တနေ့က အဆက်သွယြ်่ပတ်တာ ကြာနေပြီဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ပြန်ဆုံဖြစ်တယ် သူကတော့ အရင်လို လှတုန်း၊ အရင်က ကျောင်းသားတွေကြား နှင်းင်္ဆီလေးတစ်ပွင့်လို ဝင့်ဝင့်ကြွားကြွားနဲ့
လှပနေတဲ့ သူမက ခုတော့ ကျက်သရေရှိစွာနဲ့ တင့်တယ်နေတဲ့ သဇင်တစ်ခက်နဲ့ တူနေပြန်ကော အရင်က ခေတ်ဆန်စွာ ဝတ်ဆင်တတ်တဲ့ သူမရဲ့ အပြင်ဆင်တွေ ကတော့၊ ခု ပြောင်းလဲလွန်းစွာ အပြာရောင် ချိတ်ထမီလေးနဲ့ ပြီးတော့ ဇာပွင့်တွေလို့ ခေါ်မလား ကြယ်သီးလေးတွေကို လှပစွာ ပုံဖော်ထားတဲ့ ရင်ဖုံး လက်ရှည်လေးနဲ့ ပြီးတော့ သိပ် ကျက်သရေရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ဥပဓိရုပ်ကို ထင်သာမြင်သာစွာ ဆံထုံးလေး ထုံးလို့ လှပတဲ့ စံပယ် ပန်းကုံးလေးကလည်း သူမရဲ့ ညိုမှောင်နေတဲ့ ဆံနွယ်တွေပေါ်မှာ တင့်တယ်လွန်းစွာ နေရာယူနေပါတယ် ။
“ဟယ်.... နင် … မြတ်သူ မဟုတ်လား...၊
မျက်မှန်နဲ့ဆိုတော့ အဖိုးကြီးကျနေတာပဲ ဘယ်သူများလဲ မှတ်တယ် ငါ့ .. သူငယ်ချင်းကိုး မမှတ်မိဘူးလား၊ ငါ .. အင်ကြင်း လေ ”
စာအုပ်စင်မှာ လိုချင်တဲ့ စာအုပ်တွေ ရွေးနေတုန်း ကျနော့် အနား ခပ်လှလှ အမျိုးသမီး တစ်ဦး နှုတ်ဆက်လို့ပါ ကျနော် သူမကို မမှတ်မိဘူးဖြစ်နေတယ် သူမပြောလိုက်တဲ့ နာမည်ကတော့ ရင်းရင်းနှီးနှီးကို သိနေတော့တာ ။ အရင်က သူမ နဲ့ ကျနော်က တစ်မြို့တည်း သူငယ်ချင်းတွေ ကောလိပ်တက်တော့လည်း တူတူပဲမို့ မောင်နှမတွေလိုကို ဖြစ်လို့ ကျောင်းတုန်းက သူ့ဆီက ကျနော် မကြာမကြာ ပိုက်ဆံချေးဖူးတယ် ။
“ဘယ်သူများလဲ မှတ်တယ် ဆရာမ ပဲ မင်္ဂလာပါ ခင်ဗျား ”
ကျနော်က အရင်တုန်းက အကျင့်တွေအတိုင်း စ,နောက်မိပြန်တယ် ကျနော် အိမ်ထောင်ကျတော့ သူက ကောလိပ်မှာ နည်းပြ ဆရာမလေး အဖြစ်နဲ့ တာဝန်ထမ်းဆောင်လို့ သူလည်း နယ်ပြောင်း ကျနော်လည်း အိမ်ထောင့်တာဝန်တွေနဲ့ ဘဝလမ်းမှာ ဟိုးပြောင်းဒီရွှေ့နဲ့ အဆက်သွယ်ပြတ်တာ အချိန်တွေတောင် တော်တော့်ကိုကြာလှပြီ။ နောက်မှ ကျနော် ပြန်စဉ်းစားမိပါတယ် ဟုတ်ပါရဲ့ အချိန်တွေက ဒီရေတက်သလို မြန်လိုက်တာ အရင်က ၂၀ စွန်းစ ကျနော်ဟာ ခုတော့ သားတစ်ယောက် အဖေ ရှင်းရှင်းပြောရရင် မုဆိုးဖိုဆိုတဲ့ ဘွဲ့တခု အဆစ်ပါ ပါလိုက်သေးတာပေါ့၊ ကျနော့် အသက် ဘဝ လေးဆစ်ချိုးလို့ အခု ၄၀ ပြည့်ခါနီးပြီ ။ သူငယ်ချင်း နှစ်ယောက်ပြန်တွေ့တုန်း အနီးက လက်ဖက်ရည် ဆိုင်မှာ ဝင်ထိုင်ဖြစ်တယ် ဆိုင်ထဲက ကာလသား တစ်ချို့က သူမကို လည်ပြန်ကြည့်လို့ သူမ ကတော့ အရင်လို ရှက်ကိုးရှက်ကန်း မဖြစ်တော့ပဲ တည်တည်ငြိမ်ငြိမ်နဲ့ မသိဟန်ဆောင် တတ်နေပြီ
“ နင်ကတော့ လှတုန်းပဲ အိမ်ထောင် မကျသေးဘူးလား ”
ဆိုတော့ သူမ လှပစွာ ပြုံးတယ်
“ ယောက်ျားတွေက ယုံဖို့ ကောင်းလို့လား မြတ်သူ ရယ် ”
“ ပြီးတော့ ငါ့ဘဝကို တစ်သက်လုံး လုံခြုံမှု ပေးနိုင်တဲ့ ယောက်ျားကို ငါတော့ ရှာမတွေ့သေးဘူး ရှိနိုင်မယ်လို့လည်း မထင်ဘူး ”
ဆက်ပြီး တစ်ယောက်တည်း ရဲရင့်စွာ ရပ်တည်နေတဲ့ အပျိုကြီးတစ်ယောက်ရဲ့ ဘဝကို ဂုဏ်ယူစွာနဲ့ စကားတွေ ဖောင်ဖွဲ့ … လို့ ။ ကျနော်ကတော့ ကျနော့်သားလေး ၇ နှစ်သားမှာ ဇနီးဆုံးပြီး မုဆိုးဖိုး ဘဝ ရောက်ခဲ့ရတာကို အတိုချုံးလိုက်တယ် ဒါတွေက ပြန်ပြောတိုင်း ပျော်ရွှင်စရာတွေမှ မဟုတ်တာလေ သူမ ..ကတော့ စိတ်မကောင်းစွာနဲ့ နားထောင်နေတယ် ပြီးတော့
“ နင့် သားလေးက အရွယ်ရောက်ပြီပေါ့.....
.အေးပါဟယ် ငါ နင့် အိမ်လာခဲ့ပါအုံးမယ်....
ခုတော့ နင်က မြို့ခံ ငါက ခုမှ ပြောင်းလာတဲ့ ဧည့်သည်ဆိုတော့ အကူညီလိုရင် နင့်ဆီ လာရအုံးမှာဟ ....
နယ်မြေစိမ်းမှာ ကိုယ့်သူငယ်ချင်းကို ပြန်တွေ့ရတာ ဝမ်းသာတယ် .. ဟယ်
နင်လည်း အကူညီ လိုရင် ငါ့ပြောလေ တတ်နိုင်တာဆို ကူညီဖို့ … အသင့်ပါပဲ သူငယ်ချင်းရယ် ” တဲ့ …
ကျနော်တို့ လမ်းခွဲတော့ ညနေစောင်းပြီ။
* * * ********** ********** ********** ********** ********** **********
ခုချိန် သား ကျောင်းက ပြန်ရောက်ပြီ ထင်တယ် ။ နှစ် ယောက်တည်းရှိတဲ့ ကျနော်တို့ သားအဖ။ တစ်ယောက် ရဲ့ ခံစားချက်ကို တစ်ယောက်က နားလည်စွာနဲ့ ဘဝက မပြည့်စုံပေမယ့် ကျေနပ်စရာ ။ ဇနီးက စောစီးစွာ လူ့လောက ကနေ ထွက်သွားပေမယ့် သားက ကျနော့်ရဲ့ ကိုယ်ပွားလေး ။ နှစ်သက်စရာ အကျင့်ကောင်းလေးတွေ ရှိတတ်တဲ့ သူ့အမေရဲ့ အတွင်းစိတ်လေး နဲ့ သားက ပတ်ဝန်းကျင်မှာတော့ လူလိမ်မာလေး တစ်ယောက်ပေါ့ ။ သားဟာ ကျနော့်ရဲ့ ရောင်ခြည် ကျနော့်ရဲ့ ရှင်သန်ရာပါ ဒီနေ့အထိ အိမ်ထောင်မပြုပဲ သားကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ကျနော့် တစ်ယောက်တည်း သားကို စောင့်ရှောက်ခဲ့တာ ငယ်ငယ်တုန်းက အသံစူးစူးနဲ့ အော်ဟစ်တတ်တဲ့ ကျနော့် သားလေးဟာ ခုတော့ အပြုံးစစနဲ့ ပြုံရုံသာ ပြုံးတော့တဲ့ ဒုတိယနှစ် ကျောင်းသား တစ်ယောက်တောင် ဖြစ်နေပြီ ။
စာအုပ်တွေနဲ့သာ ပျော်မွေ့တော့တဲ့ ကျနော်ကတော့ နယ်မြို့လေးမှာ စာအုပ်ဆိုင်လေးဖွင့်လို့ ရှိတာလေးနဲ့ ဘဝကိုရောင့်ရဲ တင်းတိမ်စွာနဲ့ပေါ့ ။သား က ကျောင်းချိန်အပြီး ရပ်ကွက်ထဲက ခလေးတွေကို စာပြတဲ့ အလုပ်လေးလည်း လုပ်ပါသေးတယ် ။ သားလေး စာပေကို ချစ်မြတ်နိုးတတ်လာအောင် အငယ်လေး ကထဲက အလေ့အကျင့်လေး ပေးထားခဲ့တယ် ။ ဒီလောကကြီးထဲ ကျနော် မရှိတော့တဲ့နောက် သူတစ်ယောက်တည်း မားမားမတ်မတ် ရပ်တည်နိုင်ဖို့ လိုအပ်တာပေါ့ အဲ့ဒီအတွက် အကောင်းဆုံး အဖော်မွန် ကတော့ စာပေပါပဲ ။
အရင်က တွတ်ပီ ကာတွန်းလေးတွေ စာလုံးပေါင်း ပေါင်းဖတ်တတ်တဲ့ သားဟာ ဆရာကြီး မြသန်းတင့် ရဲ့ “ မမ ” ကို ခံစားတတ်သလို ချစ်ဦးညို ရဲ့ လကာင်္ဒီပ ချစ်သူကိုလည်း နှစ်သက် ခံစားတတ်နေပြီး။ ဂျူး ရဲ့ အချစ် ဝထ္ထုတွေကိုတော့ ကော်ဖီတစ်ခွက်ဘေး ချလို့ ဖတ်တတ်နေပြီလေ။
“ဖေဖေ ဒီထဲက ဇါတ်ကောင်ကို ဘယ်လိုမြင်လဲ သားကတော့ ယုမော် နေရာမှာသာ ဆို သားချစ်တဲ့ မိန်းမတစ်ယောက်ကို ခုလို တစ်ယောက်တည်းထားပြီး ကိုယ့်ဆန္ဒကို ဦးစားပေးမှာ မဟုတ်ဘူး ”
အဲ့ဒီနေ့က သားနဲ့ ကျနော် ဂျူး ရဲ့ “မိန်းမတစ်ယောက်၏ ဖွင့်ဟ ဝန်ခံချက် ” စာအုပ်ကို အမြင်ချင်း ဖလှယ်လို့ပါ
“ အချစ်က ဘဝ တစ်ခုလုံးမှ မဟုတ်တာပဲ သားရယ် ဒါပေမယ့် သူက ဘဝထဲက အင်အားကြီးမားတဲ့ အစိတ်ပိုင်း တစ်ခုလို့တော့ ဖေဖေထင်တယ် ”
ကျနော့်အဖြေကို သားက သိပ်လက်ခံချင်ပုံ မပေါ်ဘူး ပြီးတော့ သားပြန်ပြောတဲ့ မှတ်ချက်ကတော့ ကျနော့်ကို မှင်သက် သွားစေတာတော့ အမှန်
“ သားကတော့ အချစ်ဆိုတာ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ အက်ရှင်ဇါတ်ကြမ်း တစ်ခုလို့ ယူဆတယ် သားလည်း စွန့်စားရတာကိုကြိုက်တယ် ”
ဒီကောင်လေး စကားလုံးကြီးကြီးတွေတောင် ပြောနေတတ်နေပြီပဲ သားခေါင်းကို ဖွဖွလေး ပုတ်လို့
“ ဖေဖေတို့ ထမင်းစားကြရအောင်ကွာ ”
လို့ပြောပြီး စကားဝိုင်း အဆုံးသတ် လိုက်ကြတယ် အဲ့ဒီ ညနေခင်း သားချက်ထားတဲ့ ပိန်းရိုး ဟင်းခါးက သိပ်ခါးနေခဲ့တယ် … သားရေ ။ နည်းပြဆရာမ အဖြစ်နဲ့ ကျနော်တို့မြို့လေးကို ရောက်လာခဲ့တဲ့ အင်းကြင်း အခုတော့ ကျနော်က အိမ်ရှင် သူမက ဧည့်သည်ပေါ့ ။ သူမ ကို ဒီနေ့အိမ်မှာ ထမင်းစား ဖိတ်ထားဖြစ်တယ် ။
“ သားရေ လုပ်ပါအုံး ..ဟ ဖိတ်သာ ဖိတ်ခဲ့တယ် ဖေဖေ မီးဖိုချောင် မဝင်တာကြာတော့ ဘာချက်ရမှန်း မသိဘူးကွ ”
သားကတော့ အချက်ပြုတ် တာဝန်ကို သူကပဲ စီမံခဲ့သူပီပီ အဆင်ပြေပြေ ချက်လို့ ။ သူမ ညနေခင်း ရောက်လာခဲ့တယ် သူမကတော့ အမြဲကို လှနေတော့တာပဲ လိမ္မော်ရောင် ပါတိတ် ဝမ်းဆက်လေးနဲ့ ညနေခင်း ဆည်းဆာအလှနဲ့ အပြိုင် လှပလွန်းစွာ လက်ထဲမှာတော့ လက်ဆောင်ထုတ်တွေနဲ့
“ သားရေ့ မင်း … အန်တီကို ဝိုင်းကူပါအုံး ၊
အင်ကြင်း ကလည်း ဟာ ငါတို့အတွက် ဒါတွေမလိုပါဘူး အားနာစရာ ”
သူမကတော့ ကျနော့်ရဲ့ အိမ်လေးကို ဝေ့ကြည့်လို့
“ သားအဖ နှစ်ယောက်တည်း ဆိုပေမယ့် အိမ်လေးက သန့်လို့ပါလား နေချင်စရာလေး ” ၊
“ကဲ...ထိုင်အုံး ဒါက ငါ့သား .. မြတ်ကို တဲ့ အီးမေဂျာ ဒုတိယနှစ် တက်နေတယ် ကိုယ့်တူ၊ ကိုယ့်သားလို အမြင် မတော်တာရှိ ဆုံးမပါ … ဟာ သားက မိခင်မေတ္တာ ငတ်ခဲ့ရတာ ” ။
ထမင်းဝိုင်းမှာ သားရဲ့ လက်ရာတွေနဲ့ မြိန်ယှက်ခဲ့တယ် သူမ ကတော့ သားကို ချီးမွမ်းခန်းတွေ ဖွင့်လို့
“ သားက လူချောလေးလည်းဖြစ် အချက်ပြုတ်ကလည်း ကောင်းတဲ့ လူလိမ္မာလေး ဆိုတော့ ကောင်မလေးတွေ ဝိုင်းနေတယ်ထင်ပါ့ ”
သားကတော့ မျက်နှာတွေရဲလို့ ရှက်ကိုးရှက်ကန်းနဲ့
“ မရှိပါဘူးဗျာ ” တဲ့ ။
သူမ ပြန်တော့
“ ဖေဖေ အဲ့ဒီ အန်တီက သိပ်လှတာပဲ ဖေဖေ့ ငယ်ရည်းစား လား ”
ဒီကောင်လေး ကိုယ့်အဖေကို နောက်တီး နောက်တောက်နဲ့ကွာ ။ နောက်ပိုင်း အင်ကြင်း နဲ့ ကျနော်တို့ မိသားစုတွေလိုဖြစ်လို့ တစ်ယောက်ကို တစ်ယောက်က ရိုင်းပင်းစွာနဲ့ သူမကို ကျေးဇူးတင်မိပါတယ် သားကို ဂရုတစိုက် ရှိပေးတဲ့ အတွက် အမိမဲ့ ကျနော့်သားလေး အတွက်မှာတော့ ဝမ်းသာစရာ ။
******** ********** ********** ********** ********** ********** **********
ခု သား ကျောင်းလည်းပြီးပြီ ရုံးတစ်ရုံးမှာ စာရေးလေး အဖြစ်နဲ့လည်း အလုပ်အကိုင်လေး ရှိနေပြီ သားမှာ ကြင်ယာစုံဖို့ပဲ လိုတော့တာ သား ဘဝလေး တည်တည်ငြိမ်ငြိမ် ဖြစ်ရင်တော့ ကျနော်လည်း စိတ်အေးရပြီပေါ့ ။ ကျနော်လည်း ဒီဘက်နှစ်ပိုင်းတွေမှာ ကျန်းမာရေးက သိပ်မကောင်းလှ စာအုပ်ဆိုင်လေးတောင် ပိတ်ထားဖြစ်တာ ကြာပြီ သားအဖ နှစ်ယောက် စကားလက်ဆုံ မကျတာလည်း ရက်တွေများပြီ သား ပြန်ရောက်တဲ့ အချိန်ဆို ကျနော်က အိပ်ယာဝင်ပြီ သူအလုပ် သွားခါနီးရင်တော့ ကျနော့်ကို ဝင်နှုတ်ဆက် သွားတတ်ပါသေးတယ် ။ ကျနော့်သားလေး တကယ်ကို လူကြီးဆန်နေပြီပဲ အရင်လို လူငယ်ဆန်တဲ့ အပြုမူတွေတောင် မတွေ့ရတော့ဘူး ။ ခုရက်ပိုင်း သား တစ်ခုခု ကို အလေးနက် တွေးနေပုံလည်း ရတယ် ။ မနေ့က သား ရဲ့ စာကြည့်စားပွဲမှာ စာအုပ်တွေ ရှင်းပေးရင်း ကဗျာလိုလို စာလေးတွေလည်း ဖတ်လိုက်ရသေးတယ် အချစ်အကြောင်းတွေ ဖွဲ့နွဲ့လို့ ဒီကောင်လေး ရည်းစားရနေပြီ ထင်တယ် ကြုံရင်တော့ မေးရအုံးမယ် ။
********** ********** ********** ********** ********** ********** **********
စိတ်တွေ လေးလံနေလိုက်တာ စိတ်နွမ်းတိုင်း ဖတ်ဖြစ်တဲ့ ဆရာတော် “ဦးဇောတိက ” စာအုပ် ဖတ်ဖို့လုပ်တော့ စာရွက်ခေါက်လေး တစ်ခုက အေးစက်စက် ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ သား … အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာ တစ်ပါတ်လောက်ရှိပြီပဲ သား … ကျနော့်ကို ဘာများ မှာချင်လို့ပါလိမ့်၊ စာတွေဘာတွေရေးလို့ ကျနော် အလွတ်ရနေတတ်တဲ့ သားရဲ့ ဝိုင်းစက်စက် လက်ရေးလေး
“ ဖေဖေ .... သားကို နားလည်ပေးပါ ”
သားကို ကျနော် အမြဲ နားလည်ပေးခဲ့တာပဲ ဒီလောကကြီးမှာ သားနဲ့ ဖေဖေ နှစ်ယောက်တည်း ရှိတာပဲ သားရယ် သားကို ဖေဖေ နားလည်တာပေါ့ ခုမှ ထူးထူးဆန်းဆန်း ဒီကောင်လေးကတော့။
“ သား....မမ ကိုချစ်တယ် ”
ဟေ .... ဘယ်က မမ ပါလိမ့် ဒီကောင်လေး ချစ်သူရနေပြီ ထင်ပါရဲ့ ကျနော် ပြုံးပြီး စာကို ဆက်ဖတ်ပါတယ်၊
“ ဖေဖေ အမြဲပြောသလို သားရဲ့ ဆုံးဖြတ်ချက်တိုင်းကို လက်ခံနိုင်ပါတယ် ဆိုတာလေ … အခုလည်း လက်ခံပေးပါ … ဖေဖေ ”၊
“ သား မမအင်ကြင်းကို ချစ်တယ် ” …..
ပြီးတော့ … မမ နဲ့ မခွဲချင်ဘူး သားတို့ နှစ်ကိုယ်တူ ဘဝလေး တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ၊
ဖေဖေ့ကို သားတို့ လာတွေ့ပါအုံးမယ် နေကောင်းအောင် နေပါ … ဖေဖေ ”
ဘယ်လိုမှ မမှားနိုင်တဲ့ သားရဲ့ လက်မှတ်ကလေးနဲ့။
ဘုရားရေ … လောကကြီးက ဘာများ ဖြစ်သွားပါလိမ့် အိပ်မက် မဟုတ်တာတော့ သေချာတယ် မဖြစ်နိုင်တာ၊ အို… မဖြစ်သင့်ဘူးလေ၊ သားရဲ့ မမ တနည်းအားဖြင့် ကျနော့်ရဲ့ ချွေးမဖြစ်လာမယ့် သူက ကျနော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် ဆိုတာ ဘယ်လို နှလုံးသားနဲ့ လက်ခံရမှာပါလိမ့်။ လာမတွေ့ပါနဲ့ မင်းတို့ ငါ့ကို လာမတွေ့ပါနဲ့ မင်းတို့ကိုယှဉ်ပြီး မြင်နိုင်ဖို့ ငါ အဆင်သင့် မဖြစ်သေးဘူး။ ကျနော် သတိမထားမိလိုက်တဲ့ အချိန်အတွင်း ဒီလိုအခြေနေမျိုး ဖြစ်သွားလိမ့်မယ် ဆိုတာ ကျနော် ဘာကြောင့် မတွေးမိတာပါလိမ့် သားကို ယုံကြည်ခဲ့ နားလည်ခဲ့တာတွေက မှားများ မှားခဲ့လေသလား သားကတော့ သူမှန်တယ်ထင်ရာ လုပ်သွားခဲ့လေပြီ ။ အရင်က သားပြောခဲ့ဖူးသလို အချစ်ဆိုတာ သူသိခဲ့ရင်တော့ စွန့်စားမယ် ဆိုတာ တကယ်သူ စွန့်စားသွားခဲ့ပြီပဲ။ သူမ အတွက် သားဟာ ဘဝ လုံခြုံမှု ပေးနိုင်တဲ့သူ တစ်ယောက် ဖြစ်သွားခဲ့ပြီလား … အချိန်တိုအတွင်း သူတို့ ဒီအခြေအနေ နီးစပ်သွားခဲ့လေ ..သလား မေးခွန်းပေါင်းများစွာနဲ့ ကျနော် တစ်ယောက်တည်း ခြောက်ကပ်လွန်းစွာ။ ခုချိန် တစ်စုံတစ်ယောက်က ကျနော့်ကိုမြင်ရင် သေဆုံးသွားပြီလို့ ယူဆမှာပါ ။
ကျနော် ကတော့ အံ့သြ တုန်လှုပ်ခြင်း များစွာနဲ့ နေထိုင်လျှက် သေဆုံးသွားတဲ့ သူတစ်ယောက်လို ကျနော် လိုက်မမှီတဲ့ ဆန်းပြားလွန်းတဲ့ … အချစ် ၊ စောင့်စည်းအပ်တဲ့ စည်းတွေကို ကျော်လွှား ပြစ်နိုင်လောက်အောင် စွမ်းအားကြီးလွန်းတဲ့ အချစ်ဆိုတာကို စဉ်းစားနေမိပါတယ်။ အချစ်ဆိုတဲ့ အရာဟာ သားနဲ့ သူမကြားက မတူညီခြင်းတွေကို ဖုံးလွှမ်းနိုင်စွမ်း ရှိလေသလား ဆိုတာ တွေးရင်း ကျနော်ကတော့ ကိုယ့်နာရေး သတင်း ကိုယ်တိုင် ရေးနေမိတယ် ။ ငါ့ကို လာမတွေ့ကြပါနဲ့ ငါအဆင်သင့် မဖြစ်သေးဘူး ................။
မောင်မျိုး ( ကျနော့ ဘဝဇါတ်ခုံ )
No comments:
Post a Comment