Sunday, September 29, 2013
အညတရများမှသည်
-မောင်ပိုင် -
-၂၉ -။၉.၂၀၁၃
(၁)
Everybody wants to save the earth; nobody wants to help Mom do the dishes.
(P.J O'rourke)
ကမ္ဘာကြီးကို ကယ်တင်ရမယ်ဆို လုပ်ချင်လိုက်တာ လူတိုင်းပါပဲ။ မအေကို ပန်းကန်ခွက်ယောက်ကလေး ကူဆေးပေးဖို့ကျတော့ လုပ်ချင်တဲ့သူ ဘယ်မှာရှိလို့လဲ။ မြန်မာနိုင်ငံကြီးကို ကျွန်တော်ပြုပြင်မှရမယ်။ ကျွန်တော်ခေါင်းဆောင်မှရမယ်။ ကျွန်တော်လမ်းစဉ်ချမှတ်မှ ရမယ်။ ဟုတ်ကဲ့ ကျွန်တော်မြန်မာနိုင်ငံကြီးကို တိုးတက်စေချင်၊ မြင့်မားစေချင်၊ လွတ်လပ်စေချင်၊ ချမ်းသာကြွယ်ဝ စေချင်တာ အမှန်ပါပဲ။
ဒါကြောင့် ကျွန်တော့်အိမ်က ဆန်အိုးကို အရင်ပြည့်အောင်ဖြည့်ရမယ်။
ပီဂျေအိုရိုးကေးရဲ့ စကားလေးကို ဖတ်မိရင်း အတွေးလေးပေါ်လာလို့ ရေးချကြည့်မိတာပါ။ လူဆိုတာတော့ အမြင်ကိုရောက်ချင်၊ လိုချင်ကြတာကြီးပါပဲ။ သို့သော် အမြင့်ကိုရောက်နိုင်ဖို့ဆိုရာမှာ အောက်ခြေက စတက်ရမယ် ဆိုတာကို တစ်ခါတစ်ခါမေ့နေတတ်ပါသေးတယ်။
အလှမ်းကျယ်အလယ်လတ်ဆိုတာလို ဟိုးအဝေးကြီးကို မျှော်မျှော်တွေးရင်း လက်ရှိအချိန်မှာ ဘာဖြစ်နေ တယ်ဆိုကာ မေ့နေတတ်ပါတယ်။ ဒါလေးပြောတော့ သတိရလိုက်မိပါတယ်။ ၂၀၁၅ မှာ ဘယ်သူတွေ ရွေးချယ်ခံ လို့ဘယ်သူတွေ သမ္မတဖြစ်မလဲ။ ဟုတ်ကဲ့ ရေရှည်စီမံကိန်း၊ အနာဂတ်ဆိုတာရှိပါတယ်။ စီမံချက်ချလုပ်ဆောင်ရ တယ်ဆိုတာတော့မှန်ပါတယ်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုဘ၀အခက်အခဲတွေ၊ ပြဿနာတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ သိမ်းဆည်းခံလယ်မြေတွေအတွက် ဘယ်လိုဖြေရှင်းကြမှာလဲ။
အညတရတွေရဲ့ ဘ၀တွေကို ပြေလည်အောင်မဖြေရှင်းသေးနိုင်သေးပဲ အထင်ကရတွေအတွက် အချိန်ကုန် နေရင်ဖြင့် ရွှေပြည်တော်မျှော်လေတိုင်း ဝေးမယ်ထင်ပါရဲ့။
(၂)
ပဲနိကိုသာ သင် ဂရုစိုက်ဖို့လို၏။ ပေါင်ကိုတော့ သင်ဂရုစိုက်ဖို့မလို၊ သူ့ဟာသူ ဂရုစိုက်လိမ့်မည်။
ရှိတ်စပီးယားက ဆိုခဲ့ပါတယ်။ လောက လူသားတွေက ပဲနိတန်ဖိုးလောက်ကို ဂရုမစိုက်ချင်လှပါ။ ပေါင်ရဲ့ တန်ဖိုးကိုသာ အလေးထားတတ်ကြပါသည်။ ပဲနိမှ တဆင့်ပေါင် ဖြစ်လာသည်ကိုတော့ မေ့နေတတ်ပါသည်။
လူ့လောက၌ ဖြစ်စေ၊ အခြားလောက၌ဖြစ်စေ မည်သည့်နေရာကိုကြည့်ကြည့် အညတရအများစုကို တွေ့ရ မည်ဖြစ်သည်။ ကျွန်တော်တို့သည်ပင်လျှင် သံသရာထဲ၌ ကျင်လည်ရစဉ် အညတရ ဘ၀များဖြင့်သာ ကျင်လည်ရ သည်က များပေမည်။ သို့ပါလျက် များစွာသော လူတို့သည် အထင်ကရလူတွေကို တန်ဖိုးထား၍ အညတရများကို လျစ်လျူရှုတတ်ကြသည်။
နာမည်ကြီးပုဂ္ဂိုလ်များကိုသာ ဂရုစိုက်ခြင်းသည် တစ်ဦးချင်းသဘောဆန်၍ မိမိအတွက်တော့ အကျိုးများနိုင် ပါသည်။ လူအများအတွက် အကျိုးမများနိုင်ပါ။
သာမန်လူတန်းစားအညတရများကို ဂရုစိုက်မှသာလျှင် အဖွဲ့အစည်းသဘောဆန်၍ မိမိအတွက်ရော အများအတွက်ပါ အကျိုးများနိုင်ပါသည်။
ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ အကျင့်ကား နာမည်ကြီးတစ်ယောက်ထွက်လာပြီ ဆိုလျှင် သူ့နောက်ကို တောက်လျှောက်လိုက်ပါတတ်တော့သည်။ သူ့လူကြီး ငါ့လူကြီးတွေဖြင့် တပည့်တပန်းတွေကို အပြိုင်အဆိုင်ဖြစ်လာ ကြတော့သည်။
ခေါင်းဆောင်တစ်ယောက် အောင်မြင်ဖို့ဆိုသည်မှာ အောက်ခြေတွေအတွက် ဘယ်လောက်လုပ်ပေးနိုင် သလဲပေါ်မူတည်တတ်ပါသည်။ သမ္မတတစ်ယောက်ဖြစ်ဖို့ ပြည်သူက မဲပေးဖို့ဆိုရာမှာ ပြည်သူအတွက် ဘာတွေ လုပ်ပေးနိုင်မည်လဲ။ ဘာတွေလုပ်ပေးမှာလဲ၊ ဘာတွေလုပ်ပေးပြီးပြီလဲဆိုသည့် တိုင်းတာချက်အပေါ် တည်မှီပါသည်။ ပြည်သူလူထုအတွက် ဖြည့်စွမ်းပေးနိုင်မှုမရှိပဲ ပြည်သူတွေ၏ မဲ၊ ထောက်ခံမှုအား အာဏာဖြင့်လည်းကောင်း၊ မတရားနည်းဖြင့်လည်းကောင်း ရယူပါက ထိုသူသည် ပြည်သူ့ခေါင်းဆောင် မဖြစ်နိုင်ပါ။
ခေါင်းဆောင်သည် လောကကို အလှဆင်သူဖြစ်ရပါမည်။ လောကဆိုသည်မှာလည်း အုပ်ချုပ်ခံ အများစုဖြစ်သည့် အခြေခံလူတန်းစားတွေ၏ အလှ၊ ဘ၀တွေဖြစ်ပါသည်။ မြင့်မားသောနေရာရောက်သည်နှင့် စိတ်ကြီးဝင်ပြီး အညတရလူတွေကို လျစ်လျူရှုတန်ဖိုးမထားပါက မိမိအုပ်ချုပ်ရာတိုင်းနိုင်ငံသည် သာယာဝပြောမလာနိုင်ပါ။ အထင်ကရဆိုသည်မှာလည်း အညတရမှ ဖြစ်ပေါ် လာခြင်းပင်ဖြစ်ပါသည်။
(၃)
သုညဆိုတာ အညတရတစ်ခုပါ။ သုညကိုတန်ဖိုးရှိအောင် ရှေ့က ကိန်းဂဏန်းတွေ ထပ်တိုးမှဖြစ်မှာပါ။ အညတရတွေရဲ့ ဘ၀တွေ မြင့်မားလာအောင် ရှေ့က တန်ဖိုးတွေများများလာမှသာလျှင် မြင့်မားလာမှာ ဖြစ်ပါတယ်။
ကမ္ဘာလောကကြီးမှာ လူဆင်းရဲ၊ လူချမ်းသာ အချိုးချကြည့်ပါက တော်တော်ကွာခြားပါလိမ့်မည်။ ထို့အတူ အဓိကပုဂ္ဂိုလ်နှင့် သာမည လူတန်းစားလည်း ကွာခြားပါလိမ့်မည်။ ထိုသာမန်လူတန်းစားတွေ၏ ဘ၀တွေမြင့်မားဖို့ရာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို ရှေ့ကထပ်ဆင့်တိုးပေးနိုင်ပါက မြင့်မားလာနိုင်ပါသည်။
မိမိတို့၏ ပတ်ဝန်းကျင်ကိုကြည့်လျှင် သာမန်လူတန်းစားများစွာကို တွေ့မြင်ကြရမည်ဖြစ်သည်။ သာမန် လူတန်းစားအချင်းချင်း ကြည်ညိုစိတ်ဖြစ်ဖို့ဆိုသည်မှာ မလွယ်လှပါ။
အထင်ကရပုဂ္ဂိုလ်များအပေါ်၌သာ ကြည်ညို စိတ်၊ ယုံကြည်စိတ်များ ထားတတ်ကြပါသည်။ အထင်ကရပုဂ္ဂိုလ်များကလည်း နိမ့်ပါးသူတွေကို ကြည်ညိုစိတ် ထားနိုင်သည်ဆိုသည်မှာ မလွယ်တတ်ပါ။ မိမိသာသည် တတ်သိလိမ္မာသည်ဟု အထင်စိတ်ဖြင့် အောက်ခြေက ပုခုံး လာယှဉ်လျှင် အထိမခံတတ်ကြပါ။
ဘုရားအလောင်း ဝေသန္တာရာမင်းကြီးဘ၀တွင် စူဇကာလို ပုဂ္ဂိုလ်များကိုပင် ကြည်ညိုစိတ်အလွယ်တကူ မွေးမြူနိုင်ခြင်းကြောင့် ပေးလှူနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လမ်းဘေးက အကြော်သည်လေးအပေါ် စာနာစိတ်၊ ယုံကြည်စိတ်တွေကြောင့် အနွေးအကျီ ချွတ်ပေးနိုင်ခဲ့သလို ဗိုလ်ချုပ်လက်မှတ်ပါမှသာလျှင် ထုတ်ပေးမည်ပြောသော ရဲဘော်ကို ယခုလာသော ရဲဘော်အား ငါ့အတွက် ရိက္ခာကို ထုတ်ပေးစေလိုပါသည် ဟု သာမန်ရဲဘော်အပေါ် တလေးတစား စာရေး လက်မှတ် ထိုးပေးခဲပါသည်။
အညတရများကို ယုံကြည်မှု၊ လေးစားမှုကြောင့် ထိုကဲ့သို့ ခေါင်းဆောင်များကို အညတရများကို တန်ဖိုးထား ချစ်ခင်ကြပါသည်။
(၄)
တိုင်းသူပြည်သားတွေ တိုးတက်စေဖို့၊ တိုင်းပြည်သာယာဝပြောအေးချမ်းစေဖို့ရာအတွက် ဥပဒေ၊ စီမံကိန်း၊ အခွင့်အလမ်း၊ လုပ်ငန်းဆောင်တာတွေကို ဖော်ဆောင်နေကြခြင်းဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာတွင် အများအကျိုး မဖြစ်ပဲ မိမိအကျိုးစီးပွားသာ ဖြစ်နေပါက မြန်စွာထိန်းကျောင်းပြုပြင်မှသာလျှင် အများအတွက် အကျိုးစီးပွားဖြစ်နိုင် ပါသည်။
မိမိသည်လည်း ကျရာအခန်းကဏ္ဍမှ အများအကျိုးအတွက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ အမှန် အားဖြင့် မိမိတို့၏ ဘ၀တန်ဖိုးသည် အညတရများအပေါ်အလေးအနက်ထားမှု၏ အတိမ်အနက်ပေါ်၌ မူတည်ပါ၏။ ထို့အမြင် အညတရများအပေါ်ပံ့ပိုးသည်နှင့်အမျှ အညတရများထံမှလည်း ကျေးဇူးသိမှု ကတညုတ သည်လည်း မိမိထံသို့ မတောင့်တပါဘဲလျက် သူ့အလိုအလျောက် ရောက်လာမည်ဖြစ်သည်။
ထိုအခါမှသာ လူမှုဆက်ဆံရေးသဘောအရ ခေါင်းဆောင်များက အုပ်ချုပ်ခံများအပေါ် ယုံကြည်လေးစား သလို ခေါင်းဆောင်များအပေါ်တွင်လည်း အုပ်ချုပ်ခံများမှ ပြည်လည်ယုံကြည်လေးစားကြမည်ဖြစ်သည်။
အပြန်အလှန် ယုံကြည်မှုများဖြင့်သာလျှင် ငြိမ်းချမ်းသော ဘ၀တွေကို ရရှိနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် အညတရများအား အလေးထားမှုမှသည် လောကလူ့ဘောင် အေးချမ်းမှုဆီသို့ ချီတက်နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မှီငြိမ်း - ဦးရွှေအောင် ( အညတရများအပေါ်ကြည်ညိုတတ်ခြင်း)
-မောင်ပိုင်
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment