်း ချီတက်လာခဲ့ကြသည်။
မိမိတို့ရုပ်ရည်များကို မမှတ်မိစေရေးအတွက် လက်ကိုင်ပုဝါများဖြင့်စည်းနှောင်ကြသည်။ ကျနော်လည်း လွယ်အိတ်ထဲမှ လက်ကိုင်ပုဝါကိုနှုက်ယူပြီး ၁ ထည်ကို မျက်နှာတွင်စည်းနှောင်ကာ ကျန် ၂ ထည်ကို ဘေးမှကျောင်းသားတို့ကို ထိုးပေးလိုက်မိသည်။ ထိုနေ့က ဆန္ဒပြကျောင်းသားကျောင်းသူများကို ပြည်သူလူထုကလည်း ထောက်ခံအားပေးကြ၊ နွေးထွေး ပြူငှာစွာဖြင့် ပရုပ်ဆီ၊ ချိုချဉ်၊ မုန့်ပေးသူ၊ ရေတိုက်သူ စသဖြင့် ပြည်သူလူထုကလည်း သူတို့ကျရာတာဝန်ကျေပွန်ခဲ့သည်။ နေ့စဉ်ဆက်တိုက်ဆိုသလို ဆန္ဒပြခဲ့ကြသည်။
၁၁-၈-၈၈ ရက်နေ့တွင် ကျနော်တို့အဖွဲ့ အလံကိုင်အဖြစ် တာဝန်ကျခဲ့သည်။ စနစ်တကျတန်းစီ၍ သိမ်ဖြူ လမ်းမကြီးအ တိုင်း ချီတက်ခဲ့ကြသည်။ ပြည်သူလူထုကလည်း တဖြည်းဖြည်း ပူးပေါင်းပါဝင်လာသောကြောင့် လူထုကြီးမှာ အလွန်များ ပြားသဖြင့် မနည်းထိန်းသိမ်းကြရသည်။ နောက်မှလိုက်လာသူက ကျနော့် ဖိနပ်ကို နင်းလိုက်သောကြောင့် ဖိနပ်တဘက် မှာ ကျွတ်၍ကျန်ခဲ့သည်။ တဘက်တည်းကျန်သော ဖိနပ်ကိုမထူးဘူးဟု ယူဆပြီး ကျန်တဘက်ကိုပါ ချွတ်ထားခဲ့သည်။ မကြာမီနောက်မှ လူတဦးက “ညီလေး မင်းဖိနပ် အကို ကောက်လာပေးတယ်” ဦးစွာကျန်ခဲ့သောဖိနပ်ကို ပြန်လာပေး သည်။ ကျေးဇူးတင်ကြောင်းနှင့် ဖိနပ်တဘက်ကျွတ်ကျသွား၍ ကျန်တဘက်ပါချွတ်ပစ်ခဲ့ကြောင်းပြော ဖြစ်ခဲ့သည်။
ကျနော်တို့ ဆန္ဒပြစစ်ကြောင်းသည် ကျန်းမာရေးဝန်ကြီးဌာန ရုံးနားအရောက် ကြိုတင်အသင့်နေရာယူထားကြသော မိစ္ဆာ စစ်ဘီလူးများနှင့် ပက်ပင်းတိုးကာရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများနှင့် ကြုံနေရတော့သည်။ လူစုခွဲရေး၊ မခွဲ ရေးကိစ္စ အခြေအတင် ဟိုဘက်ဒီဘက်ဖြစ်နေကြသည်။ ကျနော်တို့လည်း ရှေ့သို့ရောက် သွားကာ လူထုကြီးကို ဝါးလုံး များဖြင့် တားထားရသည်။နောက်မှာက အလံကိုင်အဖွဲ့။ ပြီးတော့ လက်ချင်းချိတ် ကာလူထုကိုကာကွယ်ထားတဲ့ ကျောင်း သားကျောင်းသူတွေ နောက်ဆုံးရိုးထုံးစံမရှိ။ ရှေ့တိုးချီတက်ရေးသာ ဆန္ဒရှိနေခဲ့ကြသည်။
အချိန်တို့က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ကောင်းကင်တခွင်လုံးအုံ့မှိုင်းကာ မိုးရွာတော့မည့် ဟန်အပြည့်။ ရုတ်တ ရက် “ဒိုင်း..ဒိုင်း..ဒိုင်း..” ညီးတွားအော်ဟစ်သံများ…. အဖြူရောင် အင်္ကျီများပေါ်သို့ အနီရဲရဲ ဆေးစက်များ ပက်ဖြန်းလိုက်သလို တဦးအပေါ်တဦးထပ်ကာ အတုံးအရုန်းပြိုဆင်းကုန်ကြသည်။ “ဟာကွာ.. ရက်စက် လိုက်ကြတာ…” “ခွေးမသား တွေ.. လူတွေမှဟုတ်ကြသေးရဲ့လား” “စစ်ခွေးတွေ ကိုက်ကုန်ကြပြီ..” စသဖြင့်စကားလုံးများ မကြည့်ဝံ့ မမြင်ရက်စရာ မြင်ကွင်းများက မျက်စိတဆုံး….။
ကျနော်လည်း ကတ္တရာလမ်းပေါ်မှာ အလူးအလိမ့် ပွန်းပဲ့ဒဏ်ရာများစွာဖြင့်မသေမရှင် ကယ်ပါယူပါ တစာစာ အော်ဟစ် နေသူများ ဘက်နက်ဖြင့်အထိုးခံရသဖြင့် အံကိုကြိတ် မာန်အပြည့်နှင့် ပြန်လည်တောက်ခေါက်သံတွေက ကျနော့်ရဲ့ နား စည်အပြည့် ဝင်ရောက်စွဲမြဲနေဆဲ။
“လေးစားဂုဏ်ယူလျက်ပါ ရဲဘော်တို့” ဟု ကျနော့်နှုတ်မှ ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် ကျနော့် နံ ဘေးမည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိသော ဇနီးသည်က
“သူ့အဖေ.. ဘာတွေ မြည်တမ်းနေတာလဲ.. ကြည့်နေတာ ကြာလှပြီ။မိုးယိုတာလည်း တအိမ်လုံး စိုရွှဲနေပြီလေ”
“သြော်… အေး..အေး..”
၈၈ ဝိညာဉ်တို့သည် ထိုနေ့ထိုအချိန်ရောက်တိုင်း ကျနော့်ထံဝင် ရောက်ပူးကပ်နေဦးမည်သာ..။
(၂၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အမှတ်တရ…..
အုပ်ကြီးဖေ
မြေနီကုန်းကြက်တန်း
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်,
အမှတ်တရ,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment