Min Zaw Oo with Aung Naing Oo and 3 others.
NCA (သို့) သဘော နှစ်ခါတူခဲ့ရတဲ့ စာချုပ်
မတ်လ (၃၁) ရက်နေ့ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ နေ့တစ်နေ့ပါ။
၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက် နေ့မှာ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်များ နဲ့ နိုင်ဟံသာဦးဆောင်တဲ့ Nationwide Ceasefire Negotiation Team (NCCT) တို့ စာချုပ်မူကြမ်းကို အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ (၁၇)လကြာ ဆွေးနွေးငြင်းခုံ ခဲ့ကြတဲ့ စာချုပ်မူကြမ်းကို နိုင်ငံတကာသက်သေ ဘယ်သူပါမယ်၊ ဘယ်အဖွဲ့တွေ လက်မှတ်ထိုးမယ်ဆိုတဲ့ အချက်ကလွဲရင် ကျန်အချက်တွေ အားလုံးကို သဘောတူခဲ့ကြပြီးဖြစ်တဲ့ စာချုပ်မူကြမ်းဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ရှေ့မှောက်မှာ စာချုပ်မူကြမ်းကို နှစ်ဖက်ကိုယ်စားလှယ်များ လက်မှတ်ထိုး လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအချိန်ရဲ့ အဓိက အဖုအထစ်က ၂၀၁၅ ဖေဖော်ဝါရီလ ထဲမှာ ဖြစ်ခဲ့တဲ့ လောက်ကိုင်ထိုးစစ်ဖြစ်ပါတယ်။ NCCT ထဲမှာပါနေတဲ့ အဖွဲ့ (၃)ဖွဲ့ဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့က စာချုပ်မူကြမ်းသဘောတူညီမှု ရခါနီးမှာ ဒီစစ်ဆင်ရေးကို လုပ်ခဲ့တဲ့ အပေါ်မှာ အစိုးရဖက် နဲ့ တပ်မတော်ဖက်တို့မှာ စဉ်းစားစရာတွေ ခံပြင်းစရာတွေ ဖြစ်လာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ဆိုတာ မြန်မာပြည်သမိုင်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ အနည်းဆုံး နှစ်တစ်ခုအဖြစ် ငြိမ်သက်ခဲ့ပါတယ်။ NCA ညှိနိုင်းနေစဉ်မှာ အားလုံးက ဝိုင်းထိန်းတာကြောင့်လည်းဖြစ်ပါတယ်။ NCA လာညှိနိုင်းတဲ့ EAO ခေါင်းဆောင်တွေနဲ့တပ်မတော်က ကို်ယ်စားလှယ်တွေအကြား ဘေးတိုက်ဆွေးနွေးမှုတွေလုပ်ပြီး အချို့တိုက်ပွဲတွေကို လျော့ချနိုင်အောင် ရှောင်ကွင်းနိုင်အောင် လုပ်နိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် ကိုးကန့်ဒေသ စစ်ဆင်ရေးစတင်လိုက်တဲ့ ဖေဖော်ဝါရီကစပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် အများကြီး အခက်အခဲဖြစ်ခဲ့ရတယ်ဆိုတာကို အတွင်းပိုင်းမှာ လုပ်နေသူတွေ အသိဆုံးဖြစ်ပါတယ်။ အဲဒီ (၃)ဖွဲ့လည်း ဖေဖော်ဝါရီ နောက်ပိုင်းဆွေးနွေးပွဲတွေမှာ မတက်တော့ပါဘူး။
မတ်လကုန်မှာ စာချုပ်မူကြမ်းကို နှစ်ဖက်ကိုယ်စားလှယ်တွေ အတည်ပြုနိုင်တဲ့ အတွက် ကျွန်တော်တို့ လည်း ဝမ်းသာမိပါတယ်။ ငြိမ်းချမ်းရေးရောင်ခြည် ပြန်သန်းလာပြီ။ မျှော်လင့်ချက်တွေပြန်ရှိလာခဲ့ပါတယ်။
ဒီလိုနဲ့ လောခီးလာညီလာခံဖြစ်လာပါတယ်။ ညီလာခံအတွင်းမှာ NCCT မှာ ပါခဲ့တဲ့ ကိုယ်စားလှယ်တွေ ဝေဖန်ခံရတယ်ဆိုတာတွေ ကြားရပါတယ်။ တစ်ဆက်တည်းမှာပဲ သဘောတူခဲ့တဲ့ မူကြမ်းကို လက်မခံပဲ ထပ်မံပြင်ဆင်ဦးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ခဲ့ပါတယ်။ အဲဒါအပြင် ယခင်ရှိပြီးသား NCCT နေရာမှာ SD ဆိုပြီး ဆရာမနော်စီပိုးရာစိန် ဦးဆောင်တဲ့ အဖွဲ့သစ်နဲ့ အစားထိုးလိုက်ပါတယ်။
အစိုးရထဲမှာ တော်တော် စဉ်းစားစရာတွေဖြစ်သွားပါတယ်။ ယခင်သဘောတူခဲ့တဲ့ မူကြမ်းကို လက်မခံတဲ့ အပြင် ဆွေးနွေးမယ့် အဖွဲ့သစ်နဲ့ ခေါင်းဆောင်သစ်ကို ဖွဲ့စည်းလိုက်တယ် ဆိုတဲ့ အပေါ်မှာ အစိုးရ အနေနဲ့ သို့လောသို့လောဖြစ်ခဲ့ရပါတယ်။
NCA ကို တကယ်ပဲ ဆက်ဆွေးနွေးသင့်သလားဆိုတဲ့ အထိ စဉ်းစားစရာတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လို နည်းပညာအရ အထောက်အကူပေးတဲ့ သူတွေကြားမှာတောင် ဆက်ဆွေးနွေးလို့ ဖြစ်ပါဦးမလားလို့ စဉ်းစားခဲ့ကြတာ ရှိပါတယ်။
အဲဒီအချိန်မှာ ဦးအောင်မင်း ရဲ့စိတ်ရှည်သည်းခံမှုကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ သူအနေနဲ့ အားမလျော့ဘဲ SD ခေါင်းဆောင်တွေနဲ့ အမြန်ဆုံးတွေ့နိုင်အောင်ကြိုးစားခဲပါယ်။
ချင်းမိုင်မှာ ဆရာမနော်စီပိုးရာစိန်ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်။ ချင်းမိုင်အစည်းအဝေးအတွင်း အားလုံးပါဝင်ရေးဆိုတဲ့ မူအပေါ်မှာ Flexibility ရှိရှိနဲ့ လုပ်သွားမယ်ဆိုတဲ့ စကားကို SD ခေါင်းဆောင်တွေဆီက ရခဲ့တဲ့ အတွက် အစိုးရအနေနဲ့ NCA ညှိနိုင်းမှုကို SD အဖွဲ့သစ်နဲ့ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လို်က်တာဖြစ်ပါတယ်။
SD နဲ့ ဆွေးနွေးတဲ့ အခါမှာ ဆရာမနော်စီပိုးရာစိန် အနေနဲ့ ရရှိထားပြီးတဲ့ NCA မူကြမ်း မပျက်ပျယ်ရေးအတွက် အားစိုက်ထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆရာမကြီးရဲ့ကြိုးပမ်းချက်တွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ဒီလိုနဲ့ NCA ပါအချက်အလက်များကို ဒုတိယအကြိမ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ NCA လို့ပြောရင် စာချုပ်တစ်ခုတင်မကဘဲ သူ့ရဲ့နောက်ဆက်တွဲ အစည်းအဝေး ဆုံးဖြတ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရတာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကလည်း စာချုပ်နည်းတူ သက်ရောက်မှုရှိပါတယ်။ အခုကျွန်တော်တို့ JMC လုပ်ငန်းတွေမှာလည်း စာချုပ်အပြင် အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ကိုးကားနေရဆဲပါ။
အဓိက ဆိုလိုချင်တာက NCA ကို သဘောတူညီမှု ရခဲ့တာ (၂)ကြိမ်ဖြစ်ပါတယ်။ တစ်ခါတည်း မဟုတ်ပါဘူး။ စာချုပ်ပါအကြောင်းအရာများအပေါ်မှာ ဝိဝါဒကွဲလို့ လက်မှတ်မထိုးခဲ့ကြတာမဟုတ်ပါဘူး။ ကိုးကန့်စစ်ပွဲရဲ့နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာတွေ အပေါ်မှာ ယုံကြည်မှု တည်ဆောက်ရေး ထိခိုက်ခဲ့ရပြီး အားလုံးပါဝင်ရေးဆိုတဲ့ ကြိုးပမ်းမှုတွေမှာ အများကြီးထိုခိုက်ခဲ့ပါတယ်။ တစ်ချို့အသေးစိတ်အချက်တွေ ရှိပါသေးတယ်။ တစ်ချိန်ကြရင်တော့ အချိန်ယူပြီး ရေးပါ့မယ်။
မူကြမ်းအတည်ပြုခဲ့ တဲ့ (၂) နှစ်မြောက်နေ့မှာ နှစ်ဖက်ကခေါင်းဆောင်တွေအားလုံးရဲ့ ပိတိဖုံးပြီး ပြုံးနေတဲ့ မျက်နှာတွေကို အခုထိမြင်ယောင်နေဆဲပါ။
မြန်မာပြည်ငြိမ်းချမ်းပါစေ...........

No comments:
Post a Comment