September 18, 2013 at 12:57pm
အဖြူအစိမ်းတွေရဲ့ သင်္ကေတ
ရိုးသားမှုနဲ့ ဖြူစင်ခြင်းကို ရည်ညွှန်းပြ၊
သမီးတို့ဟာ အမာခံတွေမဟုတ်ဘူး
အသေခံတွေပါအဖေ....ဆိုတဲ့
မဝင်းမော်ဦးရဲ့ အဖြူစင်ဆုံးရင်တွင်းစကား
လွတ်လပ်မှ အမျှဝေပါ....အဖေ- တဲ့။
အရွယ်နဲ့ မမျှတဲ့ ဒီစကား
ကြားရသူတွေ ကြက်သီးဖြန်းဖြန်းထ
မကြောက်မရွံ့ နောက်မတွန့်တဲ့
အာဂသတ္တိသွေး ဒီ- ခလေးမဆီမှာရှိတယ်။
သွေးသံရွဲရွဲ ဒေါင်းအလံမလဲပဲ
သွေးပွက်အိုင်ထဲက အဖြူအစိမ်းတွေရဲ့
အော်သံတွေ ဒီမိုကရေစီရရှိရေး...ဒို့အရေး....ဒို့အရေးတဲ့....လား။
ဒီအသံတွေဟာ
ပြည်သူများရဲ့ စိတ်ဆန္ဒနဲ့
တပြေးထဲထပ်တူကျတဲ့ အရိုးသားဆုံး
စိတ်အတွင်းထဲက ဖြစ်ပေါ်လာတဲ့
အဖြူအစိမ်းတွေရဲ့ အမွန်မြတ်ဆုံး
စေတနာမှန်တဲ့ အသံတွေပဲ။
ကိုယ်ကျိုးအတွက်ဆို မငဲ့ကွက်
ပြည်သူ့အကျိုးကို မနားသယ်ပိုး
ဒါဆို....သူတို့လေးတွေဆီမှာ
ခံယူချက်တွေကိုယ်စီ အပြည့်ရှိတယ်။
အဲဒီခံယူချက်ဟာ
အမိမြေ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ
လွတ်မြောက်စေဖို့ အရိုးကြေကြေ
အရေခမ်းခမ်း အသက်ပေးပြီး
ဆုံးခမ်းတိုင်အောင် တိုက်ပွဲဝင်သွားခဲ့ကြတဲ့
အရိုးသားဆုံးနဲ့ မြင့်မြတ်တဲ့ ခံယူချက်တွေပဲ..။
( ကိုဗလိုင် )
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင်ကျဆုံးသွားသည့် မဝင်းမော်ဦးနဲ့အတူ
စက်တင်ဘာ ၁၈ ရက်နေ့တွင်စောကြွေခဲ့သည့် အဖြူအစိမ်းများကို အစဉ်ထာဝရဦးညွှတ်ဂုဏ်ပြုလျှက်......။
ရဲဘော်....ကိုဗလိုင်။
No comments:
Post a Comment