ဒါဟာ ပျောက်ခြင်းမလှပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း MH370 မဟုတ်ပါဘူး…
ဘာလဲဆိုတော့ ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ…
၁၉၈၅ ခုနှစ် ဂျပန်လေကြောင်းလိုင်း ၁၂၃ ဟာ ရုတ်တရက် လေယာဉ်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်… ၅၂၀ ယောက်သေဆုံးခဲ့ပြီး ၄ ယောက်ဘဲ အသက်ရှင်ခွင့်ရခဲ့ပါတယ်… အခုချိန်ထိ အဲဒီ လေယာဉ်အန္တရာယ်ဟာ ကမ္ဘာပေါ်မှာ တတိယ အကြီးမားဆုံးသော လေကြောင်းဆိုင်ရာ ကပ်ဘေးဖြစ်နေပါသေးတယ်… အဲဒီလေယာဉ်ဟာ လူအပြည့်သယ်ဆောင်ခဲ့ပြီး ပျံသန်းနေချိန်မှာဘဲ ရုတ်တရက်ပေါက်ကွဲခဲ့ပါတယ်… ပေါက်ကွဲပြီး လေယာဉ်ဟာ မိနစ် ၃၀ ကျော်ခန့်ကို လူးလဲ ရုန်ကန်ပျံသန်းပြီး နောက်ဆုံး ပျက်ကျခဲ့ပါတယ်…
၁၉၈၅ သြဂုတ်လ ၁၂ ရက်နေ့မှာ ဂျပန်လေကြောင်းလိုင်း ၁၂၃ ဟာ တိုကျို Haneda Airport မှ အိုဆာကာမြို့ကို ပျံသန်းဖို့ ထွက်ခွာခဲ့ပါတယ်… အစပိုင်းမှာတော့ ဒါဟာ မထူးဆန်တဲ့ သာမန် ခရီးစဉ်လေးတစ်ခုပါဘဲ… သာမန် နှုတ်ဆက်ခြင်းတွေ… သာမန် လွမ်းဆွတ်မှုတွေ… သာမန် ပြန်လည်တွေ့ဆုံကြဦးမယ် ဆိုတဲ့အတွေးတွေနဲ့ လေဆိပ်မှာ ဆွေမျိုး မိသားစု သူငယ်ချင်းတွေကို နှုတ်ဆက်ခဲ့ကြတယ်… အိမ်သားတွေနဲ့လဲ ဘယ်အချိန် ပြန်လာမယ်… ဘယ်နေ့ပြန်တွေ့ကြမယ်ဆိုပြီး အလေးထားကာ နှုတ်ဆက်ခဲ့ကြတယ်… Departure ဂိတ်ကနေထွက်ခွာကြပြီး လေယာဉ်ပေါ်ကို ခါတိုင်း ပုံမှန်လိုဘဲ တက်ခဲ့ကြတယ်… ပျော်ရွှင်စွာ ခရီးစဉ်ကြီးကို စတင်ခဲ့ပါပြီ… လေယာဉ်ပျံသန်းပြီး ၁၂ မိနစ်အကြာမှာ … ရုတ်တရက် ၀ုန်းခနဲ ပေါက်ကွဲသံကို ကြားလိုက်ရပြီး လူတွေရဲ့အော်ဟစ်သံထွက်လို့လာပါတယ်… လေယာဉ်အမြီးပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အတွင်းမှာ လေဖိအားတွေ လျော့နည်းလာပါတယ်… အောက်ဆီဂျင် Mask တွေ အလိုအလျောက်ကျလာခဲ့ပေမဲ့လဲ အာနိသင်မရှိဘူးဖြစ်နေပါတယ်… ခရီးသည်တွေ အားလုံးဟာ စိုးရိမ် ကြောက်ရွံ့တုန်လှုပ်သူတွေနဲ့ လေယာဉ်အတွင်းမှာ ငရဲအလား ဖြစ်နေပါတယ်… လေယာဉ်ဟာလဲ ပျံသန်းနေရာက လုံးဝကို ထိန်းချုပ်လို့မရတော့ပါဘူး… လေယာဉ်ဟာ ကောင်းကင်ပေါ်မှာ ယိမ်းယိုင်ဝေ့၀ိုက်ကာ နာရီဝက် ကျော်ကျော် အလူးအလဲ ပျံသန်ဖို့ကြိုးစားခဲ့ပါသေးတယ်… သေဆုံးခြင်းကို ရင်ဆိုင်ရမဲ့ ရှေ့ကိုရောက်လာတဲ့အချိန်မှာ … တချို့လူတွေက တုန်လှုပ်ခြောက်ခြားကြတယ်… တချို့က မျော်လင့်ချက်ကင်းမဲ့ကြတယ်… ဘုရားကို တမ်းတက ဆုတောင်းနေကြတယ်… တချို့က ဒီလို ရှုပ်ထွေးနေတဲ့ကြားကနေ အိမ်သားတွေ အတွက် နောက်ဆုံးစကားကို ချန်ပေးနေကြတယ်…
“သားကြီး… သမီးလတ်… အငယ်လေး… မင်းတို့ မေမေကို ကောင်းကောင်းဂရုစိုက်ကြပါ… ဖေဖေတော့ တောင်းပန်ပါတယ်… ဒီတစ်ခါတော့ အသက်ရှင်မယ်မထင်တော့ဘူး…”
“ကျနော် ဒီ တစ်သက် လေယာဉ်ထပ်မစီးချင်တော့ပါဘူး… အရှင်ဘုရား ကယ်တော်မူပါ…”
“မထင်မိဘူး… မနေ့က အားလုံးနဲ့ ထမင်းအတူစားခဲ့တာဟာ နောက်ဆုံးတစ်နပ်ဖြစ်ခဲ့မယ်လို့…”
“ဘာကိစ္စဘဲ ဖြစ်ခဲ့ပါစေ… သား… အားလုံး မင်းကို အားကိုးပါတယ်…”
“မိန်းမရေ… ဒီလို အဖြစ်အပျက်တွေ ဖြစ်လာတော့ ငါလဲ မတတ်နိုင်တော့ပါဘူး… သားလေးကို ကောင်းကောင်းဂရုစိုက်ပါ…”
“အခု ၆ နာရီခွဲပြီ… လေယာဉ်က လူးလွန့်နေတုန်း… အောက်ကို အရှိန်နဲ့ ကျဆင်းနေတယ်…”
“ဒီနေ့ မတိုင်ခင်အထိ ငါ့ဘ၀ဟာ ပျော်ရွှင်စရာကောင်းပါတယ်… အရာရာတိုင်းအတွက် ကျေးဇူးပါ…”
ဒီစာရွက်အပိုင်းအစတွေဟာ ခရီးသည်တွေ မီးလောင်ခဲ့စဉ်က မလောင်ကျွမ်းမိတဲ့ စာရွက် အပိုင်းအစလေးတွေဖြစ်ပါတယ်…
နောက်ဆုံးတော့ လေယာဉ်ဟာ တောင်စောင်းတစ်ခုပေါ်ကို ပျက်ကျ လောက်ကျွမ်း ပျက်ဆီးခဲ့ပါတယ်…
လူ့ဘ၀ဆိုတာ ကြည့်လိုက်ရင် အရှည်ကြီးလို့ ထင်ရတတ်ပါတယ်…
ဒါပေမဲ့ လူ့အသက်ဟာ အမြဲ ပုံမှန်မရှိနေတတ်ပါဘူး…
ကိစ္စတွေ တော်တော်များများကို ကျနော်တို့ ထင်မိခဲ့ကြတယ်… ရှေ့မှာ ရက်တွေ အများကြီးရှိပါသေးတယ်… အချိန်တွေ အများကြီးရှိပါသေးတယ်ဆိုတာကို…
သို့ပေမဲ့… ပုံမှန် မဟုတ်ခြင်းဆိုတဲ့ အရာ ဆိုက်ရောက်လာတဲ့အချိန်မှာ ကျနော်တို့ရဲ့ အသက်ဟာ ရုတ်တရက် ပုဒ်မ တစ်ခု ချလိုက်ရသလိုပါဘဲ…
အဲဒီအချိန်ရောက်မှ လှုပ်နိုးမိသလို ဖြစ်တတ်ပါတယ်… ချန်ခဲ့တဲ့… ကျန်ခဲ့တဲ့ အရာတွေဟာ များလွန်းလှပါတယ်…
အချိန် မမှီတော့ဘူး ဆိုတဲ့အရာတွေ…
မိဘတွေကို ပြန်လုပ်ကျွေးဖို့ အချိန် မမှီတော့ဘူး…
သားသမီးတွေကို များများအဖော်လုပ်ပေးဖို့ အချိန်မမှီတော့ဘူး…
အိမ်သားတွေကို ပေးခဲ့တဲ့ ကတိတွေ အကောင်ထည်ဖော်ဖို့ အချိန်မှီတော့ဘူး…
ကိုယ့်ရဲ့ အိပ်မက်ကို အကောင်ထည်ဖော်ဖို့ အချိန်မမှီတော့ပါဘူး…
အသက်ရဲ့ နောက်ဆုံး အချိန် အပိုင်းအခြားလေးကို ရင်ဆိုင်နေရတဲ့အချိန်မှာ ခင်ဗျားတို့ ဘယ်သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါသလဲ?
ဒါမှမဟုတ်ရင် ဘယ်သူ့ကို ချစ်ပါတယ်လို့ ပြောချင်ပါသလဲ?
တကယ်လို့သာ အချိန်နည်းနည်းပိုရဖို့ကိုဘဲ ဆုတောင်းလေမလား?
ဒါမှမဟုတ်… ကိုယ့်ရဲ့ အရင်းနှီးဆုံး အချစ်ဆုံးသူတွေနဲ့ဘဲ ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်နေလေမလား?
ကျေးဇူးတင်ရမှာက… အခုကျနော်တို့ အသက်ရှင်လျက်ရှိနေပါသေးတယ်… ကိုယ့်ရဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ အားအင်တွေရှိနေပါသေးတယ်… ကိုယ့်ရဲ့ တန်ဖိုးကို တည်ဆောက်ဖို့ အခွင့်အရေးတွေရှိနေပါသေးတယ်…
တစ်ခုတောင်းဆိုပါတယ်… ရှိသမျှ အချိန်ပိုင်းတွေကို ကိုယ့်ရဲ့ နောက်ဆုံးအချိန်ပိုင်းလို သဘောထားပြီး… ရှိသမျှ အခွင့်အရေးတွေကိုလဲ လူ့ဘ၀ရဲ့နောက်ဆုံးအခွင့်အရေးလို သဘောထားပြီး… ကိုယ့်ရဲ့ ဘေးမှာ ရှိနေတဲ့ လူနဲ့ အရာတွေအားလုံးကို တန်ဖိုးထားပါ… အသက်ရဲ့ လက်ရှိအချိန်တိုင်းကို အမိအရဆုတ်ကိုင်ထားပြီး တောက်ပတဲ့ လူ့ဘ၀ ဖန်တီးနိုင်ပါစေ…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
Wanna find out more? Follow me @ https://www.facebook.com/aungyunaing

No comments:
Post a Comment