Written by ကျော်ဝင်း
စက်တင်ဘာလ ၃၀ရက်နေ့ထုတ်
The Voice Daily တွင် ဖော်ပြပါရှိမည့် စာရေးဆရာကျော်ဝင်း၏ ဆောင်းပါးကို
ကြိုတင်ဖတ်ရှု နိုင်စေရန် ဖော်ပြအပ်ပါသည်။ The Voice သို့
သီးခြားပေးပို့ထားခြင်း ဖြစ်ပါသည်။
(အယ်ဒီတာ)
(အယ်ဒီတာ)
အစွဲနှင့် ခေါင်းဆောင်မှု
မြန်မာ့နိုင်ငံရေးဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန် သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးက မှတ်ချက်ပြုဖူးသည်။ ဤအချက်က ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်စေရေး အတွက် ခက်ခဲနိုင်သလို အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေး အတွက် အထောက်အကူ ဖြစ်စေသည် ဟုလည်း သူက ကောက်ချက်ချခဲ့သည်။ စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဉာဏ်မီသလောက် ဆိုရလျှင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့် ကောက်ချက်မှာ သွေးထွက်အောင် မှန်သည်ဟု ထင်ပါသည်။
တစ်ခုတော့ရှိသည်။ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုက ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖောက်ထွက် စဉ်းစားနိုင်လျှင်မူ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ ဥပမာ- ဒုတိယကမ္ဘာစစ် အပြီး လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးအဆင့်။ ထိုစဉ်ကာလ ပြည်တွင်းမှာရော၊ နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော လက်ဝဲရယ်ဒီကယ် လှိုင်းကြီးကိုကျော်ပြီး လွတ်လပ်ရေး အရယူပေး နိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုမျိုးဖြစ်သည်။
သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦး မှာပင် လက်ဝဲလက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှား နိုင်ရာမှ ပြည်တွင်းစစ်၊ ဇာတ်နာကြီးနှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းနိုင်ဖို့ မနည်းကြိုးစား ရုန်းကန်နေရဆဲမှာပင် ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်၊ တစ်ကျော့တစ်ဖန် ပြန်လည်အား သစ်လာသည်ကို တွေ့နေရသည်။
ဓလေ့နှစ်မျိုး
ဤနေရာတွင် စကားလုံးများနှင့် ဆက်စပ်နေသော သဘောထား များကို ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက် အရ “ရယ်ဒီကယ်” ဆိုသည်မှာ “အရင်းအမြစ်မှ တော်လှန်ပြောင်းလဲလိုသော” ဟု အဓိပ္ပာယ်ရသည်။ နိုင်ငံရေးအရဆိုလျှင် သဘောထား မတူသူချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ ရည်ရွယ်သော ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေး ဓလေ့ပင်ဖြစ်သည်။ ဆိုရလျှင် ပြည်တွင်းစစ် “ချသမိုင်း” ကြီးကို မွေးထုတ်လိုက်သည်မှာ ဤဓလေ့ပင် ဖြစ်သည်။
ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း အစိုးရအဆက်ဆက် ရည်မှန်းချက်မှာ သူပုန်သကန် အမြစ်ပြုတ်ရေး ဖြစ်သည်။ အပြန်အလှန်အနေနှင့် တောတွင်း လက်နက်ကိုင်အင်အားစု အသီးသီး၏ ရည်မှန်းချက် မှာလည်း အစိုးရဖြုတ်ချရေး ပင်ဖြစ်သည်။ သူ့အကြောင်းနှင့်သူ အစိုးရတွေ ပြောင်းသွားသော် လည်း “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။ တစ်ဖက်က သူပုန်လည်း အမြစ်မပြတ်။ တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ ရယ်ဒီကယ်ဓလေ့ဖြင့် ပြည်တွင်းစစ် မရပ်နိုင်သည့် သာဓက။ ဒီမိုကရေစီ ရေစုန်မျောခဲ့ရသည့် သင်ခန်းစာ။
ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်ဖို့ ဆိုလျှင် “သဘောထား မတူသူများ၊ အတူလက်တွဲ ညှိနှိုင်းဆောင်ရွက်ကြရမယ့် ယဉ်ကျေးမှု” တစ်နည်း “ဒီမိုကရက်တစ် ဓလေ့” ထွန်းကားဖို့ လိုပါလိမ့်မည်။ ခက်နေသည်မှာ မြန်မာ့နိုင်ငံရေး ဓလေ့တွင် အဆိုပါ “ဒီမိုကရက်တစ်ဓလေ့” ထက် ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်းပင်။ ပြောရလျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ရောက်မှ ဒီမိုကရက်တစ်ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။
ဒီကြားထဲမှပင် ရယ်ဒီကယ်လှိုင်းများကား အခါခွင့်သင့်တိုင်း တဝုန်းဝုန်း ရိုက်ခတ်ဆဲ ...။ ဥပမာ-လက်ပံတောင်းကိစ္စ၊ မန္တလေးရှစ်လေးလုံး ငွေရတု ... စသဖြင့်။ ဟော အခု နောက်တစ်ကြိမ်လာပြန်ပြီ။
ပြင်ရေးလား၊ အသစ်လား
ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ပြီး ကြိုးပမ်းလာချိန် ...။ (ပို၍အရေးကြီးသည်မှာ) မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်ရေး အတွက် အထူး လိုအပ်နေချိန် ....။ ဤမျှအရေးကြီး၊ အကဲဆတ်လှသော အခြေအနေမှာပင် ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင်နက် ပေါ်လာသည်။အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည် ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် “၂၀၀၈ အခြေခံဥပဒေ ဖျက်၊ အသစ်ပြန်ရေးရမယ်” ဆိုသော ထိပ်တိုက် ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။
နိုင်ငံရေးဓလေ့
ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲသန်သော မြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း
(အသစ်ပြန်လည် ရေးဆွဲရေး) မှာ လူကြိုက် များနိုင်သည်၊
လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံ များအရ
အန္တရာယ်ရှိနိုင်သည်။ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး
ဖြစ်ကောင်း ဖြစ်သွားနိုင် သည်။ စေတနာမှန်သော အမြော်အမြင်ရှိသော
ခေါင်းဆောင်မှု အနေနှင့် ဘာကိုရွေးကြမည်နည်း။
တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များက လက်တွေ့ကျသော
ပထမလမ်းကြောင်းကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင်
ဝမ်းမြောက်ရသည်။ အထူးသဖြင့် ဝါရင့်သမ္ဘာရင့် တော်လှန်ရေးသမားကြီး၊ KNU ဗဟို
ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်လို ပုဂ္ဂိုလ်မျိုးကိုယ်တိုင်က ဒီမိုကရက်တစ်
ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ သူ့စေတနာနှင့် သူ့အမြော်အမြင်ကို လေးစား
အားကျရသည်။ “လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် တွေထဲက နိုင်ငံရေး၊ မီးရှူးမီးပန်း
များကို မှုစရာမလိုတော့ပြီ” ...တွေးမိတော့ ပျော်သွားသည်။ သို့သော် ...။မေတ္တာရပ်ခံချက်
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကိုဖတ်ရသောအခါ စောစောက အပျော်တွေ လွင့်စဉ်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က ဆိုခဲ့ပြီးသော လမ်းကြောင်းနှစ်ရပ်ကို ဓလေ့နှစ်ခုတွင် တိတိပပအဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ”
“ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ ဤသို့ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။
ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။ စာရေးသူ နားလည်သလောက် ဆိုရလျှင် NLD သည်
လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲကော်မရှင် မဟုတ်။ အစိုးရမဟုတ်။ ထို့ထက်
အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ်
ထင်ဟပ်နိုင်ပါ၏လော ...”။ “လူထုဆန္ဒအမှန်ကို ရရှိလျှင်ပင်ထား၊ ပြည်သူလူထု
အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်း
ရှိနိုင်ပါမည်လော ...”။ “မဟာဗျူဟာ ချမှတ်ရန်အတွက် လူထုတွင်
တာဝန်ကောရှိပါ၏လော ...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊
ပညာရေး ချွတ်ခြုံကျနေသော၊ နိုင်ငံရေးသားကြော ဖြတ်ခံထားရသော၊ စားဝတ်နေရေး
အတွက် ကျားကုတ်ကျားခဲ ရုန်းကန်နေကြရသော အမိ မြန်မာပြည်၏ ပကတိအရှိကို
နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။
စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီး မျှော်လင့်ထားပါသည်။
အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင် ရှားရှားပါးပါး
“လစ်ဘရယ် စိတ်အခံရှိသူ” ဟု မြင်ထားသည်။ သူမ ကိုယ်တိုင်ရေးသော
ဆောင်းပါးတစ်ပုဒ်အရ “တော်လှန်ရေးကာလနှင့် တည်ဆောက်ရေးကာလ” ကို ကောင်းစွာ
ခွဲခြားသိမြင်နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို
ကိုင်တွယ်ခဲ့သော အမြော်အမြင်ဖြင့် ယခုကိစ္စ ကိုလည်း ပြန်လည် စဉ်းစားပေးပါဟု
လေးစားစွာ မေတ္တာရပ်ခံပန်ကြား အပ်ပါသည်။
No comments:
Post a Comment