စနေ, 10 ဒီဇင်ဘာ 2011
မြန်မာနိုင်ငံ ငြိမ်းချမ်းချိန် ဒေါ်စုမျှော်မှန်း
ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနားတရပ်ကို ဒီကနေ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် နတ်စင်လမ်း၊ သာဓုပရိယတ္တိ စာသင်တိုက်ထဲက ရွှေည၀ါ ပညာဗိမ္မာန် ဘုန်းကြီးကျောင်းမှာ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ရရှိနေတဲ့အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးစားဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အခွင့်အလမ်းပွင့်နေတာကြောင့် ငြိမ်းချမ်းပြီး လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကို ရောက်ရှိအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အကဲဖြတ်ဆော်သြသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရရှိခဲ့တဲ့ အနှစ် (၂၀) မြောက်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင်တိုင် ရွှေည၀ါ ဘုန်းကြီးကျောင်းမှာ ကျင်းပရာမှာ အခုလို ပြောဆိုသွားခဲ့တာပါ။
“ကျမတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်းဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တခါတလေ တော်တော်နဲ့ ပြန်မလာတတ်ပါဘူး။ လာတဲ့အခါမှာ ရအောင်ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအကျိုးအတွက်ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျမတို့အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျမတို့ရဲ့ နိုင်ငံထဲမှာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာပါ။”
မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် သမိုင်းကာလ နှစ်ပေါင်း ၁,၀၀၀ ကျော်မှာ ငြိမ်းချမ်းတဲ့ကာလက နှစ်ပေါင်း ၇၀ လောက်ပဲ ရှိခဲ့တယ်လို့ သမိုင်းဆရာ ဒေါက်တာ တိုးလားက သူ့ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီအဖြစ်ကနေ မြန်မာနိုင်ငံ ရုန်းထွက်နိုင်ပြီး ပြည်သူတွေ အိပ်ကောင်းခြင်းအိပ်ရ၊ နိုးကောင်းခြင်းနိုးရတဲ့ ဘ၀မျိုးကို ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းပြောကြားပါတယ်။
“အိပ်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနဲ့ အိမ်နိုင်တယ်၊ နိုးတဲ့အခါမှာလည်း ဒီအတိုင်းပဲဖြစ်ရမယ်။ နိုးလာပြီ၊ နိုးနိုးချင်း ဒီနေ့တော့ ဘာဖြစ်ဦးမှာလဲ။ ဘယ်သူက ဘာလုပ်ဦးမှာလဲ၊ ဘယ်သူကနေ အနိုင်ကျင့်ဦးမှာလဲ၊ ဒီနေ့ဝမ်းစာကို ဘယ်လိုရှာရဦးမှာလဲ၊ ဒီလို ပူပင်သောကတွေ ဘာမှမရှိဘဲနဲ့ နိုးရခြင်းဟာ ဒါ ငြိမ်းချမ်းရေးရဲ့ အရသာပဲ။ နိုးတဲ့အခါမှာလည်း ချမ်းသာရတယ်။ ဒီတော့ ကျမတို့နိုင်ငံ တနိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ်ဆိုတာ ဒါပါပဲ။ ကျမတို့ရဲ့ ပြည်သူပြည်သားအားလုံး အထူးသဖြင့် အခုချိန်မှာဆိုလို့ရှိရင် စစ်မက်တွေကြောင့် စစ်နဲ့ဆိုင်တဲ့ကိစ္စတွေ၊ အပစ်အခတ်တွေကြောင့်မိုလို့ ရန်ပွားမှုတွေကြောင့်မိုလို့ အေးအေးချမ်းချမ်း မနေရတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားတွေကို အထူး ကျမ စဉ်စားမိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်က အဲဒီအတိတ်က အဖျက်သဘောဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေအဖြစ် အားလုံးကပြောင်းလဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“အဓိက အကုသိုလ်တွေကို အခု ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် ကုသိုလ်တွေဖြစ်အောင်လို့ ကျမတို့ ကြိုးစားရမယ်။ အဲဒီလိုလုပ်ခြင်းမှသာလျင် ကျမတို့ပြည်သူတွေ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ဆီကို ကျမတို့ လျောလျောရှူရှူ နိုင်မယ်။”
ဒါ့အပြင် မေတ္တာ၊ ဂရုဏာစိတ်ဓါတ်အပြင် မုဒိတာစိတ်နဲ့ မြန်မာနိုင်ငံကို တည်ဆောက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။
“တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ဂရုဏာတင်သာမက မုဒိတာပွားပြီးတော့ ကျမတို့အထဲက တိုးတက်နိုင်တာ မှန်သမျှအတွက် အားလုံးက ၀ိုင်းပြီးတော့ ဂုဏ်ယူပြီးတော့ ကိုယ်လည်း ဒီလိုပဲ တတ်နိုင်သမျှ တိုးတက်အောင် လုပ်မယ်လို့ စိတ်တွေနဲ့ ကျမတို့ လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်ဟာ သိပ်ပြီးတော့ ဝေးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ ထင်သလောက် ခက်မှာမဟုတ်ပါဘူး။”
ဒီပွဲမှာ အမှာစကားပြောကြားခဲ့တဲ့ ဆရာဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆု ချီးမြှင့်တာဟာ ကမ္ဘာ့ထောက်ခံမှုကို ပြသတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
၁၉၉၉ ခုနှစ် ဇွန်လ (၁) ရက်။ တောင်အာဖရိကနိုင်ငံ အသားရောင်ခွဲခြားမှုစနစ် ကျင့်သုံးခဲ့တဲ့ နောက်ဆုံးသမ္မတ အက်ဖ်ဒဗလျူဒီကလပ် ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ပွဲကို ကိတ်တောင်းမြို့က ဟိုတယ်တခုမှာ ကျင်းပပါတယ်။ မွေးနေ့ပွဲအခမ်းအနားကို လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား လည်း တက်ရောက်ပါတယ်။
တချိန်တုန်းက ပြိုင်ဖက်ဟောင်းကို တချက်ကြည့်လိုက်ပြီး မင်ဒဲလားက အခုလို အရွှန်းဖောက်လိုက်ပါတယ်၊
"မစ္စတာ ဒီကလပ်ရေ.. ကျနော်တို့မှာလည်း အသက်ကြီးကြပြီဗျာ၊ ခင်ဗျားကြည့်ရတာ အရင်ထက် ထိပ်ပိုပြောင်လာသလိုပဲဗျ။ အေးလေ၊ ကျနော်လည်း ဘာထူးလဲ၊ ထိပ်မပြောင်ပေမယ့် တခေါင်းလုံး ဖြူကုန်ပါပြီ၊ ဒါပေမယ့် ကျနော့် ဆံပင်တွေဖြူကုန်တာ ခင်ဗျားအတွက် ကျနော် ခေါင်းစားရလွန်းလို့ ဖြူကုန်တာတော့မဟုတ်ဘူးဗျ၊ ဒါကြောင့် ခင်ဗျားထိပ်ပြောင်သွားတာတော့ ကျနော်နဲ့ မဆိုင်လောက်ပါဘူးနော့် "
"ပြောရရင် ခင်ဗျားက ကျနော်ထက်တော့ ပိုအိုစာတယ်ဗျ၊ အေးလေ- ကျနော်က အနှစ်သုံးဆယ် လောက် လေကောင်းလေသန့်လည်းရ၊ ရူခင်းလည်းကောင်းတဲ့ ကျွန်းတွေပေါ်မှာ အနားရနေတဲ့ အချိန်မှာ ခင်ဗျားကတော့ ခေါင်းနောက်စရာကောင်းတဲ့ လူအုပ်တွေထဲမှာ ရုန်းကန်ခဲ့တယ် မဟုတ်လား"
အဲဒီတုန်းက မင်ဒဲလားကလည်း အသက် (၈၁) ဖြစ်ပြီး၊ တောင်အာဖရိက သမ္မတအဖြစ်ကနေ တရားဝင်အနားယူဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။
၁၉၉၀ တ၀ိုက်တုန်းကတော့ သူတို့နှစ်ယောက်က နိုင်ငံရေး ပြိုင်ဖက်တွေဖြစ်ခဲ့ကြပါတယ်။ တချိန်မှာ သမ္မတ ဒီကလပ်က မင်ဒဲလားကို "အေအန်စီက တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်၊ အစိုးရက အုပ်ချုပ်လို့ မရအောင် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အစိုးရဘက်ကလည်း မရွေးချင်တဲ့လမ်း (unpleasant option) ကို ရွေးရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့သလို၊ မင်ဒဲလားကလည်း "ဒီမိုကရေစီ နည်းလမ်းမကျတဲ့ လုပ်ရပ်တွေကို အစိုးရကလုပ်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမယ်"လို့ ပြန်ပက်ခဲ့ပါတယ်။
ရန်သူဟောင်းနှစ်ယောက်ကြားမှာ တယောက်မျက်နှာ တယောက်မကြည့်ချင်တဲ့အထိ သဘောထား ကွဲမှုတွေကြုံခဲ့ပေမယ့်၊ စာနဲ့ ပဲ ဆက်သွယ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။
မင်ဒဲလားနှင့်ပတ်သက်လို့ အဓိက ပြောချင်တဲ့အချက်တခုက ရန်သူကို အာဃာတမထားရုံမက၊ အကျဉ်းအကျပ်ကာလတွေမှာတောင် ရန်သူကိုပွဲထုတ်ရဲတာ၊ ထူးခြားတဲ့ အရည်အချင်းတရပ်လို့ ယူဆမိပါတယ်။ အခြေအနေကို မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံမြင်နိုင်စွမ်းနှင့် ရှေ့ကို ကြိုမြင်နိုင်စွမ်းတဲ့ သူတို့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
လူဖြူသမ္မတ ဒီကလပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အစမှာပဲ မင်ဒဲလားက ဒီကလပ်ကို (The man of Integrity) တည်ကြည် ဖြောင့်မတ်သူလို့ လူသိရှင်ကြား ခေါ်ခဲ့ပါတယ်။ နိုင်ငံပြင်ပမှာရှိတဲ့ အေအန်စီ ခေါင်းဆောင်တွေဆီကိုလည်း သမ္မတဒီကလပ်နဲ့ ဆိုရင် အလုပ်တွဲလုပ်လို့ ရမယ်လို့ တိုးတိုးတိတ်တိတ် စကားပါးခဲ့ပါတယ်။
တဖက်မှာတော့ လူဖြူအစိုးရနဲ့ မစေ့စပ်လိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ စေ့စပ်ဆွေးနွေးရေးတွေ ရလဒ်မထွက်တာကို အားမလိုအားမရဖြစ်နေတဲ့ အေအန်စီ ထောက်ခံသူတွေရဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့ အချိန်ပါ။ မင်ဒဲလားရေးတဲ့ လွတ်လပ်ရေးသို့ ခရီးရှည် စာအုပ်မှာ အဲဒီတုန်းက သူ့ကိုထောက်ခံသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ပြောခဲ့တဲ့စကားတွေကို အခုလိုဖော်ပြခဲ့ပါတယ်။
"မာဒီဘာ၊ အစိုးရကို ငါတို့ တသက်လုံးတိုက်လာခဲ့ပြီး၊ အခုကျမှ သူတို့ ဆီမှာ အသနား ခံရတော့မလား" (Long Walk To Freedom)
"မင်ဒဲလား ကျနော်တို့ကို သေနတ်ထုတ်ပေးလိုက်စမ်းပါ၊ တိုက်ပွဲလမ်းကြောင်းကပဲ အောင်ပွဲခံကြမယ်၊ အစိုးရနဲ့ စကားဆက်ပြောမနေနဲ့တော့" (Long Walk To Freedom )၊
ဒါပေမယ့် စောစောက တင်ပြသလို တယောက်မျက်နှာတယောက် မကြည့်ချင်တဲ့အခြေအနေမှာတောင် စာနဲ့ အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ တိုင်းပြည်မျက်နှာကြည့်ပြီး ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ မင်ဒဲလားက "လွတ်လပ်ရေးခရီးက မလွယ်ဘူးဆိုတာကို ကျနော်တို့ နှစ်ယောက်လုံးက သဘောပေါက်ခဲ့ကြပါတယ်။ ကျနော်တို့ နှစ်ယောက်ထဲက တယောက်ယောက်က ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းမယ်ဆိုရင် အောင်မြင်မှုနဲ့ ဝေးမယ် ဆိုတာကိုလည်း သိခဲ့ကြပါတယ်၊" လို့ ပြန်သုံးသပ်ပြခဲ့သလို၊ ဒီကလပ်ကလည်း " ကျနော်တို့ ရည်မှန်းချက်က တောင်အာဖရိက နိုင်ငံတော်သစ် ထူထောင်ရေးပဲ၊ ဒါကို မင်ဒဲလားကလည်း သဘောတူပါတယ်" လို့ ဆွေးနွေးပွဲအတွေ့အကြုံတွေကို ပြန်ပြောခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲချီးမြှင့်တဲ့အခါမှာ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက အခုလို မှတ်တမ်းပြုပါသည်။
မင်ဒဲလားနှင့် ဒီကလပ်တို့ နှစ်ဦးသည် အမုန်းတရားပွားများပြီး၊ သွေးထွက်သံယို၊ မလွှဲမသွေဖြစ်မည့် ပဋိပက္ခလမ်းကို မရွေးဘဲ၊ ပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ နယ်လ်ဆင် မင်ဒဲလားနှင့် အက်ဖ် ဒဗလျူ ဒီကလပ်တို့၏ ပြန်လည်ရင်ကြားစေ့ရေး မူဝါဒသည် တောင်အာဖရိက အတွက်သာမက ကမ္ဘာ့ကြီးအတွက်ပါ "အကြမ်းဖက်မှုသံသရာမှ ရှောင်လွှဲစရာ တခြား နည်းလမ်းများရှိသည်" ဆိုသည့်အချက်၏ တောက်ပထင်ရှားသည့် ဥပမာဖြစ်သည်။
အကယ်၍ တောင်အာဖရိက ခေါင်းဆောင်နှစ်ယောက်က ဖိအားတခုခုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မရွေးဘဲ၊ အမုန်းတရားနှင့် သွေးထွက်သံယိုလမ်းကို ရွေးခဲ့ရင် စောစောက ဒီကလပ်ရဲ့ မွေးနေ့ပွဲမှာ မင်ဒဲလားတက်ရောက်ပြီး ဟာသပြောဖို့ ဖြစ်မလာနိုင်သလို၊ တောင်အာဖရိက သမိုင်းကလည်း တမျိုးပြောင်းသွားနိုင်ပါတယ်။ အကျိုးထက်အဆိုးပဲဖြစ်ဖို့ များပါတယ်။
ဆွေးနွေးပွဲ အောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အေအန်စီဘက်က လက်နက်ကိုင်တိုက်ပွဲ၊ လူဖြူသမ္မတ ဒီကလပ်ကိုယ်တိုင်က သူ့အစိုးရတွင်းက ဖိအားတွေ - စသဖြင့် တခြားအကြောင်း အချက်တွေ ပါဝင်နိုင်ပေမယ့် မင်ဒဲလားရဲ့ ရန်သူကို ပွဲထုတ်ရဲတဲ့ အချက်က အားလုံးထက် ပိုပြီး အဓိက ကျတယ်လို့ ယူဆမိပါတယ်၊
သမိုင်းမှာ အရေးအကြီးဆုံးအချိန်တွေမှာ ရန်သူကို ပွဲထုတ်သူတွေထဲမှာ မင်ဒဲလားတယောက်တည်း မဟုတ်ပါဘူး။ ဆိုဗီယက်နှင့် လက်နက်လျှော့ချရေး လိပ်ခဲတည်းလည်းဖြစ်နေတဲ့အချိန် (1984) မှာ ဗြိတိန်ရဲ့ သံမဏိအမျိုးသမီးလို့ တင်စားခေါ်ကြတဲ့ ၀န်ကြီးချုပ် Margaret Thatcher မာဂရက်သက်ချာလည်း ဆိုဗီယက်ခေါင်းဆောင် မီးခေးလ် ဂိုဘာ့ချော့ကို အခုလိုပြောခဲ့ပါတယ်။
" ဂိုဘာချော့ကို ကျမ သဘောကျတယ်၊ ကျမတို့ အလုပ်တွဲလုပ်လို့ရတယ်၊" ("I like Mr Gorbachev. We can do business together")
မကြာခင်နှစ်တွေမှာ ဂိုဘာ့ချော့ဟာ ဆိုဗီယက်ခေါင်းဆောင်ဖြစ်လာပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြုပြင် ပြောင်းလဲရေးခေတ် စတင်ခဲ့ပါတယ်။
အလားတူ ဥပမာမျိုး (၁၉၇၀) ပြည့်လွန်နှစ်တွေက တရုတ်နှင့် အမေရိကန်ဆက်ဆံရေး နှင်းခဲပျော်စ အချိန်တွေမှာ ပြန်ပြောင်းသတိယစရာရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဌကြီးမော်စီတုံးနဲ့ အမေရိကန် သမ္မတ နစ်ဆင်တို့ရဲ့ အစောဆုံးတွေ့ဆုံပွဲ၊ အရင်ဆုံး အပြန်အလှန်ပြောဆိုတဲ့ စကားဝိုင်းမှာပါ။
သမတနစ်ဆင်က "ဥက္ကဌ ကြီးရဲ့ ကဗျာတွေကိုလည်း ဖတ်ဖူးတယ်၊ မိန့်ခွန်းတွေကိုလည်း လေ့လာဖူးတယ်၊ ဒီကတည်းက ဥက္ကဌ ကြီးဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ဒသနပညာရှင်ဆိုတာ သိနေခဲ့လို့ပါ" လို့ပြောခဲ့သလို မော်စီတုံးကလည်း " အမှန်အတိုင်းဝန်ခံရရင် ကျနော်က အစကတည်းက သမ္မတကြီးရဲ့ ဘက်သားဗျ၊ ခင်ဗျားတို့ ရွေးကောက်ပွဲတုန်းက ကျနော်သာ မဲပေးခွင့်ရရင် သမ္မတကြီးကို ရွေးမှာပဲ" လို့ ပြောခဲ့ကြပါတယ်။
အရိုးရင့် နိုင်ငံရေးသမားတွေရဲ့ ဒီစကားတွေဟာ မတော်တဆ တိုက်ဆိုင်မှုမဟုတ်နိုင်သလို၊ အကယ်၍ တဖက်က သဘောရိုးနဲ့ ပြောခဲ့ရင်တောင် တဖက်က အလုံးစုံယုံကြည်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲတွေ အဆင်ပြေပြေ ခရီးဆက်နိုင်ဖို့ ဒီစကားတွေက အဓိကနေရာက ပါဝင် အသုံးတော်ခံခဲ့မှာကတော့ သေချာပါတယ်။
အခုလောက်ဆိုရင် အဓိက ပြောချင်သည့်အချက်ကို စာဖတ်သူတွေ ရိပ်မိလောက်ပါပြီ၊ ဟုတ်ပါတယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်တို့ရဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် ကိစ္စဖြစ်ပါတယ်။
မကြာခင်တုန်းကပဲ ဝေါစထရိ ဂျာနယ်နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ဆွေးနွေးဖက် ဦးသိန်းစိန်နဲ့ ပတ်သက်လို့ ဒီလို မှတ်ချက်ပေးခဲ့ပါတယ်၊
"သမတကြီးက အလွန်ဖြောင့်မတ်ပါတယ်၊ ရိုးသားတယ်၊ ပွင့်လင်းတယ်" (He's very straightforward. He struck me as an honest, open, kind of person... I do believe the president is sincere...)
အခုအချိန်အထိတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးပွဲရလဒ်တချို့ကို တွေ့ရပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရေးလို အရေးကြီးတဲ့ ကိစ္စတွေမှာ (အပြည့်အ၀) အောင်မြင်မှုမတွေ့ရသေးပါဘူး။ ဒါကြောင့် အောင်မြင်တယ်၊ မအောင်မြင်ဘူးပြောဖို့ စောပါသေးတယ်၊ အဓိက ပြောချင်တဲ့ အချက်က သမိုင်းဝင်ဆွေးနွေးပွဲတွေမှာ သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေ အားလုံး တထပ်တည်းနီးပါး တူညီနေတဲ့ အချက်ကို ထောက်ပြချင်တာပါ။ တနည်းအားဖြင့် လက်တွေ့ အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေရဲ့ သဘာဝကို ပြောချင်တာ ဖြစ်ပါတယ်။
နောက်ထပ် တိုက်ဆိုင်မှုတခုက အထက်က အောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ခဲ့သူ အများစုဟာ ကမ္ဘာငြိမ်းချမ်းနိုဘယ်ဆုရှင်တွေဖြစ်နေတာပါ။ တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မင်ဒဲလား၊ တောင်အာဖရိက လူဖြူခေါင်းဆောင် မစ္စတာ ဒီကလက်၊ ဆိုဗီယက် ခေါင်းဆောင် မစ္စတာ မီးခေးလ် ဂိုဘာ့ချော့၊ တရုတ်နှင့် အမေရိကန် ဆွေးနွေးပွဲကို အဓိက စီစဉ်ခဲ့သူ မစ္စတာ ဟင်နရီကင်ဆင်းဂျားတို့ ၄ ဦးစလုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့သူတွေဖြစ်ပါတယ်။
အမှန်က အမေရိကန်သမ္မတနစ်ဆင် ရမယ့်အစား ၀ါးတားဂိတ်အရေးအခင်းကြောင့် ကစ်ဆင်းဂျားကို ပေးခဲ့တယ်လို့ ကစ်ဆင်းဂျား ကိုယ်တိုင်က သူ့ မှတ်တမ်းမှာ ရေးထားပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရခဲ့တာ နှစ် (၂၀) တိတိပြည့် မြောက်ပါတယ်။
အကယ်၍ နောက်ထပ် (၁၀) နှစ်အကြာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ မွေးနေ့ အခမ်းအနားတခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး၊ " ဦးသိန်းစိန်ရေ၊ ကျမတို့လည်း အသက်ကြီးကြပြီ၊ ... ဒါနဲ့ ရှင်ထိပ်ပြောင်တာ ကျမနဲ့ မဆိုင်ဘူးနော်" စသဖြင့် ရယ်ရယ်မောမောပြောနိုင်မယ်ဆိုရင်ဖြင့်၊ အခုတွေ့ဆုံဆွေးနွေးပွဲတွေကို အစစ်အမှန်အဖြစ်၊ ဦးသိန်းစိန်ကိုလည်း မြန်မာပြည်ရဲ့ ဂိုဘာ့ချော့၊ သို့မဟုတ် မြန်မာပြည်ရဲ့ ဒီကလပ်အဖြစ် သတင်းစာတွေက မှတ်တမ်းတင်ကြပါလိ့မ်မယ်။
ညီစောလွင်
ဒီဇင်ဘာ ၁၀၊ ၂၀၁၁

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် သူတို့ ဆွေးနွေးပွဲများ

No comments:
Post a Comment