- Published on Saturday, 31 March 2012 02:48
- Written by တာကာယူကီ ကာဆူဂါ
- Hits: 501
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ-အပိုင်း (၈)
မြန်မာပြည်မှာတုန်းက
လက်ဖက်ရည်ဆိုင်တွေ တော်တော်ရောက်ဖြစ်ပါတယ်၊ ရောက်တိုင်းလည်း
ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ရတယ်လေ၊ တယောက်ယောက်က ကျနော်နဲ့ ကျနော့်ကို
လိုက်ပို့ပေးတဲ့ ဧည့်လမ်းညွန်တို့ စကားအချီအချပြောနေတာကို နားထောင်နေမလား၊
လက်ဖက်ရည်ဆိုင်မှာ သိကျွမ်းခွင့်ရတဲ့ လူတွေနဲ့ ပြောနေဆိုနေတာတွေကို
နားထောင်နေမလား ဆိုတဲ့ သံသယနဲ့ပါ။
နှစ်ပေါင်းများစွာလွတ်လပ်စွာပြောရေးဆိုခွင့်ကို
ကန့်သတ်ထားတဲ့ မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်ဆိုတာက
အပမ်းဖြေအနားယူရာနေရာလည်းဖြစ်၊ သတင်းအချက်အလက်တွေ ဖလှယ်ရာနေရာဆိုလည်း
ဟုတ်ပါတယ်။ ရဲတွေ၊ သတင်းတွေပေးတွေ ကျင်လည် ကျက်စားတာလည်း
လက်ဖက်ရည်ဆိုင်တွေပဲလို့ ကြားဖူးပါတယ်။
ပြောရရင်
နှစ်တောင်အတော်ကြာနေပါပြီ။ အမေရိကန်လူမျိုး သတင်းထောက် အမျိုးသမီးတယောက်က
လျှို့ဝှက်သောသမိုင်း ဆိုတဲ့ အမည်နဲ့ မြန်မာပြည်အကြောင်း
စာအုပ်တအုပ်ရေးဖူးပါတယ်။ ဂျပန်ဘာသာပြန်ကို ရှိုဘန်ရှာ Shobunsha
စာအုပ်တိုက်ကနေ ထုတ်ဝေတော့ အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ စာရေးဆရာက
ဗြိတိသျှလူမျိုး ၀တ္ထုရေးဆရာ ဂျော့ခ်ျအော်ဝဲ George Orwell (1903-50) ရဲ့
အကြောင်းကို မြန်မာပြည်မှာ ခြေရာခံရင်း စာအုပ်ရေးခဲ့တာပါ။
ဂျော့ခ်ျအော်ဝဲဆိုတာက
မြန်မာပြည်မှာ အင်္ဂလိပ်ခေတ်က ၅ နှစ်လောက် ရဲအရာရှိဘ၀နဲ့ အမှုထမ်းခဲ့တဲ့
သူပါ။ အမေရိကန်လူမျိုး စာရေးဆရာ အမျိုးသမီးက မြန်မာပြည်ဟာ အနာဂတ်ကို
မျှော်ပြီး ဂျော့ခ်ျအော်ဝဲ ရေးခဲ့တဲ့ ၁၉၈၄ ဆိုတဲ့ နာမည်ကျော်ဝထ္ထုထဲကလို
အာဏာရှင်ရဲ့ မျက်လုံး ဒေါက်ထောက် စောင့်ကြည့်တာကိုခံနေရတဲ့
နိုင်ငံဘ၀ပါပဲလို့ ရုပ်လုံး ဖော်ခဲ့ပါတယ်။
မြန်မာပြည်ကို
ရောက်သွားတဲ့အချိန်မှာ ဂျော့ခ်ျအော်ဝဲရဲ့ ၁၉၈၄ ၀ထ္ထုထဲက ကမ္ဘာထဲ
ရောက်သလိုခံစားရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်က လက်ဖက်ရည်ဆိုင်တွေဟာ
ထောက်လှမ်းရေး ကွန်ယက်ကြီးဆိုတာကိုလည်း သူက အကြွင်းမဲ့ သဘောတူပါတယ်။
သူရေးတဲ့ စာအုပ်ရဲ့ ခေါင်းစဉ်ငယ်အမည်ဖြစ်တဲ့
“မြန်မာပြည်လက်ဖက်ရည်ဆိုင်ထဲမှာ ဂျော့ခ်ျအော်ဝဲကို ရှာဖွေခြင်း”
အင်္ဂလိပ်လိုတော့ "Finding George Orwell in a Burmese Teashop."ပေါ့လေ။
ဒါပေမယ့်
ဂျပန်ပညာရှင်တွေကတော့ မြန်မာလူ့အဖွဲ့အစည်းမှာ အထိုက်အလျှောက်တော့
လွတ်လပ်မှုရှိတယ်လို့ ယူဆကြပါတယ်။ အာဏာပိုင်တွေက
လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဘယ်လောက်ပဲ ကန့်သတ်ကန့်သတ် သာမန်လူတွေကတော့
အချုပ်အနှောင်ခံနေရတယ်လို့ကို မယူဆကြပါဘူးလို့ သူတို့က ဆိုတာပါ။ ၁၉၈၄
ဝထ္ထုထဲက အခြေအနေနဲ့ မတူပါဘူးလို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာနေတဲ့
Developing Economies အင်စတီကျူ့က တိုရှီဟီရို ကူဒို Toshihiro Kudo က
ဆိုပါတယ်။ ကျနော့်နဲ့ အမြင်တူပါတယ်။
ဂျော့ခ်ျအော်ဝဲရဲ့ ၀ထ္ထုတအုပ်လုံးမှာ အဓိက အသားပေးထားတာက စောင့်ကြည့်ရေးကိရိယာ တယ်လီစခရင် "telescreen" ဆိုတာကြီးပါ။
ဆိုဖီယာ
တက္ကသိုလ် Sophia University က ပါမောက္ခ ကီ နီမိုတို Kei Nemoto ပြောတာက
ဗြိတိန်မှာဆိုရင် လုံခြုံရေးကင်မရာတွေ ရာနဲ့ချီပြီးတပ်ထားတယ်။ အဲဒါကမှ
ဂျော့ခ်ျအော်ဝဲပြောတဲ့ အစိုးရရဲ့ စောင့်ကြည့်ရေးကိရိယာ ဖြစ်ဦးမယ်၊
ဒီမိုကရေစီနိုင်ငံက စောင့်ကြည့်မှုပုံစံမူကွဲတမျိုးလို့ ဆိုရမှာပေါ့တဲ့။
မြန်မာပြည်ကတော့
ဘယ်အချိန်မှာ သွားသလဲ၊ ဘယ်လိုဘယ်ပုံစံနဲ့ သွားသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး
အမြင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်၊ ဥပမာအနေနဲ့ ပြောရရင် သတင်းထောက်အနေနဲ့
သွားတာလား၊ တိုးရစ်အနေနဲ့ သွားတာလားပေါ့။ သတင်းထောက်တယောက်က အစိုးရတရပ်ကို
မကောင်းဆိုးဝါးလို့ တံဆိပ်တပ်ထားဖူးရင် အဲဒီတိုင်းပြည်အပေါ်မှာ သူ
ဘယ်လိုမြင်မလဲ ဆိုတာကလည်း မေးစရာတောင်မလိုပါဘူး။
ရန်ကုန်မြို့က
အမျိုးသားပြတိုက်မှာ မြန်မာပြည်တွေ အထွတ်အမြတ်ထားတဲ့ ခြင်္သေရုပ်ထုကြီးတရုပ်
ရှိပါတယ်။ ၈ မီတာလောက် မြင့်တဲ့ ရွှေချထားတဲ့ ကျောက်ဆစ်ရုပ်ထုကြီးပေါ့။
အဆမတန်ကြီးမားလွန်းတာရယ်၊ ကျောက်ဆစ်ရုပ်ထုရဲ့ အဆောင်အယောင်က
အံ့အားသင့်စရာပါပဲ။ ခြင်္သေရုပ်ထုရဲ့ ပန္နက်ခုံကြီးက လူ့တရပ်စာ လောက်ရှိပြီး
တန်ဆာဆင်ထားတဲ့ တခါးမကြီး တချပ်လည်းရှိတယ်။ ဗမာဘုရင်တွေ ခေတ်တုန်းကတော့
ဘုရင်တွေက ပန္နက်ခုံကြီးရဲ့ အနောက်ဘက် လှေခါးထစ်တွေကနေ တက်လာ၊
တံခါးမကြီးအနောက်ဘက်မှာ ရပ်ပြီး ဗိုလ်ပါပရိသတ်တွေကို
ရှု့စားတော်မူမယ်ပေါ့လေ။
ကျနော့်ကို
လိုက်ပို့တဲ့ ဧည့်လမ်းညွန်က “ ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်တွေက
မြန်မာမင်းဆက်ကို ဖျက်သိမ်း၊ ဘုရင်နဲ့ မိဖုရားလည်း အိန္ဒိယကို ပါတော်မူခဲ့၊
အခုမြင်နေရတဲ့ ခြင်္သေ့ရုပ်တုကြီးလည်း ပျောက်ဆုံးသွားတဲ့ အကြောင်းတွေ” ကို
ပြောပြပါတယ်။
ခြင်္သေ့ကြီးဘေးမှာလည်း
ဆိုင်းဘုတ်တခုကို တွေ့ရပါတယ်။ ရုပ်တုကြီးကို မြန်မာပြည် လွတ်လပ်ရေးရပြီး
၁၉၄၈ ခုနှစ်မှာ အိန္ဒိယပြည်ရဲ့ အင်္ဂလိပ်ဘုရင်ခံ မောက်ဘက်တန်က
ပြန်ပို့ပေးခဲ့တာလို့ ရေးထားပါတယ်။
ဒါပေမယ့်
ရုပ်ထုမှာ နဂိုက တန်ဆာဆင်ထားတဲ့ ရတနာတွေကတော့ အဲဒီအချိန်ကတည်းက
ပြန်ပါမလာတော့ပါဘူး။ ဒီအထွတ်အမြတ်ရုပ်ထုကြီးဟာ မြန်မာလူမျိုးတွေအတွက်
အရှက်ရ စရာလည်း ဖြစ်နေမှာပါ။
အမျိုးသားပြတိုက်ကြီးကို
ရောက်ပြီး နောက်ပိုင်းမှာ ခြင်္သေ့ရုပ်ကြီးနဲ့ပတ်သက်လို့ အသက် ၇၇ နှစ်အရွယ်
သမိုင်းကြောင်းတွေ ရေးတဲ့ မြန်မာစာရေးဆရာတယောက်နဲ့ စကားပြောဖြစ်ကြပါတယ်။
ကျနော်က
ဗြိတိသျှတွေအပေါ်မှာ မြန်မာတွေစိတ်နာနေသလားလို့ မေးတော့ သူက
မြန်မာလူမျိုးတွေက ပြီးခဲ့တာတွေကို အတိတ်လို့ပဲ သဘောထားကြပါတယ်လို့
ပြန်ဖြေပါတယ်။ ဗြိတိသျှတွေအပေါ်မှာလည်း အာဃာတစိတ်မရှိပါဘူးတဲ့။ တကယ်တော့
မြန်မာဘုရင်တွေ ကိုယ်တိုင်လည်း ထိုင်းနဲ့ အိမ်နီးချင်းတိုင်းပြည်တွေကို
အကြိမ်ကြိမ်ကျူးကျော်ခဲ့ပြီး၊ အဲဒီနိုင်ငံတွေက ဆင်ဖြူတော်တွေကို
သိမ်းပိုက်ခဲ့ကြတာပါပဲလို့ အဲဒီစာရေးဆရာက ပြောပါတယ်။
ဒါပေမယ့်
ဗြိတိသျအစိုးရက ချန်ထားခဲ့တဲ့အမွေကြောင့် မြန်မာပြည်မှာ အခုအချိန်ထိ
မဖြေရှင်းနိုင်သေးတဲ့ ပြသနာတွေ ရှိနေတာကတော့ အသေအချာပါပဲ။ အင်္ဂလိပ်ခေတ်မှာ
အင်္ဂလိပ်တွေက ကရင်လူမျိုးတွေကို ရာထူးကြီးတွေ ပေးပြီး ဗမာလူမျိုးတွေကို
ဖိနှိပ်ခိုင်းခဲ့ပါတယ်။ နောက်တနည်းနဲ့ပြောရင် အင်္ဂလိပ်အစိုးရက မြန်မာပြည်က
တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ပြီး အင်္ဂလိပ်ကို
မတော်လှန်နိုင်အောင်သွေးခွဲအုပ်ချုပ်ခဲ့တယ်။
ဒီလိုနဲ့
မြန်မာပြည် လွတ်လပ်ရေးရတဲ့အခါ၊ ဒီမိုကရေစီအစိုးရအုပ်ချုပ်တဲ့ အခါမှာ
ကရင်နဲ့ တခြားတိုင်းရင်းသားတွေက သီးခြားလွတ်လပ်ရေးနဲ့ ခွဲထွက်ရေးတို့အတွက်
တောင်းဆိုရင်း လက်နက်ကိုင် တော်လှန်ခဲ့ကြတယ်။
ဒီမိုကရေစီအစိုးရက
တိုင်းပြည်အခြေအနေကို မထိန်းနိုင်တဲ့အဆုံးမှာ စစ်တပ် အာဏာသိမ်းတာနဲ့
ရင်ဆိုင်လိုက်ရတယ်။ ရန်ကုန်အခြေစိုက် အိုင်တီကုမ္မဏီက ဥက္ကဋ္ဌတယောက်က “စစ်တပ်က
တိုင်းပြည်ပြိုကွဲမှာကို ကာကွယ်တဲ့အနေနဲ့ အာဏာသိမ်းရတာဆိုပြီးတော့
တက်လာတာပဲ။ ဒီလိုနဲ့ နောက်ပိုင်းမှာ စစ်တပ် အရှိန်အ၀ါကို တိုးချဲ့ဖို့
အကြောင်းပြချက်လည်း ရခဲ့တယ်” လို့ပြောပါတယ်၊
မြန်မာပြည်မှာ
စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်နေရတာက အင်္ဂလိပ်ခေတ်မှာ တိုင်းရင်းသား
အချင်းချင်း သွေးခွဲအုပ်ချုပ်ခဲ့တဲ့ အမွေဆိုးကနေ
အကြောင်းခံခဲ့တယ်ဆိုတဲ့သဘောပါပဲ။
ဗြိတိသျှအမွေကို
ဖျောက်ပျက်ပစ်တဲ့ အကြောင်းပြောရဦးမယ်။ မြန်မာပြည်တခွင် ကိုယ်ပိုင်ကားနဲ့
ဘက်စ်ကားနဲ့ ခရီးသွားတဲ့အခါမှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့
ကိုယ်တိုင် ကြုံရတာမို့ပါ။ ကွေ့ကွေ့ကောက်ကောက် တောင်တက်လမ်းတလျှောက်မှာ
ကျနော့်ရဲ့ ဧည့်လမ်းညွန်က ကားဒရိုင်ဘာနဲ့ ဘေးချင်းယှဉ်ထိုင်ပြီး။ မောင်းထား
ဆရာ၊ ဟိုးထားဆရာ - စသဖြင့် အချက်ပေးရင်း လိုက်ပါခဲ့တဲ့ အတွေ့အကြုံပါ။
ကားဆရာက ညာဘက်ကနေ ကားမောင်း နေရတာဆိုတော့ ရှေ့ဘက်ကနေ လာနေတဲ့ ကားကို
ကောင်းကောင်းမမြင်ရဘူးလေ။
မြန်မာပြည်လွတ်လပ်ရေးရတော့
ဗြိတိသျှအစိုးရရဲ့ ဓနသဟာရ နိုင်ငံများအဖွဲ့ထဲ မ၀င်ခဲ့ဘူး။
ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ ဆိုရှယ်လစ်အစိုးရကျတော့ ဗြိတိသျှအမွေဖြစ်တဲ့
ဘယ်မောင်း စနစ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ထူးထူးဆန်းဆန်း အန္တရာယ်များတဲ့
ညာမောင်းစနစ်ကို ပြောင်းလဲလိုက်တာလို့ ဧည့်လမ်းညွန်က ရှင်းပြပါတယ်။
တချို့ကတော့
ဒါ - ဗေဒင်ဆရာတွေ ဟောတဲ့အတိုင်း လိုက်လုပ်တာလို့ ဆိုကြပေမယ့်
တော်တော်များများကတော့ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ပဲ ဆို်င်တယ်လို့
မြင်ကြပါတယ်။
ဂျပန်က
မိုင်နီချိ သတင်းစာမှာ ၁၉၉၆ ဂျွန်လလောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာပြည်က ပေးစာ ဆောင်းပါး တပုဒ်မှာတော့ အဲဒီတုန်းက နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration
Council) ဆိုတာကို ဂျော့ခ်ျအော်ဝဲ ပေးတဲ့ နာမည်ကျနေတာပဲလို့ ရေးဖူးပါတယ်။
အဲဒီတုန်းက အစိုးရထုတ်ပြန်တဲ့ ဥပဒေ ၁/၉၀ ထဲက ပုဒ်မတွေကိုလည်း ဂျော့ခ်ျအိုဝဲ
ဝထ္ထုထဲက စာသားတွေ ကျနေတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က သရော်ခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
ဗြိတိန်မှာ ပညာသင်ပြီး ဗြိတိသျအမျိုးသားတဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
ဗြိတိသျှခေတ် အမွေတွေကို ဖျက်သိမ်းခဲ့တဲ့ မြန်မာပြည်က စစ်ခေါင်းဆောင်တွေ
အတွက်ကတော့ အနောက်ပုံစံ ဒီမိုကရေစီ တရားတွေဟော၊
ဂျော့ခ်ျအော်ဝဲအကြောင်းပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
မလိုမုန်းထားစိတ်ဖြစ်ကြတာကလည်း သဘာဝကျတယ်လို့ ဆိုရမလားပဲ။
ဒါပေမယ့်
အင်္ဂလိပ်တွေခေတ်မှာ မြန်မာတိုင်းရင်းသားတွေ သူတို့ကို
မတော်လှန်နိုင်အောင်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာကိုပဲ
ဒီမိုကရေစီလှုပ်ရှားမှုကို နှိပ်ကွပ်ဖို့ စစ်အစိုးရက ပြန်ပြီး
အသုံးပြုခဲ့ပြန်ပါတယ်။
ရန်ကုန်မြို့အခြေစိုက်
သံတမန်တဦးကလည်း မြန်မာအစိုးရဟာ တက္ကသိုလ်တွေကို နယ်မြို့တွေမှာ
လိုက်ဖွင့်ထားပြီး၊ ကျောင်းသားတွေ မစုမိအောင်၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ
အရေးပါတဲ့နေရာကနေ မပါနိုင်အောင် လုပ်ထားတဲ့ အကြောင်းပြောပြပါတယ်၊
မြို့တော်ကို နေပြည်တော်ကို ရွှေ့ထားတာကလည်း ပြည်သူ့ဝန်ထမ်းနဲ့
ကျောင်းသားတွေကို ခွဲထားချင်တာက အဓိက ရည်ရွယ်ချက်လို့ ဆိုပါတယ်။
ပြောရရင်တော့
မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရရော၊ စစ်အစိုးရရော၊
ဘုရင်တွေရော၊ လုပ်နည်းလုပ်ဟန်တွေက အတူတူနဲ့ အနူနူချည်းပဲလို့ ဆိုရမလိုပါပဲ။
၁၉၈၄ ၀ထ္ထုထဲက အကောင်းတွေက ဆိုးဖို့ဖြစ်ပြီး၊ အဆိုးတွေက ကောင်းဖို့ဖြစ်တယ် ဆိုတဲ့ ဂျော့အော်ဝဲရဲ့ စာသားဟာ မြန်မာပြည်အတွက်က ဒက်ထိကို မှန်နေပါတယ်။
(Mainichi Japan) January 28, 2012
နေသွင်
No comments:
Post a Comment