Monday, December 12, 2011
ရွှေပြည်တော် မျှော်တိုင်းမဝေးချင်ပါ
ကြည့်စမ်း ကျမ ငယ်ငယ်တုန်းက သိထားတဲ့ အရာတွေ ခုထိ မှတ်မိနေတုန်းပဲ။ အမှန်လား အမှားလား ကျမ လည်း မသိ တော့ဘူး။ ဘာကြောင့် မှတ်မိနေတာလဲလို့ သိချင်ကြမယ်ထင်တယ်။ ကျမ ငယ်ငယ် ခုနှစ် အတိအကျဆိုရင် ၁၉၈၈ ပေါ့။ လမ်းပေါ်မှာ လူတွေများမှများပဲ။ သွားလိုက်ကြ လာလိုက်ကြ ပြေးလိုက်ကြ လွှားလိုက် ကြနဲ့ မြင်ကွင်းထဲမှာ အရမ်းကို ရှုပ်ထွေးတဲ့ အရာတွေ။ ဒါပေမယ့် အစုလိုက် အစုလိုက် လက်ထဲမှာလည်း ဓာတ်ပုံတွေကိုင်ပြီး ပါးစပ်ကလည်း မနားတမ်း အော်နေကြတာ။ ရှေ့ကတယောက်က တိုင်ပေးရင် နောက်လူတွေက လိုက်အော်ကြတယ်။ ကျမ စိတ်ထဲ အချက်ကျကျ လှုပ်ရှားနေတဲ့ နာရီလက်တံတွေလိုပဲ။ စီစီရီရီနဲ့ အတန်းလိုက် လှည့်တဲ့ သူတွေကလည်း တဖွဲ့နဲ့ တဖွဲ့ လမ်းထိပ်တွေမှာ တောင် ဆုံနေကြသေးတယ်။ စီတန်းလမ်းလျှောက်နေကြတဲ့ သူတွေကို လမ်းဘေးကနေ အအေးတိုက်တဲ့သူတွေ၊ မုန့် ကျွေးတဲ့ သူတွေ၊ ရေတိုက်တဲ့ သူတွေနဲ့ လမ်းအပြည့် အပ်ကျစရာတောင် မရှိဘူးလို့ ထင်တာပါပဲ။ ကျမ ကြည့်ကောင်း ကောင်းနဲ့ ကြည့်နေတာပေါ့။ ဘာလို့ ဒီလိုတွေ သွားနေလာလှုပ်ရှားနေကြတာလဲဆိုတာ ကျမ မသိဘူး။ ကျမ ကလေးပီပီ
ပျော်နေတယ်လို့တော့ ထင်မိတယ်။ ဟုတ်တယ်။ ကျမ ပျော်နေခဲ့တာ။ ကျမရဲ့ လက်ကိုကိုင်ထားတဲ့ အဖေ့ကို မနေနိုင် မထိုင်နိုင် မေးကြည့်လိုက်မိတယ်။
“အဖေ….အဲဒါဘာလုပ်နေကြတာလဲဟင်။ ပျော်စရာကောင်းတယ်နော်” ဆိုတော့ အဖေက ကျမကို ကြည့်တယ်။ ကြောက်စိတ်ထက် ဘာပြန်ဖြေမလဲဆိုတာကို အာရုံစိုက်နေမိတာ။
“ဒီမြင်ကွင်း ကို တနေ့နေ့ကျရင် သမီးသဘောပေါက်လာလိမ့်မယ်။ ခုတော့ သမီးကိုပြောလည်း နားလည်နိုင်အုံးမယ် မထင်ဘူးတဲ့”
ကျမ သိချင်တဲ့ အဖြေကို ဘာလို့ အဖေမပြောတာလဲလို့တော့ ရှည်ရှည်ဝေးဝေး မတွေးမိတော့ပါဘူး။ ဒီလိုနဲ့ပဲ နောက်တ နေ့ကို ရောက်ခဲ့တယ်ပေါ့။ ကျမ အိပ်နေရင်း ဆူဆူညံညံ အသံတွေကြားလို့ ကြည့်လိုက်တော့ အဖေ၊ ဦးလေးတွေနဲ့ ကျန် တဲ့ လူတွေ အလုပ်တွေရှုပ်နေကြတယ်လေ။ ဘာတွေဖြစ်နေကြတာလဲ။ လူတွေကလည်း အများကြီးဆိုတော့ သိချင်လာ တယ်။ ဒီတခါ အဖေ့ကို မေးရင် ဖြေမှာမဟုတ်လို့ ဦးလေး တယောက်ကို မေးလိုက်တယ်။
“ဦးလေး။ ဘာတွေလုပ်နေကြတာလဲ။ လူတွေကလည်း အများကြီး ဆိုင်းဘုတ်တွေလည်း ပါတယ်။” ဆိုတော့ “သမီးရေ ဦးလေးတို့ ဌာနဆိုင်ရာတွေက စီတန်းလှည့်လည်တဲ့ အဖွဲ့တဖွဲ့ ထွက်ရမယ်။ မထွက်မနေရ အမိန့်လေ တဲ့”
အော် ဒါ ခိုင်းလို့ လုပ်နေကြတာပါလားလို့တော့ သိလိုက်တယ်။ ဒီထက်လည်း ပိုမတွေးမိပါဘူး။ တကယ်ပါ။
ဒီလိုနဲ့ ရက်တွေကြာလာတော့ အာဏာသိမ်းလိုက်တယ်တဲ့။ ပြည်တွင်းမငြိမ်သက်မှုများကြောင့် စစ်အစိုးရက အုပ်ချုပ်မှု ပိုင်းကို ယာယီလွှဲပြောင်းယူလိုက်ရပါတယ်တဲ့လေ။ အော်
……. ကျေးဇူးကြီးပါပေ့ … ရွှေဉာဏ်တော် စူးရောက်လှပါပေ့။
ယာယီ… ယာယီ… ယာယီ…. ဘယ်တော့ဆုံးမလဲ ကျမသေချာမသိဘူး။ ယာယီ တနှစ်…ယာယီ နှစ်နှစ်… ရာသီတွေ အလီလီပြောင်း၊ ရွက်ဟောင်းတွေ အခါခါကြွေ၊ ရွက့်သစ်တွေ အကြိမ်ကြိမ် လဲ။ တနေကုန်လို့ တမိုးသောက် ပုံစံခွက်တွေ အောက်ကို ရောက်ခဲ့ရတယ်ဆိုတာတောင် ကျမ နားလည်နေခဲ့ပြီ။ ဒါပေမယ့် ယာယီဆိုတဲ့ စနစ်အောက်မှာပဲ ကျမ ကြီး ပြင်းလာခဲ့ရတယ်ထင်ပါ့။ အမှန်တရားတွေ တောတိုး ၊ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ဘောင်ခတ် နိုင်ငံရေးဘက်လှည့်ရင် အကျဉ်းကျ နိုင်သတဲ့။ လူတွေပါးစပ်ဖျား ထောင်ကိုတော့ မသွားချင်ဘူးတဲ့လေ။ ကဲ .. ကိုယ့်ပါးစပ်ကို ဘာနဲ့ပိတ်ထား မှန်းတောင် မသိနိုင်တော့ပါဘူး။ အချင်းချင်း စကားပြောကြရင်တောင် နိုင်ငံရေး မပါကြေးလို့ ပြောလာကြတာ ခေတ်စ ကားတခုလိုတောင် ဖြစ်နေရပြီ။ ကျောင်းသင်ခန်းစာ သမိုင်းဘာသာသင်ရတော့ နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တိုတိုတုတ်တုတ် သင်သတဲ့လေ။
ကျမ သိချင်တာတွေ များနေပေမယ့် မေးခွင့်မသာခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စပ်စုတတ်တဲ့ ကျမကို ချည်ပြီးတုတ်ပြီး ပြောထားကြတယ်။ နင်စပ်စုလို့ နင့်အဖေအဖမ်းခံရရင် နင်တို့ တအိမ်လုံး နေစရာပျောက်သွားမယ်။ ထမင်းငတ်သွား မယ်။ အဲလိုနေချင်လား။ ကဲ….ကျမ ဘာများ ပြောထွက်ပါတော့မလဲ။ ကျမ သိချင်တာက နည်းနည်းလေးပါ။ မဖြေရဲ လောက်အောင်ကို ဘယ်အရာတွေက ဖိနှိပ်ထားတယ် မသိပါဘူး။
ဘယ်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ ဘယ်သူသိလဲ။ ဘယ်နိုင်ငံမှာ ဘယ်လိုစီးပွားရေးတွေလုပ်နေလဲ ဘယ်သူသိလဲ၊ ဘယ် နိုင်ငံမှာ ဘယ်လိုတွေ တိုးတက်ထွန်းကားနေလဲ ဘယ်သူသိလဲ။ ကျမတို့ နိုင်ငံသမိုင်းကြောင်း ကောင်းကောင်း ဘယ်သူ သိလဲ။ ကျမတို့နိုင်ငံ စီးပွားရေး ဘယ်သူတွေ သိလဲ။ ကျမတို့နိုင်ငံ ပညာရေး ဘယ်သူတွေသိလဲ။ “ဘာမှ လာမမေးနဲ့ အေးအေးပဲ နေချင်တယ်။ ဆားဖြူးစားရရင် စားရပါစေ၊ နေရာသစ်မှာ ဆန်သစ်တော့ ပြောင်းမစားနိုင်ဘူးတဲ့” ….
“ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ရယ်…နိုင်ငံရေး စိတ်မဝင်စားနိုင်ဘူးတဲ့”
“အမလေး မပြောပါနဲ့ ၊ ခေါင်းနဲ့ကိုယ် အိုးစားကွဲနေပါ့မယ်” တဲ့
“ဟေ့ .နေရေးစားရေးထက် ဘယ်အရေးမှ အလေးမပေးနိုင်ဘူး” တဲ့
“နိုင်ငံရေးတွေမပြောကြေးနော်” တဲ့
“ဟဲ့.. ကိုယ့်စာကိုယ်လုပ် ကျန်တာတွေ ဘာမှလာမမေးနဲ့ အလုပ်ပြုတ်တာ မြင်ချင်တာလား” တဲ့
အော်… စီးပွားရေးတွေ ကြပ်တည်း၊ နေထိုင်ရေးတွေ ခက်ခဲ။ လွတ်လပ်ခြင်းတွေ ဘောင်ခတ်၊ လွှမ်းမိုးမှုရဲ့စနက်ကြောင့် လူတွေလည်း လွန့်လွန့်လူး၊ ဆင်းရဲ မွဲတေခြင်းက ရုန်းမထွက်နိုင် စားဝတ်နေရေးကို ဦးစားပေးနေရလို့ ဘယ်အရေးတွေမှ လှည့်ကြည့်ဘို့ မအားနိုင်ကြပါဘူး။ အသိဥာဏ်တွေ ကန့်လန်ကာချ၊ နားလည်သူတွေ မဟနိုင်အောင် အိမ်အသစ်မှာ ဆန် သစ်တွေ ကျွေးဘို့ ခေါ်သွားခံရတာတွေကလည်း ဒုနဲ့ဒေး။ အသိဉာဏ်တွေ လမ်းပွင့် စာတတ်သူတွေ လက်ဆင့်ကမ်းပြီး တိုင်းပြည် အရေးတွေ နားလည်သူများလာခဲ့ရင် တိုင်းပြည်မှာ ပညာတတ်ပေါ၊ ဘယ်သဘောက ဘယ်လိုဆိုတာ ထောက် ပြလာကြရင် ယာယီတွေ ပျောက်ဆုံးကုန်မှာစိုးတော့ ဘယ်ဘက်ကိုမှ မလှည့်နိုင်အောင် စီးပွားရေးတွေ ပိတ်လှောင်လိုက် ကြတယ်။ မလုပ်၊ မရှုပ် ၊ မပြုတ်တွေ များလာတယ်။ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ အာဏာရှင်အမိန့်တွေနဲ့ နေရာတိုင်းမှာ မလှုပ်နိုင်အောင် ချုပ်ကိုင်ထားကြတယ်။
နိုင်ငံခြားဆိုတာ တော်တော်ကို ကြီးမှာပဲလို့တောင် တွေးတဲ့ ကလေးတွေ ရှိလာတယ်။ ခရီးသွားတွေလာရင် လက်ဖြန့် တောင်းလို့ ပျော်နေတဲ့ ဘဝတွေများလာတယ်။ တောမှာ နွားကျောင်းရင်း လွတ်လပ်ရေး ဖခင်ကြီးဟာ သီဟတင်စိုး လို့ ထင်လာတဲ့ ကလေးတွေရှိလာတယ်။ ၁၂ လက်မ TV သေးသေးလေးကို ဘက်ထရီနဲ့ ကြည့်ရင်း ဟယ် ဒီကားကြီးက လှ လိုက်တာ၊ ဟယ် ဒီတိုက်ကြီးက မိုက်လိုက်တာနဲ့ အားကျချင်းတွေနဲ့ နှစ်သိမ့်၊ အိပ်ယာဝင် ပုံပြင်တပုဒ်လောက်တောင် မခိုင်မာနိုင်တဲ့ ဘဝတွေ များလာခဲ့တယ်။
ယုံကြည်ခြင်းတွေချုပ်နှောင် နားလည် တတ်သိတဲ့ ပညာတတ်တွေ ထောက်မပြနိုင်အောင် နိုင်ငံကို အမှောင်ချပြီး မိန့်မိန့် ကြီးပျော်နေလိုက်ကျတာများ ပြောလို့တောင် ကုန်နိုင်တော့မယ် မထင်ဘူး။ “အဘတို့ခေတ်တုန်းကတော့ စားဝတ်နေရေး ဆိုတာ ဒီလောက်ပူစရာမလိုခဲ့ဘူး။ ငွေတကျပ်ရှိရင် မိသားစုအားလုံး ထမင်းစားလို့ရတယ်။ ခုတော့ကွယ်”
အဘ ညည်းညူခဲ့ဘူးတဲ့ အသံကို ခုတော့ ကောင်းကောင်းသိနေခဲ့ပြီ။ စာလေးမတောက်တခေါက် တတ်လာတော့ စာ လေးပေးလေးက ဖတ်ချင်လာတယ်။ ကိုယ်လက်လှမ်းမီတဲ့ သတင်းစာကို ကြည့်လိုက်တော့ နိုင်ငံကြီးက တိုးတက်နေ လိုက်တာ။ ခေတ်တွေမီနေလိုက်တာ။ ပညာတတ်တွေ ပေါနေလိုက်တာ။ သယံဇာတတွေ တွင်းထွက်တွေနဲ့ နိုင်ငံကိုများ စိန်တွေစီထားလိုက်တာ ဘယ်နေ့ ကိုယ့်နေတဲ့ဘက် အလှည့်ကျမလဲ မဆီမဆိုင် ထိုင်တွေးခဲ့ဘူးတယ်။ချောက်ဖြစ်နေတဲ့ ချိုင့်တွေကို ကျော်ခွပြီး တမနက်စနစ်လမ်းတွေမှာ ခေါင်းတွေမော့ပြီး ဖဲကြိုးဖြတ်တဲ့ပွဲကို လက်ခုပ်ဝင်တီးပေးခဲ့ရသေး တယ်။
စားဝတ်နေရေးလေး အဆင်ပြေအောင် ဆယ်တန်းအောင်လက်မှတ်လေး ဖုန်ခါပြီး အလုပ်သွားလျှောက်တော့ ပါတီနိုင်ငံ ရေး ကင်းရှင်းရမယ်တဲ့။ ရပ်ကွက်ထောက်ခံစာရဘို့ ငွေ ၅၀၀ ပေးခဲ့ရတာ မှတ်မိသေးတယ်။ ရဲစခန်း ထောက်ခံစာက လည်း လိုသေးတော့ နောက်ထပ် ငွေ ၅၀၀ ထပ်ကုန်ခဲ့တာပေါ့။ ဒါပေမယ့် အလုပ်က မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စာနည်းနည်းတတ်နေတယ်လေ။ စာမတတ်မှာ အသုံးတည့်မှာကိုး။ တက္ကသိုလ်ပညာလေးကို ဖင်လိမ်ဖင်လိမ်နဲ့ တက်ခဲ့ရတာ။ ထမင်းစားလက်မှတ်ဖြစ်တဲ့ ဘွဲ့လေးတခုရတော့ အလုပ်လေး ထပ်လျှောက်မိပါတယ်။ ဘယ်အသင်းဝင် ထားလဲ၊ မဝင်ရသေးရင် ဝင်၊ ဘယ်အဖွဲ့ထဲ ဝင်ထားလဲ၊ ဘယ်အသင်းထဲဝင်တဲ့ အသင်းဝင်လက်မှတ် ပူးတွဲတင်နိုင်ရင် အောင်မှတ် ဘယ်လောက်တိုးတယ်။ ဘယ်သူနဲ့ သိရင် ဘယ်အဆင့်ကို ရောက်မယ်။ တယ်ဟုတ်တဲ့ ငါပါလား။ ဘယ်အ သင်းမှလည်း မရှိ၊ ဘယ်လူကြီးမှလည်း မသိ နောက်ဆုံးက တန်းစီရင်တောင် ခဲလုံးခံနေလို့ ပထမ နေရာတောင် မရခဲ့ ဘူး။
ခက်ခဲတဲ့သူတွေကသာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ လက်မလှုပ် ခြေမလှုပ်၊ “ဝ” ကလေးကို ဝိတ်နိုင်တဲ့သူတွေက ဟန်တွေကို ကျလို့၊ အနုတ်စုတ် ဂုတ်စုတ် ကျမ ဘွဲ့လက်မှတ်က ဘာအရောင်မှကို ထွက်မလာပါဘူး။
ဒီအရေး ဒီလိုဘဝတွေကို ကြိုသိနေကြလို့ လူ့အခွင့်အရေးတွေ တောင်းဆိုနေကြတာကို ပိတ်လှောင်မှုတွေနဲ့ ခြိမ်းခြောက် မှတ်လောက်အောင်ကို အပြစ်ပေးတယ်ဆိုပဲ။ ဘယ်သူ့အတွက် လုပ်နေကြတာလဲ ကျမကတော့ ကောင်းကောင်းကြီးကို သဘောတွေပေါက်နေခဲ့ပြီ။ အာဇာနည် မိခင်ကြီးက မားမားမတ်မတ်နဲ့ ပြည်သူ့ဘဝနဲ့ ထပ်တူချထားခဲ့တာ။ ဒါအပြစ်လား ကျမ အလေးအမြတ်ပြုတာ အပြစ်တဲ့လား။ ပြည်သူတွေ အလေးအမြတ်ပြုတာ အပြစ်တဲ့လား။ ဘယ်သူတွေက ဘယ် ဘဝတွေကို ဝင်ကြည့်ဖူးခဲ့သလဲ။ ဘာတွေလုပ်ပေးခဲ့ကြသလဲ။ နောက်ဆုံးတော့လည်း အာဏာတည်မြဲရေးနဲ့ မိသားစု ရေရှည်ကောင်းစားရေးကို ထောက်ရှုပြီး တိုင်းပြည်ကို ပြာပုံပဲကျန်အောင် တဖဲ့ချင်းဖဲ့ခြွေပစ်လိုက်ကြတယ်။ သယံဇာတ တွေ ပေါကြွယ်လွန်းလို့ အလုပ်မလုပ်ဘဲ နေရင်တောင်ရတဲ့ တိုင်းပြည်မှာ အငတ်ဘေးဆိုက်နေတယ်။ ဘယ်မလဲ ပြည် တန်တဲ့ ပတ္တမြား….
ကိုယ့်နိုင်ငံ ကောင်းစားဘို့ ကိုယ့်ပြည်သူတွေ ချမ်းသာဘို့ ကိုယ့်ပြည်သူတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ ကြိုးစား အားထုတ်ပေးကြတဲ့ ၈၈ မျိုးဆက်ကြီးတွေကို ကျမ အလေးအမြတ်ပြုရပြန်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ငယ်ငယ်က မသိခဲ့တဲ့ အရာတခု၊ ကျမ အဖေ ပြောခဲ့ဖူးတဲ့ တနေ့တော့ နားလည်လာမှာပါဆိုတာကို ခုသိလာပြီ။
အမေစု လွတ်လာတော့ ပြည်သူတွေဟစ်ကြွေးတဲ့ အသံကို နှလုံးသားနဲ့ အသံဖမ်းထားတယ်။ အမြဲတမ်းပြန်ကြားယောင် နေတာ။ မျက်ရည်တွေ လှိမ့်လှိမ့်ကျပြီး “အမေစု ရေ … ကိုယ့်တိုင်းပြည်မှာ ကိုယ်နေထိုင်နေပေမယ့် နောက်ကျောမလုံ ရတဲ့ ဖိနှိပ်ခံဘဝတွေကို ကယ်တင်နိုင်ပါစေ။ ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ့်အတွက် နေစရာမရှိတဲ့ ဘဝတွေကို ကယ်တင် ပေးနိုင်ပါစေ။ ပြည်သူတွေကို ချစ်ခင်တဲ့ အမေစုကို ပြည်သူတွေရဲ့ နှလုံးသားတိုင်းက ချစ်ခင်နေပါတယ်။ နှလုံးသားရဲ့
နတ်နေကိုင်းမှာ အမေစုကို ဘုရားတဆူလို အားကိုးယုံကြည်နေကြပါတယ် ဆိုတာ မပြောလည်း အမေစု သိနိုင်မှာပါ။ မကြည့်လည်း အမေစု မြင်နိုင်မှာပါ။ ဒါကိုတော့ ကျမ ကောင်းကောင်း နားလည်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အမေ စု ဖြစ်နေလို့ ပါပဲ။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ဘဝများစွာအတွက် ကျမ အလေးအနက် ဆုတောင်းတယ်။ ဘယ်သူ့အတွက် လုပ်နေတယ်ဆိုတာ ကျမ လက်လှမ်းမီသလောက်ကိုဖြန့်ဝေမယ်။ ကျမ တတ်သိသလောက် ပြောပြမယ်။ ကျမ နားလည် သလောက် အားပေးတိုက်တွန်းမယ်။ ကျမ အင်အားဟာ မြူတမှုန်လောက်သာရှိပါစေ ကျမ အဲဒီမြူတမှုန်ကို ကျေပွန် အောင် ကျမလုပ်ဆောင်သွားမယ်လို့ … ဒါကျမ သစ္စာ… ပါ။
ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးကိုကျတော့ စားဝတ်နေရေး ဖူလုံအောင် လုပ်မပေးဘူး။ အငတ်ငတ်အပြတ်ပြတ် ရှိလာတဲ့ ဘဝ တွေကို ကယ်တင်မပေးဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ပြည့်စုံအောင် လုပ်မပေးနိုင်ပဲနဲ့ ကယ်တင်အုန်းမတဲ့။ ရွှေဉာဏ် ရှင်တို့ရယ်… ဟုတ်မှလည်း လုပ်ကြပါ။ သူများကို ဟီးရိုးလုပ်ပြီးကယ်တင်ဘို့ တွေးမယ့်အစား ကိုယ့်နိုင်ငံထဲက တိုင်းချစ် ပြည်ချစ် ပုဂ္ဂိုလ်တွေကို အရင်လွှတ်ဖို့တွေးပါလား။ ကိုယ့်ပြည်သူတွေ ဆင်းရဲမွဲတေနေတာကို အရင် ဖြေရှင်းပေးပါလား။ အခုတော့ အမေကျော် ဒွေးတော်ကို လွမ်းနေကြတယ်။ အသိခေါက်ခက် အဝင်နက်နေကြတယ်။ ဦးပေါ်ဦးပြောတဲ့ ခွေးမြီး ပညာရှင်တွေပဲ။ ဘယ်နေရာမှ အံမဝင်တဲ့ အတွေးတွေ။ ချစ်လို့ ကပ်နေကြတာ မဟုတ်ဘူး။ ဂုတ်သွေးစုပ်ချင်လို့ လည်ပင်း အစောင်းကို စောင့်နေကြတာ။ မြှောက်ပေးရင် ..ဘာ..တက်အောင် ကတယ်ဆိုလား။ တော်ပါပေ့ ရွှေဉာဏ်ရှင်တို့ရယ် လိုက်လို့ကို မမီတော့ပါဘူး။ တကယ်ပါ။
ဟိုးအရင် ခေတ်အခါက မြန်မာနိုင်ငံဟာ သယံဇာတတွေ ဝေသီနေတဲ့ ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ပါပဲ။ လိုသလိုလှည့် လည်သလိုယူ ရသလိုရောင်းရင်းနဲ့ အလည်အလတ်ကို ရောက်ခဲ့ရတယ်။ ခုတော့ ကမ္ဘာ့မြေပုံမှာ မြန်မာနိုင်ငံပါလို့
ထောက်ပြရင် အမွဲဆုံးနိုင်ငံအဖြစ် သမိုင်းမော်ကွန်းသစ် တင်နိုင်ခဲ့ပြီ။
အနာဂတ်ကို ဟိတ်ဟန်ကောင်းကောင်းနဲ့ မြင်သာအောင် မီးမောင်းထိုးကြည့်မိတယ်။
“ရွှေပြည်တော် မျှော်တိုင်းမဝေးချင်ပါဘူး… အမေစု… ရယ်”
ဧက (မန္တလေး)
From group mail
Subscribe to:
Post Comments (Atom)
No comments:
Post a Comment