Wednesday, February 5, 2014

တောင်ငူမြစည်းခုံဘုရားကြီးမှာ ခမာကြေးရုပ်ကြီးများ ရှာပုံတော်

- မောင်သန်းဆွေ(ထားဝယ်)

တောင်ငူမြစည်းခုံဘုရားကြီးမှာ ခမာကြေးရုပ်ကြီးများ ရှာပုံတော် - မောင်သန်းဆွေ(ထားဝယ်)
            ၂၀၁၂ ခုနှစ်အစပိုင်းလောက်ကဖြစ်ပါသည်။ စာရေးသူသည် ထိုစဉ်က အမျိုးသားလွှတ်တော်တွင် ထားဝယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်၏။ လွှတ်တော်ရှိချိန်တွင် အခြားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ နေပြည်တော်ရှိ အဆောင်တွင် နေရပါသည်။

            တစ်နေ့တွင် စာရေးဆရာမာန်(တောင်လုံးပြန်)က ရန်ကုန်မြို့ စထရင်းဟိုတယ်တွင်(တနင်္ဂနွေ)နေ့ နံနက်ပိုင်း၌ နိုင်ငံခြားသားပညာရှင်တစ်ဦးနှင့် တွေ့ဆုံရန်ဖိတ်ပါသည်။ စာရေးသူက ငြင်းဆိုရာ အားလုံးစီစဉ်ပြီးနေပြီ ဆိုသဖြင့် ထိုနေ့နံနက်တွင် စထရင်းဟိုတယ်သို့သွားခဲ့ရသည်။ ဟိုတယ်တွင် စာရေးဆရာ ဘုန်းတင့်ကျော်လည်း ရောက်နေသည်။ တွေ့ရမည့် နိုင်ငံခြားသားဆိုသည်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်ရှိ ပြတိုက်ကြီးတစ်ခုမှ Vice Preside ဖြစ်သည့် Mr.Olivier Bernier

(အမေရိကန်လူမျိုး) ဖြစ်နေပါသည်။ သူက မန္တလေးမဟာမုနိဘုရားကြီးတွင် ကြေးရုပ်ကြီးများကို လူတကာက ပွတ်နေတိုက်နေသည်ကို မြင်ရသဖြင့် အသည်းနာလွန်း၍ နှမြောလွန်း၍ ထိုအရုပ်ကြီးများ မပျက်စီးရလေအောင် ရှေးဟောင်းအမွေအနှစ်အဖြစ်

ကာကွယ်ထိန်းသိမ်းကြရန် ပြောပြပါသည်။ သူကိုယ်တိုင်က ပညာရှင်ဖြစ်၍ ထိုကြေးရုပ်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ် ဘုရားကျောင်းမှ ယူလာသည့် အရုပ်ကြီးများဖြစ်ကြောင်း၊ မူလတည်ရှိရာ ခမာယဉ်ကျေးမှု အမြင့်ဆုံးအချိန်က

တည်ဆောက်ျခဲ့သည့် အန်ကောဝပ်ဘုရားကျောင်းမှာပင် ဤကြေးရုပ်ကြီးမျိုးများ မရှိတော့ကြောင်း၊ မြန်မာနိုင်ငံတွင် မဟာမုနိဘုရားကြီးတွင်သာ ရှိကြောင်း၊ ကာလတန်ဖိုးအားဖြင့် တစ်ရုပ်ကို (US ၁ ဘီလီယံ)တန်ကြောင်း ပြောပြပါသည်။

            စာရေးသူက ဤကိစ္စသည် ဘုရားဂေါပကနှင့်သာ ဆိုင်ကြောင်း၊ ကြေးရုပ်ကြီးများကို ပွတ်တိုက်နေကြခြင်းမှာ မြန်မာတို့၏ အယူအဆ တစ်မျိုးကြောင့် ဖြစ်ကြောင်း၊ မြန်မာတို့က သူတို့ခန္ဓာကိုယ်၌ ဖြစ်နေသော ရောဂါဝေဒနာများအတွက် ကြေးရုပ်ကြီးများခန္ဓာကိုယ်တွင် ပွတ်တိုက်ပါက ပျောက်မည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ ပွတ်တိုက်နေခြင်းဖြစ်ကြောင်း၊ လူတကာအား မပွတ်တိုက်စေရန် ဘုရားဂေါပကများကိုသာ မေတ္တာရပ်ခံရမည် ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။ ထို့အပြင် တောင်ငူမြို့ မြစည်းခုံးဘုရားတွင် ဤအရုပ်ကြီးမျိုးရှိခဲ့ကြောင်း ပြောသောအခါ ထိုအမေရိကန်ပညာရှင်ကြီးက သူမသိရကြောင်းနှင့် သို့ဆိုက အလွန်ဝမ်းမြောက်ကြောင်း ပြောပြပါသည်။ သူသွား၍ကြည့်ပါမည်ဟု ပြောသည်။

            တစ်နေ့တွင် စာရေးသူက အဆောင်မှ အခြားလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တောင်ငူသို့ သွားကြသည်။ မြစည်းခုံဘုရားကြီးမှ ခမာကြေးရုပ်ကြီးများကို ကြည့်ရန်ဖြစ်၏။ စာရေးသူနှင့်အတူ ပြည်အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေး၊ မြိတ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးမိုးမြင့်၊ ဦးတင်ရှန်တို့လည်း ပါသည်။ တောင်ငူမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆန်နီက ကြိုဆိုသည်။ ဦးဆန်နီနှင့်သိသော ဘုရားဂေါပကလူကြီးတစ်ဦးက ကြိုဆို၍ လိုက်ပြပါသည်။ စာရေးသူက ဤဘုရားမှ ကြေးရုပ်ကြီးများအကြောင်း မေးရာ ရုပ်ပွားတော်မြတ်ကြီးရှေ့မှ ဂျာမနီကြေးရုပ်ကြီးနှစ်ရုပ်ကိုပြပါသည်။ စာရေးသူက ဤကြေးရုပ်များမဟုတ်၊ ခမာကြေးရုပ်ကြီးများကို ဆိုလိုသည်ဟု ပြောသဖြင့် ပြတိုက်အတွင်းသို့ ခေါ်သွားပါသည်။

            ပြတိုက်အတွင်းတွင် ခေါင်းသုံးလုံးဖြင့် ဧရ၀ဏ်ဆင်မင်းပုံကိုသာ တွေ့ရသည်။

            “အရင်က ကြေးရုပ်ကြီးနှစ်ရုပ်ဘယ်ရောက်သွားသလဲ” ဟု စာရေးသူက မေးလိုက်သောအခါ ဂေါပကလူကြီးက

            “အဲဒီ အရုပ်ကြီးနှစ်ရုပ်နဲ့ အမြောက်ကြီးနှစ်လက်ကို တိုင်းမှူးက ယူသွားတယ်။ အဲဒီအတွက် ဒီမှာ သံဝေဇနိယ လေးဌာနအာရုဏ်ခံ တန်ဆောင်းကြီး ဆောက်လှူပါတယ်”
            ဟုပြောပါသည်။ စာရေးသူစိတ်ထဲတွင် ဂေါပကများသည် ကြေးရုပ်ကြီးများ အမြှောက်များကို တိုင်းမှူးအားပေး၍ တိုင်းမှူးကလည်း ထို ပစ္စည်းများအစား အာရုဏ်ခံတန်ဆောင်းကြီး ဆောက်လှူလေသည်လားဟု တွေးလိုက်မိသည်။

            မြစည်းခုံမှ အမြှောက်နှစ်လက်နှင့် ကြေးရုပ်ကြီးနှစ်ခုကို ယူသွားသော တိုင်းမှူးဆိုသူသည် ယခုအခါ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်နေပါသည်။ သူသည် စာရေးသူတို့ အမျိုးသားလွှတ်တော်သို့လည်း မကြာခဏလာရပါသည်။ သို့ကြောင့် တစ်ခါတွင် အမျိုးသားလွှတ်တော်၌ ထိုပြည်ထောင်စုဝန်ကြီးအား ကြေးရုပ်ကြီးများကိစ္စကို စာရေးသူက သွား၍မေးခဲ့သည်။

            ပြည်ထောင်စုဝန်ကြီးက မြစည်းခုံဂေါပကပြောသည့်အတိုင်း မဟုတ်ကြောင်း၊ ကြေးအမြှောက်ကြီးနှစ်လက်မှာ ဘုရားနှင့်မသင့်တော်၍ ယူသွားခြင်းဖြစ်ကြောင်း၊ ယခုတိုင်တပ်ထဲတွင် ရှိကြောင်း၊ လိုချင်ကပြန်ပေး နိုင်ပါကြောင်း၊ အာရုဏ်ခံတန်ဆောင်းကြီး ဆောက်လှူသည်ဆိုသည်မှာ မှန်ကြောင်း၊ ကြေးရုပ်ကြီးများကို သူယူမသွားပါကြောင်း၊ ထိုကိစ္စကို စုံစမ်းပေးမည်ဖြစ်ကြောင်း ပြောသွားပါသည်။

            ၄ ၅ ရက်အကြာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆန်နီက မြစည်းခုံဘုရားဂေါပက ပြောပြချက်အရ ကြေးရုပ်ကြီးတစ်ရုပ် ပြန်ရောက်လာကြောင်း၊ သို့ဖြစ်၍ သံဝေဇနိယလေးဌာနအာရုဏ်ခံ တန်ဆောင်းကြီးဘေးတွင်ပင် မြေ၌စွဲ၍ ထားလိုက်ကြောင်း ပြောပါသည်။

            စာရေးသူတို့သည် မကြာမီပင် တောင်ငူမြစည်းခုံဘုရားသို့ သွားပြီး ပြန်ရောက်လာသည့် ကြေးရုပ်ကြီးဆိုသည်ကို ကြည့်ကြပါသည်။ စာရေးသူက အဘယ်ကြောင့် ပြတိုက်ထဲတွင် မထားသနည်း။ ပညာရှင်အမေရိကန်ကြီး ပြောပြချက်အရ ယခုအခါတွင် ထိုအရုပ်မျိုးကို တစ်ရုပ်ကို (၁ ဘီလီယံ)တန်သည် ဆိုသဖြင့် ပြတိုက်ထဲတွင်သာ ထားသင့်ကြောင်း ပြောပြခဲ့ပါသည်။

            များမကြာမီပင် ဦးဆန်နီက မြစည်းခုံဂေါပကအဖွဲ့က ထုတ်ဝေသော ဘုရားသမိုင်းစာအုပ်ကလေးတစ်အုပ်ကို လာပေးပါသည်။ ထိုဘုရားသမိုင်းစာအုပ်တွင် ကြေးရုပ်များအကြောင်း ထည့်သွင်းရေးပေးရန် ဂေါပကများက ပြောပါသည်ဟု စာရေးသူအားလာပြော၏။ သို့ရာတွင် ထိုဘုရားသမိုင်း စာအုပ်စာမျက်နှာ(၁၇)ထိပ်ပိုင်းတွင်

            ၁၁။ မြစည်းခုံစေတီတော်မြတ်ကြီးပိုင် ရှေးဟောင်းကြေးသွန်း ကမ္ဘောဒီးယားရုပ်ထုကြီးအား တပ်မတော်သမိုင်းပြတိုက်မှ(၁-၄-၂၀၁၂) နေ့တွင် ပြန်လည်ရရှိခဲ့သဖြင့် ဘုရားဖူးပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ရင်ပြန်တော်ပေါ်တွင် ပြသထားလျှက်ရှိပါသည်။

            ဟုပါရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဦးဆန်နီကို ခေါ်ပြလိုက်သည်။ သို့ဆိုလျှင် စာရေးသူအနေဖြင့် ဘုရားသမိုင်းစာအုပ်တွင် ကြေးရုပ်များအကြောင်း ရေးပေးရန် မလိုတော့ကြောင့်လည်း ပြောလိုက်ပါသည်။

            ဦးဆန်နီက မန္တလေးမဟာမုနိဘုရားမှ ကြေးရုပ်ကြီးများနှင့် တောင်ငူမြစည်းခုံဘုရားမှ ကြေးရုပ်ကြီးများသည် မည်ကဲ့သို့ ရရှိခဲ့သနည်းဟု စာရေးသူအားမေးပါသည်။

            စာရေးသူက ပါးစပ်ရာဇ၀င်အရ ဟံသာဝတီပြည်ကြီးကို သံလျှင် ငဇင်ကာ၊ နတ်သျှင်နောင်နှင့် ရခိုင်ဘုရင်တို့ ၀ိုင်းတိုက်၍ ပြိုကွဲရာတွင် ဟံသာဝတီနေပြည်တော်မှ ဤကြေးရုပ်ကြီး(၆)ရုပ်ကို ရခိုင်သို့ ယူသွားခဲ့ကြောင်း နတ်သျှင်နောင်ကလည်း သူ့အတွက် ခွဲတန်းဖြင့် (၃)ရုပ်ရရှိ ခဲ့သည်ဟု သိရကြောင်း ပြောပြလိုက်ပါသည်။

            စာရေးသူသည် ရာဇ၀င်သမိုင်းကျမ်းပြုသူ ဆရာတော် ဦးပဏ္ဍိစ္စ ရေးသားပြုစု၍ ၁၃၂၈ ခု၊ တပို့တွဲလတွင် သတ္တမအကြိမ်ရိုက်နှိပ်သည့် “မန္တလေးတန်ခိုးကြီးဘုရားများ ရာဇ၀င်သမိုင်း” စာအုပ်တွင် ကြေးရုပ်ကြီးများနှင့် ပတ်သက်၍ အခန်း(၄)ခန်းခွဲ၍ ရေးသားထားသည်ကို တွေ့ရသဖြင့် ဖော်ပြလိုက်ပါသည်။

ဘုရားကြီးအတွင်း မြောက်ဘက်မျက်နှာရှိ ကြေးရုပ်များအကြောင်း
            ရှမ်းပြည် တော့ဆံရွာ တကာ-ဆုနန်္ဒက ကြေးရုပ်များ၏ ရာဇ၀င်ကို သိလိုကြောင်းနှင့် ၁၃၁၃ ခု၊(ပြာသိုလ)တွင် မေးလျှောက်ချက်ကို မူတည်၍ အများပြည်သူတို့ သိရှိနိုင်ကြရန် ဤကျမ်းတွင် ထည့်သွင်း လိုက်ပါသည်။

            မဟာမုနိဘုရားကြီး၏ အတွင်းတံတိုင်း မြောက်ဘက်မျက်နှာတွင် ထားရှိသော ကြေးရုပ်များမှာ ၁၁၄၆ ခုနှစ်၊ ပဒုံမင်း၏ သားတော် အိမ်ရှေ့-ဥပရာဇာ ဓည၀တီရခိုင်ပြည် အောင်နိုင်စဉ်အခါက မဟာမုနိဘုရားနှင့်အတူ ယူဆောင်ခဲ့သော ကြေးရုပ်များဖြစ်သည်။

            (ဤတွင် မှတ်သားစရာအချက်မှာ ရခိုင်ပြည်မှပင့်လာ ယူဆောင်ခဲ့သော်လည်း ရခိုင်ကြေးရုပ်များမဟုတ်၊ ယိုးဒယားကြေးရုပ်များ ဖြစ်သည်ကို မှတ်သားထားရမည်။)

ကြေးရုပ်များ ပဋ္ဌမရာဇ၀င်
            ကြေးရုပ်များမှာ ပဋ္ဌမဆုံး ဘကြီးတော် ကျော်ထင်အနော်ရထာ လက်ထက် ယိုးဒယားမှ ရရှိခဲ့သော ကြေးရုပ်များဖြစ်သည်။ ဘကြီးတော် လက်ထက် ရာဇ၀င်ကြည့်က သိနိုင်သည်။ ၎င်းရာဇ၀င် ချုံးလျက် ရေးလိုက်သည်။

            (၉၆၁)ခုနှစ်တွင် ယိုးဒယားဘုရင် ဗြနရာဇ်သည် တောင်ငူသို့ တိုက်ခိုက်သောအခါ မြန်မာဘက်မှ ရခိုင်ဘုရင်-မင်းရာဇာ စစ်ကူသဖြင့် တစ်လခန့်အကြာ တောင်ငူမှ ယိုးဒယားဘုရင် ခွာရလေသည်။ စစ်ရေး နိမ့်သည့်အပြင် ညီတော် ဗြသမွှန်ကိုလည်း လက်ရအမိခံရ၍၊ ယိုးဒယား ရှိ လက်နက်များနှင့် လဲလှယ်ပြီး ယူရလေသည်။ ဤသို့သော အခါက ရခိုင်ဘုရင်၏ ကျေးဇူးသည် ရှိလေသောကြောင့် တောင်ငူမင်းက ရခိုင်ဘုရားမင်းရာဇာအား အမျိုးမျိုးသော ဘဏ္ဍာများကို လက်ဆောင်ပေးရာတွင် အောက်ပါ ယိုးဒယားကြေးရုပ်များလည်း ပါဝင်ခဲ့သည်။

ကြေးရုပ်များအမည်
            ယိုးဒယားမင်း ဗြသာဓိပတိရာအရုပ်၊ မိဖုရားကြီးအရုပ်၊ ယိုးဒယား မင်းဆရာအရုပ်၊ ဧရာဝဏ်(ခေါ်)ခေါင်းသုံးလုံးနှင့် ဆင်ရုပ်၊ ယိုးဒယားတို့ ကိုးကွယ်သော ရာမရုပ်၊ ဟာနုမာန် မျောက်၊ အလမ္မါယ် မြွေသမား အရုပ်အစရှိသည်တို့ ဖြစ်လေသည်။

            အထက်အမည်ပါ ယိုးဒယားကြေးရုပ်များသည်(၁၁၄၆)ခုနှစ် မဟာမုနိဘုရားကြီးကို ပင့်ဆောင်သည့်အခါယူဆောင်ခဲ့သည်။ ထိုကြေး ရုပ်များကို ဘုရားကြီးအတွင်းမထားရှိဘဲ၊ ယခု အာနန္ဒာ ဘွဲ့တော်တွင်သော ဘုရား၏ အင်္ဂါထောင့် သိန်္နီပြသာဒ်တော်ကြီးအတွင်းဝယ် ရှေးအခါက ထားရှိကြောင်း သိရပေသည်။ ထိုစဉ်အခါက ၎င်းင်းအာနန္ဒာ ဘုရားမှာ ယခုကဲ့သို့ အုဋ္ဌ်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ၊ ကျွန်းပြာသာဒ်ကြီးဖြင့် တည်ရှိခဲ့ရာ၊ ပုဂံမင်းလက်ထက်မတိုင်မှီက အဆောက်အဦဖြစ်၍ အိုမင်းရင့်ဆွေးသည့်အခိုက် မြေငလျင်ဒဏ်ကြောင့် ၎င်းပြသာဒ်ကြီးပြို ကြရာ ထိုကြေးရုပ်များကို ထိခိုက်မိသဖြင့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် ဤမျှသာ ကျန်ရှိလေတော့သည်။ ထိုသို့ထိခိုက်ကျိုးပဲ့ပြီးမှ ဘုရားအတွင်းသို့ ရောက်ရှိခဲ့ရာ၊ နောင်လာ-နောင်သား မသိသူများက လက်များကျိုးပဲ့ကြောင်းကို မေးသည့်အခါ ပြောင်လှောင်ပြီး ၎င်း ကြေးရုပ်များက ဘုရားကြီးကို ရခိုင်ပြည်ပြန်ပင့်၍ လက်များအား ရိုက်ချိုးထားရသလို ပြောရာမှ တဆင့်တဆင့် ကာလကြာမြင့်သည့်အခါ ရယ်စရာစကားမှ အတည်စကားကဲ့သို့ ဖြစ်လေသည်။

            ယိုးဒယားပြည်နှင့် ကြေးရုပ်များ
            ဆိုခဲ့ပြီး ကြေးရုပ်များတွင် ယိုးဒယားတို့ ကိုးကွယ်သော ရာမရုပ်ကို ယိုးဒယားများသည် အမြတ်တနိုးထားလျက် ကိုးကွယ်ပုံမှာ (၉၆ ပါး ဝေဒနာတခုခု ခံစားကြရသည့်အခါ အမွှေးနံ့သာရေ၊ ရွှေရေ၊ ငွေရေ တို့ကို ဦးထိပ်မှာလောင်း၍ အောက်တွင် ဖလားစသည်ခံလျက် ရေများ ကိုယူပြီး (ရောဂါ)ပျောက်ကင်းရန် ဆုတောင်း၍ သောက်သုံးကြလေသည်။

            ယခု အားလုံး မြန်မာတို့ သုံးစွဲနေပုံကို မြင်ရသည်ကား မျက်စေ့ နာလျှင် မျက်စေ့သို့ပွတ်၊ ဗိုက်နာလျှင် ဗိုက်သို့ပွတ် စသည်ဖြင့် ဓိဋ္ဌာန် ပြုလုပ်ကြသည်ကို တွေ့ရလေသည်။

            ၎င်းကြေးရုပ်တရုပ်မှာ အမြင့် ၈ ပေ ရှိလျက်၊ တရုပ်မှာ ၇ ပေ ရှိသည်။ ၎င်း ၂ ရုပ်တွင် ၇ ပေရှိအရုပ်မှာ ခြေချောင်း ၁၀ ချောင်းစလုံး ၌ လက်စွပ်ကဲ့သို့အကွင်းများရှိလေသည်။ ၎င်းင်းအရုပ် ၂ ရုပ်ကို ယိုးဒယား အခေါ်အားဖြင့်(ထေ၀ရုပ်)ဟုခေါ်ကြောင်း၊ ဗမာလို ပီသစွာ အသံထွက်လျှင် (ဒေ၀ရူပ)ပင် ဖြစ်သည်။ နတ်ရုပ်ဟု ခေါ်သည်။

            ရာဇ၀င်အရ (ဧရာဝဏ်)ခေါ် ခေါင်းသုံးလုံးရှိသော ဆင်ရုပ်ကို ယိုးဒယားအခေါ်အားဖြင့် ချန်းစမ်းစင်(ရ်)ဟုခေါ်သည်။

            ထိုဆင်ခေါင်းသုံးလုံးပုံကို မြန်မာပြည်၌ ခြင်္သေ့၊ ဒေါင်းစသည့်တို့ကို ပိုက်ဆံများ၌ အမှတ်အသားအသုံးပြုကြလေသည်။

            ခြင်္သေ့ရုပ်ကို ယိုးဒယားအခေါ်အားဖြင့် (ရာဂျာစီဟ)ခေါ်ဆိုသည်။

            ယခုအခါ ၎င်းအရုပ်များ၏ အကြောင်းအရာမျှကိုသာ ယိုးဒယား၌ အဆင့်ဆင့်ပြောဆိုကြလျက်၊ ယိုးဒယားတွင်ကား ၎င်းအရုပ်များမရှိတော့ဘဲ ယခုမြန်မာပြည်ဘုရားကြီးအတွင်းရောက်မှ တွေ့ရတော့ကြောင်းနှင့် ယိုးဒယားသာသနာပြု ဘုန်းကြီးတစ်ပါးက ပြောပြဖူးလေသည်။

            ဤကား ဗဟုသုတဖြစ်စေခြင်းငှာ ထည့်သွင်းလိုက်ခြင်းဖြစ်ပါသည်။ ဘုရားကြီးအတွင်းဝယ် ၎င်းအရုပ်များကို ရှေးအစဉ်အဆက် အလွတ်ထားခဲ့သော်လည်း (၁၃၁၃) ခုနှစ်တွင် မန္တလေးမြို့ဝါးတန်းရပ် ဒေါ်ဖွားအို သားဦးထောင်လောင် ဘဏ္ဍာတော်ထိန်း လူကြီးဖြစ်စဉ်က အလျား(၂၇)ပေ၊ အနံ(၁၂)ပေရှိ အုဋ္ဌ်တိုက်ပြုလုပ်လျက် ကောင်းစွာထားရှိသည်ကို တွေ့ရပေသည်။

            မှတ်ချက်
            (အထက်ပါ မဟာမုနိဘုရားသမိုင်းမှ ကြေးရုပ်ကြီးများနှင့် ပတ်သက်သော ယူဆချက်များသည် ကျမ်းပြုသူဦးပဏ္ဍိစ္စ၏ ယူဆချက်များသာ ဖြစ်ပါသည်။) ပုံများတွင်ပါသည့်အတိုင်း မဟာမုနိဘုရားကြီး၌ ကြေးရုပ်ပြတိုက်ဟူ၍ရှိပြီး ကြေးရုပ်များကို ပြတိုက်အတွင်းထားရှိကြောင်း သိရသဖြင့် ပွတ်သပ်သည့်သူများရန်မှ အေးသွားပြီဟု စာရေးသူ ထင်နေပါသည်။ သို့သော် မကြာသေးမီက ဂျာနယ်တစ်စောင်တွင် မဟာမုနိဘုရားကြီး၌ ကြေးရုပ်များကို ပြန်၍ ပွတ်သပ်ခွင့်ပေးကြောင်းပုံ များနှင့်ပါလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် စာရေးသူ၏ စိတ်ထဲတွင် မဝေခွဲတတ်အောင် ဖြစ်ရပါသည်။ ဤကိစ္စကို အသာထားပြီး မြစည်းခုံဘုရားမှ ကြေးရုပ်ကြီးများအကြောင်းကို ပြန်ဆက်ကြရအောင်။

            တောင်ငူမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆန်နီ တစ်လောကပြောပြသည်မှာ သူ့စိတ် အထင်မြစည်းခုံသို့ ရောက်လာသည့် ကြေးရုပ်ကြီးမှာ မူလက ကြေးရုပ်မဟုတ်ဟု ထင်ရကြောင်း၊ ဂေါပကအတွင်း၌လည်း သဘောထားကွဲလျှက် ရှိသည်မှာ အချို့က ယူသွားသည့် ကြေးရုပ်သည် တစ်ရုပ်တည်းသာဖြစ်ကြောင်းနှင့် အချို့က နှစ်ရုပ်ဟု ပြောနေကြကြောင်း၊ အရုပ်တစ်ရုပ်ကို ကာလတန်ဘိုးဖြင့် (၁ ဘီလီယံ) တန်ကြောင်း သိပါလျက်နှင့် ယခုအခါပြန်ရောက်သည့် ကြေးရုပ်ကြီးကို ပြတိုက်ထဲတွင် မထားဘဲ သံဝေဇနိယလေးဌာန အာရုဏ်ခံ တန်ဆောင်းကြီးဘေးတွင် အင်္ဂတေ၌ မြှုပ်၍ မိုးပြင်လေပြင်တွင် ထားသည်မှာလည်း တွေး၍မရကြောင်းတို့ပင် ဖြစ်ပါသည်။

            စာရေးသူသည်(၂၀၁၁)ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ဒုတိယ၀န်ကြီးအဖြစ်မမျှော်လင့်ဘဲ ခန့်အပ်ခြင်းခံရပါသည်။  ၀န်ကြီးဌာနအလိုက် နိုင်ငံခြားဧည့်သည်များနှင့် တွေ့ဆုံခြင်းပြုရသည်မှာ ထုံးစံပင်ဖြစ်ပါသည်။ (၁၅-၂-၂၀၁၃)ရက်၊ သောကြာနေ့ နံနက်(၁၀)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနမှာ Secretary of State H.U. Mr.Khin Sarith ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရပါသည်။

            ထိုတွေ့ဆုံပွဲတွင် ဒုတိယ၀န်ကြီးအနေဖြင့် စာရေးသူလည်း တက်ရောက်ရပါသည်။ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ၀န်ကြီးဌာနသို့ ခေါ်လာယူမှာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ဦးပြုံးမောင်မောင်က ခေါ်လာခြင်းဖြစ်သည်။ ဦးပြုံးမောင်မောင်သည် Chairman, Seanet, Technologies MSC Sdn Bhd. Phnom Penh, Cambodia ဖြစ်၏။ တွေ့ဆုံဆွေးနွေးပွဲမှာ မဟာမုနိဘုရားကြီးမှ ကြေးရုပ်ကြီးများကို အတိုင်းအတာနှင့်တကွ အတိအကျယူပြီး ကြေးသွန်းဆရာနှင့် ပုံတူကြေးသွန်းရုပ်များ သွန်းလုပ်၍ ကမ္ဘောဒီးယားနိုင်ငံသို့ ယူသွားချင်ကြောင်း ခွင့်ပြု မပြု ကိစ္စကို လာမေးခြင်းဖြစ်ကြောင်း၊ သို့မဟုတ် ကြေးသွန်းဆရာအား ကမ္ဘာဒီးယားဘုရင်ဟောင်း သီဟာနုပုံကိုလည်း သွန်းယူမည်ဖြစ်ကြောင်း၊ သို့မဟုတ် ကြေးသွန်းဆရာအား ကမ္ဘောဒီးယားသို့ ခေါ်ဆောင်သွားပြီ သွန်းစေမည်ဖြစ်သည့်အကြောင်းလည်း ပါဝင်သည်။ (ကြည့်ရသည်မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ပန်းတဉ်းပညာရှင် လောက်လောက်လားလား မရှိတော့ဟု ထင်ရပါသည်။)

            စာရေးသူကလည်း ဦးပြုံးမောင်မောင်မှတဆင့် ကမ္ဘောဒီးယားအဖွဲ့အား တောင်ငူမှ မြစည်းခုံဘုရားကြီးတွင် မန္တလေးမဟာမုနိဘုရားကြီးမှာကဲ့သို့ ကြေးသွန်းရုပ်များရှိကြောင်း အသိပေးလိုက်ပါသည်။ သူတို့က ၀မ်းမြောက်ဝမ်းသာနှင့် နေပြည်တော်မှအပြန် တောင်သူသို့ဝင်ပြီး ကြေးရုပ်ကြီးများကြည့်မည်ဟု ပြောသွားသည်။ များမကြာမီပင် ဦးပြုံးမောင်မောင်က စာရေးသူအား ဖုန်းဆက်လိုက်သည်။ အကြောင်းမှာ မြစည်းခုံဘုရားကြီးမှ နောက်ရောက်လာသော ကြေးရုပ်ကြီးသည် ခမာရုပ် မဟုတ်၊ ခမာလက်ရာ မဟုတ် ဟူ၍ဖြစ်ပါသည်။

            နေပြည်တော် စစ်သမိုင်းပြတိုက်တွင် အလားတူကြေးရုပ်များရှိသည်ဟု သတင်းကြားရသဖြင့် စာရေးသူတို့ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် စာရေးသူတို့သည် နေပြည်တော် စစ်သမိုင်းပြတိုက်သို့ သွား၍ကြည့်ပါသည်။ မတွေ့ပါ။ သို့သော် ပြတိုက်မှူးက ကြေးရုပ်များရှိပါသည်။ မပြရသေးခြင်းသာဖြစ်သည်။ သိမ်းထားသည်ဟု ပြောပါသည်။

            (၂၄-၅-၂၀၁၃)ည၌ ကုန်သည်ကြီးများ ဟိုတယ်တွင် အဋ္ဌမအကြိမ် ရွှေအမြုတေစာပေဆုပေးပွဲကျင်းပသည်ကို စာရေးသူတက်ရောက်ခဲ့ရပါသည်။ ထိုပွဲတွင် စာရေးဆရာ မာန်(တောင်လုံးပြန်)နှင့် တွေ့ကြရသည်။ သူနှင့် စကားလက်ဆုံကျ၍ မြစည်းခုံဘုရားကြီးမှ ကြေးရုပ်ကြီးများအကြောင်းကို ပြောကြရာ ဆရာမာန်(တောင်လုံးပြန်)က

            “ဆရာရယ် . . .ဒီအကြောင်းတွေကို ဆောင်းပါးတစ်ပုဒ်ရေးပေးပါ”
ဟု ပြောသဖြင့် ယခုဆောင်းပါးကို စာရေးသူ ရေးလိုက်ရခြင်းဖြစ်ပါသည်။ “အမှန်ကို . .ဘုရားသိမည်” ဟု ဆိုရိုးရှိသည့်အတိုင်း တောင်ငူမြ စည်းခုံဘုရားကြီးမှ ခမာကြေးရုပ်ကြီးများရှာပုံတော်ပြဿနာ၏ အမှန် တရားကို မြစည်းခုံဘုရားကြီးသာ သိတော်မူလိမ့်မည်ဖြစ်ပါသတည်း။
မောင်သန်းဆွေ(ထားဝယ်)

No comments: