Rocky Lyons ဆိုတာ Kelly ရဲ့ ၇နှစ်အရွယ် သားငယ်လေးပါ။ တစ်ရက်မှာ သူကလေးဟာ သူ့ရဲ့ မိခင်ဖြစ်သူ Kelly နဲ့ အတူ Alabama ဒေသရဲ့ ကျေးလက်ရွာကလေးတွေကို ကားနဲ့ဖြတ်ပြီး ပြန်လာ ခဲ့ပါတယ်။ ကလေးပီပီ Rocky လေးဟာ သူ့မိခင်ရဲ့ ပေါင်ပေါ်မှာ ခြေထောက်လေး တင်ပြီး ကားမောင်းသူဘေးက ထိုင်ခုံလေးပေါ်မှာ အိပ်ပျော်ရင်း ပါလာခဲ့ပါတယ်။ သူ့မိခင် Kelly ကလည်း လေ ခပ်ပြင်းပြင်း တိုက်ခတ်နေတဲ့ ကျေးလက်ရဲ့နှစ်လမ်းသွား လမ်းမပေါ်မှာ ကားကို သတိထားပြီး မောင်းနှင်နေ ခဲ့ပါတယ်။ Kelly ဟာ အရှိန်လေးနဲ့ ကားကို မောင်းနှင်လာရာကနေ တံတားငယ်လေး တစ်ခုကို ဖြတ် လိုက်တဲ့ အခါမှာ လမ်းပေါ်က ချိုင့်တစ်ခုထဲကို ကျသွားတဲ့အတွက် ကားဟာ ရုတ်တရက် မြောက်တက် သွားပြီး လမ်းမပေါ်ကနေ ချော်ထွက်သွားပါတယ်။
Kelly ဟာကားကို အလောတကြီး ပြန်ထိန်းဖို့ ကြိုးစားပေမဲ့ မမှီတော့ဘဲ လမ်းဘေးက ပေ ၂၀ကျော်ခန့် နက်တဲ့ ချောက်ထဲကို လိမ့်ကာ ထိုးကျ သွားပါတော့တယ်။ ချောက်ရဲ့ အောက်ခြေ ကိုရောက်သွားတော့မှ ကားဟာ ရပ်သွားပြီး Rocky လေးဟာ “နိုးလာပြီး မေမေ ဘာဖြစ်တာလဲဟင်.. သားတို့ ကားက ဇောက်ထိုးကြီးဖြစ်နေပြီ” လို့ အထိတ်တလန့်မေးလိုက်ပါတယ်။ ဟုတ်ပါတယ် Kelly တို့ရဲ့ကားဟာ ပက်လက် အနေအထားနဲ့ ချောက်ရဲ့ အောက်ခြေမှာ ကျနေတာဖြစ်ပါတယ်။ Kelly ရဲ့ မျက်နှာတစ်ခုလုံးဟာ သွေးတွေနဲ့ ဖုံးလွှမ်းနေတာမို့ မျက်လုံးဖွင့်ကြည့်လျှင်ပင် ဘာကိုမှ မမြင်တွေ့နိုင်တော့ပါ။ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားခဲ့ပြီး ပုခုံးရိုှးမှာလည်း ကျိုးသွားကာ အရိုးမှာ ချိုင်းအောက်မှ ငေါထွက်နေတာကို စမ်းမိလိုက်ပါတယ်။ ချောက်ထဲမှာတော့ မီးအလင်းရောင် စိုးစိမျှ မရှိဘဲ မဲမှောင်လို့နေပါတယ်။
တစ်ကိုယ်လုံးနာကျင်လွန်းဖြင့် လှုပ်ရှားလို့ပင် မရတော့ဘဲ ငြိမ်သက်နေမိတော့ Rocky က “ မေမေ . မေမေ့ကို ကားထဲကနေ သားဆွဲထုတ်မယ်” ဟုဆိုကာ သူမခန္ဓာကိုယ်အောက်ကနေ တွားတွားပြီး ထွက်လိုက်ကာ ကားအပြင်ရောက်အောင် ပက်လက်ဖြစ်နေကာ ပွင့်နေတဲ့ကား ပြတင်းပေါက်ကနေ ထိုးထွက်နိုင်ဖို့ သူ့ဟာသူ ကြိုးစားရှာပါတယ်။ Rocky ဟာ ကံကောင်းထောက်မ စွာနဲ့ ဒဏ်ရာ တစ်ခုလေးတောင် မရခဲ့ပါဘူး။ ထိုင်ခုံပေါ်မှာ အိပ်ပျော်နေခဲ့တာဟာလည်း သူ့အတွက် ကံကောင်းစေတဲ့ အချက် ဖြစ်ပါလိမ့်မယ်။ အပြင်ကိုရောက်သွားတဲ့ Rocky ဟာသူ့မိခင်ကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နာကျင်လွန်းလှတဲ့ Kelly ဟာ နည်းနည်းလေးတောင် ရွေ့လျားမှုကို ပြုလုပ်ဖို့ ခွန်အား ရှိမနေခဲ့ပါဘူး။
နာကျင် ပင်ပန်းလွန်း အားကြီးလွန်းလို့ “သားရယ်.. မေမေ ခဏလေး အိပ်ပါရစေ” လို့ Rocky ကို တောင်းပန်တိုးဖွတဲ့အသံနဲ့ ပြောလိုက်တော့ “ ဟင့်အင်း.. မေမေ မအိပ်ရဘူး.. မအိပ်ရဘူး” လို့ တတွတ်တွတ် ရေရွတ်ကာ Kelly ကို အပြင်မရောက်ရောက်အောင် ဆွဲထုတ်ပါတယ်။ ပြီးတော့ “ သား.. ဒီချောက်ထဲကနေ တက်ပြီး လမ်းပေါ်က ကားတစ်စီးစီးကို တားပြီး မေမေ့ကို ဆေးရုံရောက်အောင် ပို့မယ်” လို့ ပြောလာတဲ့အခါ အမှောင်ထုထဲမှာ ကလေးတစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်မချတဲ့ Kelly ဟာ သားကို သွားဖို့ ခွင့်မပြုပါဘူး။ Rocky တစ်ယောက်တည်း ချောက်ထဲကနေ တက်သွားမဲ့ အစား နှစ်ယောက်လုံး ဖြေးညှင်းစွာ ချောက်ထဲကနေ တက်နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ တစ်ကြိမ်ကို လက်မအနည်းငယ်စီ ကြိုးစားတွယ်တက်ပြီးနောက် Kelly ဟာ အလွန့်ကို နာကျင်ပင်ပန်းလွန်းလို့ လက်လျော့လိုက်ဖို့ စိတ်ကူးမိပါတယ်။
ဒါပေမဲ့ Rocky က သူ့အမေ နားလိုက်ဖို့၊ အိပ်ပျော်သွားဖို့ လုံးဝကို ခွင့်မပေးပါဘူး။ သူ့ရဲ့ ပေါင် ၅ဝရှိတဲ့ ကိုယ်ခန္ဓာရဲ့ ခွန်အားလေးနဲ့ ၁ဝ၅ပေါင်ရှိတဲ့ သူ့မိခင်ရဲ့ ကိုယ်ခန္ဓာကို ကြိုးစားပန်းစား တွန်းပြီးချောက် ထဲကနေ တက်နိုင်အောင်ကြိုးစားပါတယ်။ သူ့မိခင်က လက်လျော့ဖို့ ပြောလာတိုင်း Kelly လေးဟာ သူငယ်ကတည်းက နားထောင်ခဲ့ရတဲ့ “ရထားသေးသေးလေး” ပုံပြင်အကြောင်း သူ့အမေကို ပြောပြပြီး အားတင်းစေခဲ့ပါတယ်။ သူပြောပြတဲ့ ပုံပြင်က ရထားလေးဟာ အင်ဂျင်သေးသေးလေး ပေမဲ့ မတ်စောက်တဲ့ တောင်ကြီးကို တက်နိုင်ခဲ့တဲ့ ပုံပြင်ဖြစ်ပါတယ်။ သူ့အမေကို အဲဒီပုံပြင်လေးကို ပြန်ပြောပြပြီး “ အားမလျော့နဲ့နော် မေမေ.. မေမေလုပ်နိုင်တယ် ဆိုတာ သားသိပါတယ်။ ဒီချောက်ထဲကနေ ရအောင်တက်ကြမယ်နော်.. ” လို့ တတွတ်တွတ်လည်း ပြောတတ်ပါတယ်။ သားလေးရဲ့ တောင်းဆို တိုက်တွန်းသံကြောင့် အားပြန်တင်းရင်း ချောက်ထဲကနေ တက်နိုင်ဖို့ ကြိုးစားရပါတယ်။
Kelly ဟာ တစ်ကြိမ်ကို နည်းနည်းစီ ရွေ့ရင်း တက်ရင်းနဲ့ ခက်ခဲပင်ပန်း လေးလံနာကျင်လွန်းစွာနဲ့ သူ့သားရဲ့ တွန်းအားပေးချက်နဲ့အတူ ဖြေးဖြေးချင်း တက်နေရပါတယ်။ နာရီပေါင်း များစွာ ကြာပြီးတဲ့ နောက်ဆုံး မှာတော့ ချောက်နှုတ်ခမ်းကို ရောက်သွားပြီး လမ်းမပေါ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ လမ်းပေါ်က မီးအလင်းရောင်အောက်မှာ သူ့မိခင်ရဲ့ မျက်နှာကို ပထမဦးဆုံး မြင်လိုက်ရတယ်ဆိုရင်ဘဲ Rocky လေးဟာ ထိတ်လန့်တကြား ငိုပါတော့တယ်။ စုတ်ပြတ်ပြီး သွေးချင်းချင်းနီနေတဲ့ Kelly ရဲ့ မျက်နှာဟာ ကလေးငယ်တစ်ယောက်အတွက် အင်မတန်မှ ထိတ်လန့်ဖွယ် ဖြစ်နေခဲ့ပါတယ်။ ထို့နောက် ချက်ခြင်းဘဲ လမ်းမပေါ်ကို ပြေးဆင်းသွားပြီး ဖြတ်သွားတဲ့ ကားတွေကို လက်ဝှေ့ရမ်းပြီး တားပါတော့တယ်။ ကားတစ်စီးက Rocky ရဲ့ လက်ပြတားတာကို မြင်ပြီး ရပ်ပေးလိုက်တဲ့အခါ Rocky ဟာ “ကျွန်တော့် အမေကို ဆေးရုံပို့ပေးပါ.. ကျွန်တော့်အမေကို ကယ်ပေးကြပါ” လို့ မျက်ရည်တွေ တွေတွေ စီးကျရင်း တောင်းပန်ပါတယ်။
အနီးဆုံး ဆေးရုံကြီးမှာ Kelly ကို ဆရာဝန်တွေ ခွဲစိတ်မှုလုပ်တာ ၈နာရီကြာမြင့်ပြီး မျက်နှာပေါ်က စုတ်ပြတ်ပြဲထွက်သွားတဲ့ ဒဏ်ရာကို ၃၄၄ချက် ချုပ်ကြရပါတယ်။ ချောမောပြေပြစ်ခဲ့တဲ့ Kelly ရဲ့ မျက်နှာဟာ ပျောက်ဆုံးသွားခဲ့ပြီး နှာခေါင်းဟာလည်း တိုသွားခဲ့ပါပြီ။ ပါးရိုးမြင့်မြင့်လည်း မရှိတော့ဘဲ သူမရဲ့ ခပ်ပါးပါး နှုတ်ခမ်းအစား ထူထဲလန်ထွက်နေတဲ့ နှုတ်ခမ်းတစ်စုံကို တွေ့မြင်နေရပါတယ်။ အရင်နဲ့မတူ ရုပ်ဆိုးလွန်းလှတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ Kelly ရဲ့ မျက်နှာဟာ သူ့သား Rocky အကြောင်း ပြောတဲ့ အချိန်မှာတော့ ကြည်နူးပီတိတွေဖုံးလွှမ်းလို့ နေခဲ့ပါတယ်။ သူဟာ Rocky ကြောင့်သာ အသက် ရှင်သန်ခွင့်ရခဲ့တာ ဖြစ်ပြီး သူ့တစ်ယောက်တည်းသာဆို အဲဒီ ချောက်ထဲကနေ ဘယ်လိုမှ ပြန်တက်နိုင်မှာ မဟုတ်သလို ပြန်တက်ဖို့လည်း ခွန်အားရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်မှာ အသက်ငယ်ပေမဲ့ Rocky ရဲ့ သူ့မိခင်အပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ ခွန်အားကို အခြားသူတွေက ဝိုင်းပြီး ချီးကျုးကြပေမဲ့ Rocky လေးကတော့ “ ကျွန်တော် ဘာမှ ထူးထူးခြားခြား လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့ မေမေကို မသေစေချင်ဘူး။ ဒါကြောင့်လည်း မေမေ့ကို ချောက် ထဲကနေ ရအောင် ထုတ်လာတာဘဲ ရှိတာပါ။ မေမေ့ကို အပေါ်ရောက်အောင် ကျွန်တော်လုပ်နိုင်မယ် ထင်ခဲ့တယ်လေ။ တစ်ခြား သူတွေလည်း ဒီလိုဘဲ လုပ်ကြမှာပါ” လို့ ပြန်ပြောပါတယ်။ သူ့မိခင်ကတော့ “သားရဲ့ တိုက်တွန်းစကားသာ အဲဒီအချိန်မှာ မကြားခဲ့ရင် ခုချိန်မှာ ကျွန်မဟာ သေချာပေါက် သေပြီးတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ” လို့ ယနေ့ချိန်ထိတိုင် အခိုင် အမာ ပြောနေခဲ့ပါတယ်။ အသက်ငယ်ပေမဲ့ Rocky ရဲ့ သူ့မိခင်ကို ချစ်တဲ့စိတ်၊ တွန်းအားပေးမှုနဲ့ နားလည် သိတတ်မှုတို့ကြောင့် Kelly အသက်ရှင်ခွင့် ရခဲ့တယ်ဆိုရင်လည်း အမှန်တရား သာ ဖြစ်ပါလိမ့်မယ်။
Michele Borba ရဲ့ I Think I can ကို ဘာသာပြန်ပါသည်။
လုပ်နိုင်မယ်လို့ မိမိကိုယ်တိုင် စိတ်ပြင်းပြင်းပြနဲ့ လုပ်ရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်ပါတယ်။ အဓိကက ငါလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖို့သာ လိုပါတယ်။ (Henry Ford)