မှတ်မှတ်ရရ မဟာဝိဇ္ဇာပထမနှစ် တက်ခဲ့ရတုန်းက (First Semester) သင်တန်းမှာ သုတေသနထုံး (Research Methology) သင်ရပါတယ်။
ဒီဘာသာရပ်ကို မသင်မှီမှာ သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်းက သုတေသန အရေးပါပုံကို ပြောပါတယ်။ လက်ချာလေး နည်နည်းပေးပြီးတော့ ကျောင်းသားတွေကို ရွှေတဂုံစေတီတော်ကို သွားရောက် ဖူးမျှော်ပြီး မြောက်ဖက်မုတ်နားမှာ သွေးဆေးကန် ဆိုတာရှိတယ်၊ အဲဒီကန်အကြောင်းကို ရေးထားတဲ့ ဆိုင်းဘုတ်ရှိတယ်။ ဆိုင်းဘုတ်မှာ ဘာရေးထားတယ်ဆိုတာ အသေအချာ မှတ်လာပြီး မနက်ဖြန်တင်ရမယ်လို့ ပြောလိုက်တယ်။ ကျောင်းသားတွေ အုပ်စုနှစ်ခုခွဲပြီး ရွှေတိဂုံ စေတီဘက်ကို ချီတက်ခဲ့ကြတယ်။
သွေးဆေးကန်
အရင်တုန်းကလည်း ရွှေတိဂုံစေတီတော်ကို ခဏခဏ ရောက်ဖြစ်ပါတယ်။ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကို ရှင်းပြနေတဲ့ ဧည့်လမ်းညွန်တွေကို အဲဒီကန်နားမှာ မကြာခဏတွေ့ရတတ်ပါတယ်။ ဆိုင်းဘုတ် အနီကြီးပေါ်မှာ ပထမ အင်္ဂလိပ်-မြန်မာစစ် ဖြစ်ပွားတုန်းက မြန်မာမင်းတပ်တွေ အင်္ဂလိပ်စစ်သားတွေကို ဓားနဲ့ခုတ်သတ်ပြီး ဓားရိုးနဲ့လက် ကပ်နေတဲ့အတွက် အဲဒီကန်မှာ ဆေးခဲ့တယ်လို့ မှတ်မိနေပါသေးတယ်။ အခုထိလည်း ဒီလိုရေးထားတုန်း ဖြစ်နိုင်ပါတယ်။
နောက်တစ်နေ့ ကျောင်းချိန်ရောက်တော့ ကန်ဘောင် ဆိုင်းဘုတ်မှာရေးထားတဲ့ အကြောင်းအရာတွေကို ဆရာကြီးကို သွားတင်ရတယ်။ သုတေသန စလိုက်တာကို သိလိုက်ရတယ်။ ဆရာကြီးက ကျောင်းသားတွေကို ဆယ်ယောက် တအုပ်စုခွဲပြီး ကျောင်းသားတွေ ဖတ်ရမယ့် ပေစာ နံပါတ်တွေကို ပေးလိုက်တယ်။ မဟာဝိဇ္ဇာ တက်နေတဲ့ ကျောင်းသားက ၇၄ ယောက် ထင်တယ်။ အုပ်စု (၇) စုခွဲပြီး တစ်အုပ်စုကို ပေစာတစ်ခု ဖတ်ခိုင်းလိုက်တယ်။
စာကြည့်တိုက်မှုးဆီကိုလည်း စာတစ်စောင်ပါးလိုက်သေးတယ်။ ကျောင်းသားတွေ လိုချင်တဲ့ ပေစာတွေကို အမြန်ဆုံးထုတ်ပေးဖို့ ရေးထားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာလောက်က ပေစာတွေကို မိုက်ခရို ဖလင်သွင်းထားတဲ့ မှတ်တမ်းတွေပါ။ ဒုတိယမြောက်နေ့မှာ အုပ်စုတစ်ခုက သွေးဆေးကန်ရဲ့ အဖြေကို တွေ့သွားပါတယ်။
ဘိုးတော်ဘုရားနဲ့ သွေးဆေးကန်
မြန်မာ့သမိုင်းထဲမှာ နာမည်ကြီးတဲ့ ပဒုံမင်းခေါ် ဘိုးတော်ဘုရားရဲ့ အမိန့်ပြန်တမ်းကို တွေ့ရပါတယ်။ ပဒုံမင်းရဲ့ အမိန့်တော်မှာ ရန်ကုန်မြို့ ရွေတိဂုံစေတီတော် မြောက်ဖက်မုတ်နား သွေးဆေးကန်က ရွှေဘိုစဥ့်အိုးနဲ့ ရေလုံးရေ ၁၀ ကို ဟံသာဝတီ မြို့ဝန်က ရွှေဖ၀ါးတော်အောက် အရောက် ဆက်သ ရမယ် လို့ပါတယ်။ အဲဒီအမိန့်တော်အရဆိုရင် သွေးဆေးကန်ဟာ ဘိုးတော်ဘုရား လက်ထက် ကတည်းက ရှိနေပြီဖြစ်ပါတယ်။
ဆေးဖက်ဝင်တဲ့ သွေးဆေးကန်ကရေကို ဘိုးတော်ဘုရားက အမရပူရ နေပြည်တော်သို့ ပေးပို့ဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပေစာတွေဟာ သုတေသန သဘောနဲ့ ပြောရရင် မူရင်း အထောက်အထား (Primary Sources) တွေ ဖြစ်ပါတယ်။ သမိုင်းရေးသားတဲ့အခါ မူရင်းအထောက်အထားက အရေးပါဆုံးဖြစ်ပါတယ်။
သမိုင်း နှစ်ခုနဲ့ သွေးဆေးကန်
နောက်ဘိုးတော်ဘုရားရဲ့ အမိန့်ပြန်တမ်းကို ထောက်ခံတဲ့ အချက်အတချက်က အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီက ကုန်းဘောင်မင်း ဘိုးတော်ဘုရားထံ စေလွှတ်တဲ့ သံတမန်တွေထဲမှာ ကက်ပတိန် ဟီရန်ကောက်စ် ( Hiram Cox) ကလည်း ဒီသွေးဆေးကန် အကြောင်းမှတ်တမ်းတင်တဲ့ တဆင့်ခံအထောက် အထားတခုကို လေ့လာခဲ့ရပါတယ်။ ကောက်စ်က ရွှေတိဂုံမြောက်ဘက် မုတ်နားရှိတဲ့ သွေးဆေးကန်က ရေဟာ ဆေးဖက်ဝင်ကြောင်း မှတ်တမ်းတင်ခဲ့တယ်။
ဒါဆို သွေးဆေးကန် ဆိုတဲ့ နာမည်က ကုန်းဘောင်ခေတ် ကတည်းက တည်ရှိခဲ့တဲ့ကန်အမည် ဖြစ်နေပါတယ်။ အခုပေးထားတဲ့ သွေးဆေးကန်ရဲ့ အဓိပ္ပါယ်က မြန်မာတွေရဲ့ ရဲစွမ်းသတ္တိ၊ ဇာတိသွေးဇာတိမာန် ကို ဖေါ်ကျူးလိုတဲ့ စိတ်ထားနဲ့ ပေးထားတာ ဖြစ်တယ်။ သမိုင်းကြောင်းနှစ်ခုထဲက ဘယ်သမိုင်းက ပိုကောင်းသလဲ။
ကျောင်းတွေမှာ သုတေသန အခြေခံကို သင်ကြားသင့်သလား
ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေမှာတော့ သုတေသန အခြေခံ သဘောတရားကို ငယ်ငယ်ကတည်းက သင်ကြားတာကို တွေ့ရပါတယ်။ အလယ်တန်းအဆင့်ကို ရောက်တာနဲ့ ဆရာသင်လိုက်တာကို အချက်ကျကျ မေးခွန်းထုတ်နိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ဘခြောက်လုံးကို သုံးပြီးမေးမြန်း တတ်နေပါပြီ။
What, why, who, when, where and how။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိသုံးနေတဲ့ ပညာရေးစနစ်မှာ သုတေသန ဘာသာရပ်ကို တက္ကသိုလ်အဆင့်ထိ သင်မပေးပါဘူး။ ဘွဲ့လွန်အဆင့်မှ သုတေသနထုံး (Research Methodology) ကို စတင်သင်ယူရပါတယ်။
နိုင်ငံတကာ ကျောင်းတွေမှာတော့ ယုံကြည်မှု (belief)၊ အချက်အလက် (facts)၊ အကြောင်းကျိုး (cause and affect)၊ ဘက်လိုက်မှု (bias)၊ မူရင်းအထောက်အထား(primary source)၊ တဆင့်ခံ အထောက် အထား(secondary soruce)၊ ဒဏ္ဍာရီ (Legend) စတာတွေကို အလယ်တန်း ကျောင်းသားတွေ ခွဲခြားတတ်နေပြီ။
ကျနော်တို့ မြန်မာနိုင်ငံမှာတော့ သီအိုရီကို မပြောနဲ့ ရာဇ၀င်နဲ့ သမိုင်းကို ကျောင်းသားတွေ မခွဲတတ်ဘူး။ ကျောင်းသားတွေသာမဟုတ် တချို့ နိုင်ငံ့ဂုဏ်ဆောင် စာရေးဆရာတွေတောင် မသိတဲ့သူတွေက တပုံတပင်။ သုတေသန ဆိုတာအင်မတန်မှအရေးကြီးတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ တဖက်သတ် ဇွတ်မှိတ်မယုံဖို့က သုတေသနရဲ့ အခြေခံကိုနားလည်မှ ဖြစ်မှာပါ။
တိုင်းပြည်တခု တည်ထောင်တဲ့အခါ မျိုးချစ်စိတ်ဓာတ်က အင်မတန်မှ အရေးပါပါတယ်။ ဒါပေမဲ့ သမိုင်းအစစ်ကို ဖျက်ပြီး အသစ်နှင့်အစားထိုးတာကတော့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တခြားသူ တပါးအပေါ်မှာ အနိုင်ယူအောင်မြင်ခြင်းသာ မျိုးချစ်စိတ် မဟုတ်ပါဘူး။ မျိုးချစ်စိတ်ဓာတ် ရှင်သန်အောင် ဒီလောက်လှုံ့ဆော်တဲ့ နိုင်ငံက ကိုယ့်အမျိုးကို မချစ်ဘဲ အချင်းချင်းခေါင်းပုံဖြတ်မှု၊ လာဘ်စားမှု အများဆုံး ဖြစ်နေရတာလဲ။ ဗုဒ္ခဘာသာ ထွန်းကားတဲ့၊ အမျိုးသားရေး စိတ်ဓာတ်နိုးကြားတဲ့ တိုင်းပြည်မှာ အဂတိလိုက်စားမှု အများဆုံး ဖြစ်နေတာကလည်း စဉ်းစားစရာတွေပါ။
လှရွှေ
No comments:
Post a Comment