"...အထူးကုဆေးခန်း အပြင်ဘက် စင်္ကြံလေးမှာ လူနာက ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ။ တစ်ခါ တစ်ခါများဆို ဘုန်းကြီးလည်း ပါရဲ့။ မိန်းမပျို လေးလည်း ပါရဲ့။ ခတ်ရွယ်ရွယ်ယောက်ျားလည်း ရှိရဲ့ရှင်။ ဝင်မယ့်သုံးယောက် အင်္ကျီ ကြိုချွတ်ထား ဆိုတော့လည်း အော် အာဏာစက်အောက်မှာ ဆင်ခြေတက်ခွင့်မရှိ..."
Nearly all men can stand adversity, but if you want to test a man's character, give him power.
Abraham Lincoln
လူတိုင်းလိုလိုဟာ ဘေးဒုက္ခတွေကို ခံနိုင်ရည် ရှိကြတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးလိုက်ပါ။
အေဘရာဟမ် လင်ကွန်း။
ကျွန်မှာလည်း စကားတစ်ချက် ဆောင်းပါးတစ်ပုဒ်များ ဖြစ်နေမလားပဲ။ မျက်စိထဲမှာလည်း အမြင်ဆန်း၊ ဦးနှောက်ထဲမှာလည်း ရှုပ်ရှုပ်ထွေးထွေး။ အာဏာပါဝါနဲ့ စာရေးစာချီများကလည်း ရှေ့ရောက်ရောက်လာ။ အာဏာ ပါဝါနဲ့ ယာဉ်ထိန်းရဲကလည်း မျက်စိနား ဝဲလည်လည်။ အာဏာပါဝါနဲ့ မူကြိုဆရာမကလည်း မနက်လင်းတိုင်း မြင် မြင်နေရ။ ဒီတစ်ခါများ စကားစစ်ထိုးပွဲလေး လုပ်ဖြစ်မယ်ဆိုရင် ရာထူးကြီးရင် အာဏာကြီးသလား။ ရာထူးကြီးရင် တာဝန်ကြီးသလား ဆိုတဲ့ ခေါင်းစဉ်လေး ရှာတွေ့တော့ လူငယ်လေးတွေက ဘာကိုပြောကြမှာပါလဲ။ ပြောတိုင်းလည်း မယုံ သူ့လက်ထဲ ရာထူးကြီးကြီး၊ ကြီးသမှဆို လူတစ်ယောက် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်လောက်တဲ့ ဒါမှမဟုတ် အသက်တစ်ချောင်းကို နုတ်ယူပြစ်နိုင်လောက်တဲ့ ရာထူးရာခံက ကြီးမားသွားပြီဆို လူ့သဘာဝက ပြောင်းပြောင်း သွားတတ်တာလည်း သိပါရဲ့ရှင်။ ဒါ့ကြောင့်လည်း အေဘရာဟင် လင်ကွန်းက လူတစ်ယောက်ရဲ့ ခံနိုင်ရည်တရားကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးလိုက်ပါလို့ ဆိုတာဖြစ်မှာပါ။
ကျွန်မပြောနေကျစကားတစ်ခွန်းကတော့ သူ့အိမ်မှာသူ သူဘုရင်ပဲ၊ ကိုယ်က ချမ်းသာတယ် ကြည့်ရှုတယ် ဆိုပြီး သူ့အပေါ် မကျူးကျော်နဲ့၊ ဆိုက်ကားသမားလည်း သူ့အိမ်မှာတော့ သူဘုရင်ပါပဲ။ အမှိုက်လာသိမ်းတဲ့လူလည်း သူ့ရာထူးနဲ့သူ။ သူလည်း အမှိုက်သိမ်းဝန်ကြီးလို့ သူ့ကိုယ်သူ ဆိုချင်ဆို မြို့တော်ဝန်ကို စော်ကားရာ မကျပါဘူး။ သူက အမှိုက်သိမ်းဝန်ကြီး အစစ်။ သူမလာလို့ ဒေါသထွက်ပြီး ရန်စမလား။ အမှိုက် သိမ်းကားကို ကိုယ့်အိမ်နဲ့ အဝေးကြီးမှာ ရပ်။ ကိုယ်က ရှစ်ထပ်ပေါ်ကပြေးဆင်းလာ။ သူ့နားရောက်တော့ ကားက ထွက်သွား။ ဒါက သူ့လုပ်ပိုင်ခွင့်လေ။ ပိုက်ဆံလေးပေးထား အမှိုက်သိမ်းဝန်ကြီးအဖွဲ့က လူတစ်ယောက် အိမ်ပေါ်ထိလွှတ်ပေးပါ့။ ဒါလည်း သူလုပ်ပေးနိုင်တဲ့ ဘောင်ထဲက သူလုပ်ပေးတာလေ။ ကျုပ်တို့အိမ်ပေါ်တော့ မတက်ဘူးဆိုပြီး သွားမတိုင်နဲ့။ ဒါက လုပ်ပိုင်ခွင့်ကြားမှာရှိတဲ့ နားလည်မှု။
ဆရာဝန်ကြီးဆီ သွားချင်ရင် သူ့အခန်းရှေ့ တိုကင်ခေါ်တဲ့ ဆရာမလေးနဲ့ တွေ့ရမှာပေါ့။ သူကသွင်းပေးမှ ဆရာဝန်ကြီးအခန်းထဲရောက်မှာလေ။ သူနဲ့ပြေလည်မှ တိုကင်ကျော်သွားရင်လည်း သူ့ဆေးခန်းစည်းကမ်းအတိုင်း သုံးယောက်ဝင်ပြီး ကိုယ့်အလှည့်ကို ခေါ်ပေးမှာပေါ့။ ဒါလည်း သူ့လုပ်ပိုင်ခွင့်၊ သူလည်း တိုကင်ပေးဝန်ကြီးပေါ့။
စားပွဲတစ်လုံးပေါ်က ကိုယ့်လျှောက်လွှာလေး နောက်စားပွဲတစ်လုံးပေါ်ရောက်မှ အဆင်ပြေမှာဆို သူက လက်မှတ်ထိုးပြီး ပို့လိုက်မှ ရောက်မှာလေ။ ကိုယ့်ဟာကိုယ် စားပွဲတစ်လုံးက နောက်တစ်လုံးပေါ် အစစ်အဆေးမရှိ သွားတင်လို့ရတာမှ မဟုတ်ဘဲ။ ဒီတော့ သူလည်းပဲ လျှောက်လွှာလွှဲပြောင်းဝန်ကြီးလို့ သူ့ကိုယ်သူဆို ကျွန်မတို့က ဘာတတ်နိုင်သေးတာမှတ်လို့။ ဒီတော့လည်း ရှိပါစေတော့ကွယ် လို့ စိတ်လျှော့လို့မာန်ပျောက်ကာ ကိုယ့် အလုပ်ပြေလည်စေရေးအတွက် အာဏာရှိတဲ့ လူပုဂ္ဂိုလ်မြတ်ကို ပူဇော်သက္ကာရပြုလိုက်ပေတော့။
ရာထူးဆိုတာ လုပ်ပိုင်ခွင့်နဲ့သက်ဆိုင်လေတော့ ထိုက်သင့်တဲ့အာဏာက နောက်က ကပ်ပါလာတာပါပဲ။ ဒါကြောင့်လည်း အာဏာကို မစွန့်လွှတ်ချင်၊ ကုလားထိုင်ကို မြဲစေချင်။ လုပ်ပိုင်ခွင့်နောက်က အာဏာအတွက် တံတားဆောက်၊ ညောင်ထောက်၊ ခေါစာပစ် လုပ်ကြတာ ဒုနဲ့ဒေး။ ယတြာကောင်းတော့ မင်းလောင်းပင် ပျောက် သတဲ့။ ဒီစကားက မြန်မာ့ယဉ်ကျေးမှုတစ်ရပ်လို ယုံယုံကြည်ကြည်ကျင့်သုံးတာ။ ဧည့်ခန်းထဲ ယောင်းမကြီးထောင် ထားတာမြင်လို့ မေးလိုက်တော့ သားသမီးတွေ မိဘစကားနားထောင်အောင်တဲ့လေ။ ယောင်းမက မွှေတဲ့အရာ။ နံရံက မှီရတဲ့နေရာ။ ဧည့်ခန်းက အိမ်သား မဟုတ်တဲ့ ဧည့်သည်တွေ ဝင်ထွက်သွားလာတဲ့နေရာ။ ဒီနေရာသုံးခုကို အမှီပြုစဉ်းစားတော့ အကြံအစည်အောင်အောင် ဘုရားရှင် ကို ကြံကပ်တာ၊ ကြာပန်းကပ်ရင် ကြာတတ်သမို့ ဘုရားစင်ပေါ် ကြာပန်း မတွေ့ရတာ။ ရာထူးနေရာ မပြောင်းချင်တော့ ပြောင်းဖူး (မပြောင်းဘူး) ကပ်ရတာက အကြောင်း အကျိုးဆက်စပ်သလိုလိုရှိပေမယ့် ဧည့်ခန်းနံရံက သစ်သားယောင်းမ ချိတ်ထားတာကျတော့ ဥာဏ်ကမမီ၊ ဦးနှောက်က လှိုင်းမရှိ ဖြစ်ရတာ ကျွန်မ ဘဝ။
ကျွန်မတို့ ရာထူးကြောင့်ဖြစ်လာတဲ့ လုပ်ပိုင်ခွင့်ပဲပြောပြော အာဏာပဲဆိုဆို စကားလုံးတွေ အငြင်းပွားရင် သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များအနံ့တွေ လှိုင်နေသလိုပဲ။ စကားတွေပြောနေလိုက်တာ အော်.. ကွန်မြူနစ်ဆိုတာ ဒါမျိုးလားပေါ့။ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းဆိုတာ သိတယ်မဟုတ်လား။ ကျွန်မတို့်ဝေါဟာရအသုံးမှားရင် ဝေါဟာရသမားကို စကားဆိုခွင့်ပေးလိုက်ပါ။ ဆရာမောင်ခင်မင်(ဓနုဖြူ) ရှိပါတယ်လေ။
ကျွန်မတို့မတော့ ပြည်သူ့ဆေးရုံ ဂိတ်စောင့် တံခါးစောင့်ကစပြီး အာဏာနဲ့တွေ့တာ အဆောင်ထဲရောက်တဲ့ အထိလည်း အာဏာက ရှိဆဲပဲရှင့်။ လုပ်ပိုင်ခွင့်နောက်က တစ်သားထဲကပ်ပါလာတဲ့ အာဏာ။ ဆရာဝန်တွေများ အာဏာစက် ဘယ်လောက်ပြင်းသလဲဆို လူနာတွေ အင်္ကျီများတောင် ကြိုချွတ်ထားရတာပါရှင်။ အထူးကုဆေးခန်း အပြင်ဘက် စင်္ကြံလေးမှာ လူနာက ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ။ တစ်ခါ တစ်ခါများဆို ဘုန်းကြီးလည်း ပါရဲ့။ မိန်းမပျို လေးလည်း ပါရဲ့။ ခတ်ရွယ်ရွယ်ယောက်ျားလည်း ရှိရဲ့ရှင်။ ဝင်မယ့်သုံးယောက် အင်္ကျီ ကြိုချွတ်ထား ဆိုတော့လည်း အော် အာဏာစက်အောက်မှာ ဆင်ခြေတက်ခွင့်မရှိ။ ချွတ်.. တန်းစီ။ သုံးယောက်ဝင်။ လူပို လိုက်လို့မရဘူး.. ဆိုတဲ့ ဆရာမစကား နားထဲကမထွက်။ မတတ်နိုင်ဘူး ဒါ ဆရာကြီးရဲ့ ညွှန်ကြားချက်တဲ့။ ကျွန်မ ယောင်ဝါးဝါးဖြစ်သွားပါရဲ့။ လုပ်ပိုင်ခွင့်နောက်က အာဏာ။ လူကြီးမင်းတို့မြင်ပါရဲ့လားရှင်။ ရင်ဘတ်ကို နားကြပ်နဲ့ သုံးလေးနေရာစမ်း။ ကြောပြင်ကို စမ်း။ အသက်ရှု လို့ပြောစဉ်မှာပဲ သူ့ စမ်းသပ်မှုကပြီးသွားပြီ။ ဒါလေးသောက်လို့ ခေါင်းတွေသိပ် ကိုက်တယ်လို့ပြောတော့မှ လူနာမျက်နှာကို မော့ကြည့်.. ပြီးတော့ ဘာပြောလိုက်မယ်ထင်သလဲ။ ခင်ဗျားခေါင်း ကိုက်ခံမလား၊ အသေခံမလားတဲ့။ ကောင်းရော… ဟဲ့ အာဏာ… ဒါ လုပ်ပိုင်ခွင့်ကြီးလား။
သက်ရှိထင်ရှားထောက်ခံစာ … တဲ့။ ရော် ဒီဆရာ ခက်ပါဘိ ကျွန်မက သူ့ရှေ့ မတ်မတ်ကြီးကို ရပ်လို့။ ကျုပ်လိုချင်တာ ခင်ဗျား သက်ရှိထင်ရှားထောက်ခံစာ… စာလိုချင်တာ။ လူလာရပ်ပြလို့မရဘူး တဲ့။ ဟုတ်ပါပြီ။ ရပ်ကွက်အုပ်ချုပ်ရေးရုံးပေါ့ သွားပေဦးတော့ ခြေလှမ်းတစ်ရာ၊ ငွေအိတ်ပါးနဲ့ မျက်နှာထားချို။ မနက်က လမ်းထိပ်မှာ တွေ့တုန်းက သူက လက်ဖက်ဆိုင်မှာ.. အစ်မ လက်ဖက်ရည်သောက်ပါဦး တဲ့။ ခုတော့ သူ့မျက်နှာထားက ခပ်တည်တည်ရှင့်။ အော် မေ့လို့ သူက ကုလားထိုင်ပေါ် ထိုင်နေတာလေ… သူ့ရဲ့ လုပ်ပိုင်ခွင့်နယ်မြေ။ အာဏာတည်ရာနေရာတော်မြတ်။ ဒါက လုပ်ငန်းရှင်လာရမှာ..။ တစ်ခွန်းတည်းသော သူ့စကား။ ဥပဒေကဲ့သို့ အာဏာတည်သော သူ့အမိန့်။ ကျွန်မရဲ့ ချိုသာ ပျော့ပျောင်းတဲ့စကားသံကြောင့် မဟုတ်ပါဘူး။ လက်ထဲက အိတ်ပါးက သူ့အံဆွဲထဲရောက်သွားခိုက်… ကိုယ့်အစ်မတွေပဲ လုပ်ပေးရမှာပေါ့ဗျာ။ သေလိုက်ဟဲ့ .. လုပ်ပိုင်ခွင့်။
အော် .. ကျွန်မ နည်းနည်းလေးများ လွန်သွားသလားရှင်။ လုပ်ပိုင်ခွင့် နောက်က အာဏာလိုက်သလား။ ဒါမှမဟုတ် အာဏာနောက်ကပဲ လုပ်ပိုင်ခွင့်က လိုက်တာလား။ လုပ်ပိုင်ခွင့်ရှိလို့ အာဏာများရှိလေသလား။ အာဏာ ရှိလို့ လုပ်ပိုင်ခွင့်ကို နှင်းအပ်ခြင်းခံရပေသလား။ ဦးနှောက်ထဲတွင် နောက်ကျိကျိ။
ရာထူးရှိရင် ….အဲဒီ့ ရာထူးအလိုက် လုပ်ပိုင်ခွင့်များ အပ်နှင်းထားခြင်း မရှိရင် အကျိုးသက်ရောက်မှု အလုပ်က ဖြစ်မလာနိုင်မဟုတ်ပေဘူးလား။ ရာထူးတော့ ရှိပါရဲ့… လုပ်ပိုင်ခွင့် ဘာမှပေးမထားဘူး ဆိုတဲ့ စကားလည်း ကြားဖူး နားဝတော့ ရှိသား။ တံဆိပ်ခေါင်းတဲ့ စာရေးကိုလည်း တန်ရာတန်ဖိုးပေးရင် ဘယ်သူ့ကိုမဆို တံဆိပ်ခေါင်းရောင်းချ ခွင့် ပေးထားပြီးသားပါ။ အင်း တံဆိပ်ခေါင်းကို ငါရောင်းမှ ဖြစ်တာလို့ ဝယ်သူအပေါ် သဘောထားရင် သူ့လုပ်ပိုင်ခွင့်က အာဏာဘက်ကို လုသွားပြီ။ ဒါ ထမင်းစားချိန် ဆိုပြီး စကားတွေ ဖောင်ဖွဲ့၊ တဟီးဟီးတဟားဟား လုပ်နေ၊ တံဆိပ်ခေါင်းဝယ်သူက အပေါက်လေးမှာ ငုတ်တုတ်မေ့။ ထမင်းစားချိန်ကို စာလေး ကပ်ထားပြီး သတ်သတ်မှတ်မှတ်လေး လုပ်ရင် တစ်ခါ နှစ်ခါ အပြင် နောက်ဆို သိသွားပြီလေ။ သို့ကလိုမဟုတ် ... အဝက ဝယ်သူကို အသိအမှတ်မပြု၊ မျက်နှာထားက သူ့လုပ်စာကိုမျှကျွေးနေတဲ့ပုံ။ ရိုက်ပေါက်။ သို့ပေငြား ကိုယ်လိုချင်တာက သူ့ဆီက တံဆိပ်ခေါင်း။ စောင့်ပေတော့ တစ်နာရီ။ မမှု။
တွေ့ပါရဲ့ လမ်းမပေါ်က အာဏာရှင်များ…………။ ယာဉ်ကြောပြောင်းပြန်ဖြစ်လောက်အောင် ကျော်တက်။ မျဉ်းသေလား၊ မျဉ်းရှင်များ မသိ။ နှစ်ထပ်မျဉ်းများအပေါ် ခွကျော်တက်။ ဘာကြောင့်နှစ်ထပ်မျဉ်း ဆွဲထားမှန်းမသိ။ သိအောင်လည်း မဖော်ထုတ်။ ယာဉ်မောင်းလိုင်စင် ရေးဖြေဆို လွတ်လပ်မှု အပြည့် ရှင့်။ မေးခွန်းချပေး နောက်စာမေးပွဲခန်းစောင့်သူက တစ် က၊ နှစ် ဂ၊ သုံး ခ ဆိုပြီး အဖြေကိုရွတ်ပြသွားတာ ကိုယ်တွေ့ အူကြောင်ကြောင် စာမေးပွဲ။ လမ်းဝကို ဘတ်စ်ကားကြီးတွေက ပိတ်ရပ်။ လူတင်… လူခေါ်။ တစ်ဖက်က လမ်းထဲကွေ့မယ့်ကားက စောင့်။ နောက်က ကားတန်းကြီးကလည်း စောင့်ပေတော့ရှင်။ ကြပ်ပါပြီ ယာဉ်ကြော။ ပိတ်ပါပြီ ယာဉ်လမ်း။ နောက်ကျပါပြီ ရုံး။ သတ်မှတ်ခံလိုက်ရပါပြီ.. နေ့ဝက်ခွင့်။ လွဲပြီပေါ့ … ရုံးတက်မှန် အပိုဆုကြေး တစ်လစာ။ မောရပြီပေါ့။
နေ့စဉ်ကြုံတွေ့သမျှ … ရာထူးနောက်က တာဝန်ဆိုတာထက် ရာထူးနောက်က လုပ်ပိုင်ခွင့်အာဏာက ကြီးစိုးနေတာ အမှန်ပါပဲ။ ဆရာဝန်ကြီးလည်း လူနာရဲ့ ကျန်းမာရေးတာဝန် ဆိုတာထက် အချိန်တိုတိုအတွင်း လူနာများများကြည့်နိုင်ဖို့ အာဏာတွေသုံးရသလို တံဆိပ်ခေါင်းရောင်းတဲ့သူကလည်း မှန်ကန်တဲ့ တံဆိပ်ခေါင်းကို ရောင်းချပေးရမယ့် တာဝန်ထက် လိုချင်သူက စောင့် ဆိုတဲ့ အာဏာတွေ သုံးနေတာပါပဲ။ ပလက်ဖောင်း ဈေးသည်ကလည်း ဒါ အများပိုင်လမ်း …. လမ်းလျှောက်တဲ့သူတွေကို ဂရုမစိုက်အားဘဲ ညနေ ဆန်ဝယ်ဖို့ ကပ်တပ်တပ်နဲ့ လမ်းဖယ်မပေးရေး အာဏာကို သုံးလိုက်တော့ ဘာမှမဖြစ်ပါဘူး။ လမ်းမပေါ် ဆင်းလျှောက်ပေါ့လေ။
တာဝန်ဆိုတာ လာမပြောနဲ့။ ဒါက လက်ပတ်မှာပဲ ရေးတာ။ တာဝန်ရှိရင် အာဏာရှိမှ။
အော် ပုရွက်ဆိတ်လည်း သူ့အထွာ၊ ဆင်လည်း သူ့အထွာတဲ့လား။
I hope our wisdom will grow with our power, and teach us, that the less we use our power the greater it will be.
Thomas Jefferson
အသိပညာဟာ ကျွန်တော်တို့ရထားတဲ့ အာဏာနဲ့အတူ ရှင်သန်လာတယ်လို့ ကျွန်တော်မျှော်လင့်တယ်။ နောက် အဲဒီ့ အာဏာကို အသုံးနည်းလေလေ အသိပညာဟာ ပိုပြီးကြီးမြတ်လာတယ် ဆိုတာကိုလည်း ကျွန်တော်တို့ကို သင်ပေးနေပါတယ်။
သောမတ်စ်ဂျက်ဖာဆင်
ဘာရာဒွါဂျာ (မြန်မာပြည်)
No comments:
Post a Comment