ဒီတစ်ပတ် ရေးဖြစ်တဲ့ ဆောင်းပါး
“မြိတ်လေယာဉ်ပြန်ပေးဆွဲမှုကြီး”
စိုးငယ်
ပြီးခဲ့သော ရက်ပိုင်းအတွင်းက Grand Jade ဟိုတယ်ရှေ့မှ ဖြတ်သွားရင်း
၎လွှာရှိ ဂုဏ်3D အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသနေသော မြန်မာရုပ်ရှင်
ဇာတ်ကားကြော်ငြာကို သတိပြု မိပါသည်။၎င်းရုပ်ရှင် ဇာတ်ကားအမည်မှာ BURMA'S
HIJACK (ရောင်နီဦး၏ အလင်းရောင်နှင့်အတူ) ဖြစ်ပါသည်။ရုပ်ရှင်ဇာတ်ကားအမည်ကို
စိတ်ဝင်စားမိသောကြောင့် အပြန်မှာ ဟိုတယ်ရှေ့ ဆိုင်ကယ်ရပ်ပြီး
ကြော်ငြာဗီနိုင်းကို ၀င်ဖတ်ကြည့်ရာ ကျွန်တော်ထင်ထားသလိုပင် ၁၉၅၄ခုနှစ်၊
ဇွန်လ (၂၆)ရက်နေ့တွင် ရန်ကုန်မှ စစ်တွေသို့ သွားသော လူ၁၆ယောက်စီး
ဒါကိုတာလေယာဉ်အား KNDO လက်နက်ကိုင် တပ်သားများ ပြန်ပေးဆွဲခဲ့ပုံကို ပြန်လည်
ရိုက်ကူးထားသော ဇာတ်ကား ဖြစ်နေပါသည်။ အဆိုပါ လေယာဉ် ပြန်ပေးဆွဲမှုမှာ
မြန်မာနိုင်ငံ၏ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ပြီး ရှေ့မီနောက်မီ
လူကြီးသူမများက ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုဟု ဆိုစမှတ်
ပြုခဲ့ကြပါသည်။အကယ်၍များ ဤအဆိုအတိုင်းသာ မှန်ကန်ပါက “လေယာဉ်ပြန်ပေးမှု အစ
မြန်မာက”ဟု ပြောရမလိုပင်။
ထိုနေ့က အဆိုပါ ရုပ်ရှင်ဇာတ်ကားကို
ဝင်ကြည့်လိုက်ရမလားဟု ဟိုတယ်ရှေ့ရပ်ပြီး စဉ်းစားမိပေမယ့် ထိုလေယာဉ်
ပြန်ပေးဆွဲမှု အကြောင်း ရေးထားသော စာအုပ်ကို ဖတ်ဖူးတာက တစ်ကြောင်း၊
PASSENGER57၊AIRFORCE ONE .....အစရှိသည့် လေယာဉ်ပြန်ပေးဆွဲမှုအကြောင်း
ရိုက်ကူးထားသော နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသူ
တစ်ယောက်အတွက် မြန်မာ့လေယာဉ်ပြန်ပေး ရုပ်ရှင်ဇာတ်ကားမှာ မတိုးတော့တာက
တစ်ကြောင်းကြောင့် စိတ်လျော့ပြီး ဟိုတယ်ရှေ့မှ လှည့်ပြန်ခဲ့ပါသည်။သို့သော်
ထိုနေ့က အိမ်ပြန်ရောက်သောအခါ အဆိုပါ BURMA'S HIJACK ရုပ်ရှင်ဇာတ်ကားကို
အကြောင်းပြုပြီး ကျွန်တော်သည် လွန်ခဲ့သော ၂၇နှစ်ခန့်က မြိတ်တစ်မြို့လုံး
တုန်လှုပ်ချောက်ချား ခဲ့ရသော နေ့လေးတစ်နေ့ကို ပြန်လည်
သတိရမိပါသည်။ထိုနေ့ကား...................
၁၉၈၉ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့၊သောကြာနေ့။
ထိုနေ့ ညနေလေးနာရီခွဲခန့်တွင် မြိတ်တစ်မြို့လုံးကို အုတ်အော်သောင်းနင်း
ဖြစ်စေခဲ့သော သတင်းတစ်ပုဒ်က တောမီးပမာ လျင်မြန်စွာ
ပျံ့နှံ့ခဲ့ပါသည်။ထိုသတင်းမှာ “မြိတ်မှ ရန်ကုန်သို့သွားသော လေယာဉ် ပြန်ပေး
အဆွဲခံလိုက်ရတယ်”ဟူလို။ ထိုသတင်းကြောင့် မြိတ်တစ်မြို့လုံး ပဒူအုံကို
တုတ်နဲ့ ထိုးလိုက်သလို လှုပ်လှုပ်ရွရွ ဖြစ်ကာ တချို့က ထိုသတင်း တကယ်
မှန်မမှန် လေယာဉ်ရုံးမှာ သွားရောက် စုံစမ်းကြသလို တချို့ကလည်း
လေယာဉ်ကွင်းမှာ သွားရောက် စုံစမ်း မေးမြန်းကြလေသည်။ ထိုအပြင် ဖုန်းရှိသော
အိမ်တွေကလည်း ထိုသတင်း မှန်မမှန် ရန်ကုန်ရှိ ဆွေမျိုးသားချင်းများထံ
ဆက်သွယ်မေးမြန်း ကြသလို တချို့ကလည်း အဆိုပါ လေယာဉ်ကြီး
မြိတ်လေယာဉ်ကွင်းသို့ ပြန်လည် ဆင်းသက် လာမလား ဟူသော မျှော်လင့်ချက်ဖြင့်
လေယာဉ်ကွင်း အနီးသို့ သွားပြီး မယောင်မလည် အကဲခတ်လျက် ရှိပါသည်။ ထိုနေ့က
မြိတ်သူမြိတ်သားများမှာ အဆိုပါ သတင်းထူးကြောင့် မိမိတို့ လုပ်လက်စ
အလုပ်များကို ခေတ္တ ရပ်နားထားကာ အိမ်အပြင်ဘက် ထွက်လာကြပြီး သူတို့
ကြားသိရသမျှ သတင်းများကို အပြန်အလှန် ဖလှယ်ကြ၊ထင်မြင်ချက်တွေ ပေးကြ၊
ဝေဖန်ကြနှင့် မြို့ကလေးမှာ ထူးထူးခြားခြား သက်ဝင်လှုပ်ရှား လာပါသည်။
အထူးသဖြင့် ထိုလေယာဉ်၌ ခရီးသည်အဖြစ် လိုက်ပါခဲ့ကြသူတွေ၏ မိသားစုဝင် များမှာ
ကောလာဟလ သတင်းသာ ဖြစ်ပါစေတော့ဟု ကျိတ်ပြီး ဆုတောင်းနေရင်းနှင့်ပင်
ထိုသတင်း မှန်မမှန် လေယာဉ်ရုံးမှာပဲ ပြေးစုံစမ်းရ မလိုလို၊ လေယာဉ်
ကွင်းမှာပဲ သွားရောက် စုံစမ်းရ မလိုလို၊ ဒါမှမဟုတ် ဘ၀တူ လေယာဉ်စီး
ခရီးသည်များ၏ မိသားစုဝင်များထံ သွားရောက် မေးမြန်းရ မလိုလိုနှင့်
ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါသည်။ထိုခေတ်က ကျွန်တော်တို့မှာ ပြင်ပကမ္ဘာနှင့်
ဆက်သွယ်ဖို့ ဟန်းဖုန်းမရှိ၊ ဂြိုဟ်တုစလောင်း မရှိ သလို အင်တာနက်လည်း
မရှိပါ။သတင်းအမှောင် ချထားသော န၀တ စစ်အစိုးရခေတ်မို့ ပြည်တွင်း
သတင်းအမှန်များကို သိချင်ပါက ပြည်ပ အသံလွှင့်ဌာန များကိုသာ အဓိက အားကိုး
နေရပါသည်။ အထူးသဖြင့် BBCနှင့် VOA သတင်းဌာနတို့ ဖြစ်ပါသည်။BBC သတင်းဌာနမှာ
၈၈အရေးအခင်း ကာလတစ်လျှောက် ရန်ကုန်မြို့မှ ရှေ့နေ ဦးနေမင်း နှင့်
ချိတ်ဆက်ပြီး သတင်းမှန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့မှ
စဉ်ဆက်မပြတ် ပေးပို့ခဲ့သော သတင်းထောက် “ခရစ္စတိုဖာဂန်းနက်”ကြောင့်
မြန်မာလူထုကြား အထူး ရေပန်းစားခဲ့ပါသည်။
သို့ဖြင့် တဖြည်းဖြည်း အချိန်
ကြာမြင့်လာတာနှင့် အမျှ သက်ဆိုင်ရာက တရားဝင် သတင်း မထုတ်ပြန်သေးပေမယ့်
လေယာဉ်ပြန်ပေး အဆွဲခံရသော သတင်းမှာ ပို၍ အခြေအမြစ် ရှိလာပါတော့သည်။
အကြောင်းမှာ မြိတ်မှ ရန်ကုန်သို့ ဂျက်လေယာဉ်တစ်စီး ပျံသန်းချိန်မှာ ၅၅မိနစ်
ခန့်သာကြာမြင့်ပြီး ထိုလေယာဉ်မှာ မြိတ်လေယာဉ်ကွင်းမှ ပျံတက်ပြီး မင်္ဂလာဒုံ
လေဆိပ်သို့ တစ်နာရီခွဲကြာလည်း ရောက်မလာ၊ နှစ်နာရီကြာလည်း ရောက်မလာပါက
ပြန်ပေး အဆွဲခံရခြင်းနှင့် လမ်းခုလတ်မှာ ပျက်ကျခြင်း ဟူသော
ခေါင်းစဉ်နှစ်ခုအနက် တစ်ခုခုဖြစ်ဖို့ သေချာနေပြီ မဟုတ်ပါလား။
ဆက်လက်ပြီး ညဦးပိုင်းတွင် ထုတ်လွှင့်သော VOA သတင်းတွင် ရဲရင့်နှင့် ရဲသီဟ
ဟူသော တက္ကသိုလ် ကျောင်းသား နှစ်ဦးက လေယာဉ်ကို ဘန်ကောက်မြို့ အရှေ့တောင်ဘက်
မိုင်၈၀ခန့် အကွာရှိ ထိုင်းဘုရင့်တပ်မတော် လေဆိပ် ယူတာပေါင်(UTAPHAO)သို့
ပြန်ပေးဆွဲသွားပြီး ညနေ ၅နာရီ ၄၀မိနစ်မှာ ဆင်းသက်ခဲ့ကြောင်း
ကြေညာလိုက်သောအခါ ထင်ကြေးကိုယ်စီနှင့် ခန့်မှန်ပြောဆိုနေမှုများမှာ အဆုံးသတ်
ခဲ့ရပါသည်။ထိုသတင်းကြောင့် ပြန်ပေးအဆွဲခံရသော လေယာဉ်ပေါ်၌ ဓားစာခံအဖြစ်
လိုက်ပါသွား ခဲ့ရသော ခရီးသည်များ၏ မိသားစုဝင်များမှာ နောက်ဆက်တွဲသတင်းကို
စိတ်တပူပူနှင့် နားစွင့်နေကြသလို မြို့သူမြို့သားများမှာ ရှေ့ဘာတွေ
ဆက်ဖြစ်လာဦးမလဲ ဟူသော သိချင်စိတ်ကြောင့် ရင်တဖိုဖိုနှင့် စောင့်မျှော်
နားထောင်နေကြပါသည်။၎င်းလေယာဉ်ကို ပြန်ပေးဆွဲသွားသော ရဲရင့်နှင့် ရဲသီဟတို့
နှစ်ဦးကို ဓားစာခံ မိသားစုဝင်များနှင့် န၀တအာဏာပိုင်များ မှအပ
မြို့သူမြို့သား အားလုံးလိုလိုက သူရဲကောင်းများဟု မသတ်မှတ်တာတောင်
အကြမ်းဖက်သမားများဟု မယူဆကြပေ။ထိုလုပ်ရပ်မှာ ကိုယ့်နည်း ကိုယ့်ဟန်နှင့်
န၀တစစ်အစိုးရ ကို ဆန့်ကျင်ခြင်းဟုသာ သဘောထားခဲ့ကြလေသည်။ထိုကြောင့်
မြို့သူမြို့သားများက သားရွှေအိုးထမ်း ဆိုသလို ဓားစာခံများလည်း ဘေးမသီရန်မခ
ပြန်လည် လွတ်မြောက်လာပြီး ကျောင်းသားနှစ်ဦး၏ ဆန္ဒလည်း ပြည့်ဝပါစေဟု
ဝိုင်းဝန်း ဆုတောင်းပေးလျက် ရှိကြပါသည်။
ထိုနောက် ထပ်မံ ကြားသိရသော
သတင်းများအရ ရဲရင့်နှင့် ရဲသီဟတို့သည် ယူတာပေါင် လေဆိပ်၌ လေယာဉ်ဆင်းသက်
ပြီးနောက် မြန်မာစစ်အစိုးရအား အချက်(၇)ချက်
တောင်းဆိုခဲ့ပါသည်။ထိုအချက်(၇)ချက်အနက် န၀တစစ်အစိုးရက မတရား
ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံရေး အကျဉ်းသားများအား
ပြန်လည်လွတ်ပေးရေး၊စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပေးရေး၊ အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ ပြန်လည်
လွတ်ပေးရေး..........စသည်ဖြင့် ပါဝင်ပါသည်။အကယ်၍ န၀တစစ်အစိုးရက
ဤတောင်းဆိုချက်များအား မလိုက် လျောပါက မိမိတို့နှစ်ဦး အသေခံပြီး လေယာဉ်ကို
ဖောက်ခွဲပစ်မည်ဟု ရာဇသံ ပေးခဲ့လေသည်။သို့သော် ဤတောင်းဆိုချက် အားလုံးကို
န၀တစစ်အစိုးရက ငြင်းပယ်ခဲ့ပေမယ့် ထိုည (သောကြာနေ့ည) ၇နာရီခန့်တွင်
ဓားစာခံထဲမှ ကလေးနှင့် သက်ကြီးရွယ်အို ၃၅ဦးကို ပြန်လွတ်ပေး
ခဲ့ပါသည်။ထိုသို့ မလွတ်ပေး၍လည်း မရတော့။အကြောင်းမှာ လေယာဉ် စက်ရပ်ထားရ
သောကြောင့် အတွင်း၌ မခံမရပ် နိုင်လောက်အောင် ပူပြင်း လာသလို
အောက်ဆီဂျင်ကလည်း တဖြည်းဖြည်း နည်းလာသောကြောင့်
ဖြစ်ပါသည်။ကျန်ဓားစာခံများမှာ လေယာဉ်ပေါ်၌ တစ်ညတာ ကုန်ဆုံးခဲ့ရပြီး ထိုညတွင်
ထိုင်းအာဏာပိုင်များက ထမင်းနှင့် အချိုရည်ဘူးများကို လေယာဉ်ပေါ်
ပို့ပေးခဲ့ပါသည်။
ဆက်လက်ပြီး ထိုင်းဒုဝန်ကြီးချုပ် တီရန်ချိုင်း
ဦးဆောင်သော အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု အပြီးနောက်နေ့
မနက်(စနေနေ့မနက်) ၂နာရီခန့်တွင် ကျန်ဓားစာခံ ၄၈ဦးကို ၅မိနစ် တစ်ယောက်နှုန်း
ပြန်လွတ်ပေးခဲ့ပါသည်။သို့သော် အချိန်နှောင့်နှေးကြန့်ကြာမှုကြောင့်
နောက်ပိုင်းတွင် ဓားစာခံများကို ၃မိနစ် တစ်ယောက်၊ထိုမှ ၂မိနစ်တစ်ယောက်နှုန်း
ပြန်လွတ်ပေးခဲ့ပါသည်။ထိုသို့ ပြန်လွတ်ပေးသောအခါ ရဲသီဟက လေယာဉ် အပေါက်ဝက
ကုလားထိုင်မှာ ထိုင်ပြီး ဓားစာခံကို သူရှေ့ကုလားထိုင်တစ်လုံးမှာ
ထိုင်ခိုင်းကာ မိမိတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပါက တောင်းပန်ကြောင်း
၊ထိုအပြင် မိမိတို့ နှစ်ဦးအား ပြန်လည် မခုခံ မတိုက်ခိုက်သောကြောင့်
ကျေးဇူးတင်ကြောင်း တစ်ဦးချင်းစီအား ပြောကြားပြီး ထိုင်းအာဏာပိုင်များထံ
အသာတကြည် လက်နက်ချကာ ထိုင်းတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့လေသည်။
ထိုသို့ လက်နက်ချခဲ့သော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို စနေနေ့မနက် ၄နာရီ
၂၅မိနစ်တွင် ထိုင်းဒုဝန်ကြီးချုပ် တီရန်ချိုင်း ကိုယ်တိုင် ကားတစ်စီးဖြင့်
လေဆိပ်မှ ခေါ်ဆောင်သွားခဲ့ပါသည်။ရဲရင့်နှင့် ရဲသီဟတို့
လက်နက်ချခဲ့ပြီးနောက် ထိုင်းရေတပ် ကွန်မန်ဒို ၉ဦးက လေယာဉ်အတွင်း
ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရသော သေတ္တာတစ်လုံး (တကယ်
တော့ထိုသေတ္တာမှာ ဖောက်ခွဲရေး ပစ္စည်းမဟုတ်ဘဲ ဆပ်ပြာမှုန့်ဘူး ဖြစ်နေပါသည်)
နှင့်“ငါတို့ ဦးခေါင်း၌ သွေးတို့ဖြင့် ရဲရဲနီနေပေမယ့် ဦးမညွတ်”ဟု
လက်ရေးဖြင့် အသော့ရေးထားသော စာရွက်တစ်ရွက် ရှာဖွေ တွေ့ရှိခဲ့ပါသည်။
ထိုနောက် ပြန်ပေးအဆွဲခံရသော လေယာဉ်မှာ ဓားစာခံများကိုတင်ဆောင်ပြီး
ယူတာပေါင် လေဆိပ်မှ နံနက် ၆နာရီခန့်တွင် ပြန်လည် ထွက်ခွာလာရာ ၇နာရီခန့်တွင်
မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး လေဆိပ်တွင် ဗိုလ်ချုပ်ခင်ညွန့်
ကိုယ်တိုင် လာရောက်ကြိုဆို အားပေးခဲ့ပါသည်။
စုစုပေါင်း ၁၂နာရီကျော်ခန့်
ကြာမြင့်ခဲ့သော အဆိုပါ လေယာဉ်ပြန်ပေးမှုကြီး၌ လေယာဉ်မှူး၊လေယာဉ်အမှုထမ်းများ
အပါအ၀င် ခရီးသည် တစ်ဦးတစ်ယောက်မှ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ
ရခဲ့ခြင်းမရှိပေ။နောက်ပိုင်းတွင် ရဲရင့်နှင့် ရဲသီဟတို့က မိမိ တို့
မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ကမ္ဘာက အာရုံစိုက်မိစေရန်
ယခုလို လေယာဉ် ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ထိုသို့ အန္တရာယ်များလှသော လေယာဉ်ပြန်ပေး ဆွဲမှုကြီးကို သွေးအေးအေးနှင့်
ကျူးလွန်ခဲ့ကြသော ရဲရင့်နှင့် ရဲသီဟတို့မှာ အသက်နှစ်ဆယ်ဝန်းကျင် တက္ကသိုလ်
ကျောင်းသားလေးများ ဖြစ်ပြီး ဆပ်ပြာမှုန့်ဘူးကို ဗုံးပုံသဏ္ဍာန် ပြုလုပ်ပြီး
ဟိတ်ဟန် မှင်မောင်းကောင်းကောင်းဖြင့် ပြန်ပေးဆွဲခဲ့ခြင်း
ဖြစ်ပါသည်။ထိုကြောင့် အဆိုပါ လေယာဉ်ပြန်ပေးဆွဲမှု အပြီး မြိတ်-ရန်ကုန်
ခရီးစဉ်တွင် မည်သည့် ခရီးသည်ကိုမှ
ဆပ်ပြာခွက်၊ဆပ်ပြာတောင့်၊ဆပ်ပြာမှုန့်ဘူးများ ယူဆောင်ခွင့် မပြုတော့ပေ။
လေယာဉ် ပြန်ပေးဆွဲခဲ့သော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးသည် စက်တင်ဘာလ
ဒုတိယအပတ်တွင် တက္ကသိုလ် ကျောင်းသား အရွယ် လူငယ်၁၀ဦးခန့်နှင့် အတူ
ရနောင်းမြို့၊ဖန်ဖလားဆိပ်ကမ်းရှိ “မာလီဂိုဒေါင်”သို့ ကားတစ်စီးဖြင့်
ရောက်ရှိ လာ ပါသည်။ဂိုဒေါင်သို့ ရောက်သောအခါ ရဲရင့်နှင့် ရဲသီဟတို့
ကျန်ရစ်ခဲ့ပြီး ၄င်းတို့ကို လိုက်ပါပို့ဆောင်ပေးသူများမှာ ထိုကားဖြင့်
ပြန်လည်ထွက်ခွာ သွားခဲ့ကြလေသည်။ထိုနောက် ၄င်းတို့နှစ်ဦးမှာ
မာလီဂိုဒေါင်တွင် တခြား မြန်မာရွေ့ပြောင်းလုပ်သားများ နည်းတူ ကြုံရာအလုပ်
ဝင်ရောက်လုပ်ကိုင် ကြလေသည်။ထိုအချိန်က မာလီဂိုဒေါင်တွင် ကိုတင်ဦးဆိုသော
မြိတ်သားတစ် ဦး ၀င်ရောက် အလုပ်လုပ်ကိုင်လျက်ရှိရာ များမကြာမီ
ကိုတင်ဦးနှင့် ၄င်းတို့နှစ်ဦး ခင်မင်ရင်းနှီး ခဲ့ကြလေသည်။ကိုတင်ဦး၏
အဆိုအရ ရဲရင့်မှာ ပိန်ပိန်သွယ်သွယ် ဖြစ်ပြီး ရဲသီဟမှာ ကိုယ်လုံးကိုယ်ထည်
အနည်းငယ် ပြည့်ဖြိုးတောင့်တင်းပါသည်။ ၄င်းတို့ နှစ်ဦးစလုံး
အလွန်စကားနည်းပြီး အလုပ်အားချိန်များတွင် တစ်ခုခုကို စူးစိုက်တွေးတော
နေလေ့ရှိပါသည်။ထိုအပြင် ၄င်းတို့ နှစ်ဦးစလုံးသည် မနက် အရုဏ်တက်ချိန်တိုင်း
စိတ်တည်ငြိမ်မှု ရရှိအောင် သမထ ထိုင်လေ့ရှိကြောင်း သိရပါသည်။ထိုနောက်
ရဲရင့်နှင့် ရဲသီဟတို့နှစ်ဦးသည် မာလီဂိုဒေါင်တွင် သုံးပတ်ခန့် အလုပ်လုပ်
ခဲ့ကြပြီး အောက်တိုဘာလဆန်းတွင် စက်လှေဖြင့် မြိတ်မြို့သို့ လိုက်ပါလာခဲ့
ကြလေသည်။၎င်းတို့နှစ်ဦး မြိတ်မြို့သို့ မသွားမီ ရနောင်းကုန်တိုက် တစ်ခုမှ
တကယ့်သေနတ် အစစ်နှင့် ခွဲမရအောင် တူသော ကလေးကစားစရာ ပစ္စတိုတစ်လက် သွားရောက်
ဝယ်ယူခဲ့လေသည်။
မြိတ်မြို့သို့ ရောက်ရှိလာသောအခါ ၄င်းတို့ နှစ်ဦးသည်
ကံခေါင်းရပ်ကွက်ရှိ စံကားဝါ တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး လေယာဉ်လက်မှတ်
ပွဲစားတစ်ဦးနှင့် ဆက်သွယ်ကာ လေယာဉ်လက်မှတ် နှစ်စောင် ရရှိအောင်
ကြံဖန်ခဲ့လေသည်။ လေယာဉ်လက်မှတ် ပွဲစား၏ ပေါက်ရောက်မှုကြောင့်
၎င်းတို့နှစ်ဦး မြိတ်မြို့သို့ ရောက်ရှိပြီး ၂ရက်အကြာမှာ လေယာဉ်လက်မှတ်
ရရှိခဲ့ပါသည်။ရဲရင့်နှင့် ရဲသီဟတို့ အနေနှင့် လေယာဉ်လက်မှတ် ပွဲစားကို
အားမကိုးလို့လည်း မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မြိတ်-ရန်ကုန်
ကားလမ်း မပေါက်သေးသလို ကြယ်ငါးပွင့် သင်္ဘောများကလည်း တစ်လမှာ
သုံးခေါက်လောက်သာ ရှိသောကြောင့် ရှိစုမဲ့စု
မြန်မာ့လေကြောင်းမှာစုပြုံတိုးဝှေ့နေကြပြီး ၄င်းတို့ အနေနှင့်
လမ်းရိုးလမ်းဟောင်းအတိုင်း လျှောက်ပါက လေယာဉ်လက်မှတ် ရဖို့ နှစ်ပတ်ခန့်
စောင့်ရပေလိမ့်မည်။ ထိုတောအတွင်း ထောက်လှမ်းရေးက သူတို့နှစ်ဦးကို
ခြေရာခံမိပြီး အချိန်မရွေး ဖမ်းဆီးသွားနိုင်သည် မဟုတ်ပါလား။ထိုနောက်
၅-၁၀-၈၉တွင် ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးသည် အပြီးသတ်တိုက်ပွဲ ဆင်နွှဲဖို့
အရာရာ အသင့် ပြင်ဆင်ပြီး လေဆိပ်သို့ ထွက်ခဲ့လေသည်။ သို့သော် ထိုနေ့က
မြိတ်-ရန်ကုန် ခရီးစဉ်မှာ Flight Cancel ဖြစ်ခဲ့လေသည်။ ထိုအခါ လေဆိပ်၌
ခင်မင်ခဲ့သော စည်ပင်ဝန်ထမ်း ဇနီးမောင်နှံက ရဲရင့်နှင့် ရဲသီဟတို့
နှစ်ဦးကို ကန်ဖျားရပ်ကွက်၊မြေနီ လမ်းရှိ ၄င်းတို့ နေအိမ်တွင် တစ်ညတာ
တည်းခိုခွင့် ပြုခဲ့လေသည်။ထိုနောက် ၆-၁၀-၈၉တွင် ရဲရင့်နှင့် ရဲသီဟတို့
ရည်မှန်းချက်ဖြစ်သော လေယာဉ် ပြန်ပေးဆွဲမှုကြီး အထမြောက်ခဲ့လေသည်။ရဲရင့်နှင့်
ရဲသီဟတို့သည် မြိတ်မှ လေယာဉ်တက်လာပြီး ၁၀မိနစ်ခန့် အကြာတွင် ရုတ်တရက်
မတ်တပ်ရပ်လိုက် ကြလေသည်။ ထိုနောက် ရဲရင့်က လက်ထဲမှာ
အမဲလိုက်ဓားမြှောင်တစ်လက် ကိုင်ဆောင်ထားကာ ရဲသီဟက လက်တစ်ဖက်တွင်
ဝါယာကြိုးတွေ သွယ်တန်းထားသော စက္ကူဘူးနှင့် ကျန်လက်တစ်ဖက်တွင်
မောင်းခလုတ်တစ်ခု ဆုပ်ကိုင်ထားပြီး လေယာဉ်မှူးအခန်းရှိရာသို့ သွားရင်း
အဆိုပါ လေယာဉ်အား မိမိတို့ ပြန်ပေးဆွဲလိုက်ပြီဖြစ်ကြောင်း၊အကယ်၍
ခရီးသည်များမှ ပြန်လည် ခုခံပါက လေယာဉ်ကို မိမိလက်ထဲမှ ဗုံးဖြင့်
ဖောက်ခွဲပစ်မည် ဖြစ်ကြောင်း ရဲသီဟက ကြေညာလိုက်ပါသည်။ထိုနောက် ရဲရင့်က
လေယာဉ်မှူး အခန်းတံခါးကို ထုနှက်ပြီး တံခါး ဖွင့်ခိုင်းပါသည်။လေယာဉ်မှူးက
တံခါးဖွင့်ပေး လိုက်သောအခါ ရဲသီဟက အခန်းထဲ ၀င်သွားကာ ညွှန်ကြားချက်ပေးပြီး
ရဲရင့်က ဓားစာခံများကို စောင့်ကြည့်နေပါသည်။ ထိုသို့ စောင့်ကြည့်နေသည့်
ကြားကပင် အဘွားအိုတစ်ဦး ထိုင်ရာမှ ထလာပြီး ရဲရင့်အား လေယာဉ် ပြန်ပေးဆွဲပါက
မိမိတို့ အိမ်အရောက် နောက်ကျမှာမို့ ပြန်ပေးမဆွဲရန် ပြောကြားသလို
လူလတ်ပိုင်း ခရီးသည် တစ်ဦးကလည်း အော်ဟစ်ရန်တွေ့ရာ လေယာဉ်မောင်က
ခရီးသည်များ မိမိတို့ နေရာမှာပင် ငြိမ်သက်စွာ ထိုင်နေဖို့ ၀င်ရောက် သတိပေး
ပြောဆိုရပါသည်။ယခုလို လေယာဉ်မောင် ကြားဝင်သတိပေး ပြောဆိုပြီးသည့်နောက်
လေယာဉ်တွင်း အခြေအနေမှာ ပြန်လည် ငြိမ်သက်သွား ခဲ့ပါသည်။
ထိုနောက်
လေယာဉ်မှူးနှင့် ထိုင်းအာဏာပိုင်များ ညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့်
ထိုင်းလေပိုင်နက်ထဲမှာ တစ်နာရီခန့် ပျံသန်းခဲ့ရပြီးမှ ယူတာပေါင် လေဆိပ်၌
ဆင်းသက်ခွင့် ရခဲ့ပါသည်။အဆိုပါ လေယာဉ်ခရီးစဉ်တွင် ခရီးသည်အဖြစ်
လိုက်ပါခဲ့သော အမျိုးသမီးတစ်ဦး၏ အဆိုအရ ကနဦးက လေယာဉ်ကိုဘန်ကောက်
ဒွန်မောင်းလေဆိပ်မှာ ဆင်းခွင့် တောင်းပေမယ့် ထိုင်းအာဏာပိုင်များက
ခွင့်မပြုသောကြောင့် ယူတာပေါင်လေဆိပ်မှာ ဆင်းသက်ခဲ့ရကြောင်း သိရပါသည်။
အဆိုပါ လေယာဉ်ပျံပေးဆွဲမှုကြောင့် ရဲရင့်နှင့် ရဲသီဟတို့ကို တစ်ညတာ
အိပ်စက်ခွင့် ပေးခဲ့မိသော စည်ပင်ဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးနှင့်
လေယာဉ်လက်မှတ် ပွဲစားတို့ အဖမ်းခံခဲ့ ရလေသည်။ ထိုအပြင် ရဲရင့်နှင့်
ရဲသီဟတို့ တည်းခိုခဲ့ကြသော စံကားဝါတည်းခိုခန်းမှ ၀န်ထမ်းများနှင့် ပြန်ပေး
အဆွဲခံရသည့်နေ့က လေယာဉ်ကွင်းမှာ တာဝန်ကျ သော ၀န်ထမ်းအားလုံး ခေါ်ယူ အစစ်ဆေး
ခံခဲ့ရပါသည်။ စစ်ဆေးမေးမြန်းမှုများ အပြီးမှာ ထိုနေ့က လေယာဉ်ကွင်း၌
တာဝန်ကျသော ၀န်ထမ်းတချို့ အလုပ်ထုတ်ခံရလေသည်။
နောက်ထပ် ထို
လေယာဉ်ပြန်ပေးမှုတွင် ခေါ်ယူ စစ်ဆေးခံရသူ တစ်ဦးမှာ ထိုခရီးစဉ်၌
ခရီးသည်အဖြစ် လိုက်ပါခဲ့သော ကိုဌေးလှိုင်ဦး ဖြစ်ပါသည်။ကိုဌေးလှိုင်ဦးမှာ
ရဲရင်၊ရဲသီဟတို့နှင့် အသက်အရွယ် မတိမ်းမယိမ်း ဖြစ်ပြီး လူငယ်ချင်းမို့
မြိတ်လေဆိပ်မှာ အဖွဲ့ကျ သွားပါသည်။၅-၁၀-၈၉တွင် လေယာဉ် Flight Cancel
ဖြစ်သောအခါ သူတို့သုံးဦး လေယာဉ်ကွင်းမှ ကားတစ်စီးတည်း အတူ ငှားစီးပြီး
အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့ ၆-၁၀-၈၉မှာလည်း လေယာဉ်ကွင်းမှာ
၎င်းတို့သုံးဦး တပူးတွဲတွဲမို့ ပြန်လည်လွတ်မြောက်လာသော ဓားစာခံများက
ယူတာပေါင် လေဆိပ်တွင် လာရောက်ကြီးကြပ်နေသော မြန်မာစစ်သံမှူးအား
ကိုဌေးလှိုင်ဦးသည် ရဲရင့် ရဲသီဟတို့ နှစ်ဦးနှင့် အလွမ်းသင့်ကြောင်း
ဝိုင်းဝန်းပြောပြကြရာ စစ်သံမှူးက ကိုဌေးလှိုင်ဦးအား ယူတာပေါင်လေဆိပ်၌
၁၅မိနစ်ခန့် စစ်ဆေးခဲ့ပါသည်။ ထိုအပြင် စစ်သံမှူး၏ သတင်းပို့မှုကြောင့်
မင်္ဂလာဒုံလေဆိပ်သို့ ပြန်ရောက်သောအခါ ကိုဌေးလှိုင်ဦးအား ထောက်လှမ်းရေးက
၅မိနစ်ခန့် စစ်ဆေးခဲ့ပါသည်။သို့သော် ကိုဌေးလှိုင်ဦးသည် ရဲရင့်
ရဲသီဟတို့နှင့် ပတ်သက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်လွတ်ပေး
ခဲ့ပါသည်။
အလားတူပင် ၁၀-၁၁-၉၀တွင် ရဲမာန်နှင့်ရဲထင်ကျော်ဟူသော
မြန်မာကျောင်းသား နှစ်ဦးက ဘန်ကောက်မှ ရန်ကုန်သို့ ထွက်ခွာလာသော
ထိုင်းလေကြောင်းပိုင် A300 ဂျက်လေယာဉ်ကိုအန္ဒိယနိုင်ငံ၊ကာလကတ္တားမြို့သို့
ပြန်ပေး ဆွဲသွားခဲ့ပါသည်။စုစုပေါင်း ခရီးသည် ၂၁၉ယောက် လိုက်ပါလာသော
အဆိုပါလေယာဉ်ကို မြန်မာကျောင်းသားနှစ်ဦးက ရဲရင့်နှင့် ရဲသီဟတို့
နည်းအတိုင်း ဆပ်ပြာမှုန်ဘူးကို ဗုံးသဏ္ဍာန်ပြုလုပ်ပြီးပြန်ပေးဆွဲခဲ့ခြင်း
ဖြစ်ပါသည်။ ရဲမာန်နှင့်ရဲထင်ကျော်တို့သည် အဆိုပါလေယာဉ်ကို
၆နာရီခန့်ပြန်ပေးဆွဲခဲ့ပြီးအန္ဒိယအာဏာပိုင်များထံ လက်နက် ချခဲ့ ပါသည်။
၆နာရီခန့် ကြာမြင့်ခဲ့သော အဆိုပါ
လေယာဉ်ပြန်ပေးဆွဲမှု၌လည်းမြိတ်-ရန်ကုန်လေယာဉ်ပြန်ပေးဆွဲမှုလိုပင်
ခရီးသည်တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။အဆိုပါ လေယာဉ်တွင်
ခရီးသည်အဖြစ် လိုက်ပါခဲ့သော ဂျွန်ကိုဂန်(John Cogan)ဟူသော အမေရိကန်နိုင်ငံ
ဟူစတန်မြို့မှ ရှေ့နေတစ်ဦးက“စိတ်တင်းကြပ်မှု အနည်းအကျဉ်း ကလွဲလို့ တခြား
ဘာမှဆိုးဆိုးရွားရွား မဖြစ်ပါဘူး”ဟုပြောဆိုခဲ့ပါသည်။တကယ်တော့ မူလက အဆိုပါ
လေယာဉ် ပြန်ပေးဆွဲရန် စီစဉ်ခဲ့စဉ်က(၃)ဦး ဖြစ်ပေမယ့် တစ်ဦးက
လေယာဉ်လက်မှတ်ဝယ်ရန် ငွေမရှိသောကြောင့် ဘန်ကောက်မှာ
ကျန်နေခဲ့ရပါသည်။ထိုကြောင့် ရဲမာန်နှင့် ရဲထင်ကျော်တို့နှစ်ဦးတည်း
လေယာဉ်ကိုပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ဤလေယာဉ် ပြန်ပေးဆွဲမှုသည်
မြန်မာနိုင်ငံ၏ ပြင်ပ၌ ဖြစ်ပွားခဲ့သောကြောင့် မြိတ်လေယာဉ်
ပြန်ပေးဆွဲမှုလောက် လူသိမများခဲ့ပါ။ ဘာလိုလိုနှင့် ယခုဆို မြိတ်-ရန်ကုန်
လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တာ (၂၇)နှစ် ရှိခဲ့လေပြီ။ သို့သော် နှစ်တွေ
ဘယ်လောက်ပြောင်းပြောင်းလက်နက်ဆိုလို့ မည်မည်ရရ မပါဘဲ ဆပ်ပြာမှုန့်ဘူးလေး
တစ်လုံးဖြင့် လေယာဉ် တစ်စီးလုံးကို ပြန်ပေးဆွဲခဲ့ကြသော ရဲရင့်နှင့်
ရဲသီဟတို့၏ ဟိတ်ဟန်မှင်မောင်း ကောင်းပုံမှာ မြိတ်သူမြိတ်သားများအတွက်
ပြောစမှတ် တွင်ခဲ့ရသလို ကမ္ဘာ့လေယာဉ်ပြန်ပေးဆွဲမှု သမိုင်းမှာလည်း
မှတ်တမ်းတင်ထိုက်သော ထူးခြားဖြစ်ရပ်တစ်ခု ဖြစ်ပါလိမ့်မည်။
ဤဆောင်းပါးအတွက် ကျွန်တော် မေးမြန်းသမျှ စိတ်ရှည်လက်ရှည် ဖြေကြားပေးသော
ကိုဌေးလှိုင်ဦး၊ ဒေါ်ခင်လေးသန့်၊ဒေါ်ညိုမာညွန့်နှင့် ကိုခွေးနီတို့အား
လည်းကောင်း။
အားတက်သရော အကူအညီပေးခဲ့သော ဆရာဗထူး၊ကိုစိုးရ၊ကိုခင်ထူးကိုဇော်ကြီးနှင့် ဒေါ်တင်ဝေတို့အား လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း။
ဓာတ်ပုံ ။ ။Google
No comments:
Post a Comment