Friday, September 20, 2013

." ဦးမောင်ချိန်...အစီအစဉ်တွေ ဖြစ်မှာပါကွာ "





မြစ်ဝကျွန်းပေါ် က မြို့လေးတမြို့မှာ...ဘကြီး ဦးမောင်ချိန် ဆိုတာရှိပါတယ်။ ဘကြီးက ထောင်ထောင်မောင်းမောင်း...ရှေ့ဆောင်ရှေ့ရွက်...သမာသမတ်
...ငွေရတတ် ကြေးရတတ် ဆိုတော့ ရပ်မျက်နှာဖုံး၊ မြို့မျက်နှာဖုံး ပါ။
တစ်မြို့လုံးက...သာရေးနာရေး၊ လှူရေးတန်းရေး၊ ပွဲလမ်း သဘင်တွေမှာ...
ဘကြီးချိန် မပါ...ဘယ်နေရာမှ မပြီးထဲကပေါ့။ ဘကြီး ရဲ့တစ်ဦးတည်းသော သမီး
က...အဲဒီခေတ်က မြို့နယ် ပါတီယူနစ် အတွင်းရေးမှူး နဲ့ အကြောင်းပါ ပါတယ်။

မြေးလေးတွေ...အရွယ်သင့်တော့...သာသနာ့အမွေခံ ရှင်ပြုပွဲကို..ဒီနှစ်ထဲလုပ်မယ်မှန်း
ကြပါတယ်။ ထမင်းရည် ချောင်းစီး...အလှူကြီးလှူမှာပါ။ အလှူက ကြီးမှာဆိုတော့...
ဘကြီး ဦးမောင်ချိန်မှာ တကြောင့်ကြကြနဲ့ပေါ့။ ဘုန်းကြီးလျှောက်ဖို့၊ ပရိက္ခရာ၊ အကျွေး
အမွေး၊ အကမ်းအလှမ်း၊ အလှည့်အလည်၊ အတီးအမှုတ်၊ အတည်းအခို၊အဆောက်အ
လုပ်၊ ပဓာန ရှင်၊ကိတ္တိမ ရှင် ရှာဘို့၊ ကွမ်းတောင် ဘယ်သူ၊ ပန်းတောင် ဘယ်သူ...အို...
ဘကြီးချိန် မှာ ပွဲနီးလာလေ...အမှုပွေ...အနားကိုမနေရအောင် ခန့်ခွဲနေရတာပါ။
လူကြီးသူမတွေနဲ့တိုင်ပင်လိုက်...ကာလသားသမီးတွေနဲ့တိုင်ပင်လိုက်ပေါ့။ ရှင်လောင်း
တွေအဖေ ယူနစ်အတွင်းရေးမှူးကတော့...အေးအေးပါဘဲ။

အလှူဝင်ပြီး၊ အလှူကြီးနေ့ရောက်တော့...ဘကြီး ဦးမောင်ချိန် မောနေပါပြီ။ ဇောတွေ
နဲ့ အိပ်ရေးပျက်တာကလည်းများပြီ။ ဒါနဲ့ သူ လဲ မစိုးလို့...အဖေနားပါဦး၊ဘကြီးနားပါဦး
ဝိုင်းပြောကြတော့...အေး၊ အေး၊ အလှူမင်္ဂလာ အစီအစဉ်ချပေးလိုက်ဦးမယ်။ ပြီးတော့
တစ်ရေးအိပ်တာပေါ့ကွာ...ဆိုပြီး...အသံချဲ့စက် ဆရာဆီက မိုက်တောင်းပြီးတော့....
"စတုဒိသာ လေးမျက်နှာမှ...ကြွလာကြကုန်သော အလှူပွဲလာတို့ ခင်ဗျာ....ပထမ ဦးစွာ ရှင်လောင်းလှည့်ပါမယ်...မြို့ဦး ရွှေညောင်ပင်မှာနတ်များက ကန်တော့တာခံဘို့ ရှင်လောင်းများ နတ်ပြ...ပြီးလျှင်...ပြီးလျှင်...ပြီးသော်...စီကာစဉ်ကာ ကြေငြာပြီး....
အလှူလှည့်ပြန်အ၀င်မှာ...မင်္ဂလာ မဏ္ဍပ်မှာ ထမင်းကျွေး ဧည့်ခံပါမယ်၊ နေ့လယ်
(၁) နာရီမှာ...အလှူရေစက်ချ တရားနာမှာဖြစ်ပါတယ် ခင်ဗျား"...ဆို ၀င်အိပ်လိုက်ပါ
တယ်။ အားလုံးကလည်း...ဘကြီး မောင်ချိန် စီစဉ်တာကောင်းတယ်။ အလှူလှည့်အ
ပြန် မောမောနဲ့ ထမင်းတွယ်ရုံဘဲ...ဆို သဘောကျနေကြတာပေါ့။ ဟင်းတွေကလည်း
ကြက်ဆီပြန်၊ ၀က်သားနီလန် ကို မအီအောင်ချဉ်ပေါင်ခံ...အလျှံပယ်ကိုခင်ဗျာ။

အဲသမှာ...သားမက်လုပ်သူ ယူနစ်အတွင်းရေးမှူးက ဘုမသိ၊ ဘမသိနဲ့ ပါတီယူနစ်
လူကြီးတွေ၊ ဌာနဆိုင်ရာလူကြီးတွေ...စောစောဖိတ်လိုက်မိတော့...အားနာတာနဲ့
မိုက် ကိုင်တဲ့ပြီး..."ထမင်းသုံးဆောင်ရန် မဏ္ဍပ်ထဲ ကြွကြပါခင်ဗျာ။ အားလုံး စားသောက်ပြီးမှ...အလှူလှည့်ရန် ဖြစ်ပါတယ် ခင်ဗျ"...ဆိုတော့ လူတွေလဲ၊ ထမင်းရုံ
ဖွင့်...ထမင်းကျွေးကြရတော့တာပေါ့။ နို့...သူက အလှူ့ရှင်၊ ယူနစ်အတွင်းရေးမှူးလေ
ဗျာ။ သူပြောတာ နားထောင်ရုံရှိတာပေါ့။ ပြန်လည်း မပြောရဲကြပါဘူး ခင်ဗျ။

အဲ...ကျွေးမွေးနေကြတုန်းမှာဘဲ...ဘကြီး ဦးမောင်ချိန် နိုးလာပါလေရောဗျာ။ ကြည့်
လိုက်တာနဲ့သိပြီ။ သူပြောထားသလို မဟုတ်တော့ဘူး ဆိုတာကို...ဘကြီး က လူဖြောင့်
လူမှန်ကြီး ခင်ဗျာ။ အဲဒီခေတ်...ပါတီကောင်စီ ကိုလည်း သားမက် အပါအ၀င်.....မျက်
စိထဲမတွေ့၊ကြည့်ရတာ မဟုတ်လေတော့...စက်ဆရာဆီက မိုက်ပြန်တောင်းပြီးတော့..

" ....မြို့၊ ပါတီယူနစ်အတွင်းရေးမှူးကြီး ဦး....+ ဒေါ်....တို့၏ အလှူပွဲလာ ပရိသတ်တို့
ခင်ဗျာ။ အလှူမင်္ဂလာ အစီအစဉ် ကတော့...အရင် ကျွန်တော် အစီရင်ခံသလို မဟုတ်
တော့ဘူးပေါ့ခင်ဗျာ။ အရင် ထမင်းသုံးဆောင်ကြ ပြီးမှ...အလှူလှည့်မှာဖြစ်ပါတယ်။ ကျန်တာတွေလည်း...သူပြောသလိုသာဆက်လုပ်ကြပါတော့ ခင်ဗျာ။.....ကျွန်တော်
...မောင်ချိန်... ပထမ ကြေငြာထားတဲ့ အလှူအစီအစဉ်ကတော့...ယခုက စပြီး... ယခု အချိန်ကစပြီး.............( _ီး) အစီအစဉ်ကြီး ဖြစ်သွားပါပြီ ခင်ဗျား" ...လို့ ဟစ်လိုက်ပြီး
မြို့တစ်ဘက်ကမ်း၊ တောရကျောင်းဆီ ဘောက်တူပေါ်တက် လှော်ထွက်သွားပါရောတဲ့

အဲဒီနှစ်က စတဲ့ပြီး..မြို့ပေါ်၊ မြို့နီးချုပ်စပ် တစ်ဝိုက်မှာ..အစက စီစဉ်သလို..မလုပ်ဖြစ်၊ တလွဲလုပ်ကြရင်..."မင်းတို့ဟာက...ဦးမောင်ချိန် အစီအစဉ် လိုပါကွာ"...လို့ ပြောတတ်
လာကြတယ်လို့ ကြားဖူးပါသဗျာ။

သည်ဘက်နှစ်တွေရောက်လာတော့...မြန်မာ တစ်ပြည်လုံးက လူတွေက...သတင်းစာ
ဖတ်ပြီးတာနဲ့..." ဦးမောင်ချိန်...အစီအစဉ်တွေ ဖြစ်မှာပါကွာ "....တဲ့။ ဘကြီး... နှယ်.. သေပြီးမှ စန်းတက်လာပုံများဖြင့်... အံ့ရောဗျာ... အံ့ရော။

( ပြောပြခဲ့တဲ့ ဦးကြီးမောင်၊ ဦးသာဝါး...ဘဒွေးများကို ကျေးဇူးတင်ပါတယ်။)

No comments: