Friday, October 18, 2013

“ကျားဆိုတာ တစ်နေ့ တော့ကြောင်ဖြစ်သွားတာဘဲ သို့ မဟုတ် န၀တ အကျဉ်းသား”

နောက်တော့ ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၆၂ ဇူလိုင် ၇ ရက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်နဲ့  ခွဲပစ်လိုက်တာ။ လွပ်လပ်ရေးကြိုးပမ်းမှုရဲ့  တပ်ဦးမီးရှုးတန်ဆောင် သမိုင်းဝင်အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ခွဲတာက သူ့ ရဲ့ အတွင်းအဇ္ဈတ္တ သန္တာန်မှာ တောက်လောင်နေတဲ့ဒေါသမီးတွေ၊ အာဏာဂုဏ်မောက်တာတွေ သွားတွေ့ ရတယ်။ သမဂ္ဂအဆောက်အဦထဲမှာ ဘယ်ယူဂျီ၊ ဘယ်ကွန်မြူနစ်မှ မရှိမှန်းသိလျက်နဲ့ သူ့ ရဲ့ ဒေါသနဲ့ အာဃာတကြောင့် တမင်ဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်။ ရှိရှိသမျှကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အထဲမှာတစ်ယောက်မှမရှိတော့မှန်းသိလျက်သားနဲ့  ဒေါသနဲ့ အာဏာဆိပ်တက်ပြီး ဗုံးခွဲဖျက်ဆီးလိုက်တယ်။ နောက်တစ်နေ့ မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ကျောင်းသားတွေကို “ဓားကိုဓားချင်း လှံကိုလှံချင်း” ယှဉ်ပြိုင်မယ်လို့ စိန်ခေါ်လိုက်သေးတယ်။ ကျားဘ၀မှာတုန်းက ကျားဟိန်းသံပေါ့ဗျာ။ ၁၉၇၀ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုမှာ တစ်ဖက်ကတောင်းတဲ့ကိစ္စ မဖြစ်နိုင်တဲ့ကိစ္စမို့  ဒေါသတကြီးနဲ့ ဆွေးနွေးပွဲစားပွဲကို မှောက်လှန်ပစ်ပြီး အခန်းထဲကထွက်ခဲ့ဖူးတယ်။ တစ်ခါ အင်းယားလိပ်ဟော်တယ်မှာ ပါတီက တီးခတ်နေတဲ့ ဗုံ (ဒရမ်)သံတွေ သူ့ ခြံဘက် လေသင့်လို့ ရောက်လာတော့ သူ့ ရဲ့ လက်ရုံး ဗိုလ်မှူးချုပ်တင်ဦး (မျက်မှန်ကြီး)နဲ့ သူ့ ကိုယ်ရံတော်တပ်ကိုခေါ်ပြီး အဲဒီပါတီကဗုံတွေ (ဒရမ်တွေ)ကို ရိုက်နှက်ဖောက်ပစ်ပြီး ပွဲဖျက်လိုက်ဖူးတယ်။ နောက်ဆုံး ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ခါနီးမှာ အရေးပေါ်ပါတီညီလာခံ မိန့် ခွန်းပြောတဲ့အခါ “စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်” ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တယ်။ ခြိမ်းခြောက်တဲ့အတိုင်းဘဲ လက်တွေ့ ပစ်ပြခဲ့တယ်။ နောက်ဆုံးဘာတွေဖြစ်သွားသလဲ။ သူတင်ထားတဲ့သူတွေဘဲ၊ သူဆင်ထားတဲ့ ကျားကွက်တွေဘဲအကွက်ဆင်တာမှားပြီး သူကိုယ်တိုင်အကျယ်ချုပ် အကျဉ်းသားဘ၀နဲ့ နှစ်ရှည်နေလိုက်ရတော့တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း အကျယ်ချုပ်ခံနေရစဉ် သူ့ အချစ်ဆုံးမြေး ကျော်နေ၀င်းနဲ့ တွေ့ ချင်တယ်လို့  ပြောတဲ့အခါ တွေ့ ခွင့်မရခဲ့ဘူး (အဲဒီအချိန်မှာ ဦးနေ၀င်းရဲ့ သားမက် အေးဇော်ဝင်းနဲ့ သူ့ သားသုံးယောက်လုံး အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေပြီ ဖြစ်ပါတယ်)။ နောက်ဆုံးဦးနေ၀င်းဟာ န၀တရဲ့ အကျဉ်းသားဘ၀နဲ့ ဘဲ အေဒီလမ်းခြံကြီးထဲမှာဘဲ၊ အိမ်နိမ့်ခံဘ၀ အကျယ်ချုပ် အကျဉ်းသားဘ၀နဲ့ ဘဲ ဒေါသထွက်ရင်း အသက်ထွက်သွားတယ်။ သေခါနီးမှာ သူ့ အပေါ်မှာ ဒီလိုလုပ်ရက်ကြတယ်ဆိုတဲ့ နောင်တစိတ်၊ ဒေါသစိတ်၊ သောကစိတ်တွေနဲ့  အသက်ထွက်သွားခဲ့ရတာ။ သူသေတဲ့သတင်းကြားတော့ မဆလ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်က သွားကြည့်ချင်လို့ ခွင့်တောင်းတာ ခြံစောင့်စစ်သားတွေက ခွင့်မပြုလို့  ဦးစိန်လွင်ခမျာလည်း ဒေါသတွေ အချောင်းလိုက်ထွက်ပြီး၊ ခေါင်းနဲ့ နံရံကိုတောင် ဆောင့်ဆောင့်ပြီး အော်ဟစ်နေခဲ့တယ်လို့ သိရတယ်။ ဦးစိန်လွင်ကိုလည်းဘဲ န၀တ အကျယ်ချုပ် အကျဉ်းသားဘ၀နဲ့ ထားခဲ့တာဖြစ်တယ်။ ဦးစိန်လွင်ဆိုတာက ဦးနေ၀င်းပြီးရင် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တာဘဲ။ ဦးနေ၀င်းတစ်ခုခုလုပ်ချင်ရင် စိတ်ချယုံကြည်ရတဲ့၊ မိုက်မိုက်ကန်းကန်းဖြစ်တဲ့ ဦးစိန်လွင်ကိုဘဲ ခိုင်းခဲ့တာ။ သမဂ္ဂအဆောက်အဦဗုံးခွဲတော့လည်း ဦးစိန်လွင်ဘဲ Operation ကိုင်တွယ်ခဲ့ရတာ။ Operation Commander လုပ်ခဲ့တာ။ ၁၉၈၈ မတ်လ ၁၆ ကျောင်းသားထုရဲ့  အင်းလျားကန်ဘောင်ချီတက်ပွဲဖြိုခွင်းတာလည်း ဦးစိန်လွင်ဘဲ တိုက်ရိုက်အမိန့် ပေးခဲ့တာ။ ဦးနေ၀င်းရဲ့ ပါရမီဖြည့်ဖက်တွေဖြစ်ခဲ့ကြတာ။ ဒါပေမယ့် န၀တအာဏာ ကြီးထွားလာတော့ ဦးစိန်လွင်ဟာလည်း သူ့ ဆရာ ဦးနေ၀င်းလိုဘဲ အကျယ်ချုပ်ခံခဲ့ရပါတယ်။ ဦးနေ၀င်းတို့  ဦးစိန်လွင်တို့ ဟာ တစ်ချိန်တုန်းက ငွေစက္ကူတွေ တရားမ၀င်ကြောင်းကြေညာခဲ့တာတွေ၊ ဘာအမိန့် ဒီဂရီဆိုပြီး ပုံ/စိန်လွင်ဆိုပြီး ကြေညာချက်တွေ ထုတ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ကျုပ်တို့ ဘ၀တလျှောက်လုံး ပုံ/နေ၀င်း၊ ပုံ/စိန်လွင် ဆိုရင် ကြောက်လန့် နေရတဲ့ အာဏာရှင်ကြီးတွေပေါ့။ သူတို့ တွေလည်း နောက်ဆုံးမှာတော့ သူတို့ ကိုယ်တိုင်မွေးခဲ့တဲ့ တပည့်အရင်းအချာတွေရဲ့  အကျဉ်းသားဘ၀တွေနဲ့ ဘဲ ဘ၀ကိုအဆုံးသတ်သွားခဲ့ကြရတာ။ ဦးနေ၀င်းရဲ့ အသုဘကိုတောင် လိုက်ပို့ မယ့်သူမရှိ။ လိုက်ပို့ နိုင်ခွင့်သူမရှိဘဲ သားသမီးတွေနဲ့ တင် လူ ၁၀ ယောက်လောက်ဘဲပို့ တဲ့အသုဘအဖြစ် ဇာတ်သိမ်းသွားရခဲ့တယ်။ ၁၉၄၁ ကတည်းက ဗမာ့လွတ်လပ်ရေးတပ်မတော် ရဲဘော်သုံးကျိပ်ဘ၀ကတည်းက ဦးနေ၀င်းရဲ့ ကံကြမ္မာဟာ တရှိန်ထိုး တက်လာခဲ့တာ။ ၁၉၅၈ မှာ တစ်ခါ အာဏာသိမ်း အိမ်စောင့်အစိုးရခေါင်းဆောင်။ ၁၉၆၀ မှာ ပထစကို အာဏာပြန်ပေး။ ၁၉၆၂ မှာ တစ်ခါတည်းအာဏာပြန်သိမ်းလိုက်တာ ၁၉၈၈ အထိ၊ ၂၆ နှစ်အာဏာကို တစ်ဆက်တည်း ကိုင်စွဲလာလိုက်တာ။ သူ့ လက်ဖ၀ါးထဲမှာ မြန်မာပြည်ဟာ မှောက်ချင်ရင်မှောက်လိုက် လှန်ချင်ရင်လှန်လိုက်နိုင်တဲ့ဘ၀။ အာဏာရှင်ကြီးနောက်ဆုံး သူလည်းဆုံး၊ သူ့ သမီးသားမြေးမြစ်တွေလည်း အကျယ်ချုပ်တွေဖြစ်လိုဖြစ် ထောင်ကျလိုကျ ဖြစ်ကုန်ကြတာဘဲ။ သူ့ မြေးတွေဆိုရင် အင်းစိန်ထောင်ထဲက ကြိုးတိုက်ထဲမှာနေရတဲ့ဘ၀တွေ ရောက်ကုန်တာဘဲ။ ကြိုးတိုက်ဆိုတာက အင်းစိန်ထောင်ထဲမှာ ရင်ခွဲတိုက်လို့ ခေါ်တယ်။ သေခါနီးကြိုးသမားတွေထားတာ။ လျှပ်စစ်မီးမရှိဘူး။ လျှပ်စစ်မီးထားရင် ကိုယ့်ကိုယ်ကိုယ်သတ်သေမှာကြောက်လို့  မီးမထားဘူး၊ အမှောင်တိုက်။ ရွှေပေါ်မြတင်ဘ၀နဲ့ နေခဲ့ရတဲ့ ဦးနေ၀င်းမြေးတွေ ရွှေနန်းတော်ပေါ်ကနေ အင်းစိန်တိုက်ထဲ အမှောင်တိုက်ထဲ ရောက်ခဲ့ကြရတာ သံဝေဂဘဲ။ ဦးနေ၀င်းဆိုတာ ငပလီမှာအပန်းဖြေရင်း ရန်ကုန်တာမွေဘက်ကဘူးသီးကြော် စားချင်လို့ ဆိုပြီး လေယာဉ်ပျံလွှတ် ရန်ကုန်ကလာဝယ်ပြီး ငပလီကို ပို့ ပေးရတဲ့ဘ၀။ ဂျာမဏီမှာဆေးရုံတက်နေရင်း သူ့ မြေးကိုသတိရလို့ ဆိုပြီး ဂျာမဏီကနေ စင်းလုံးငှားထားတဲ့ Lufthansa လူသန်ဆာလေယာဉ်ကြီး ဂျာမဏီက ရန်ကုန်ပျံလာပြီး ရန်ကုန် TTC မှာ တက်နေတဲ့ သူ့ မြေးကိုတင်ပြီး ရန်ကုန်ဂျာမဏီ ဒီအတိုင်းပျံပေးပြီး သူ့ မြေးကိုပို့ ပေးခဲ့ကြရတာ။ အဲဒီလေယာဉ်အစီးလိုက် သူ့ မြေးပို့ ပေးရတဲ့ငွေတွေ၊ သူမြင်းလောင်းတဲ့ငွေတွေ၊ သူသုံးဖြုန်းတဲ့ငွေတွေ အားလုံးကို ကျုပ်တို့ မြန်မာပြည်ကလယ်သမားတွေ သွေးချွေးနဲ့ စိုက်ပြီးရတဲ့ စပါးရောင်းရတဲ့ငွေတွေ၊ ကျွန်းသစ်တွေဆီက ရောင်းရတဲ့ငွေတွေထဲက အားလုံး သုံးစွဲသွားတာ။ အဲဒီတုန်းကအခုလို သဘာဝဓာတ်ငွေ့ တွေမထွက်သေးဘူး။ ကျွန်းသစ်နဲ့ ဆန်စပါးရောင်းရငွေတွေကို သုံးပစ်ခဲ့တာ။ ၁၉၈၈ တုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းသမီး ဗိုလ်မှူးဒေါ်စန္ဒာဝင်းက ဗိုလ်ချုပ်ခင်ညွန့် နဲ့  လက်တွဲပြီး အာဏာသိမ်းတာကို စီမံခန့် ခွဲခဲ့ကြတယ်။ ဒေါ်စန္ဒာဝင်းကိုယ်တိုင် သူ့ အဖေဦးနေ၀င်းနဲ့ အတူ အေဒီလမ်းခြံကြီးထဲမှာ န၀တ အကျဉ်းသားအဖြစ် ကျရောက်သွားတဲ့အခါမှာ ဒေါ်စန္ဒာဝင်းဟာ စိတ်ဓာတ်တွေ ချုံးချုံးကျပြီး အဖွားအိုတစ်ယောက်လို တမုဟုတ်ချင်း အိုစာသွားတယ်လို့  အိမ်နီးနားချင်းတွေဆီက သိရတယ်။ ၂၀၀၉ ခုနှစ်မှာ နေအိမ်အကျယ်ချုပ် နောက်ထပ်တစ်နှစ် ထပ်တိုးကြောင်းစာကို တာဝန်ရှိသူတွေက သူမကိုဖတ်ပြတော့ သတိလစ်မူးလဲကျသွားတယ်ကြားတယ်။ သူတို့ ကျားဘ၀တုန်းက ဟိန်းဟောက်ခဲ့ပြီး ကြောင်ဖြစ်တဲ့အလှည့်ကျ ခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်ပျော့ညံ့ကြောင်း ပေါ်လွင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လို နှစ်ပေါင်း ၂၀ နီးပါး အကျဉ်းကျမယ်ဆိုရင် ဘာတွေများဖြစ်ကုန်မလဲမသိဘူး။ အဲဒီတုန်းက ဒေါ်စန္ဒာဝင်းက မောက်မောက်မာမာနဲ့  ဒေါ်စုကို ရန်ရှာတာပေါ့။ တစ်နှစ်က ဧည့်ခံပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံကြတော့ ဒေါ်အောင်ဆန်းစုကြည်ထံ အပြေးအလွှားနဲ့ လာပြီး နှုတ်ဆက်စကား ပြောနေတယ်။ ဗီဒီယိုမှာ တွေ့ လိုက်ရတယ်။ တော်တော် တရားကျသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိနှိပ်ခဲ့ပြီး အကျဉ်းသားအဖြစ်ထားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အချစ်ဆုံး အရေးပါဆုံးသမီး ဒေါ်စန္ဒာဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖက်လှဲတကင်း အားရပါးရ လာပြီးနှုတ်ဆက်နေတာ။ ဒေါ်စုလက်ကိုတောင် ချက်ချင်းမလွှတ်ဘူး။ အကြာကြီးကိုင်ထားတာ။ ဒေါ်စုက ရုတ်တရက် အံ့သြသွားတဲ့ပုံဘဲ။ ဒါပေမယ့် ဒေါ်စုက ချက်ချင်းဘဲ ဖော်ဖော်ရွေရွေနဲ့  ပြန်ပြီး လှိုက်လှိုက်လှဲလှဲစကားပြောနေတာကို ဗီဒီယိုထဲမှာ တွေ့ လိုက်ရတယ်။ ယခင် န၀တ ခေါင်းဆောင်တွေအများစု၊ ဗိုလ်ချုပ်ကြီးခင်ညွန့်  စစ်ထောက်လှန်းရေးအားလုံးနဲ့  ယခုလွှတ်တော်ထဲမှာ၊ ယခုအာဏာပိုင်တွေထဲမှာ ခေါင်းဆောင်လုပ်နေတဲ့သူတွေအားလုံးထဲက တစ်ဝက်လောက်က ဒေါ်အောင်ဆန်းစုကြည်ကို “ကုလားမ” လို့  တွင်တွင်ပြောပြီးမှ ဒီရာထူးတွေ ဒီနေရာတွေ ရခဲ့တဲ့သူတွေချည်းပါဘဲ။ ဒီကနေ့ ကျတော့လည်း သူတို့ တတွေဘဲ ရှေ့ ဆုံးကနေ ဒေါ်စုကို အစွမ်းကုန်ကူညီပြနေကြတာ။ ဒသဂီရိလိုဘဲ မျက်နှာတော်တော်များကြတယ်။ ဟိုတုန်းကလည်း “ကုလားမ” လို့ ပြောကြတာ သူတို့ ဘဲ။ ဒီကနေ့  “အစ်မကြီး” လို့ ပြောနေကြတာလည်း သူတို့ ဘဲ။ အံ့သြတယ်။ (သူရိယအလင်းဂျာနယ် အတွဲ ၁၊ အမှတ် ၁၀ နှင့် အမှတ် ၁၁ တွင် ပါရှိသော သတိုးစည်သူ ၏ “ကျားဆိုတာ တစ်နေ့ တော့ကြောင်ဖြစ်သွားတာဘဲ သို့ မဟုတ် န၀တ အကျဉ်းသား” မှ ထုတ်နုတ်ဖော်ပြပါသည်)

No comments: