Sunday, December 11, 2011

C P ကြက် သို့မဟုတ် လွတ်လပ်ခြင်းကို မနှစ်မြို့သူ


C P ကြက် သို့မဟုတ် လွတ်လပ်ခြင်းကို မနှစ်မြို့သူ (ကဗျာ ဆရာနေရဲနီ)



C P ကြက် သို့မဟုတ် လွတ်လပ်ခြင်းကို မနှစ်မြို့သူ
(ကဗျာ ဆရာနေရဲနီ)

C P ကြက်ဆိုတာ
အသားစားဘို့ သီးသန့်မွေးတဲ့ အသားစားကြက်လေ။
သူတို့ရဲ့ ဘ၀ဟာ
ဥဖောက်စက်ကစပြီး ထက်ရှတဲ့ ဓားသွားပေါ်မှာ နိဂုံးချုပ်တယ်။
မွန်းကြပ်တဲ့ ကြက်ခြံနဲ့ မှုန်ပြပြ အလင်းရောင်ဟာ
သူတို့ရဲ့ ကမ္ဘာပေါ့။
နွေးထွေးတဲ့ မိခင်ရဲ့ကိုယ်ငွေ့နဲ့
ကတော်ကတော် ကတက်ကတက်ဆိုတဲ့
သားခေါ်သံနဲ့ အစာခွံ့သံတွေဟာ
C P တွေအတွက်တော့ ရာဇ၀င်ထဲက ဒဏ္ဍာရီတစ်ပုဒ်ပါဘဲ။
အစာစားတဲ့အခါ တစ်ကောင်နဲ့ တစ်ကောင်
လုယက်ထိုးဆိတ် ကုတ်ခြစ်ကြလွန်းလို့
C P မှန်သမျှ ခြေဖျားအတောင်ဖျား နှုတ်သီးဖျားတွေ အဖြတ်ခံထားရတယ်။
အချင်းချင်း တခြံထဲနေတာတောင်
တစ်ကောင်နဲ့  တစ်ကောင် မသင်္ကာတဲ့အကြည့်နဲ့ အနားကပ်လာသူ မှန်သမျှရန်သူလို သဘောထားတတ်ကြပြီး
ကြီးနိုင်ငယ်ညှင်း အတ္တသမားတွေ ကြီိးစိုးကြတယ်။
အောက်အီးအီးအွတ်ဆိုတဲ့
သန်းခေါင်ကြက် သန်းလွဲကြက် အာရုဏ်ကြက် လင်းကြက် အစရှိတဲ့
ကမ္ဘာမြေကို အကျိုးပြုတဲ့ ကြက်တွန်သံဟာ
C P တွေလောကမှာမရှိဘူး။
အတောင်တဖျပ်ဖျပ်ခတ်ရင်း ပြိုင်ဘက်ကိုစိန်ခေါ်တဲ့
ကြိုးဝိုင်းထဲက အလံလုပွဲဆိုတာ ဘယ်သောခါမှ မရှိခဲ့ပေမဲ့
အစာလုရင်း သတ်ပုတ်ကြတဲ့ ရန်ပွဲကတော့ နေ့စဉ်နဲ့အမျှပါဘဲ။

နုတော့ တပွက်ဆူ
ရင့်တော့ ပြုတ်မနူး
မနုမရင့် ဖွံ့ထွားတဲ့အရွယ်မှာ C P မှန်သမျှ
ဟင်းအိုးထဲ ရောက်ကြရတယ်။
ကြက်အရှင်သားကိုမှ လတ်လတ်ဆတ်ဆတ် ကြိုက်တဲ့သူတွေအတွက်
C P တွေကိုဈေးမှာ ချရောင်းတဲ့အခါ
တစ်ထွာသာသာမြင့်ပြီး လေးပေပတ်လည် ခြံလေးအတွင်းမှာ
C P အကောင်၅၀လောက်ကို ဒီအတိုင်းလွှတ်ထားတယ်။

ငှက်မျိုးနွယ်ဝင် ကြက်တွေအတွက်
တစ်ထွာသာသာ အမြင့်ဟာခုန်ထွက်ဘို့ အတွက်မပြောပလောက်ပေမဲ့
C P ကြက်တွေဟာ
ခုန်လွှားတယ်ဆိုတာမသိခဲ့လေတော့
ခုန်ထွက်ဘို့ မစဉ်းစားခဲ့ကြဘူး။
အမိုးမရှိတဲ့အခိုက် ပျံထွက်ရင် လွတ်မြောက်နိုင်ပေမဲ့
ပျံသန်းခြင်းသင်္ခန်းစာကိုဘယ်သောအခါမှမသင်ကြားခဲ့ရလေတော့
ပျံသန်းတယ်ဆိုတာဘာမှန်းမသိခဲ့ကြဘူး။
ပြေးလွှားတတ်ရင်လွတ်လပ်နိုင်ပေမဲ့
အသားတိုးဘို့ကြွေးတဲ့ အဆီအဆိမ့်တွေကိုဘဲ
နေ့စဉ်စားလာရတော့ ပြေးထွက်ဘို့ ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။
လွတ်လပ်တဲ့ ကောင်းကင်
သန့်စင်တဲ့ လေထု
အပြောကျယ်တဲ့လောကပတ်ဝန်းကျင်
လွတ်မြောက်မှုရဲ့ အရသာ ဒါတွေအားလုံးဟာ
C P တွေအတွက် တစိမ်းပြင်ပြင် ဖြစ်နေလေတော့
ထားရာနေ ကျွေးတာစား အသတ်ခံ ရမယ့်အချိန်ကို စောင့်နေရတဲ့ဘ၀မှာ
တစ်ကောင်ကောင်ကများ လွတ်လပ်ခြင်းအတွက် ရုန်းထွက်ဘို့ ကြိုးစားမယ်ဆိုရင်တောင်
မိုးးခါးရေ မသောက်နိုင်သူအဖြစ်  သတ်မှတ်ခံရပြီး
ရန်သူအဖြစ် ထိုးဆိတ်ခြင်းကို ခံကြရတယ်။

ဝယ်သူညွှန်ပြရာကို ဆတ်ကနဲ ဆွဲယူလိုက်တဲ့အချိန်မှာ
ကျန်ခဲ့တဲ့ C P တွေအတွက်
အနေချောင် အစားချောင်ပြီ အမှတ်နဲ့ ပျော်နေကြတုန်း
သိပ်မကြာပါဘူး တစ်ခြံလုံး ပြောင်တော့တာပါဘဲ။

ကြက်မှာလည်းC P ကြက်ရှိသလို
လူမှာလည်း C P လူရှိတယ်။

ဟီလာရီကလင်တန် မြန်မာပြည်လာတော့
ရာထူးဆိုတဲ့ ခြံထဲမှာ နေသားကျပြီး
လွတ်လပ်ခြင်းဆိုတာဘယ်လို ဟာမှန်းမသိတဲ့
ထားရာနေ ကျွေးတာစား ပေးတာယူ ပြန်မပြောဝံ့တဲ့
ဗျူရိုကရက်လောကသား
ညွှန်ချုပ်ရာထူးနဲ့ C P လူတစ်ယောက်က
နိုင်ငံပိုင် သတင်းစာကနေ အချိန်ကိုက်ကြော်ငြာတစ်ခုကို
ခနဲ့သလို ရွဲ့သလိုလှောင်သလို ပြောင်သလို
သတိပေးစကားလို မချိတင်ကဲ စကားလို
အမည်ဖေါ်ပြလို့ မရတဲ့သုတေသန တစ်ခုအတွက်
၈၈ ကာလက ဆရာဝန်တစ်ယောက်
လက်ကမ်းဖြန့်ဝေခဲ့တဲ့ စာစောင်လေးကို
မိတ္တူရှိရင်တောင်ထိုက်တန်တဲ့ဆု ချီးမြှင့်ပါ့မယ်အကြောင်း
အဲဒီစာစောင်အမည်ကတော့
မီးဟုန်းဟုန်း တောက်တော့မည့် မြန်မာပြည်တဲ့။
အစားအသောက်မှာသာ ယစ်မူးနေကြတဲ့ C P ကြက်တွေအတွက်
ငှက်တို့ရဲ့ အခွင့်အရေးဆိုတာ ဘာမှန်းမသိခဲ့သလို
ရာထူးစည်းစိမ်မှာ ယစ်မူးနေတဲ့ C P လူတွေအတွက်
လွတ်လပ်ခြင်းနဲ့လူ့အခွင့်အရေးဆိုတာလည်း ဘာမှန်းမသိခဲ့ကြဘူး။
လွတ်မြောက်ခြင်းကို အလိုမရှိတဲ့ C P ကြက်လို လူတွေကို သတိထားဘို့အတွက်
စေတနာနဲ့ရေးလိုက်ရပါသည်။

နေရဲနီ
ပြည်တွင်းမှ ကဗျာရှင် ဆရာနေရဲနီရဲ့ ကဗျာများ ပြန်ဖတ်လိုလျှင် Label မှ နေရဲနီကဗျာများအား နှိပ်၍ပြန်လည် ဖတ်ရှုနိုင်ပါသည်..။

(CP ကြက်နဲ့ ဥစားကြက်အကြောင်း ဗဟုသုတအဖြစ် ဖတ်ရှုလိုလျှင် ဒီမှာသွားရောက် ဖတ်ရှုနိုင်ပါသည်။ (Click)

 ဒီလို ဆွမ်းစားမျိုးတွေ မကြွပါရစေနဲ့တော့
 

ဒီလို ဆွမ်းစားမျိုးတွေ မကြွပါရစေနဲ့တော့
ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ခုတလော အင်တာနက်စာမျက်နှာတွေမှာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ကြ ခိုက်ကြလို့ သေကြ ကြေကြ ထိခိုက် ဒဏ်ရာတွေ ရကြတဲ့ သတင်းတွေကို မကြာခဏ ဆိုသလို တွေ့နေရတာ အလွန်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီလိုမျိုး အင်တာနက်စာမျက်နှာပေါ်က ပြည်တွင်းစစ်သတင်းတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်နေတုန်းမှာဘဲ ဒကာမတစ်ဦးက သူ့သားတော်မောင် ဗိုလ်တစ်ယောက် ရှေ့တန်းမှာ တာဝန်ကျနေလို့ ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းအောင် ဆွမ်းအုပ်လာပို့ပါတယ်။ သူ့သားအတွက် ဘေးအန္တရာယ် ကင်းရှင်းအောင် မေတ္တာပို့ပေးပါလို့လဲ လျှောက်သွားလေရဲ့။ ရင်မော လိုက်တာ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က လာပင့်တဲ့ ဆွမ်းစားတစ်ခု ဆိုရင်ရင်မောရုံတင် မဟုတ်ဘူး။ နောက်ကို ဒီလို ဆွမ်းစားမျိုး ဘယ်တော့မှ လာမပင့်ပါစေနဲ့၊ ဒီလိုဆွမ်းစားမျိုးတွေကို ဘယ်သောအခါမှ မကြွပါရစေနဲ့တော့လို့တောင် စိတ်ထဲက ကျိတ်ပြီး ဆုတောင်းမိတဲ့ ဆွမ်းစားမျိုးပါ။ ဆွမ်းစားက ရက်လည် ဆွမ်းသွပ်တာပါ။ ကိုးဆယ်ခြောက်ဖြာ ကိုးဆယ်ရှစ်ဖြာ အနာရောဂါကြောင့် သေရတဲ့ ရက်လည် ဆွမ်းသွပ်မျိုးတော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သားတော်မောင် ရဲဘော်တစ်ယောက် ကျဆုံးသွားလို့ မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှစ်မတွေက မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ကပ်လှူကြတဲ့ ဆွမ်းပါ။ “ကျဆုံးသွားတဲ့ ရဲဘော်က အသက် ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးကြည့်တော့ “ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်”တဲ့။ “တပ်ထဲဝင်သွားတာ ဘယ်လောက် ကြာပြီလဲ” လို့ ဆက်မေးတော့ “လေးနှစ်လောက် ရှိပါပြီ”တဲ့။ ဒီလိုဆိုတော့ တပ်ထဲရောက်သွားတာ ကလေးစစ်သားအဖြစ်နဲ့ ရောက်သွားခဲ့တာပါလား။ ခုတော့ ကျဆုံးသွားရှာလေပြီ။ တကယ်ကို စိတ်မကောင်းစရာပါ။
တကယ်တော့ ရှေ့တန်းမှာ တိုက်နေခိုက်နေ၊ ပစ်နေခတ်နေကြတဲ့ မြန်မာစစ်တပ်က ရဲဘော်လေးတွေရော တိုင်းရင်းသား အဖွဲ့အစည်းများက ရဲဘော်လေးတွေရောဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ရန်ငြိုး ရန်စ အာဃာတတွေ ရှိဖို့ နေနေသာသာ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး တွေ့ဖူး မြင်ဖူး သိဖူးကြတာမျိုးတောင် ရှိမယ် မဟုတ်ပါဘူး။ သူတို့လေးတွေကို ပစ်ဟေ့၊ ခတ်ဟေ့လို့ အမိန့်တွေ ပေးနေကြလို့သာ ဘာရန်ငြိုး ရန်စ မှ မရှိတဲ့ သူတွေ အချင်းချင်း ပစ်နေကြ ခတ်နေကြရတာပါ။ ဒီလို ပစ်ကြ ခတ်ကြရတဲ့ အတွက် နှစ်ဖက်စလုံးက ရဲဘော်လေးတွေဟာ အမိန့်တွေအောက်မှာ မြေစာ ဖြစ်သွားရပြီး တိုင်းပြည်ရဲ့ သားကောင်း ရတနာလေးတွေ အလဟဿ ဆုံးရှုံးသွားရတာဟာ အလွန်ကို နှမြောစရာ ကောင်းလှပါတယ်။ ဒီလိုမျိုး တိုင်းပြည်ရဲ့ သားကောင်းရတနာလေးတွေ အလဟဿ ဆုံးရှုံး နေရတာမျိုးတွေကို ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပါပြီ။

ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အချင်းချင်း ပစ်ဖို့ ခတ်ဖို့ သတ်ဖို့ ဖြတ်ဖို့  ပေးနေကြတဲ့အမိန့်တွေလဲ နှစ်ဖက်စလုံးက ချက်ချင်းကို ရပ်သင့်ပါပြီ။ ဒီလိုမျိုး အမိန့်တွေ ရပ်သွားမှဘဲ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းက ပြည့်မှာပါ။ ဘုန်းဘုန်းတော့ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းကို ခုချက်ချင်းကို ပြည့်ချင်နေပါပြီလေ။

ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

အာဏာရှင်ကို ဘယ်လို ဖယ်ရှားမလဲ ဆောင်းပါးရှင် (မောင်မောင်ဝမ်း)





အာဏာရှင်ကို ဘယ်လို ဖယ်ရှားမလဲ
ဆောင်းပါးရှင် (မောင်မောင်ဝမ်း)


(ဖော်ပြပါ ဆောင်းပါးသည် ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီစဉ်မှ March 8,2011 နေ့က ထုတ်လွှင့်သွားခဲ့သော How to Remove a Dictator ကို ဆီလျှော်အောင် ဘာသာပြန်ဆိုခြင်းသာ ဖြစ်သည်)။

အီဂျစ်အာဏာရှင်…. မူဘာရက်ကို လူထုက ဖြုတ်ချနိုင်ခဲ့တဲ့… အကြမ်းမဖက် လူထုဆန္ဒပြပွဲများမှာ လူမှုဆက်သွယ်ရေး ကွန်ယက်မီဒီယာတွေဖြစ်တဲ့… facebookတို့ twitterတို့ဟာ လူကြိုက်အများဆုံး ဖြစ်ယုံမက… အဲဒီ့တိုက်ပွဲတွေရဲ့ လက်နှက်တန်ဆာပလာလည်း ဖြစ်ခဲ့ပါတယ်။ အီဂျစ်မှာရှိတဲ့ လူထုတင်မက… ကမ္ဘာ့အခြား အရပ်ဒေသတွေမှာ ရှိကြတဲ့ ပြည်သူလူထုဟာလည်း အာဏာရှင်တွေကို ဖယ်ရှား သုတ်သင်နိုင်ဘို့ အသုံးပြုဆဲပါ။ အဲဒီအထဲမှာ နောက်ထပ် မီဒီယာတခုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ကုမ္ပဏီတခုက ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ အာဏာရှင်များကို ပစ်မှတ်ထားပြီး… အပြောင်းအလည်းကို ဖြစ်ပေါ်စေနိုင်မဲ့ အကြမ်းမဖက် နည်းဗျူဟာများကိုအ ခြေခံထားတဲ့….. ဂိမ်းအခွေများကို ထုတ်လုပ်လျှက်ရှိပါတယ်။


ဝါရှင်တန်အခြေစိုက် (The…York.. Zimmerman)ဆိုတဲ့ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီမှ ဖော်ပြပါ။ ဗွီဒီယိုဂိမ်းခွေများကို ထုတ်လုပ် ပေးလျှက်ရှိပါတယ်။ ထုတ်လုပ်သူဖြစ်တဲ့ Yorkက ပြောတာကတော့… သူတို့ကုမ္ပဏီမှ ဖော်ပြပါ… ဂိမ်းများကို ကမ္ဘာတလွှား ဘာသာစကားပေါင်းများစွာနဲ့ ထုတ်လုပ် ပေးထားပါတယ်တဲ့။ အာရ်ဗစ် ဘာသာနဲ့တောင် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ အကြမ်းမဖက် လှုပ်ရှားမှုအတွက် နည်းစနစ်များကို လေ့ကျင့်နိုင်တဲ့… အဆိုပါ… ဂိမ်းများကို ကမ္ဘာတလွှား မှာရှိတဲ့ လူများစွာ အသုံးပြုနေပါတယ်။ အဲဒီ နည်းစနစ်များဟာ…. အာဏာရှင် ပဲဖြစ်ဖြစ်၊ ဖိနှိပ်သူ အစိုးရပဲဖြစ်ဖြစ် အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ ဖြုတ်ချသွားနိုင်ဘို့… ဗျူဟာများကို မိမိကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။


York….က ပြောတာကတော့… သူတို့ထုတ်လုပ်တဲ့ အထဲမှာ လူကြိုက်အများဆုံး ဂိမ်းခွေကတော့ အာ ဏာရှင်ကို ဆွဲချခြင်း လို့အမည်ရတဲ့ အခွေပါ။ အဲဒီ့ ဂိမ်းခွေဟာ… ယူဂိုဆလပ် နိုင်ငံက အာဏာရှင် သမ္မတ မီလိုဆီဗစ် ကို ဖြုတ်ချတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ အကြမ်းမဖက် လူထုတော်လှန်ရေး နည်းစံနစ်တွေကို အခြေခံထားပါတယ်။ မီလိုဆီဗစ်ဟာ ယူဂိုစလပ်နိုင်ငံက… သမ္မတဟောင်းတဦးဖြစ်ပြီး… ၂၀၀၀ခုနှစ် ရွေး ကောက်ပွဲအပြီး… ရွေးကောက်ပွဲရလာဒ် အငြင်းပွားမှုများမှာ ရာထူးမှ နှုတ်ထွက်ပေးရသူပါ။ နောက်တော့ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိသူ တစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံတကာ စစ်ရာဇ၀တ်ရုံးမှ ဖမ်းဆီးလိုက်ပြီး… အမှုရင်ဆိုင်နေဆဲမှာပဲ… သေဆုံးခဲ့ပါတယ်။


အဲဒီ့ဗွီဒီယို ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီမှာ လုပ်ကိုင်နေသူ တစ်ဦးကတော့…. ယူဂိုစလပ်ဗီးယားနိုင်ငံက.. အာဏာရှင်.. မီလိုစီဗစ်ကို ဖြုတ်ချဘို့ အကြမ်းမဖက်လှုပ်ရှားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့… Ivan Marovic ပဲဖြစ်ပါတယ်။ အဲဒီ့အခါတုန်းက သူကတက္ကသိုလ် ကျောင်းသားတဦးဖြစ်ခဲ့ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ဘို့ စည်းရုံးလှုံ့ဆော်ရသူပါ။ Yorkကုမကုမ္ပဏီ သူ့ကို ဗွီဒီယိုဂိမ်းခွေတွေ ထုတ်လုပ်ဖန်တီးဘို့ ငှားရမ်းခဲ့ပါတယ်။ ဖိနှိပ်တဲ့အစိုးရတွေကို ဖယ်ရှားဘို့အတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းဗျူဟာတွေ ပါဝင်ပါတယ်။ မကြာသေးခင်ကမှ ထုတ်လုပ်လိုက်တဲ့ ဂိမ်းခွေကတော့ (People power- The Game of civil Resistance) လို့အမည်ရပါတယ်။ အဲဒီထဲမှာတော့… အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ လုပ်ကိုင်ဆောင်ရွက်ရမဲ့ နည်းဗျူဟာတွေ၊ ရင်ဆိုင်ကြုံတွေ့ရမဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဘို့ တီထွင်ကြံဆချက်တွေ မိမိအတွေးအခေါ်နဲ့ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အခက်အခဲကို အန်တု ကျော်လွှားခြင်းတွေ ပါဝင်ပါတယ်။ ဒီဂိမ်းခွေကို.. လူငယ်များနဲ့ ပညာတတ် အသိုင်းအ၀ိုင်းက ကြိုက်နှစ်သက်ကြတယ်လို့ ပြောပါတယ်။


Ivan ကပြောတာကတော့…ကမ္ဘာတလွှား အာဏာရှင်များရဲ့ရက်စက်မှုကိုခံနေရတဲ့နိုင်ငံများမှာရှိတဲ့ လူတွေအတွက် အကြမ်းမဖက်လူထု လှုပ်ရှားမှုများကို ဘယ်လို အသုံးပြုရမလည်းဆိုတဲ့ နည်းစံနစ်တွေကို အထောက်အကူ ဖြစ်စေနိုင်မဲ့အရာ ဖြစ်လာနိုင်ပါတယ်တဲ့။ (International Center on Non-Violent Conflict in Washington)က အကြီးအကဲတဦးဖြစ်တဲ့ Jack Duvall ပြောတာကတော့ အခု ဗွီဒီယိုဂိမ်းခွေကို တက္ကသိုလ်များမှာတောင်မှ အသုံးပြုနေကြပါတယ်။ ရာပေါင်းများစွာသော နိုင်ငံရေးသိပ္ပံပညာရှင်တွေ၊ လူမှုဗေဒပညာရှင်တွေ၊ ဘွဲ့ကြို၊ ဘွဲ့ရကျောင်းသားတွေ အတွက် သာမာန် စာသင်ချိန်တွေမှာတော့ အခု ဂိမ်းခွေထဲမှာ အာရုံစူးစိုက်နေကြတယ်လို့ သူကပြောပါတယ်။

People….Powerလို့အမည်ရတဲ့ ဂိမ်းခွေကို အင်တာနက်ကနေ ဒေါင်းလုပ်လုပ်ယူလို့ ရပါတယ်။ တန် ဘိုးအားဖြင့်ကတော့. ၁၀ ဒေါ်လာကုန်ကျမှာဖြစ်ပေမယ့် မတတ်နိုင်သူများအတွက် အင်တာနက်ကနေ အခမဲ့ ဒေါင်းလုပ် လုပ်ယူလို့ရပါတယ်။ လက်တင်အမေရိက၊ အရှေ့ဥရောပ၊ အာရှ အစိတ်ပိုင်းတချို့ကနေ ဒေါင်းလုပ် လုပ်ယူလို့ရပါတယ်။ လောလောဆယ်မှာတော့ အင်္ဂလိပ်လိုပဲ ထုတ်လုပ်ထားပြီး… နောင်အခါများမှာတော့ အာရ်ဗီ၊ ရုရှား၊ စပိန် ဘာသာစကားများနဲ့လည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

မူရင်းလင့်…… http://www.youtube.com/watch?v=SFg5NczB5FA
ဂိမ်းခွေလင့်….http://www.peoplepowergame.com/
- http://api.ning.com/files /rKM7UhhUZBx9ydbKhzPgrjtjOBPWN*hrifsEA3WKiHv*G7SUIyix5z9yr3pERMlrzqEZwD*go7AdaFK4TUyV6riu5mT98LPq/PeoplePowerGameFlyerNov2010.pdf

အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)

Zaganar gives eye care support for the poet

1:51 Added on Saturday
Video Thumbမျက်စိဝေဒနာခံစားနေရတဲ့ မန္တလေးမြို့နေ ကဗျာဆရာ ပိုင်စိုးဝေအား အလှူငွေပေးအပ်ပွဲနဲ့ မြန်မာနိုင်ငံကဗျာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ရက်နေ့က ရန်ကုန်မြို့ ၃၅လမ်း မှာရှိတဲ့ ပေါ်ပြူလာဂျာနယ်တိုက် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအလှူကို နိုင်ငံကျော်ဟာသသရုပ်ဆောင် ကိုဇာဂနာ ၊ ဒါရိုက်တာမိုက်တီး ၊ ငြိမ်းအေးအိမ်၊ကိုကိုကြီးနဲ့ ကဗျာဆရာ ကိုမြေမှုန်လွင် တို့က သူတို့ရဲ့ စာမူခတွေကို လှူဒါန်းခဲ့ကြတာပါ။

Video ThumbSolo demonstration to release PP & education rights

1:59 Added 10 hours ago
လူ့အခွင့်အရေးချိုးဖောက်ခံေ
နရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပညာသင်ကြားပို့ချခွင့်ပါမစ်ကို ပြန်လည်ချပေးဖို့ တွံတေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ တကိုယ်တော်ဆန္ဒပြ တောင်းဆိုသွားခဲ့ပါတယ်။

လူ့အခွင့်အရေးတကယ်ပေးဆိုတဲ့
စာတမ်းကိုကိုင်ဆောင်ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူပဲ တွံတေးမြို့ ဈေးကြီးအနီးမှာ အခုလိုဆန္ဒပြ တောင်းဆိုသွားခဲ့တာပါ။

ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့၂၀၀၅ ခုနှစ်က ကျောင်းသားတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တွံတေးမြို့မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့အပြင် စာသင်ကြားခွင့်ပါမစ်ကိုလည်း ပိတ်သိမ်းခံခဲ့ရသူဖြစ်ပါတယ်

နိုင်ငံရေးအကျဉ်းသားဟောင်းတ
စ်ဦးဖြစ်တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် ကမ္ဘာ့ ကျောင်းဆရာများနေ့နဲ့ နိုဝင်ဘာလ ၂၀ ရက် အမျိုးသားအောင်ပွဲနေ့ တွေမှာလည်း တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါသေးတယ်ခင်ဗျာ။

ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ




ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံ ရောက်ချိန်မှာ ဟီလာရီ ကလင်တန်က "ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင် ဖြစ်သည်" လို့ ပြောခဲ့ပါတယ်။

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းကတော့ "ဒီမိုကရေစီသည် နောက်ဆုံး ပန်းတိုင် မဟုတ်" လို့ ဆိုပါတယ်။
ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တစ်ယောက်ကတော့ မှားနေတာသေချာပါတယ်။ လုထုစိန်ဝင်း လည်း လူမှား တစ်ယောက် ဖြစ်နိုင်သလို၊ ဟီလာရီကလင်တန်ကလည်း လူမှားတစ်ယောက် ဖြစ်နိုင်ပါတယ်။ လူထုစိန်ဝင်း ပြောခဲ့တာကတော့...

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်

ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။

မစားရ၀ခမန်း

ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ ‘မဟာသြသဓ’ နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ ‘ရွှေပြည်တော်ကြီး’ ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက ‘မစားရ ဝခမန်း’ ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ ‘ပါစင်အောင်’ လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ ‘နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။


မကောင်းမှုတွေ ဘယ်ကစ
ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊


ကောင်းဘွိုင် ယဉ်ကျေးမှုအစ
အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။


လူသားများရဲ့ မျှော်လင့်ချက်
တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။

ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ
အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။


ဒေါ်လာ ၆ သိန်းတန်ခွေး
စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ ‘၀မ်’ ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း ‘ကျင်ဟိုင်း’ ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ ‘ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး’လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။

ဒီမိုကရေစီအနှစ်သာရလား
အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ ‘၀မ်’ လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။

ဗြဟ္မပါလနိုင်ငံတော်
လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’ ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။


လမ်းတွေမှအများကြီး
ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း ‘ကျေးဇူးဆပ်စာပေ’တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က ‘ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်’။


လူထုစိန်ဝင်း

No comments: