Wednesday, March 28, 2012
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ အပိုင်း (၇)
“မြန်မာပြည်မှာ တကယ်ပဲ သေလွန်သူတွေရဲ့ အုတ်ဂူတွေ မရှိဘူးလား” လို့ ဧည့်လမ်းညွန်ကို မေးကြည့်ပါတယ်။
“မရှိပါဘူး။ ကွယ်လွန်သူတွေရဲ့ ရုပ်ခန္ဓာဆိုတာ စိတ်ဝိညာဉ်ချုပ်သွားပြီးတဲ့ အခွံကြီးသက်သက်ဖြစ်လို့ အစွဲအလမ်းမထားကြဘူး” လို့ ပြန်ဖြေပါတယ်။
မြို့ကြီးတွေမှာတော့
ကွယ်လွန်သူတွေရဲ့ အလောင်းကို မီးသင်္ဂြိုဟ်လေ့ရှိပြီး၊ ကျေးလက်တွေမှာတော့
မီးမသင်္ဂြိုဟ်ဘဲ တခါတည်း မြေမြှုပ်လိုက်တဲ့အကြောင်း ရှင်းပြပါတယ်။
အလောင်းကို မီးသင်္ဂြိုလ်ပြီးတဲ့နောက် ပြာတွေကိုလည်း ဂူသွင်းတာထက်
စွန့်ပစ်လိုက်ကြတာပဲများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ
သေသွားတဲ့ ဆွေမျိုးသားချင်းတွေကို သုဿာန်မြေမှာ ကန်တော့တယ်ဆိုတာမျိုးက
မရှိပါဘူး။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ့်ရဲ့ဝိညာဉ်ကိုပဲ လွတ်မြောက်ကြောင်းတရားကို ကျင့်ကြံရပါတယ်၊ မြန်မာပြည်မှာ ထေရ၀ါဒကို ဗုဒ္ဓသာသနာထွန်းကားပါတယ်။ နောက်ဆုံး ရည်မှန်းချက်က ဘာသာရေးအလေ့အကျင့်ကနေ (ရုပ်တရား၊ နာမ်တရားတို့ချုပ်ငြိမ်းရာ) နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဖြစ်ပါတယ်။
မြန်မာလူမျိုးတွေမှာ
မိသားစုအမည်ဆိုတာလည်း မရှိပါဘူး။ မိသားစု သံယောဇဉ် စည်းနှောင်မှုက
နီးနီးကပ်ကပ်ဆိုပေမဲ့ တယောက်ချင်းစီအတွက် အမည်တမျိုးစီပဲ မှည့်ခေါ်ကြပါတယ်။
ဒါကလည်း လူတဦးချင်းစီရဲ့ ပုဂ္ဂလိက နာမ်တရားတွေ အပေါ်မှာပဲ အလေးထားတဲ့ မြန်မာတွေရဲ့ ဘာသာတရားယုံကြည်ချက်ကို ရောင်ပြန်ဟပ်နေပါတယ်။
မိုင်နိချီ
ရှင်ဘွန်းသတင်းစာက မြန်မာပြည်မှ ပေးစာများဆောင်းပါးကဏ္ဍမှာ ဒီမိုကရေစီအရေး
လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာ ဘုန်တော်ကြီးတပါးက မေးပြီး သူက ပြန်ပြီး လျှောက်ထားတာတွေကို ဒီလို ရေးခဲ့ဖူးပါတယ်။
ဘုန်တော်ကြီးက - “ဒကာမကြီး၊ ချမ်းသာရှာချင်လို့ ဒီကို ရောက်လာတာလား” လို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် က “ချမ်းသာကြွယ်ဝမှုကို တပည့်တော်မ မမက်မောပါဘုရား” လို့ ပြန်လျှောက်လိုက်ပါတယ်။ အဲဒီအခါမှာ ဘုန်းတော်ကြီး က - “အဖိုးအထိုက်အတန်ဆုံး စည်းစိမ်ချမ်းသာဆိုတာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းပဲ ဒကားမကြီး” လို့ ဆုံးမတဲ့ အကြောင်း ရေးထားပါတယ်။
ဘုန်းတော်ကြီးမေးတဲ့
မေးခွန်းကို နားလည်မှုလွဲပြီး သဘောမပေါက်လိုက်တာကို သိသွားတဲ့ အခါမှာ
ဒေါ်အောင်ဆန်းစုကြည်က ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ပုံပါပဲ။
ခြုံပြောရရင်
မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာတရားယုံကြည်မှုဟာ ခေတ်သစ်
ဂျပန်ပြည်သူတွေရဲ့ ဘာသာတရားယုံကြည်မှုထက် လေးနက်ပါတယ်၊ လောကကြီးမှာ
“အရာတိုင်း မမြဲခြင်း - အနိစ္စတရား” ကိုလည်း ခပ်ရေးရေး
နားလည်လက်ခံထားကြပါတယ်။
ရန်ကုန်မြို့က
ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရဲ့ မျက်နှာချင်းဆိုင်မှာ
အာဇာနည်ဗိမာန်ကြီးရှိပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ဗိမာန်လို့လည်း
လူသိများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ လုပ်ကြံခံလိုက်ရတဲ့ လွတ်လပ်ရေး
သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၀ိညာဉ်ကိန်းအောင်ရာ နေရာလို့
ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဂူဗိမာန်ဆိုတာထက် အောက်မေ့ဖွယ် ဗိမာန်လို့ပဲ
ဆိုရမယ့်ပုံ ရှိပါတယ်။
ကျနော်အနေနဲ့
အာဇာနည်ဗိမာန်ကို သွားကြည့်ချင်ပါတယ်၊ ဒါပေမယ့် ရန်ကုန်အခြေစိုက် သံတမန်က
အာဇာနည်နေ့ကျမှပဲ ဖွင့်တာလို့ပြောပါတယ်။ အနီးနားတ၀ိုက်က လုံခြုံရေးကလည်း
တင်းကျပ်လွန်းပါတယ်။
ကျနော့်ရဲ့
ဧည့်လမ်းညွန်ကလည်း “ရွှေတိဂုံမြောက်ဘက်မုခ်ကနေပဲ လှမ်းကြည့်တာပေါ့။
ဓာတ်ပုံတော့ ရိုက်ဖို့ မကြိုးစားနဲ့၊ လုံခြုံရေးအဖွဲ့တွေက
ဓာတ်ပုံပြန်ရိုက်တာခံနေရဦးမယ်” လို့ အကြံပြုပါတယ်။
ဘုရားရဲ့မြောက်ဘက်မုခ်ကနေ
သံစည်းရိုးတွေကို ကျော်ပြီး မျှော်ကြည့်လိုက်တဲ့အခါမှာ အမိုးနီနီနဲ့
အာဇာနည်ဗိမာန်ကြီးကို မြင်ရပါတယ်။ ဗိမာန်နဲ့ ကပ်လျက်မှာ ရဲစခန်းလည်းရှိပြီး
ရဲအရာရှိတွေ တော်တော်များများကိုလည်း တွေ့ရပါတယ်။
ကင်မရာထုတ်ဖို့လည်း
ချီတုံချတုံဖြစ်တုန်းမှာပဲ ဧည့်လမ်းညွန်က ရဲစခန်းထဲကို ခပ်သုတ်သုတ်လေး
ဝင်သွားပါတယ်။ သူပြန်လာတဲ့အခါမှာ စခန်းမှူးက
ဓာတ်ပုံရိုက်ခွင့်ပြုလိုက်ပြီလို့ လာပြောပါတယ်။ လုံခြုံရေးစည်းကမ်းချက်တွေ
လျှော့ပေါ့ထားတဲ့ လက္ခဏာပါပဲ။
၁၉၈၃
ခုနှစ်တုန်းက အကြမ်းဖက်ဗုံးခွဲမှုဖြစ်ခဲ့ပြီးကတည်းက အာဇာနည်ဗိမာန်တ၀ိုက်မှာ
လုံခြုံရေး တင်းကျပ်ဖို့ ဖြစ်လာတာပါ။ အဲဒီတုန်းက တောင်ကိုရီးယားသမ္မတ
ချန်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင်တွေ အာဇာနည်ကုန်းကို ရောက်နေတုန်းမှာ
ဗုံးပေါက်မှုဖြစ်ခဲ့ပါတယ်၊ သမ္မတက ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပေမယ့်
တောင်ကိုရီးယားနဲ့ မြန်မာအစိုးရပိုင်းက ကက်ဘိနက်ဝန်ကြီးတွေအပါအ၀င် အရာရှိ
၂၁ ဦး သေဆုံးခဲ့ပါတယ်၊ မြောက်ကိုရီယားအစိုးရရဲ့ လက်ချက်ပါပဲ။
အဲဒီအချိန်တုန်းက
မြန်မာအစိုးရက တိုင်းပြည်မှာ တိုင်းပြည်ညီညွတ်ရေးကို အသဲအသန်
လိုချင်နေတဲ့အချိန်၊ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ညီညွတ်ရေးရဲ့ သင်္ကေတအဖြစ်
အသိအမှတ်ပြုနေတဲ့ အချိန်ပါပဲ။ မြင့်မြတ်တဲ့ အာဇာနည်ကုန်းကို
သွေးစွန်းစေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့
မြန်မာအစိုးရက မြောက်ကိုရီယားကို သံတမန် အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်ပါတယ်။
အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတာကိုလည်း
ရပ်ဆိုင်းပစ်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို
ယုတ်မာကောက်ကျစ်တဲ့ နိုင်ငံအဖြစ် မြန်မာအစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်
၂၀၀၇ ခုနှစ် အရောက်မှာတော့ မြန်မာက မြောက်ကိုရီယားနဲ့ သံတမန် ဆက်ဆံရေး
ပြန်ဆက်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်အစိုးရက မြန်မာအစိုးရ၊
နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတယောက်ကို ဒီလို သံတမန် ဆက်ဆံရေး
ပြန်လည် ထူထောင်တာရဲ့ နောက်ကွယ်က အဓိက ရည်မှန်းချက်က ဘာလဲလို့ မေးခဲ့ပါတယ်။
သံတမန်တဦးရဲ့
အဆိုအရ မြန်မာအရာရှိက ပြန်ပြောတာက ဒါဟာ မြန်မာပြည်က ဘက်ပေါင်းစုံ
သံတမန်ဆက်ဆံရေး လမ်းကြောင်းဖွင့်ဖို့ ရည်ရွယ်တာဖြစ်တယ်။ မြန်မာတွေရဲ့
စိတ်နေစိတ်ထားက အမြဲတမ်းကြီး အာဃာတ မကြီးတတ်ပါဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်
နိုင်ငံတကာမှာတော့ မြန်မာအစိုးရက မြောက်ကိုရီးယားဆီ စစ်ရေး
အထောက်အပံ့တွေနဲ့ မြန်မာပြည်က ဆန်တွေနဲ့ လဲနေတယ်ဆိုတဲ့ ကောလဟလတွေ
ပျံ့နှံ့နေပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်ထားတဲ့
အနောက်နိုင်ငံတွေကို မြန်မာအစိုးရက သတိပေး အချက်ပြလိုက်တာလည်း
ဖြစ်ပုံရပါတယ်။
သိပ်မကြာခင်တုန်းကပဲ
ရန်ကုန်က လူကုန်ထံရပ်ကွက်မှာ မြောက်ကိုရီယား စာသောက်ဆိုင် တဆိုင်
ဖွင့်လိုက်ပါတယ်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြန်လည် ထူထောင်တာရဲ့
လက္ခဏာပါပဲ။ ဇိမ်ခံအိမ်ကြီးနဲ့ ပိုတူတဲ့ စားသောက်ဆိုင်မှာ "Koryo
Restaurant” လို့ ဆိုင်းဘုတ်ကြီး ချိတ်ထားပြီး အပြာရောင်ဝတ်စုံတွေနဲ့
စာပွဲထိုး ၆ ယောက်ကလည်း "Annyeong Haseyo." ( အနီယာ ဟာရှေးရော်) လို့ နှုတ်ဆက်ပါတယ်။ မြောက်ကိုရီယားနိုင်ငံ အလံအမှတ်အသားပါတဲ့ နာမည်ပြားတွေ ကိုယ်စီနဲ့ပါ။
(ရန်ကုန်တွင် ဖွင့်ထားသော မြောက်ကိုရီးယား စားသောက်ဆိုင်)
စားသောက်ဆိုင်ထဲမှာ
စတိတ်စင်တစင်၊ ကျွန်းစားပွဲတွေနဲ့၊ အဖျော်ယမကာ ကောင်တာ တခုရှိပါတယ်။
နံရံပေါ်မှာတော့ flat-screen တယ်လီဗေးရှင်းကြီး ဆင်ထားပါတယ်၊ အစားအသောက်တွေက
မြို့ထဲက ဘယ်ဆိုင်နဲ့မှ မတူအောင် ဈေးကြီးပေမယ့် စာပွဲထိုးတွေက
အလွန်ယဉ်ကျေးဖော်ရွေကြပါတယ်။
ဒီစားသောက်ဆိုင်မှာ
မြောက်ကိုရီယားကို တည်ထောင်သူ ဖောင်ဒါကြီး၊ ကွယ်လွန်သူ သမ္မတကြီး
ကင်အီဆွန်းရဲ့ ဓာတ်ပုံကြီး ချိတ်ထားတယ်လို့ ကြားဖူးပေမယ့်၊
ကျနော်ရောက်သွားတဲ့အချိန်မှာ မတွေ့ရပါဘူး။
သမ္မတကြီးပုံကို
ကြည့်ချင်လို့ ဒီစားသောက်ဆိုင်ကို လာတာပါလို့ စားပွဲထိုးမလေးကို
ပြောလိုက်တော့၊ ကျေးဇူးပြုပြီး ခဏလေးစောင့်ပါလို့ ပြောပါတယ်။ နောက်လည်း
ဓာတ်ပုံ အကြောင်း သူ့ဆီက ဘာစကားမှ မကြားရပါဘူး။
အမေရိကန်အစိုးရက
နှစ်ပေါင်းများစွာကြာအောင် မြန်မာနဲ့ မြောက်ကိုရီးယားဆိုတာ အတူတူပဲလို့
မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာနေတဲ့ Institute of
Developing Economies က ယိုရှီဟီရို နာကာ နီရှီ Yoshihiro Nakanishi ရဲ့
အမြင်မှာတော့ ဒီနှစ်နိုင်ငံမှာ မတူတာတွေ ရှိတယ်လို့ ပြောပါတယ်။
မြန်မာပြည်က
နိုင်ငံရေးခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ လူကြိုက်များအောင်
မလုပ်ကြသလို၊ သူ့တို့ သားသမီးတွေကို အာဏာလက်ဆင့်မကမ်းကြပါဘူးလို့
ထောက်ပြပါတယ်။ သူတို့ ဆွေတွေ မျိုးတွေကိုလည်း အစိုးရအဖွဲ့ထဲမှာ၊
စစ်တပ်ထဲမှာ တရားဝင်ရာထူးတွေကို ပေးလေ့မရှိဘူးလို့ ဆိုပါတယ်။
“အာရတ်နွေဦးက ဥပမာကို ထားလိုက်ဦး။ သေချာ ပြောနိုင်တာကတော့
အာဏာရှင်တွေအတွက် သူတို့ ခေတ်ကုန်ရင် ဘယ်သူ့ကို အာဏာလွှဲရမလဲဆိုတာကို
ခက်ခဲပါတယ်” လို့ ယိုရှီဟီရို နာကာ နီရှီက ပြောပါတယ်၊
မတ်လ
၂၀၁၁ မှာတော့ အာဏာရှင်လို့ နာမည်တွင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
သူ့နေရာကို သူ့ရဲ့ အနီးကပ်ဆုံး လက်ထောက်တယောက်ကို လွှဲပေးလိုက်ပါတယ်။
အရပ်သား အုပ်ချုပ်ရေးစနစ်ကို ပြောင်းလိုက်ပါတယ်။ နာကာနီရှီရဲ့ အလိုအရတော့
ဒါဟာ တစိတ်တပိုင်းအားဖြင့် စစ်တပ်တွင်း ညီညွတ်ရေးနဲ့
ငြိမ်ဝပ်ပိပြားရေးအတွက်ရည်ရွယ်တာလို့ ဆိုပါတယ်။
တနည်းအားဖြင့်
ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင်
စစ်တပ်တွင်း ညီညွတ်မှု ရှိတယ်ဆိုတာကို ပြသဖို့ လိုအပ်ပါတယ်။
ဒီလိုအပြောင်းအလဲရဲ့ နောက်ကွယ်မှာ နောက်ထပ်အရေးကြီးတဲ့ အကြောင်းတရားတွေလည်း
ရှိနိုင်ပါတယ်။
အဲဒီအကြောင်းတရားတွေထဲမှာ
မြန်မာ လူမျိုးတွေရဲ့ ၀ိညာဉ်မှာ အစဉ်ကိန်းအောင်နေတဲ့ ဘယ်အရာမှမမြဲဆိုတဲ့
အနိစ္စတရားကို လက်ခံလိုက်တာလည်း အကြောင်းရင်းတခုဖြစ်လေ မလားလို့
စောကြောနေမိပါတယ်။
(Mainichi Japan) January 26, 2012
နေသွင်
No comments:
Post a Comment