Sunday, December 11, 2011

ရပ်စကင်းရဲ့စကားဒသာန။
ကြီးမြတ်သည့်လူမျိုးတမျိုးသည် ဒီစစ်ပွဲမှာမည်သည့်ဘက်ကမှန်သနည်း၊မည်သည့်ဘက်ကမှားသနည်းဆိုတာမကြည့်ပဲ
ဒီစစ်ပွဲပြီးလျှင်-ငါတို့ကုန်အရောင်းအ၀ယ်မည်သို့နေမည်လဲ၊ငါတို့အမြတ်တွေမည်မျှရမည်နည်း-ဆိုသည်ကိုပဲတွေးပြီး-စစ်မြေပြင်မှာ
ရှိသည့်လူငယ်တွေ နေ့စဉ်နှင့်အမျှ သေနေကြတာ-ဒုက္ခရောက်နေကြတာကို လက်ပိုက်ကြည့်မနေကြပါဘူး။


ကြီးမြတ်သည့်လူမျိုးတမျိုးသည်-သစ် ကားသီးခြောက် တလုံးလောက်ခိုးမိတာနဲ့ ကလေးတွေကိုထောင်ထဲမပို့ဘူး။
ကြီးမြတ်သည့်လူမျိုးတမျိုးသည်
ဆင်းရဲသားတွေ၏စုငွေနဲ့ချမ်းသာနေကြသည့်ဘဏ်သူဌေးကြီးတွေခိုးဝှက်နေတာကိုဒီအတိုင်း
လက်ပိုက်ကြည့်မနေကြဘူး။

ကြီးမြတ်သည့်လူမျိုးတမျိုးသည်တောင်တရုတ်ပင်လယ်ပြင်တ၀ိုက်မှာလက်နက်အပြည့်အစုံတင်
ဆင်ထားသည့်သင်္ဘောကြီးတွေနဲ့အမြောက်ကြီးတွေချိန်ပြီးသူများတိုင်းပြည်ကိုသွားပြီးဘိန်း ရောင်းနေတာကို
ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး။

ကြီးမြတ်သည့်လူမျိုးတမျိုးသည်ပိုက်ဆံပေးမလား၊အသက်ပေးမလားဆိုသည့်လမ်းဓါးပြတို့ထက်
ပိုကဲပြီးပိုက်ဆံရော၊အသက်ပါ ပေးလို့နှစ်ခုစလုံးကိုတောင်းနေတဲ့ဓါးပြအကြီးစားတွေ
ဓါးပြတိုက်နေတာကိုဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး။

ကျနော်တို့တစ်တွေဟာဘာဖြစ်လို့လူတွေစာဖတ်ဖို့အကြောင်းပြောရသလဲ။
ခုအခြေအနေမှာကျနော်တို့လူမျိုးဟာစာမဖတ်နိုင်ပဲဖြစ်နေတယ်။
ဒီလိုစိတ်ဓါတ်ပျက်ပြားနေတဲ့လူတမျိုးဟာ စာမဖတ်ချင်ပဲဖြစ်နေတယ်။
ဘယ်လောက်ကြီးကျယ်တဲ့စာရေးဆရာကရေးခဲ့တဲ့စာပဲဖြစ်စေစိတ်ဓါတ်ပျက်ပြားနေတဲ့
လူမျိုးတမျိုးဟာနားဝင်မှာမဟုတ်ဘူး။

ခုလက်၇ှိအခြေအနေမှာ-ကျနော်တို့လူမျိုးဟာလေးနက်တဲ့အတွေးအခေါ်ပါတဲ့စာတွေဖတ်နိုင်မှာမဟုတ်ဘူး။လောဘတွေ
၊ဒေါသတွေ၊မောဟတွေဖုံးနေတဲ့အတွက်ဘယ်အတွေးအခေါ်မှလည်းလက်ခံနိုင်မှာမဟုတ်ဘူး။
လူမျိုးတမျိုးဟာစာ ပေကိုအထင်သေးလျှင်၊
သိပံပညာကိုအထင်သေးလျှင်
၊မေတ္တာကရုဏာကိုအထင်သေးလျှင်၊
ပိုက်ဆံနောက်ကိုသာ
ငမ်းငမ်းတက်လိုက်နေလျှင်အဲဒီလူမျိုးဟာရေရှည်တည်တံ့နိုင်မှာမဟုတ်ဘူး။

ကျနော်ပြောခဲ့တဲ့စကားတွေဟာရင့်သီး တယ်လို့များထင်ကြရင်သည်းခံနားထောင်ကြပါ။

(၁၉၉၄၊ဒီဇင်ဘာ၅ရက်၊ရန်ကုန်မြို့၊၀ိုင်အမ်စီအေခန်းမတွင် ကျင်းပခဲ့သောဖြူးမြိုမြိတ်ဆွေများ
စာကြည့်အသင်းစာပေဆုပေးပွဲအခမ်းအနားတွင်ပြောသည့်စကား)

မြသန်းတင့်
လမင်းကိုထရံပေါက်မှကြည့်ခြင်း။
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အားကိုးတော့ ခါးကျိုးရချည့်ရဲ့
[By Ko Baloi ]
သက်တမ်း နှစ် ၆၀ ကျော်လာတဲ့
ကမ္ဘာ့ လူ့အခွင့်အရေးနေ့ဆိုပဲ..။
ဟဲ....ဟဲ  ဒါဆိုရင်
အခမ်းနားတွေလုပ် စတိတ်မန့်တွေထုတ်
ပရိုပိုဇယ်ငွေကျဖို့  ဒါ- တို့ဂွင် ဒါ- တို့မြင်..။
အဲဒီလူတွေဟာ
ဂျိုးဖြူဌက်ကို အိုးပုတ်လုပ်ကစားပြီး
ဟို- လူ့ကိုဒါလုပ်သင့်တယ်  ဒီ- လူ့ကိုဒါဖြစ်သင့်တယ်ဆိုပြီး
ဟန်ကြီးပန်ကြီး စတိုင်ကြီးကြီးနဲ့
ပေးဆပ်ခြင်းကင်းမဲ့တဲ့ လမ်းထက်ကနေ
ဝေါဟာရမဲ့ နိုင်ငံရေးစကားလုံးတွေ ချွေချွေပြီး
ပရိုပိုဇယ်ရငွေတွေနဲ့ သားကြွေး မယားကြွေး
သောက်စားပျော်ပါး အငယ်အနှောင်းတွေထား ထားပြီး
ဇိမ်ခံအိပ့်ခန်းထဲ
ရေငတ်လျှင် ဘီယာသောက်
သရဲကြောက်လို့ အဖော်ခေါ်အိပ်
သတင်းလေးတစိတ် ကြားမိပါရဲ့..။
နောင်ရေးစိတ်အေးဖို့
အဲဒီ- ပရိုပိုဇယ်ငွေနဲ့ပဲ အဲဒီလူတွေဟာ
ဇိမ်ခံကားနဲ့ တိုက်တာအဆောက်အအုံ
ခြံမြေတွေကို  တိတ်တစိတ် ဝယ်ယူထားကြလေရဲ့..။
စိတ်ထောင်းတော့ ကိုယ်ကြေ  စိတ်ပြောင်းတော့ ကိုယ်လေ
အတိတ်ကံမကောင်းခဲ့တဲ့ ငါတို့တတွေရဲ့ ဘဝဟာ
လူ့အခွင့်အရေးဆိုတာ ပေါ့နေလား ငန်နေလား
မွေးရာပါဆိုတာ ဂွေးစေ့လား မျက်စေ့လား
ဒပ်အပ်သေချာ ငါ- ပြောမပြတတ်ဘူး..။
သေချာတာတခုက
မသေချာတဲ့ခရီးကို ဆက်နေတာပဲ၊
ခက်တာတခုက လောကအလယ်မှာ
သဘောမကျစရာတွေက တနေ့တခြား
တိုးပွါးလို့လာနေတာကို သတိတော့ပြုမိလာတယ်..။
တနေ့ကပဲ....ထောင်ဝင်စာမတွေ့လိုက်ရတဲ့
သောကနဲ့ အမေအိုတွေက
ငါ့သားမှာအပစ်မရှိဘူး ငါ့သမီးမှာအပစ်မရှိဘူး...လို့
တီးတိုးစကားနဲ့ 
ရပ်ကွက်ထဲမှာ အမှန်စကားတွေဆိုကြနေလေရဲ့..။
သြော်....ဟို- တနေ့က
ပါးရည်က တွန့်တွန့် ချောင်းတဟွန့်ဟွန့်နဲ့
သောကတွေဖိစီး ပြောပြစရာတပုံကြီးရှိတဲ့
ဇရာအိုရွယ်လွန်တဲ့ အမေအိုက
စစ်ဘေးဒုက္ခဆိုးတွေကို သယ်ယူလာပြီး
နယ်စပ်ဒုက္ခသည်စခန်းမှာ သောကဒဏ်ရာသင့်နေတဲ့
ဒုက္ခနဲ့လူတွေကို ကြောင်းကျိုးစုံအလင်
လူမရှိတော့တဲ့ ရွာကအကြောင်း ပြောကာပြတဲ့ အခါ
ပြုံးစေ့စေ့နဲ့ အမေအိုကို
ရယ်ရယ်မောမောပါပဲ သောကနဲ့လူတွေက
နွေးနွေးထွေးထွေး ဆီးလို့ကြိုပြီး
မကြာမကြာ  အဖော်မပါပဲ အလည်လာတတ်တဲ့
ဒုက္ခဆိုးတွေအကြောင်း
အမေအိုကို အပြန်အလှန် ပြောကာပြလိုက်တယ်..။
အဲဒီက ဒုက္ခသူကြွယ်တွေကိုပဲ နောက်ထပ်တဆင့်
မပြောမဆို အိမ်ပြန်ပို့ဖို့
အာဏာပိုင်တွေ စကားဆိုလာတဲ့ အခါ
အသက်ရွယ်ကြီးပြီး
ပင်စင်နားနီးလာတဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ
နှစ် ၆၀ ကျော်လွန်လာတဲ့ ကမ္ဘာ့လူ့အခွင့်ရေး စာအုပ်ထဲက
ဘယ်- အပိုဒ်ကဘယ်လို  ဟို- အပိုဒ်ကဒီလို
ထောက်ပြလို့ အားကိုးနေရင် ခါးကျိုးရချည့်ရဲ့  ဘန်ကီးမွန်း....ရေ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက်။  ။ ကိုယ့်အားကိုယ်ကိုးမှ ကိုယ် သာလျှင်အရှင်ဖြစ်မည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
ရေငတ်သူတစ်ဦးရဲ့ဆန္ဒ

                     ရေငတ်သူအတွက်ရေကြည်တစ်ပေါက်
                                ဘယ်အချိန်အရောက်
                                သောက်စေချင်ပါသလဲ
                                ရေပြတ်ရေငတ်တဲ့အချိန်လား
                                ရေအိုးပြည့်လျှံ ရေကန်ရေလျှံတဲ့အချိန်လား။

                                နိုင်ငံရေးအကျဉ်းသား
                                လွတ်ပေးဖို့တောင်းဆိုထား
                                အများကလဲတထောက်မနားကြိုးစား
                                အိမ်သူအိမ်သားများကမျှော်တလင့်လင့်စောင့်စား
                                ထောင်တံခါးဖွင့်လာလေမလား
                                ကြိုးစားစောင့်စားလေသမျှ သဲရေကျ
                                အခဲမကျေကြတဲ့ပြည်သူတွေ
                                ဒီအတိုင်းနေမည်မဟုတ် လူအုပ်ရဲ့အင်အား
                                အထင်သေးနေသလား စောင့်စားသာကြည့်
                                မှောက်မှားစွာပြုကျင့်တဲ့မင်း
                                ပြည်တင်းရင် ဘယ်မင်းမှမခံနိုင်
                                အပိုင်အနိုင် အပြိုင်စဉ်းစား
                                ပေးသနားရမဲ့အတူတူ
                                သူအလိုရှိတဲ့အခါပေး သူဆာနေတဲ့အခါကျွေး
                                အရေးလှလှ အတွေးကျကျစဉ်းစားရင်
                                ပြေးမရတဲ့အဖြေတခု ပြေးလုပြီးဝင်လာမည်။

                                ဗိုက်ဆာနေတဲ့သူ ဆာတဲ့အခါကျွေး။

                                ရေငတ်နေတဲ့သူ ငတ်နေတဲ့အခါတိုက်။

                                ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဒီဇင်ဘာ ၉ ၂၀၁၁
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သံသရာဆွေမျိုး


Picture credit to desktopart.com
ဒီနေ့ ထူးထူးခြားခြား လကြီးကလည်း ၀ိုင်းဝိုင်းစက်စက် သာချင်တိုင်း သာနေပါရော့လား။ နတ်တော်လဆန်း ၁၄ ရက်တဲ့။ မနက်ဖြန် လပြည့်ပေါ့။ အချိန်က ည ၁၂ နာရီထိုးဖို့ ၅ မိနစ်အလို။ ရွှန်းစက်ပြည့်ဝန်းနေတဲ့ လကြီးကို ကြည့်ရင်း ဝေဒနာတွေအဟောင်းတွေဟာ အသစ်ပြန်ဖြစ်လာရတယ်။ ဘာလိုလိုနဲ့ ၁၃ နှစ်ရှိပြီ။

ဟုတ်တယ်။ ကျွန်မ ဘ၀မှာ ရင်မဆိုင်ရဲတဲ့ ညတွေထဲမှာ ဒီဇင်ဘာ ၉ ရက်နေ့ညလည်း ပါတယ်။ နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာ ၉ ရက်နေ့ ရောက်တော့မယ်ဆိုရင် အဲဒီညကို ဖြတ်သန်းဖို့ ကျွန်မ အလိုလို အားအင်ကုန်ခမ်းနေရတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ကပေါ့။ အဲဒီအချိန်တုန်းကတော့ ကျွန်မက အသက် ၁၄ နှစ်။ အပျိုဖော်ဝင်စ အချိန်ပါ။ ဒါပေမယ့် မွေးကတည်းက အမေ ဆင်တဲ့အင်္ကျီဝတ်၊ အမေ ညှပ်ပေးတဲ့ ဆံပင်နဲ့၊ အမေကပဲ သနပ်ခါးလူးပေး၊ အမေ ခွံ့ကျွေးမှသာ ထမင်းစားတဲ့ အဖြစ်အထိ ကလေးဆန်တော့ ကျွန်မ အနေနဲ့ ကိုယ့်ကိုယ်ကို ကလေးပီဘိပဲ အောက်မေ့နေသေးတာ။


ခုတော့လဲ ကလေးမဟုတ်တော့ပေမယ့် ကလေးတစ်ယောက်လိုပဲ ငိုနေမိပြီ။ ဒီလိုညတိုင်း ဒီလိုငိုနေရတာ ဒီတစ်နှစ်မှ မဟုတ်တော့တာ။ လပြည့်ကြီးကို ကြည့်ပြီး ငိုခဲ့ဖူးတာတော့ ငယ်ငယ်တုန်းက သီလရှင်ဝတ်တုန်းက တစ်ခါ။ အဲဒီတုန်းက ဘ၀အမောတွေကြားမှာ အမေဟာ ကျွန်မတို့ လူတန်းစေ့အောင် ဖိုသီဖတ်သီ ပြေးလွှားရှာဖွေနေရချိန်မှာ ကျွန်မလို လူဆိုးမကို လိမ္မာယဉ်ကျေးအောင်ဆိုပြီး သီလရှင်ကျောင်းပို့ပြီး မယ်သီလ၀တ်ခိုင်းထားတုန်းက… တနေ့တနေ့ အမေများ လာတွေ့လေမလားလို့ မျှော်လင့်ရင်း လမင်းကြီးကို တစိမ့်စိမ့်ကြည့်ပြီး ငိုချင်းချခဲ့ဖူးတာပဲ။ ဘ၀ဆိုတာ ဒီလိုပါပဲ။ သေကွဲမကွဲလည်း ရှင်ကွဲ ကွဲရမှာပဲ၊

အင်း… ၁၂ နာရီ ၅ မိနစ် ရှိသွားပြန်ပြီ။ ဒီအချိန်ဟာ အမေ့ရဲ့ ဝေဒနာအပြင်းထန်ဆုံး ခံစားရတဲ့အချိန်တွေပေါ့။ အမေက ဘယ်လောက်ပဲ ကျွန်မတို့ကို လေ့ကျင့်ပေးခဲ့ ပေးခဲ့ အဲဒီတုန်းက ကျွန်မရဲ့ အသက်အရွယ်နဲ့ကတော့ အမေ့ရဲ့ နောက်ဆုံးအချိန်ကို တရားသဘောနဲ့ အောက်မေ့ ရင်ဆိုင်ကြည့်ဖို့ မစွမ်းသာခဲ့ပါဘူး။ ဒီဇင်ဘာ ၉ ရက် မနက် ၁၀ နာရီမှာ အမေ အမောစဖောက်တော့ ကျွန်မတို့ ညီအမနှစ်ယောက်ရယ်၊ နပ်စ်မရယ် ပြာတောက်သွားလိုက်တာ။ အမေအတွက် အောက်စီဂျင် ပြတ်သွားတာကိုး။ အောက်စီဂျင်မပြတ်ခင်ကတည်းက ဆေးခန်းမှာ အကြိမ်ကြိမ် ကြိုပြောထားရက်နဲ့ ဆေးခန်းရဲ့ ပေါ့လျော့မှုနဲ့ အမေက ပထမဆုံးအကြိမ် အမောဖောက်တယ်။ ဒါတွေကလည်း ဗုဒ္ဓဘာသာအမြင်အရ ပြောရရင် ဖြစ်ချိန်တန်လို့ ဖြစ်ရတယ်လို့ပဲ ဆိုကြပါစို့။ သေတဲ့လူကလည်း သေပါပြီ။

ဆရာမကြီး ဂျာနယ်ကျော်မမလေးက “မရွေ့မရှိ ရွေ့သည်ချည်းမို့” မှာ ရေးတယ်။ သူ့မိခင်ရဲ့ နောက်ဆုံးအချိန်ကို သူ ဘယ်လို ဖြတ်သန်းပေးခဲ့သလဲဆိုတာကိုပေါ့။

“အမေ့ရင်ထဲမှ ချွဲသံ၊ သလိပ်သံတို့သည် အပြင်ပေါက်အောင် တရကြမ်း ထွက်လျက် အဆက်မပြတ်တော့ချေ။ အမေသည် တစ်ချိန်ထက် တစ်ချိန် အမောပိုလာသည်။”

ကျွန်မရဲ့ မေမေကတော့ ည ၇ နာရီကျော်မှာ အမောပြန်ဖောက်တယ်။ ပရက်ရှာ ဇီးရိုးဖြစ်သွားတယ်။ ဆရာဝန်တွေရော၊ နပ်စ်တွေရော လူနာအခန်းထဲမှာ ယောက်ယက်ခတ်နေတုန်း ကျွန်မလည်း နည်းနည်းတော့ ပြာတာပေါ့။ ဒါပေသိ မနက်တုန်းကလိုပဲ ဖြစ်တာနေမှာပါ။ ပြန်ကောင်းသွားမှာပါဆိုတဲ့ အထင်နဲ့ သိပ်တော့လည်း စိတ်မပူမိပါဘူး။ ကျွန်မ သိတယ်။ ကျွန်မ ယုံကြည်တယ်။ မေမေဟာ ကျွန်မကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူးလို့။

ညီမနှစ်ယောက်မှာ ကျွန်မဟာ အမေရိုက်တာ အခံရဆုံး။ မြေးဦးဖြစ်တဲ့ မမကို ကျွန်မ အဖွားက သိပ်ချစ်ပါတယ်။ ဒါပေသိ တစ်ဦးတည်းသော သားကို ယူထားတယ်ဆိုပြီး သားကိုချစ်တဲ့ ဇောနဲ့ ချွေးမအပေါ် ဖိနှိပ်ဆက်ဆံတတ်တဲ့ အထဲမှာ ကျွန်မတို့ ဖွားဖွားပါနေတဲ့အတွက် အမေဟာ ယောက္ခမရဲ့ ဒဏ်ကို အတော်ခံရတဲ့သူပါ။ အဖေကတော့ အိမ်ကိစ္စဆိုရင် နည်းနည်းမှ စိတ်မ၀င်စား၊ သူ့အတွေးနဲ့သူ ငြိမ့်ငြိမ့်လေး စီးဆင်းနေတဲ့သူ။ တစ်အိမ်လုံးရဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေဖြည့်ဆည်းပေးနေရတဲ့ အမေ့ရဲ့ ထွက်ပေါက်ဟာ ကျွန်မပဲ ဖြစ်နေခဲ့တယ်။ အဖွားအပေါ် မကျေနပ်သမျှ၊ အဖေ့အပေါ် နာကျည်းသမျှတွေကို အမေဟာ ကျွန်မအပေါ် ပုံချတယ်။ ကျွန်မ နည်းနည်းလေး အမှားလုပ်မိတာနဲ့ ကျွန်မကို အသေအကြေ ရိုက်နှက်တာပဲ။ ကျွန်မမှာ လူးလှိမ့်နေအောင် ခံခဲ့ရတာ။ ကျွန်မကလည်း ကလေးပေမယ့် အမေကို သိပ်ချစ်တဲ့ သမီး၊ အမေ့ရဲ့ အရိပ်လိုဖြစ်နေတော့ ခါတိုင်းလိုဆို အာပြဲနေအောင် အော်ငိုတတ်ပေမယ့် အဲလိုအခါမျိုးဆိုရင် ချောင်တချောင်ချောင်မှာ ရှိုက်ကြီးတငင်နဲ့ မျက်ရည်အသွယ်သွယ်ပဲ ကျနေတော့တာ။ ခဏနေကျတော့ အမေက ပရုတ်ဆီဘူးယူပြီး သူရိုက်လို့ နာကျင်နေတဲ့ ကျွန်မရဲ့ ကျောပြင်၊ ခြေသလုံး၊ ပုခုံးမှာ ပရုတ်ဆီ ဖွဖွလေး လူးပြီး “သမီးလေးရယ်..” လို့ ပြောပြီး ကျွန်မကို ဖက်ငိုတော့တာပဲ။ အဲလိုကျပြန်တော့လဲ အမေရိုက်တာ မနာပေမယ့် အမေ့မျက်ရည်ကျတာကို ကျွန်မ ပိုပြီးနာကျင်နေမိပြန်ရော။

ပြန်စဉ်းစားကြည့်တော့လဲ စိတ်နာစရာကောင်းပါတယ်။ အဲဒီ ဝေဒနာတွေဟာ ကျွန်မအတွက် သေရာပါရော။ တကယ်တော့ အမေက ပညာတတ်တစ်ဦးပါပဲ။ ဘ၀အထုအထောင်း များလွန်းလို့ လောကုတ္တရာ တရားလမ်းကြောင်းပေါ်ကို သူကိုယ်တိုင်ပါမက ကျွန်မတို့ကိုပါ တင်ပေးခဲ့တာ။ ဒါပေမယ့် ပုထုဇဉ်က ပုထုဇဉ်ပဲလေ။ ကလေးသူငယ်တစ်ဦးရဲ့ နှလုံးသားမှာ ဒဏ်ရာရသွားအောင် လုပ်ခဲ့တဲ့ တရားခံအဖြစ် စွဲချက်တင်မယ်ဆိုရင် အမေဟာ ပြစ်ဒဏ်ကြီးကြီး ကျသင့်တဲ့သူပေါ့။ ထားပါလေ။ သားသမီးတွေဟာ မိဘကို ရွေးချယ်ခွင့်မရှိဘဲ လူဖြစ်လာရတာကိုး။ သူကိုယ်တိုင်ကလည်း ငယ်ကတည်းက မိဘဆုံးပါးသွားလို့ မိဘရဲ့ ယုယမှုမခံရဘဲ ဘ၀ကို ရုန်းကန်ရင်း ကြီးပြင်းခဲ့ရတဲ့သူ။ ကျွန်မကရော…။ ကျွန်မမှာလဲ ခုထိ အမေ ပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ရှင်သန်ရနေရတာပါ။ အကြောင်းသိ သူငယ်ချင်းတွေကပြောတယ်.. နင်က မချစ်တတ်ဘူးပဲ တဲ့။ ကျွန်မကလည်း တစ်ခွန်းတည်းသော စကားကို ပြောတတ်တယ်။ “ဟုတ်တယ်.. ငါ့ဘ၀မှာ မိသားစုဆိုတာ ထပ်မလိုချင်တော့ဘူး”။

အဲဒီနေ့ကလည်း အမေဟာ ကျွန်မကို ရိုက်နှက်ဆုံးမဖို့ အသက်ရှင်ပေးနေမှာပါလို့ ယုံကြည်ခဲ့တာပဲ။ အမေရဲ့ ချွဲကျပ်သံက တဖြည်းဖြည်း ကျယ်လောင်ပြင်းထန်နေတယ်။ ကလေးစိတ်မကုန်သေးတဲ့ ကျွန်မကတော့ မြ၀တီ ရုပ်မြင်သံကြားက လာတဲ့ ချိန်ကွမ်းမင်၊ ၀မ်လီ၊ ဟုန်မေယွမ်နဲ့ လုရီတို့ပါတဲ့ “အထူးရဲကွန်မန်ဒို” ဇာတ်လမ်းတွဲမှာ ချိန်ကွမ်းမင် သေတဲ့ဇာတ်ဝင်ခန်းကို ဆေးခန်းထဲက တီဗွီရှေ့မှာ အားပါးတရ ကြည့်နေတာပေါ့။ ဇာတ်လမ်းတွဲ ပြီးသွားပြန်တော့ ဘာလုပ်တယ်ထင်လဲ။ အမေ့ အခန်းထဲကို ၀င်ကြည့်လိုက်၊ ဆရာဝန်တွေ ရှုပ်ရှက်ခတ်တာ မြင်လို့ ပြန်ထွက်လာလိုက်နဲ့၊ နောက်ဆုံး လုပ်စရာမရှိတာနဲ့ ဆေးတိုက်ကြီးရဲ့ အပေါ်ဆုံးအထပ်နဲ့ အောက်ဆုံးအထပ်ကို ဓာတ်လှေကားစီးနေတာ။ ဓာတ်လှေကားက အောက်ထပ်ကို ရောက်သွားရင် အပေါ်ထပ် ခလုတ်ကိုနှိပ်၊ အပေါ်ဆုံးကို ရောက်တော့ အောက်ပြန်ဆင်းနဲ့။ အဲလို ဆော့ရတာကို ပျော်လိုက်တာ။ တကယ့် ကလေးစိတ်ပဲ။ တကယ်တော့ ဘ၀ရဲ့ လောကဓံ အနိမ့်အမြင့် ဒဏ်ကို အဲဒီ ဓာတ်လှေကား အတက်အကျလိုပဲ မကြာမီမှာ ကျွန်မ ကြုံတွေ့ရတော့မယ်ဆိုတာ သတိမမူမိခဲ့ဘူး။

ဓာတ်လှေကားစီးလို့ဝလို့ အခန်းထဲ ပြန်လာတော့ တရားခွေဖွင့်နေပြီ။ အမေ့နှယ်.. အကုသိုလ်များလိုက်တာ။ ၀ဋ်ကြီးလိုက်တာ။ သေခါနီးတောင် တရားခွေဖွင့်ဖို့ ကက်ဆက်က တော်တော်နဲ့ အလုပ်မလုပ်ဘူး။ အဲဒီ မြင်ကွင်းမြင်တော့မှပဲ အခြေအနေမှန်ကို သဘောပေါက်ရတော့တဲ့အဖြစ်။ မေမေလို့ခေါ်ပြီး အနားကို ပြေးသွားတဲ့အချိန်မှာ စာရေးဆရာ ဆရာကျော်စောမင်းရဲ့ ဇနီးက ကျွန်မကို ပြေးပွေ့ပြီး “မသွားပါနဲ့ သမီးရယ်.. သမီး မေမေအနားကို မသွားပါနဲ့တော့.. သမီး မေမေကို ဘ၀ကူးကောင်းပါစေနော်” လို့ ကျွန်မကို တင်းတင်းရင်းရင်း ဖက်ထားရင်း မျက်ရည်တွေနဲ့ တောင်းပန်တယ်။ အနားမှာရှိတဲ့ ခေါင်းအုံးကြီးပေါ် မျက်နှာအပ်ပြီး ကျွန်မရဲ့ငိုသံ အမေမကြားအောင် တီးတိုးရှိုက်ငင်ရပါတယ်။

“အမေ… သမီးပြောတာ.. နားထောင်ပါ။ အမေ၊ အမေ မနေရတော့ဘူး အမေ။ အမေ့အချိန်ဟာ ကုန်ဆုံးတော့မယ်။ သမီးတို့နဲ့ အမေ ခွဲရတော့မယ်။ ဘုရားကို အာရုံပြုပါ အမေ၊ သင်္ခါရတရားကို အောက်မေ့ပြီး နှလုံးသွင်းနေပါ။ သမီး ရွတ်တာကို နားထောင်ပါအမေ။” ဂျာနယ်ကျော်မမလေးကတော့ သူ့အမေ ဘ၀ကူးကောင်းအောင် တရားသွင်းနိုင်ဖို့ သူကိုယ်တိုင် ဦးဆောင်ပေးခဲ့တယ်။ ကျွန်မကတော့ ငိုလို့ ၀တယ်ရှိမှ ဆေးတိုက်ရဲ့ ဘုရားခန်းထဲမှာ စိတ်တည်ငြိမ်အောင် တရားသွားထိုင်တယ်။

ဟုတ်တယ်လေ။ မေမေက ဟိုးကတည်းက ပြောဖူးတယ်။ “သမီးနဲ့ မေမေဟာ ဒီဘ၀မှာ ရေစက်ရှိလို့ သားအမိ အနေနဲ့ ပြန်ဆုံရတာ။ သံသရာမှာ မတော်ဖူးတဲ့ မိဘဆွေမျိုးဆိုတာ မရှိဘူး သမီးရဲ့။ သံသရာနဲ့ ယှဉ်ကြည့်လိုက်ရင် သမီးနဲ့ မေမေရဲ့ ဒီဘ၀ ခဏတာ သံယောဇဉ်ဆိုတာ ဘာမှ မပြောပလောက်ဘူး။ ဘယ်သူ့အပေါ်ကိုမှ ချစ်ခြင်း မုန်းခြင်း မကြာရှည်ပါစေနဲ့” တဲ့။ ကျွန်မ အဲဒီစိတ်နဲ့ နှလုံးသွင်းပြီး ဘ၀တစ်ပါး ကူးပြောင်းလုနီးပါး ဖြစ်နေတဲ့ မိခင်ကို သူ ငါ ယောက်ျား မိန်းမ မရှိ၊ ရုပ် နာမ် နှစ်ပါးသာရှိတဲ့ သတ္တ၀ါတစ်ဦးတစ်ယောက်အဖြစ် ရှုမြင်ရင်း သံယောဇဉ်ဖြတ်ဖို့ ကြိုးစားကြည့်တာပေါ့။ ဒါပေမယ့် ဆုံးပြီလို့ သိရတဲ့ ခဏမှာတော့ ဘ၀တစ်ခုလုံး ဆောက်တည်ရာမရ ဟာလာဟင်းလင်း ဖြစ်သွားတဲ့ ခံစားမှု ပြန်ပေါ်တာပါပဲ။

“အမေ အသေဖြောင့်ရန်၊ အသက် ထွက်ခါနီး၌ နှလုံးသွင်း ကောင်းစေရန် အမေ့အား နောက်ဆုံး ကျေးဇူးဆပ်ခြင်း အနေဖြင့် ကျွန်မစိတ်ကို သံတိုင်၊ ကျောက်တိုင်လို ခိုင်ခိုင်ထားရသည်။ အမေ့အခြေအနေကိုလည်း မပြတ်သတိချပ်လျက် ဆေးလိမ်းလိုက်၊ ပန်းနံ့ပေးလိုက်၊ ရွတ်ဆိုလိုက်၊ ကြေးစည်ထုရန် အချက်ပြလိုက်။

သဗ္ဗေသင်္ခါရ အနိစ္စာ၊ သဗ္ဗေသင်္ခါရ ဒုက္ခာ၊ သဗ္ဗေ ဓမ္မော အနတ္တာ။

မမြဲပါချေ။ အစိုးမရပါချေ။ အသက်မထွက်ရန် တားဆီး၍ မရပါချေ။ အမေသည် မေးထိုး၍ ရှိုက်လိုက်ပြီးလျှင် မျှဉ်းမျှဉ်းကလေး ရှုလျက် အသက်ထွက်မှန်း မသိ ထွက်သွားသည်။”

ကျွန်မ မေမေကတော့ ဂျာနယ်ကျော်မမလေး အမေနဲ့ မတူ။ သူ့အသက်ငွေ့ငွေ့လေးကို မောပန်းတကြီး အားကုန်ရုန်းကန်ရင်း ဆွဲဆန့် နေခဲ့ရပါတယ်။ အဖေ့မိတ်ဆွေတွေရော ကျွန်မတို့ ဆွေမျိုးသားချင်းတချို့တောင် မကြည့်ရက်တော့လို့ အိပ်ဆေးပေးကြဖို့တောင် စဉ်းစားကြတဲ့အထိပါပဲ။ ကျွန်မတို့ မိသားစုကတော့ လက်မခံပါဘူး။ ဒါဟာ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်ပဲ။ ခွေး၊ ကြောင်၊ ကြွက် စတဲ့ တိရစ္ဆာန်တောင် အဟိတ်တိရစ္ဆာန်ဖြစ်ပေမယ့် သတ္တ၀ါတိုင်းဟာ သူတို့ရဲ့ အသက်ကိုတော့ သူတို့ ခင်တွယ်ကြတာပဲ။ အဲဒီအချိန်မှာ အမေ့ရဲ့ ခံစားချက်ကို ကျွန်မ သိနေတယ်လေ။ အမေ ရုန်းကန်ကြည့်နေမယ်။ လူမမယ် သူ့သမီးလေးနှစ်ယောက် ရှေ့ရေးအတွက် သူ စိတ်ပူနေရှာရော့မယ်။ ရေနစ်နေတာတောင်မှ ကိုယ့်အရေးအထက် ကမ်းပေါ်က ကျန်ရစ်သူအရေးကို တွေးပူပေးနေတတ်တာ မိဘ မေတ္တာပဲ။ ကျွန်မ သိပ်သိတာပေါ့။ ကျွန်မတို့ မမွေးခင် အထရာဆောင်း ရိုက်တုန်းက ကျွန်မ မမတုန်းက မိန်းကလေးမှန်းသိလို့ သူ့သမီးလေး ကြီးလာရင် စက်ချုပ်တတ်အောင်ဆိုပြီး အမေဟာ အပ်ချုပ်စက်တစ်လုံး ၀ယ်ခဲ့တာ။ ကျွန်မကိုကျတော့ ယောက်ျားလေးလို့ မှားပြီး အဖြေထွက်လို့ ကြီးလာရင် စီးရအောင်လို့တဲ့။ ဆိုင်ကယ်တစ်စီး ကြိုဝယ်ထားတာ။ အမေတစ်ယောက် ဘယ်လောက်များ စိတ်ကူးယဉ်သလဲလို့။ အဲဒီအချိန်ကလည်း အမေ့အနေနဲ့ ငါ ပြန်ကောင်းလာမလား… ငါ့ကို ကုဖို့ ကြိုးစားနေကြလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အားကုန်ဖျစ်ညှစ်ပြီး အသက်ရှူနရတာပါ။ အဲဒီအချိန်တုန်းက အမေ့ကို ကြည့်ရင်း ပြင်သစ်စာရေးဆရာမ ဆီမွန်ဒယ်ဗူးဗွားရေးပြီး ဆရာမြသန်းတင့် ဘာသာပြန်တဲ့ “ရေပွက်ပမာ” ကိုလည်း သတိရမိသေးတယ်။ ကင်ဆာရောဂါသည် သူ့အမေရဲ့ နောက်ဆုံးအချိန်တွေ အကြောင်း ရေးထားတာကို ဖတ်ရတုန်းက သာမန်ခံစားမှုနဲ့ ငိုရှိုက်ရုံသာ ရှိခဲ့ပေမယ့် တနေ့ ကိုယ်လဲ ကြုံလာရမှာပါလားဆိုတာမျိုးတော့ ယောင်လို့တောင် မတွေးမိဘူး။

နောက်ဆုံး… သူ ဆုံးပြီလို့ ဆရာဝန်က အတည်ပြုတာနဲ့ မေမေ့ကုတင်နားကို ကျွန်မ ကပ်သွားပြီး မေမေ့ရင်ဘတ်ပေါ် မျက်နှာအပ်လိုက်ပါတယ်။ ပြန်ပြီး အသက်ရှုလာတဲ့ အသံသဲ့သဲ့ကိုတောင် ကြားလိုက်မိသလိုလိုပါပဲ။ အမေ့ရင်ခွင်က နွေးနေဆဲပါ။ အသက်ရှိစဉ်ကလို နွေးထွေး အေးမြတဲ့ မေတ္တာခြုံလွှမ်းနိုင်တဲ့ ရင်ခွင် မဟုတ်တော့ပေမယ့် နောက်ဆုံး ခိုနားခွင့်ရတဲ့ အမေ့ရင်ခွင်ဟာ ကျွန်မအတွက် ဘ၀တသက်တာ မေ့နိုင်စွမ်းမရှိတဲ့ တွယ်တာမှုလေးတစ်ခုပေါ့။

“အမေ့အလောင်းကို ထင်းပုံပေါ်သို့ မှောက်ချကြသည်။ လက်နှစ်ဖက်သည် ကစဥ့်ကလျား ထွက်ကျလာသည်။ အင်္ကျီလက်ကောက်ဝတ်မှ ထွက်ပေါ်လျက် ရှိသော လက်ချောင်းများမှာ ဖောင်းကားလျက် လက်သည်းခွံတစ်ဝိုက် ပြည်ပုပ်တွေ ဥ၍ ဧရာမ လက်ချောင်းကြီးတွေ ဖြစ်နေသည်။ ခြေဖ၀ါးတွေကလည်း ဖူးဖူးရောင်ရောင် ညိုညိုမည်းမည်း ပုပ်ပွကားလျက် ဧရာမ ခြေဖ၀ါးကြီးတွေ။
ထင်းပုံပေါ်၌ မှောက်၍နေသော အမေ၏ ကိုယ်ကာယမှ ယိုစီးကျနေသော အရည်တွေက တရွှဲရွှဲ၊ စို့နံ့ ဟောင်ညှီနေကာ မသတီဖွယ်ရာ ထိကိုင်ချင်စရာပင် မရှိတော့။ မကြာမီ အမေ၏ ကိုယ်ကာယသည် မြေကြီးမီးစာ ဖြစ်တော့မည်။

……………….. မီးလျှံရောင်ရှိန်ထဲ၌ အမေ၏ အရိုးအဆစ်တွေ ပြုတ်လျက် တဖျစ်ဖျစ် မြည်ထွက်လာသံများကြောင့် နှလုံးမချမ်းသာလိုက်သည်မှာ ပြောစရာ မရှိ။ အသားဆိုင်များ မီးစွဲလျက် တရှိတ်ရှိတ် တရဲရဲ လောင်ကျွမ်းလျက်နေပုံကို အတိုင်းသား မြင်နေရခြင်းကြောင့် ထိတ်လန့်လိုက်သည်မှာလည်း ပြောစရာ မရှိ။ မီးတောက်ထဲတွင် အမေ၏ ခါးပိုင်းက ကုန်းကွ ကြွလာ၍ စဏ္ဍာလများက တံစို့ဖြင့် ရိုက်ချကြသည်။
မီးပုံထဲမှ အမေကား ကျွန်မ မျက်စိထဲ၌ အလောင်းကောင် မဟုတ်ပါ။ ကျွန်မ အမေမှ အမေ။ မီးပုံထဲမှ အမေ့ ခန္ဓာတစ်ကိုယ်လုံး တရှိတ်ရှိတ် လောင်ကျွမ်းလျက် ရှိနေပုံကို အမေကိုယ်တိုင် တွေ့စေချင်စမ်းပါဘိ၊ မြင်စေချင်စမ်းပါဘိ။ ပျိုရ၊ အိုရ၊ နာရ၊ သေရ၊ ကွဲရ၊ ခွဲရ၊ မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ အစိုးမရခြင်း အနတ္တ၊ ဤတရားစစ် တရားမှန်ကို အမေကိုယ်တိုင် ဆင်ခြင်သုံးသပ် ရှုမှတ်စေချင်စမ်းပါဘိတော့။”

ကျွန်မမတော့ ဂျာနယ်ကျော်မမလေးလို ပါရမီရင့်သန်သူ မဟုတ်လေတော့ အ၀တ်ဖြူ ပတ်ထားတဲ့ အမေ့အလောင်းကို ထုတ်လာတဲ့အချိန်မှာ.. အမေတော့ အသက်ရှုကျပ်တော့မှာပဲဆိုတဲ့ အတွေး ရုတ်တရက်ဝင်လာပြီး အနားကို ပြေးသွားပြီးမှ .. သြော်.. မေမေက သေရှာပြီပဲကိုးလို့ သတိအုပ်ရတဲ့အဖြစ်။ ဘ၀ရဲ့ ဆူကြုံနိမ့်မြင့် အခြေအနေတွေ၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ထိုးနှက်ခြင်း၊ စကားတင်းဆိုခြင်းတွေ ကြုံလာရတိုင်း တရားသဘောနဲ့ ဆင်ခြင်ကြည့်ဖို့ ကြိုးစားကြည့်တာပဲ။ ဒါပေမယ့် ခက်ခဲနေဆဲပါပဲလေ။

ခုတော့ ၁၃ နှစ် ကြာခဲ့ပြီ။ ကျွန်မဟာ အမေမျှော်မှန်းသလို၊ အိပ်မက်မက်ခဲ့သလို ပုံစံနဲ့ ကွဲပြားလာမှန်း တနေ့တခြား သိသာလာခဲ့တယ်။ ဒါပေမယ့် ကျွန်မ မိခင်ကြီး နားလည်လိမ့်မယ်လို့ ထင်တာပဲ။ သူ့သမီး ဘယ်လောက် အတ္တကြီးမှန်း၊ မာနကြီးမှန်း၊ အစွဲအလန်းကြီးမှန်း … မွေးခဲ့တဲ့ အမေပဲလေ။ မသိပဲ နေပါ့မလား။ “ဘုရားက သူဟောခဲ့တဲ့ တရားကို ကျင့်ကြံဖို့ပဲ ပြောခဲ့တာ၊ သူ့ကို ကိုးကွယ်ဖို့ ပြောခဲ့တာမဟုတ်ဘူး။ တနေ့တနေ့ ဘုရားရုပ်တုကြီးကို ထိုင်ရှိခိုးပြီး တတွတ်တွတ်ရွတ်နေတာလဲ တကယ်တော့ ဒိဌိပဲ” လို့ ပြောပြီး စိတ်ကူးပေါက်မှ ဦးချတတ်တဲ့ ကျွန်မကို ဓမ္မ န္တရာယ်လို့ တော်တော်များများက ဝေဖန်ကြပေမယ့် အမေကတော့ နားလည်ပေးလိမ့်မယ်လို့ ထင်တာပဲ။ ဒီလိုပဲ။ အမေ့အတွက် ကုသိုလ်ကောင်းမှုဆိုပြီး အမေဆုံးတဲ့ နှစ်ပတ်လည် မနက်မှာ အိမ်က သံဃာတော်တွေကို ဆွမ်းလောင်းတာကိုတောင် “အိပ်ရာနိုးမှ လောင်းမယ်။ မနိုးရင် မလောင်းဘူး” လို့ ပြောတတ်တဲ့ ကျွန်မကို အဖေက နားမလည်ပေမယ့် အမေကတော့ ခွင့်လွှတ်နားလည်ပေးမှာပါ။ ကုသိုလ်ကောင်းမှုဆိုတာ နှစ်ပတ်လည်နေ့မှ လုပ်ရတာမဟုတ်ဘူး။ စေတနာပါရင် ကံမြောက်တာပဲ။ သွားရင်းလာရင်း နွမ်းပါးသူတွေကို လိုရင်လိုသလို ကူညီထောက်ပံ့ပေးခဲ့တဲ့ အလှူတိုင်းအတွက် ကျွန်မ မိခင်ကို ကျွန်မ အမျှဝေပြီးသားပါ။ သူ သာဓုခေါ်နိုင်တဲ့ ဘ၀ဆိုရင်တော့ ခေါ်လိမ့်မပေါ့။

ဟော.. နာရီသံတချက်ချက် ရွေ့လာလိုက်တာ… ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁ နာရီထိုးပြီ။ ဒီဇင်ဘာ ၉ ရက်နေ့ည ၇ နာရီကျော်ကတည်းက အမောဖောက်တဲ့ အမေ၊ ၁၀ ရက်နေ့ မနက် ၁ နာရီမှ အသက်ထွက်ရှာတယ်။ “ဘာသံယောဇဉ်မှ ထားတတ်တဲ့ကောင်မလေး မဟုတ်ဘူး” လို့ အဖေ စွပ်စွဲတာခံရလေ့ ရှိတဲ့ ကျွန်မကတော့ မနက် ၁ နာရီဆိုတဲ့ အချိန်ကလေးအထိအောင် ယောင်နနစောင့်ရင်း မနေ့တနေ့ကလို ခံစားချက်တွေနဲ့ မျက်ရည်တွေ စိုနေဆဲပါ။

ဒီအချိန်မှာ အဖေကလည်း သူ့ဘ၀အတွက် ဆေးပေးမီယူ ရှိပေးမယ့် အဖော်မွန်အသစ်နဲ့ ချမ်းမြေ့နေပါတယ်။ အမဖြစ်တဲ့သူကလည်း သူ့ချစ်သူနဲ့ လေလှိုင်းပေါ်ကနေ စကားဖောင်ဖွဲ့ပြောပြီး ကျေနပ်မှုအပြည့်နဲ့ အိပ်ရာဝင်သွားပါပြီ။ တကယ်တော့ လူ့လောကကြီးဆိုတာ တံခါးတချပ်ရဲ့ ဟိုဘက် ဒီဘက်ပဲ။ ၀င်လာလိုက်ကြ၊ ထွက်သွားလိုက်ကြ။ ချစ်လိုက်ကြ၊ မုန်းလိုက်ကြ။ ဘယ်လောက် ချစ်တယ်ပြောပြော၊ သံယောဇဉ်တွေ နှောင်ဖွဲ့ခဲ့ကြပါစေ။ ဘ၀မကူးမီ ရေစက်ကုန်တော့လည်း ဒီဘ၀ ဒီမျှနဲ့သာ အမုန်းတွေ ဗရပွနဲ့ လမ်းခွဲရတဲ့ အဖြစ်အပျက်တွေ ကျွန်မတို့ ၀န်းကျင်မှာ အများကြီးပဲ။ ရှင်သန်ရတဲ့ အခိုက် ချစ်ရတာလဲ ပင်ပန်းတယ်၊ မုန်းရတာလည်း ပင်ပန်းတယ်။ ငိုကြွေးရတာ၊ လွမ်းဆွေးရတာ၊ ကြည်နူးရတာလည်း ပင်ပန်းတာပါပဲ။ သေသောသူကိုလည်း ကြာရင် မေ့တတ်ကြတာပဲလေ။ မမေ့ရင်တောင် ခံစားချက်တွေက ရင့်ကျက်လာကြရတယ် မဟုတ်လား။

ဟုတ်တယ်။ ကျွန်မလည်း မေ့ပစ်ချင်နေပါပြီ။ မေမေ့ကို မေ့ပစ်ချင်နေပါပြီ။ သံသရာမှာ ဆုံခဲ့ဖူးတစ်ဦးတစ်ယောက်နဲ့ ပတ်သက်လို့ ဒီဘ၀ ဒီမျှလောက်နဲ့ပဲ ခံစားမှုကို ရပ်တန်းက ရပ်ချင်နေပြီ။ ဒါပေမယ့် ဆန္ဒနောက်ကို ခံစားချက်လိုက်သွားလိမ့်မယ်မဟုတ်ဘူးလို့ သိနေတယ်။

သံသရာဝဋ်ကြွေးတွေ ကျေပါစေတော့။ ငိုကြွေးရတဲ့ နှလုံးသားတခုလုံးလည်း လောကဓံကိုခံနိုင်ရည်ရှိတဲ့ ခွန်အားတွေနဲ့သာ ဖြစ်တည်ပါစေတော့။

ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုအတွက် အမျှ … အမျှ.. အမျှပါ မေမေရယ်။

အေးလဲ့ထွန်း
Dec 10, 2011
1:20 am
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 


"...ငြိမ်းချမ်းရေးခရီးအတွက် လှေကြီးကို...
Nyi Nyi Aung 11:35am Dec 10
"...ငြိမ်းချမ်းရေးခရီးအတွက် လှေကြီးကို လှော်ခတ်မြဲ ဖြစ်ပါတယ်၊ လှေပေါ်မှာလည်း ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတွေ အားလုံး ပါဝင်ပြီး လှော်ခတ်နေကြပါတယ်၊ အဲဒီအချိန်မှာ ဘေးကနေပြီး မိမိတို့ရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်၊ သဘောထားအတိုင်း ရေကူးပြီး သွားနေတဲ့ ပုဂ္ဂိုလ်များကိုလည်း လှေပေါ်တက်ပြီးတော့ တစုတဝေးထဲ ငြိမ်းချမ်းရေးပန်းတိုင် ရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုအောက်ကနေ လှော်ခတ်သွားကြပါလို့ ကျနော်တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်” --- ဦးဝင်းတင်

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
 

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 

No comments: