Monday, February 17, 2014

လာမယ့်(၂၀၁၅) မှာ(၈၈) ကဘယ်သူတွေလွှတ်တော်တွင်း ထိုင်ခုံနေရာယူကြမလဲ

ဦးကိုကိုကြီးက ''(၈၈)ထဲကနေ လွှတ်တော်နိုင်ငံရေးထဲဝင်မယ့်သူတွေ ထွက်ပေါ်လာမှာပါ။ ဘယ်အချိန် ဘယ်လိုဝင်မယ်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်တို့တရားဝင်အသိ ပေးပါမယ်''ဟုပြောသည်။
(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပါတီအဖြစ် ရပ်တည်မည်လားဟူ၍လည်း မေးခွန်းထုတ်စရာပင်။ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ''(၈၈)အနေနနဲ့တော့ တစ်အုပ်စုလုံးတွဲပြီး နိုင်ငံ ရေးပါတီထောင်မယ်ဆိုတာမရှိဘူး၊ မလုပ်ဘူး။ အဲ့ဒါသေချာတယ်။ ဒါပေမယ့် တစ်ချို့တစ်ဝက်က ကိုယ့်ဟာကိုယ်ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ထောင်ပြီးသားပါတီထဲဝင်ပြီးတော့ ရွေးကောက်ပွဲဝင်တာ လည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တစ်ချို့တစ်ဝက်ကတော့ အရပ်ဖက်လူ့ အဖွဲ့အစည်းအနေနဲ့ပဲနေခဲ့မှာဖြစ်တယ်''ဟု (၂၀၁၃)ခုနှစ်အတွင်းက လျှပ်တစ်ပြက်ကို ပြောထားခဲ့သည်။
လာမယ့်(၂၀၁၅) မှာ(၈၈) ကဘယ်သူတွေလွှတ်တော်တွင်း ထိုင်ခုံနေရာယူကြမလဲ
**********************************************************
(၈၈)မျိုးဆက်ကျောင်းသားများစုစည်းထားသည့် (၈၈)မျိုးဆက်ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၌ လာမည့် (၂၀၁၅)ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း ၀င်ရောက်မည့်သူများရှိကြောင်း (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကထုတ်ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ(၃၁)ရက်က (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်း၌ကျင်းပသော ရပ်ကွက်၊ ကျေးရွာအုပ်စု အခြေခံအစိုးရ များ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီရင်ခံစာ (၂၀၁၃-၂၀၁၄)ရှင်းလင်းပွဲ တွင် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို သတင်းသမားများ၏ရှေ့မှောက် တွင် တရားဝင်ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းမတိုင်မီက မေးမြန်းခဲ့ သော်လည်း ပြောကြားခဲ့ခြင်းမရှိဘဲ ယခုအခါမှ ပထမဆုံးအဖြစ် ဖွင့်ဟပြော ဆိုလိုက်ခြင်းဖြစ်သည်။ ''(၈၈) ဘာလဲ၊ ဘယ်လဲ''ဟုမေးခွန်းထုတ်နေမှုများ ကို လမ်းစပြလိုက်ခြင်းပင်ဖြစ်သည်။

(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းထဲ၌ (၂၀၁၅) ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်းဝင်ရောက်မည့်သူ များရှိကြောင်းထုတ်ပြောသော်လည်း မည်သူဖြစ်ကြောင်းနှင့် မည်သို့မည်ပုံ ၀င်ရောက်မည်ဖြစ်ကြောင်းကို ထပ်မံလျှို့ဝှက်ထားဆဲဖြစ်သည်။

ဦးကိုကိုကြီးက ''(၈၈)ထဲကနေ လွှတ်တော်နိုင်ငံရေးထဲဝင်မယ့်သူတွေ ထွက်ပေါ်လာမှာပါ။ ဘယ်အချိန် ဘယ်လိုဝင်မယ်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်တို့တရားဝင်အသိ ပေးပါမယ်''ဟုပြောသည်။

(၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပါတီအဖြစ် ရပ်တည်မည်လားဟူ၍လည်း မေးခွန်းထုတ်စရာပင်။ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ''(၈၈)အနေနနဲ့တော့ တစ်အုပ်စုလုံးတွဲပြီး နိုင်ငံ ရေးပါတီထောင်မယ်ဆိုတာမရှိဘူး၊ မလုပ်ဘူး။ အဲ့ဒါသေချာတယ်။ ဒါပေမယ့် တစ်ချို့တစ်ဝက်က ကိုယ့်ဟာကိုယ်ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ထောင်ပြီးသားပါတီထဲဝင်ပြီးတော့ ရွေးကောက်ပွဲဝင်တာ လည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တစ်ချို့တစ်ဝက်ကတော့ အရပ်ဖက်လူ့ အဖွဲ့အစည်းအနေနဲ့ပဲနေခဲ့မှာဖြစ်တယ်''ဟု (၂၀၁၃)ခုနှစ်အတွင်းက လျှပ်တစ်ပြက်ကို ပြောထားခဲ့သည်။

ကိုမြအေးက မိမိအနေဖြင့် လာမည့်(၂၀၁၅)ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရန်ဆန္ဒမရှိသေးကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ်၏တာဝန်သည် ကြီးမားကြောင်းပြောဆိုထား သည်။

(၈၈)မျိုးဆက်ကျောင်းသားများပါဝင်သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေး တော်ပုံ ငွေရတုပြည့်အခမ်းအနားကြီးကိုလည်း (၂၀၁၃)ခုနှစ်အတွင်းက ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ငွေရတုပြည့်အခမ်းအနားကြီး သို့ အတိုက်အခံများအပြင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ခဲ့သည် ကလည်း (၈၈)မျိုးဆက်ကျောင်းသားများ၏အရွေ့ပင်ဖြစ်ခဲ့သည်ဟု သုံးသပ် ကြသည်။

အခမ်းအနားကြီးတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ''ပြည်သူကိုယ်စားပြုတဲ့ ပြည်သူ့ဘက်တော်သားအားလုံးဟာ လူသတ် လက်နက်နဲ့ ခြိမ်းခြောက်လို့မရပါဘူး။ နှစ်ရှည်လများ မကြားဝံ့မနာသာ ထောင်ဒဏ်ကြီးတွေနဲ့လည်း ခြိမ်းခြောက်လို့မရပါဘူး။ ဒါဆိုရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းပီပီ စေ့စပ်ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာတဲ့နည်းပဲရှိပါတယ်။ အခု ကျွန်တော်တို့ အဲဒီနည်းကို စပြီးကျင့်သုံးနေပါပြီ။ ကျင့်သုံးနေကြ မဟုတ်တဲ့အခါမှာ အခက်အခဲတွေ၊ ကျင့်သားမရတာတွေလည်း တွေ့ရပါ တယ်။ စိတ်ရှည်သည်းခံစွာနဲ့ ဖြတ်သန်းရမှာပါ။ ပြည်သူ့ဆန္ဒနဲ့အညီ ကိုယ်စားလှယ်အသီးသီးက အားလုံးပါဝင်နိုင်တဲ့ဖြေရှင်းမှုမျိုးဖြစ်အောင် ကျွန်တော်တို့အားလုံးကြိုးစားနေပါတယ်''ဟု အဖွင့်မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားသည်။

ဦးမင်းကိုနိုင်ကလည်း လက်ရှိတွင် မြန်မာနိုင်ငံအနှံ့အပြား သို့ စာပေဟော ပြောပွဲများသာ လိုက်လံဟောပြောနေပြီး ရွေးကောက်ပွဲ ၀င်ရောက်အရွေးချယ်ခံရန် အစီအစဉ်ရှိ၊မရှိကိုမူ ယနေ့ထိ ထုတ်ပြောခြင်း မရှိသေးပေ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မတူညီမှုများ ကို ညှိယူသင့်ကြောင်း ရှစ်လေးလုံးငွေရတုအရေးတော်ပုံအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တိုက်တွန်းခဲ့သည်။ ''ကျွန်မတို့ဟာမတူညီတဲ့စိတ်ဓာတ် တွေ၊ မတူညီတဲ့အတွေးတွေကို ညှိနိုင်ရမယ်။ ညှိနိုင်တဲ့စွမ်းရည် ကျွန်မတို့မှာ ရှိဖို့လိုတယ်။ အားလုံးအတူတူဖြစ်သွားဖို့မလိုပါဘူး။ မတူတာတွေကိုမြှင့်ပြီး တော့ အပေးအယူလုပ်ပြီးတော့ ကျွန်မတို့နိုင်ငံကို အေးအေးချမ်းချမ်းနဲ့ အနာဂတ်ကိုခေါ်သွားနိုင်ဖို့ပါပဲ''ဟုပြောကြားထားခဲ့သည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည် ရှစ်လေးလုံးအရေးတော် ပုံငွေရတုအခမ်းအနားအပြီး (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလအတွင်းက နိုင်ငံ တော်သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘောတူညီမှုများရခဲ့သည်။

သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် သဘောတူညီချက်ရရှိခဲ့မှုကို (၈၈) ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ''အမျိုးသားပြန်လည်သင့်မြတ်မှုလုပ်ငန်း စဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းပါမယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပါမယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ် သက်လို့ဖြစ်စဉ်မှာတော့ သက်ဆိုင်သူတွေအားလုံး၊ အကုန်လုံးပါဝင်ဖို့ တစ်ခုခု လုပ်ဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကြီးတစ်ခုကိုလုပ်ဖို့ဆိုတာကို လည်း သဘောတူခဲ့တယ်။ ကျွန်တော်တို့ကလည်း သဘောတူခဲ့တယ်။ နောက်တစ်ချက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံရေးယဉ် ကျေးမှုအသစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးတဲ့အလေ့အကျင့်ကို အခိုင်အမာစိုက် ထူမယ်။ အရင်က ဒီလိုမရှိခဲ့ဘူး။ ဒီမိုကရေစီမှာတော့ နိုင်ငံရေးယဉ်ကျေးမှု သစ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားဖို့လိုတယ်။ မတူတာတွေရှိမယ်။ တူတာ တွေရှိမယ်။ မတူတာတွေကိုလည်း ညှိနှိုင်းအဖြေရှာပြီး ဆက်သွားမယ်။ အဲဒီကာလမှာ တူတာတွေကိုတွဲပြီးလုပ်သွားမယ်။ အဲဒီနိုင်ငံရေးနည်းဗျူဟာ အသစ် ခိုင်ခိုင်မာမာတည်ဆောက်နိုင်တယ်''ဟု သမ္မတကြီးနှင့်တွေ့ဆုံမှုအပြီး လျှပ်တစ်ပြက်နှင့်အင်တာဗျူးတွင်ပြောထားသည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက ''(၂၀၁၅)ရွေးကောက် ပွဲမှာစဉ်းစားဖို့နှစ်ခုရှိတယ်။ အထူးသဖြင့် အရပ်ဖက်အဖွဲ့အစည်းတွေလုပ်ရမယ့် တာဝန်နှစ်ရပ်ရှိတယ်။ နံပါတ်တစ်က ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကို တကယ်တမ်းလုပ်ဆောင်နိုင်စွမ်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ လူထုက ရွေးချယ်တင်မြှောက်နိုင်တဲ့အခြေအနေရှိတယ်။ နောက်တစ်ချက်က အဲဒီလိုတင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်ရမယ်။ နည်းအမျိုးမျိုးနဲ့ကန်ပစ်လိုက်တာတို့၊ အရောက်မခံတာတို့ မဖြစ်အောင်လုပ်ရမယ်။ အဲဒီလိုဖြစ်ဖို့ ပြည်သူလူထုကို သတင်းတွေမျှဝေ ရမယ်။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သင့်ပါတယ်၊ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးဟာ ပြည်သူတွေရဲ့မျက်စိနဲ့၊ ရင်ဘတ် နဲ့၊ ပြည်သူတွေရဲ့ဦးနှောက်နဲ့ အာရုံတစ်မျှဖြစ်ပါတယ်လို့ စဉ်းစားတတ်အောင်၊ ခံစားတတ်အောင်၊ သိမြင်လာအောင်လို့ ပွင့်လင်းလူ့အဖွဲ့အစည်းက လုပ်ဆောင်ရမယ်''ဟုပြောသည်။

ကိုဂျင်မီက သူ့အနေဖြင့် လာမည့်(၂၀၁၅) ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးချယ်ခံမည်မဟုတ်ကြောင်းပြောသည်။

(၈၈)မျိုးဆက်ကျောင်းသားများရွေးကောက်ပွဲဝင်မည်ဆိုခြင်းနှင့်ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ''မှန်းကြည့်ရရင်တော့ တစ်ဦးချင်း ပုဂ္ဂလိကသဘောနဲ့ဝင်ချင် လည်းဝင်မယ်။ ပါတီထောင်ပြီးတော့ ပါတီအနေနဲ့ ၀င်ချင်လည်းဝင်မယ်။ တစ်ချို့ကလည်း NLDထဲဝင်လာပြီးတော့မှ ရွေးကောက်ပွဲဝင်ချင်လည်း ၀င်မှာပေါ့။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့က နိုင်ငံရေးအရည်အချင်းအများကြီး ရှိတဲ့သူတွေပဲ။ ပြည်သူလူထု အထိုက်အလျောက်လေးစားတဲ့သူတွေဆိုတော့ ရွေးကောက်ပွဲဝင်ရင် ပြည်သူလူထုက မဲထောက်ခံမှုရပြီးတော့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ အလားအလာကောင်းတဲ့သူတွေလို့ပြောနိုင်တယ်''ဟု မှတ်ချက်ပြုပြောသည်။

(၈၈)မျိုးဆက်ကျောင်းသူခေါင်းဆောင်တစ်ဦးဖြစ်သည့် မနီလာသိန်း က ''တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာ၊ လူတွေရဲ့တွေ့ကြုံ ခံစားမှုအကုန်လုံးကို လွှတ်တော်ထဲမှာ အသံရောက်အောင်လုပ်ပေးတယ်။ အဲဒီအတွက် အခြားသော အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးကနေပြီးတော့ စစ်မှန်တဲ့အသံတွေ၊ ဒုက္ခတွေကို ဖော်ထုတ်နိုင်မယ့်အသံတွေလိုတယ်။ အဲဒီ အသံတွေကို လွှတ်တော်ထဲတင်ပြခြင်းအားဖြင့် ပိုပြီးတော့ ထိရောက်လွယ်ကူ လိမ့်မယ်လို့ထင်တယ်။ ဒါပေမယ့် လွှတ်တော်ထဲကိုပဲ အားလုံးချည်းရောက် နေတာထက် လွှတ်တော်အတွင်းရော၊ အပြင်မှာရော ဟန်ချက်ညီညီသွားနိုင် တယ်ဆိုတာက ပိုပြီးအားကောင်းမယ်။ လွှတ်တော်ထဲမှာ အားလုံးရောက်နေ မယ်ဆိုရင် လွှတ်တော်ပြင်ပမှာ လုပ်ဖို့ကိုင်ဖို့ အင်အားနည်းသွားတယ်ဆိုရင် မကောင်းဘူး''ဟု လွှတ်တော်တွင်းနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးကိုသုံးသပ် ပြောဆိုသည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၄) ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ယင်းကဲ့သို့ တွေ့ ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး ယခုအချိန်ကာလသည် အသွင်းကူးပြောင်းရေး ကာလအတွက် အရေးကြီးတဲ့အချိန်ကာလဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ကထက် နီးကပ်စွာ ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ထုတ် ပြန်ကြေညာခဲ့သည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပူးပေါင်းသင့်သည်ဟု ယူဆကြောင်းမှတ်ချက်ပြုသည်။ ''(၈၈)တွေက သူတို့ရဲ့စွမ်းအားတွေ၊ သူတို့ရဲ့ ခေါင်းဆောင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ လမ်းကြောင်းမှန်မှန် အင်အား တွေနဲ့ချီတက်ဖို့လိုတယ်။ အင်အားတွေနဲ့ချည်တွဲတဲ့နေရာမှာ NLD နဲ့ချည်တွဲ နိုင်ရင်တော့ အကောင်းဆုံးလို့ယူဆတယ်။ ပူးကပ်တဲ့အနေအထားက တစ်ဆင့် မြင့်ပြီးတော့ ချည်တွဲတဲ့အနေအထားမျိုး၊ ပူးပေါင်းတဲ့အနေအထားမျိုး၊ လက်တွဲ တဲ့အနေအထားမျိုး၊ ၀န်းရံတဲ့အနေအထားမျိုးဆို အကောင်းဆုံးပဲလို့ထင် တယ်''ဟုပြောသည်။

(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းသည် မြန်မာနိုင်ငံ အတွင်း၌ အဖွဲ့ခွဲပေါင်း(၆၀)ကျော်ရှိနေပြီဖြစ်သော်လည်း တရားဝင်အဖွဲ့အစည်း အဖြစ်မှတ်ပုံတင်ထားခြင်းမရှိသေးပေ။

စစ်အစိုးရလက်ထက်တွင် တရားမ၀င် အဖွဲ့အစည်းဖွဲ့စည်းခြင်းကြောင်း (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ သည် ထောင်ဒဏ်များချမှတ်ခြင်းခံခဲ့ကြရသည်။

(၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏နိုင်ငံရေးကို (၁၉၈၈)ခုနှစ် ကတည်းက စတင်၍ အစဉ်တစိုက် လေ့လာသုံးသပ်နေသူတစ်ဦးဖြစ်သည့် Larry Jagan က (၈၈)မျိုးဆက်ကျောင်းသားများတွင် နိုင်ငံတော်ကိုအုပ်ချုပ် ရန်အတွက် အရည်အချင်းရှိသူ အများအပြားမတွေ့သေးကြောင်း သုံးသပ် ထားသည်ကို The Messenger ဂျာနယ်၊ အတွဲ(၄)၊ အမှတ်(၁၃)တွင် လေ့လာ ဖတ်ရှုဖူးသည်။

လာမည့် ''(၂၀၁၅)မှာ (၈၈)က ဘယ်သူတွေ လွှတ်တော်တွင်း ထိုင်ခုံနေရာယူကြမလဲ''ဟု နိုင်ငံရေးအသိုင်းအ၀ိုးက စောင့်ကြည့်ပြီး မေးခွန်း ထုတ်နေကြသည်။

စောဖိုးခွား(လျှပ်တစ်ပြက်သတင်းဂျာနယ်အတွဲ (၄) အမှတ်(၇၀) )

Credit : Saw Phoe Kwar

No comments: