မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတုနှစ်ပတ်လည်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းအပြည့်အစုံ
ကြွရောက်ချီးမြှင့်တဲ့ဧည့်တော်များအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျမတို့ ဒီနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၅) နှစ်မြောက် ငွေရတုနေ့ဖြစ် ပါတယ်။
ဒီ (၂၅) နှစ်အတွင်းမှာ ကျမတို့ရဲ့အဖွဲ့ချုပ်က ဘယ်လိုတိုးတက်မှုရှိတယ်၊
မရှိတယ်ဆိုတာ မက နိုင်ငံတော်အတွင်းမှာ ဘယ်လိုတိုးတက်မှုရှိတယ်၊
မရှိတယ်ဆိုတာက ကျမတို့သုံးသပ်ရမှာဖြစ်ပါတယ်။
အဖွဲ့ချုပ်ကို စပြီးတည်ထောင်ခဲ့တာလည်း မြန်မာနိုင်ငံမှာ
ဒီမိုကရေစီရရှိရေးအတွက် ဒီမိုကရေစီလိုလားတယ်ဆိုတာ ထက်
မြန်မာနိုင်ငံရဲ့တိုးတက်ရေးအတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများဟာ စစ်မှန်တဲ့ပြည်ထောင်စုအတွင်းမှာ လုံလုံခြုံခြုံနဲ့ချမ်းချမ်းသာသာနေနိုင်ရေး အတွက်ဖြစ်ပါတယ်။
အဲဒီတော့ကျမတို့အဖွဲ့ချုပ်ရဲ့လုပ်ရပ်တွေဟာ ကျမတို့ရဲ့ရည်မှန်းချက်ကို ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်မှာလဲဆိုတာ ကျမတို့တစ်ခါတည်း သုံးသပ်ရမှာဖြစ်ပါတယ်။
ပါတီတစ်ခုအနေနဲ့ကြည့်ရမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်မတန်မှကြမ်းတမ်းတဲ့ခရီးတစ်ခုကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။
(၁၉၈၈) ခုနှစ်ကတည်းက တရားဝင်နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံတင်ခဲ့ရတယ်ဆိုပေမယ့်လည်း ဒီ (၂၅) နှစ်အတွင်းမှာ တရားဝင်နိုင်ငံရေးပါတီတစ်ခုရဲ့လုပ်ပိုင်ခွင့်များ ပြည့်ပြည့်၀၀ရခဲ့တဲ့အချိန်က အင်မတန်မှ နည်းခဲ့ပါတယ်။
အဲဒီလိုနည်းပါးတဲ့အချိန်ထဲမှာပဲ ကျမတို့အဖွဲ့ချုပ်ရဲ့ရှင်သန်ရေးအတွက်ကို ကြိုးစားရပါတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့လုပ်ငန်းများကို ပြည့်ပြည့်၀၀မလုပ်နိုင်သော်လည်း တတ်နိုင်သမျှ ကျမတို့ပါတီဝင်တွေရဲ့ အရည်အချင်းပြည့်ဖို့အတွက် ကျမတို့ကြိုးစားခဲ့ပါတယ်။
ပါတီဝင်များဟာ အရည်အချင်းပြည့်မှသာလျှင် ကျမတို့ရဲ့နိုင်ငံကို အကျိုးပြုနိုင်မှာပါ။
ကျမတို့အဖွဲ့ကို ဖွဲ့ခဲ့ရတဲ့အကြောင်းရင်းကလည်း နိုင်ငံကိုအ ကျိုးပြုဖို့ပဲဖြစ်ပါတယ်။ နိုင်ငံကို အကျိုးမပြုနိုင်လို့ဆိုရင် ကျမတို့အဖွဲ့ချုပ်ဖွဲ့ခဲ့ရခြင်းအကျိုးဟာ ထင်သလိုမဖြစ်ခဲ့ဘူးလို့ သတ်မှတ်ရမှာပဲ။ ဖွဲ့ရကျိုးမနပ်ဘူးလို့ ပြောရမှာပေါ့။
တကယ်တော့ ကျမတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဖွဲ့ရကျိုးနပ်လားဆိုတာ အခုငွေရတုသဘင်အခမ်းအနား မှာ
ပြန်ပြီးသုံးသပ်တဲ့အခါမှာ ကျမတို့ကတော့ ရိုးရိုးသားသားပဲ့ 
ဖွဲ့ရကျိုးနပ်ပါတယ်လို့ ပြောချင်ပါတယ်။
သို့သော်ငြားလည်း ကျမတို့စိတ်ထဲမှာတော့ ကျေနပ်လောက်အောင်တော့ မဟုတ်ပါဘူး။ ဒါ့ထက်အများကြီးလုပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့်လုပ်ဖို့အခွင့်အရေးတွေ မရခဲ့ပါဘူး။
အခွင့်အရေးတွေ မရခဲ့သော်ငြားလည်း ကျမတို့တတ်နိုင်သမျှလုပ်ခဲ့ပါတယ်။ အဲဒါအတွက်လည်း ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကို ကျေးဇူးတင်ပါတယ်။
ကျမက အများအားဖြင့် အဖွဲ့ဝင်တွေကိုဆိုရင် ပိုပြီးလုပ်ဖို့ ဆော်သြတာတို့၊
ပြောရမယ်ဆိုလို့ရှိရင် ဆူတာတို့၊ ကြိမ်းတာတို့၊ မောင်းတာတို့ လုပ်တာတွေ
တော်တော်များပါတယ်။
ဒါပေမယ့်လည်း တကယ်တော့ အများကြီးကျေးဇူးတင်ပါတယ်။ ကျမတို့အဖွဲ့ဝင်တွေထဲကနေပြီးတော့ ခိုင်ခိုင်မာမာနဲ့ ရပ်တည်ခဲ့လို့ ကျမတို့အခုအထိ ရှင်သန်နိုင်တာပါ။
ဒီလိုခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတာလည်း လွယ်လွယ်နဲ့ရပ်တည်ခဲ့ရတာ မဟုတ်ပါဘူး။ ဒုက္ခအများကြီးကို ရင်ဆိုင်ပြီးတော့ ရပ်တည်ခဲ့ရတာပါ။
ဒါပေမယ့် ကျမ အမြဲပဲသတိပေးပါတယ်။ အဲဒီဟာတွေက ဂုဏ်ယူစရာမဟုတ်ပါဘူး။ ကိုယ်လုပ်ချင်လို့လုပ်တဲ့အလုပ်ပဲ။ ကျေနပ်ပါ။ ကျမတို့ ဘယ်သူကမှ ပြန်ပြီးတော့ ပေးဆပ်စရာမလိုပါဘူး။
ကိုယ့်ရဲ့အလုပ်တာဝန် ကျေပွန်လို့ရှိရင် ဒါဟာကျေနပ်ဖို့အတွက်
လုံလောက်ပြီဖြစ်ပါတယ်။ တကယ်တော့ ကျမတို့ရဲ့တာဝန်တွေ ကျေ ပွန်ပြီလား ဆိုတော့
အမှန်တော့ မကျေပွန်သေးပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မျှော်မှန်းတဲ့ဒီမိုကရေစီပြည်ထောင်စုကြီး ဆိုတာ မဖြစ်ပေါ်သေးပါဘူး။
ဒီမိုကရေစီပြည်ထောင်ကြီးတစ်ခု ဖြစ်ပေါ်ဖို့အတွက် ကျမတို့ဆက်လက်ပြီးတော့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ အခုအဖွဲ့ချုပ်ဟာ အခုနှစ်အတွင်းမှာ ပြည်လုံးပြည့်ညီလာခံများလုပ်နိုင်တဲ့အတွက်
အရင်ထက်စာရင် ပိုမိုပြီးတော့ ဒီမိုကရေစီဆန်တဲ့၊ ဒီမိုကရေစီစံနှုန်းစံ
ထားများနဲ့ ကိုက်ညီတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာပါပြီ။
အဲဒီတော့ ကျမတို့နိုင်ငံကကော ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီတဲ့နိုင်ငံဖြစ်လာပြီလားဆိုတော့ တိုးတက်မှုအနည်းငယ်ရှိသော်လည်း တကယ်တော့ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးဆိုတာကို ကျမတို့အားလုံးပဲ ဒါကို လက်ခံပြီးတော့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံမဖြစ်တဲ့အပြင် ကျမတို့ပြည်သူလူထုရဲ့ဘ၀ဟာ တိုးတက်မှုရှိသလားဆိုတာ သုံးသပ်တဲ့အခါကျရင် တကယ်တော့တိုးတက်မှုမရှိသေးဘူးလို့ ကျမတို့ ဒီလိုပဲ ၀န်ခံရမှာပါ။
တိုးတက်မှုမရှိသေးတာဟာ အားလုံးနဲ့ဆိုင်ပါတယ်။ ကျမတို့အဖွဲ့ချုပ်နဲ့လည်း
ဆိုင်တယ်။ ပြည်သူတွေနဲ့လည်းဆိုင်တယ်။ အထူးသဖြင့် အစိုးရလုပ်နေသူများနဲ့
ဆိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အစိုးရတစ်ခု လုပ်ပြီဆိုမှဖြင့် တိုင်းပြည်ရဲ့တိုးတက်ရေး အတွက် တာဝန်ယူရမှာပါ။ ဒါဟာ ဒီမိုကရေစီရဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ချမ်းသာမှုအတွက်၊ တိုင်းပြည်ရဲ့အေးချမ်းမှုအတွက် တာဝန်ယူရမှာ ဒီမိုကရေစီအစိုးရတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။
တာဝန်မယူနိုင်လို့ရှိရင် နောက်ရွေးကောက်ပွဲမှာ ပြည်သူလူထုကနေ ဒီအစိုးရကို
ပယ်ချပိုင်ခွင့်ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့အခွင့်အရေးပါပဲ။
ကျမ မကြာခဏပြောဖူးပါတယ်။ အဆိုတစ်ခုရှိပါတယ်ပေါ့နော်။
သာမန်နိုင်ငံရေးသမားများဟာ နောက်ရွေးကောက်ပွဲအတွက် စဉ်းစားတယ်။
နိုင်ငံရေးသုခမိန်များဟာ နောက်မျိုးဆက်တွေအတွက် စဉ်းစားတယ်ဆိုတဲ့
စကားတစ်ခုရှိပါတယ်။
ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ
နောက်ရွေးကောက်ပွဲအတွက် စဉ်းစားတဲ့ပါတီမျိုး၊ အဖွဲ့ချုပ်မျိုး
မဖြစ်စေချင်ပါဘူး။ ကျမတို့ နောက်ရွေးကောက်ပွဲမှာ နိုင်ချင်လားဆိုရင်
နိုင်ချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီလိုနိုင်ခြင်းအားဖြင့် ကျမတို့ရဲ့နောက်မျိုးဆက်တွေ အတွက် လုပ်ပိုင်ခွင့်တွေရမှာမို့လို့ဖြစ်ပါတယ်။ နောက်မျိုးဆက်တွေအတွက် ကျမတို့လုပ်ဖို့ကိစ္စတွေဟာ အများကြီးကျန်ပါသေးတယ်။
ကျမတို့နိုင်ငံတိုးတက်ဖို့ဆိုတာဟာ အပြောနဲ့တင်မရပါဘူး။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုတာ ရည်မှန်းချက်အပြောနဲ့ ဒါနဲ့တင် မပြီးပါဘူး။ ဖြစ်စေချင်ပါတယ်လို့ပြောရုံနဲ့ မပြီးပါဘူး။ လက်တွေ့ကျကျ ဖြစ်မြောက်အောင်လုပ်ဖို့လိုပါတယ်။
အခုကျမတို့နိုင်ငံဟာ ပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတစ်ခုလည်း မဟုတ်သေးပါဘူး။ ကျမတို့ပြည်သူလူထုတွေဟာလည်း တကယ်တော့ ဘ၀တိုးတက်ရေးဆိုတာ မရသေးပါဘူး။ ဒါတွေလုပ်ဖို့ ကျမတို့အများကြီးကျန်ပါသေးတယ်။
အဲဒီတော့ ဒီငွေရတုသဘင်နေ့မှာ ကျမတို့ရဲ့အဖွဲ့ဝင်များ ကို ဆော်သြချင်တာကတော့ ကျမတို့အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တဲ့ရည်ရွယ်ချက်တွေကို မမေ့ပါနဲ့။ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခု ပေါ်လာဖို့ဖြစ်ပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုအတွင်းမှာ ကျမတို့ရဲ့တိုင်းသူပြည်သားများ အေးအေးချမ်းချမ်း၊ ချမ်းချမ်းသာသာ၊ ၀၀ပြောပြော နေနိုင်ဖို့ ကျမတို့ကြိုးစားသွားရမှာပါ။ ဒီရည်ရွယ်ချက်တွေကို ကျမတို့ရယူဖို့အတွက်ဟာ ကျမတို့ချမှတ်ထားတဲ့အကြမ်းမဖက်တဲ့နည်းလမ်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနည်းလမ်းတို့နဲ့ ဆက်ပြီးတော့ လုပ်သွားရမှာပါ။
အခု ကျမတို့နိုင်ငံမှာဆိုရင် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အပြောင်းအလဲတွေ ရှိကြပါတယ်။ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီအပြောင်းအလဲတွေဟာ ကျေနပ်စရာမဟုတ်ဘူးဆိုတာ
ကျမပြောခဲ့ပြီးဖြစ်ပါတယ်။ ဥပမာဆိုရင် ကျမတို့ဟာ အခြေအနေတစ်ခုကို သုံးသပ်ရင်
ပြည့်ပြည့်၀၀သုံးသပ်ရပါ့မယ်။ တစ်ဖက်ကပဲ ကြည့်လို့မရပါဘူး။
တချို့ကလည်း မြန်မာနိုင်ငံကြီးက တိုးတက်တယ်။ ဘာဖြစ်လို့လဲ ရန်ကုန်မြို့မှာ
ကားတွေပိုများလာတယ်။ ကားတွေက ပိုပြီးများလာတော့ လမ်းတွေက
ပိုပြီးတော့ပိတ်တယ်။ လမ်းတွေပိတ်တော့ လုပ်တွေပိုပြီးအလုပ်ပျက်တယ်။
ဒီလိုလမ်းတွေပိတ်တာ ဘာဖြစ်လို့ပိတ်တာလဲဆိုတာ အမှန်ပြောရမယ်ဆိုရင် သေသေချာချာစီမံကိန်းချပြီးတော့
ရန်ကုန်မြို့ကြီးမှာ ရှိတဲ့လမ်းတွေနဲ့၊ ရှိတဲ့ကားတွေနဲ့ မျှတအောင်
မလုပ်နိုင်လို့ပဲ။ ဒီလိုကျမတို့ဟာ နိုင်ငံတော်စီမံကိန်းတွေ
အများကြီးလိုပါတယ်။
ရန်ကုန်မြို့တစ်မြို့တည်းတင် ပြောနေတာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ နိုင်ငံတော်စီမံကိန်းတွေလိုပါတယ်။
ဥပမာဆိုရင် ရေရရှိရေးစီမံကိန်း၊ လျှပ်စစ်ရရှိရေးစီမံကိန်း၊ လမ်းပန်းဆက်သွယ်ကောင်းမွန်ရေးစီမံကိန်း စသည်ဖြင့် နိုင်ငံတော်စီမံကိန်းများ အများကြီး ကျမတို့လိုနေတဲ့အချိန်ဖြစ်ပါတယ်။
ဒီလိုလိုနေတဲ့အချိန်မှာလည်း
ကျမတို့ပြည်သူလူထုက ၀ိုင်းပြီးတော့ ပါဝင်ပြီးတော့ ကူညီရမှာပါ။
အခုလမ်းတွေကြပ်နေတဲ့အထဲမှာ ယာဉ်စည်းကမ်းတွေကို မလိုက်နာတဲ့အခါကျတော့
ပိုပြီးတော့ ပြဿနာတက်ပါတယ်။ အားလုံး အားလုံး ယာဉ်စည်းကမ်းတွေလိုက်နာဖို့ ကြိုးစားရမှာပါ။
အမှန်ပြောရရင် ဒီမနက် ကျမလာတုန်းက ကျမကားအတွက် ရှင်းပေးတဲ့အခါကျတော့ ယာဉ်စည်းကမ်းနဲ့ ကိုက်ညီရဲ့လားလို့ ကျမလည်း စဉ်းစားမိပါတယ်။
ဒီလိုအခြေအနေမျိုးမှာဆိုတာ လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်တဲ့ကိစ္စတစ်ခုဟာ
မှန်ရဲ့လားဆိုတာ စဉ်းစားရမှာပါ။ ဒီလိုစဉ်းစားပြီးဆက်သွားမှ
ကျမတို့နိုင်ငံဟာ တိုးတက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်က
ရည်ရွယ်ချက်တစ်ခုနဲ့မဖြစ်ပါဘူး။
မျှော်လင့်ချက်တစ်ခုနဲ့ မဖြစ်ပါဘူး။ လက်တွေ့ကျကျ ကိုယ်တတ်နိုင်သမျှ အပြောင်းအလဲဟာ ဒီမိုကရေစီဘက်ရောက်အောင်လို့ ကျမတို့လုပ်ရမယ်။ ကျမတို့ပြည်ထောင်စုရဲ့တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုရဲ့ငြိမ်းချမ်းသာယာရေး၊ ပြည်ထောင်စုအတွက် ညီညွတ်ရေးအတွက်ကို ရောက်အောင် လို့လုပ်ရမှာဖြစ်ပါတယ်။
ကျမက ပြည်ထောင်စုဆိုတဲ့စကားကို သုံးတာဟာ ကျမတို့ရဲ့နိုင်ငံအတွင်းမှာ တိုင်းရင်းသားအမျိုးမျိုးရှိပါတယ်။ ကျမက ဘယ်တိုင်းရင်းသားအုပ်စုကိုမှ ရွေးပြီးတော့ အထူး ကျမ မပြောလိုပါဘူး။
အားလုံးဟာ ကျမတို့ရဲ့ပြည်ထောင်စုသားတွေဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ပြည်ထောင်စုသာယာဝပြောရေး၊ ပြည်ထောင်စုညီညွတ်ရေး၊ ခိုင်မာရေးဆိုတာဟာ အားလုံးအတွက် ဖြစ်ပါတယ်။
ဗမာတွေအတွက်တင် မဟုတ်ဘူး၊ ကရင်တွေအတွက်တင်လည်းမဟုတ်ဘူး၊ ကယားတွေအတွက်တင်လည်း မဟုတ်ဘူး။ အားလုံးအတွက်ပါ။
ရှိတဲ့တိုင်းရင်းသားများအားလုံးအတွက် ဒီနိုင်ငံမှာနေတဲ့ပြည်သူ လူထုအားလုံးဟာ လုံခြုံမှုရှိရမယ်။ အေးချမ်းမှုရှိရမယ်။ ချမ်းသာမှုရှိရမယ်။
ဒီဟာကို ကျမတို့ကြိုးစားသွားရမယ်။ ကြိုးစားသွားရမယ်ဆိုတာ ဒီနှစ်လည်း
မဟုတ်ဘူး။ နောက်နှစ်လည်း မပြီးဘူး။ ဒီနိုင်ငံ တည်ရှိသရွေ့
ဆက်ပြီးတော့ကြိုးစားသွားရမှာပါ။
ကျမတို့ တစ်ချိန်တစ်ခါက မြန်မာနိုင်ငံဟာ တိုးတက်ခဲ့တယ်။ ဒါပေမယ့် ကျမတို့ရဲ့တိုးတက်မှုတွေ၊ ကျမတို့ရဲ့ရထားတဲ့အခြေအနေကောင်းတွေကို မထိန်းသိမ်းခဲ့လို့ ကျမတို့နိုင်ငံဟာ အများကြီးဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီတော့ ကျမတို့ဟာ အခြေအနေကောင်းတစ်ခုရလို့ မပြီးသေးဘူး။
ဒီအခြေအနေကောင်းတစ်ခုရတဲ့အခါ ဆက်ပြီးတော့ ထိန်းသိမ်းသွားဖို့ တာဝန်တွေအများကြီးရှိပါတယ်။
ဒါကြောင့် ကျမတို့ရဲ့အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်များဟာ
အလုပ်လုပ်ဖို့၊ ကြိုးစားဖို့၊ အပင်ပန်းခံဖို့ အဆင်သင့်ရှိဖို့လိုပါတယ်။
ကျမတို့အထဲမှာဆိုရင် ပြောကြတာပေါ့နော်။ ပြောတာလည်း မှန်ပါလိမ့်မယ်။
အခွင့်အရေးသမားတွေလည်း ပါပါတယ်။ ဖောက်ပြန်ရေးသမားတွေလည်း ပါပါတယ်။
အမျိုးမျိုးပါပဲ။ နိုင်ငံရေးပါတီတစ်ခုမှာ ဒီလိုရှိပါတယ်။
တချို့ဆိုရင် ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အပြစ်တွေ၊ အနာအဆာတွေ၊ အားနည်းချက်တွေလို့ ဒီလိုထိုးပြကြပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံရေးပါတီမဆို ဒီလိုတွေရှိပါတယ်။
အင်မတန်မှ ရင့်ကျက်နေတဲ့ဒီမိုကရေစီနိုင်ငံတွေ ရဲ့ နိုင်ငံရေးပါတီတွေအတွင်းမှာလည်း ဒီလိုပြဿနာတွေရှိတာဟာ မထူးဆန်းပါဘူး။ ဒါကြောင့် ကျမတို့အနေနဲ့ စိတ်ဓာတ်ကျစရာမလိုဘူး။
ဒါပေမယ့် ဆက်ပြီးတော့ ကြိုးစားသွားရမယ်။ အမြင့်ဆုံးဖြစ်စေချင်တယ်။
အကောင်းဆုံးဖြစ်စေချင်တယ်။ ဆက်ပြီးတော့ ကြိုးစားပါ။
ကျမတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရကျိုးနပ်အောင်လို့ ဆက်ပြီးတော့ ကြိုးစားသွားကြပါလို့ ကျမ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။
D-Wave ဂျာနယ်
No comments:
Post a Comment