မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု
မြန်မာနိုင်ငံမှာ
လွတ်လပ်ရေးကာလမှစပြီး ဒီနေ့ဒီအချိန်အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
သုံးခုရှိခဲ့ပါတယ်။ ဒီအခြေခံဥပဒေသုံးခုကို ရေးဆွဲခဲ့ရတဲ့
ရည်ရွယ်ချက်တွေကလည်း တစ်ခုနဲ့တစ်ခုလုံးဝ မတူညီခဲ့ကြပါဘူး။
ပထမဆုံးဖြစ်တဲ့ (၁၉၄၇)အခြေခံဥပဒေဟာ အင်္ဂလိပ်ဆီကနေ
လွတ်လပ်ရေးရယူနိုင်ဖို့အတွက် လိုအပ်ချက်တစ်ချက် အနေနဲ့ ရေးဆွဲခဲ့တာပါ။
ရေးဆွဲချိန်ကလည်း လပိုင်းဘဲကြာခဲ့ပြီး လူထုဆန္ဒခံယူပွဲမလုပ်ဘဲ
တိုင်းပြည်ပြုလွှတ်တော်ကဘဲ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဝေဖန်သူတွေက
(၁၉၄၇)အခြေခံဥပဒေကို ဗမာလူမျိုးစုတစ်စုအတွက် ဖဆပလအဖွဲ့က ကြီးစိုးပြီး
ရေးဆွဲခဲ့တာကြောင့် တစ်ဖွဲ့တည်းအကျိုး(One Group Show) ဆိုပြီး
ဝေဖန်ခဲ့ပါတယ်။
နောက်တစ်ခုဖြစ်တဲ့ (၁၉၇၄)အခြေခံဥပဒေကတော့
အာဏာသိမ်းစစ်တပ်က မဆလပါတီအနေနဲ့ တိုင်းပြည်ကို
တရားဝင်အုပ်ချုပ်နိုင်ဖို့အတွက် လိုအပ်ချက်တစ်ခုအနေနဲ့ ရေးဆွဲခဲ့တာပါ။
ရေးဆွဲမှုဖြစ်စဉ်မှာ ပြည်သူလူထု၊ တိုင်းရင်းသားလူနည်းစုတွေနဲ့
နိုင်ငံရေးအင်အားစုတွေ ပါဝင်ဆောင်ရွက်ခွင့် မရရှိခဲ့တာကြောင့်
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက်
လုံးဝအကျိုးမဖြစ်ထွန်းခဲ့ပါဘူး။ ဒီ(၁၉၇၄)အခြေခံဥပဒေကို
တစ်ပါတီတည်းရဲ့အကျိုး(One Party Show) အတွက် ရေးဆွဲခဲ့တာလို့
ဝေဖန်ခဲ့ကြပြန်ပါတယ်။
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့
ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရေးဆွဲကြရမဲ့အစား
လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်
၁၅နှစ်ကြာအချိန်ယူပြီး အကွက်ကျကျ စီစဉ်ရေးဆွဲခဲ့တာကြောင့်
လူတစ်ဦးတည်းအကျိုးစီးပွား(One Man Show) အတွက်ဖြစ်ခဲ့ပြန်ပါတယ်။
အခြေခံဥပဒေတွေဟာ ရေးဆွဲချိန်ကာလ ၂နှစ်လောက်ပဲ အများဆုံးကြာသင့်ပြီး အနည်းငယ်
ပြင်ဆင်ဖြည့်စွက်တာကလွဲရင် နှစ်အတော်ကြာကြာ အသုံးပြုနိုင်လောက်အောင်
ပြည့်စုံကောင်းမွန်သင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့လက်ရှိ
(၂၀၀၈)အခြေခံဥပဒေဟာ ရေးဆွဲချိန် ၁၅နှစ် အကြာဆုံးဖြစ်ခဲ့ရုံမက
အတည်ပြုပြီးလို့ ၂နှစ်တောင် မပြည့်ခင်မှာ ပြန်လည်ပြင်ဆင် ရေးဆွဲရမယ့်
အခြေအနေကို ရောက်နေပါပြီ။
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ရေးဆွဲခဲ့ပုံနဲ့ ပတ်သက်ရင်တော်တော်လေး ပြဿနာရှိခဲ့ပါတယ်။ အဓိကပြဿနာကတော့
ပြည်သူလူထုရဲ့ ပါဝင်ခွင့် မရခဲ့တာပါဘဲ။ အာဏာသိမ်းအစိုးရက
အရေးပေါ်စီမံမှုအက်ဥပဒေ(၁၉၅၀)၊ မတရားအသင်းဥပဒေ(၁၉၀၈)၊ နိုင်ငံတော်အား
နှောက်ယှက်ဖျက်လိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေ(၁၉၇၅)၊ အသင်းအဖွဲ့များ
ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ(၁၉၈၈) စတဲ့ဥပဒေတွေကို အသုံးပြုပြီး ပြည်သူတွေကို
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေမှာ
ပါဝင်ဆောင်ရွက်ခြင်း မရှိအောင် တားဆီးပိတ်ပင်ခဲ့ကြပါတယ်။ ၁၉၉၆ခုနှစ်မှာ
အစိုးရက "အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ
ဆောင်ရွက်နိုင်ရေးတို့ကို နှောက်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ"
ကိုလည်း ထပ်မံပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရဆိုရင် အစိုးရကလွဲပြီး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတာနဲ့ ရေးဆွဲပြီးဖြန့်ဝေရင်
ထောင်ဒဏ်၅နှစ်ကနေ အနှစ်၂၀အထိ ချမှတ်နိုင်ပါတယ်။
ဒါကြောင့်
(၂၀၀၈)အခြေခံဥပဒေ ရေးဆွဲမှုဖြစ်စဉ်မှာ ပြည်သူလူထုက လုံးဝပါဝင်ပတ်သက်ခွင့်
မရရုံတင်မကပဲ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေတောင် အပြည့်အ၀ ပါဝင်ခွင့်
မရခဲ့ကြပါဘူး။ စတင်ရေးဆွဲစဉ်က ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေဟာ
အမျိုးသားညီလာခံ ကိုယ်စားလှယ်စုစုပေါင်းရဲ့ ခုနှစ်ပုံတစ်ပုံပဲ
ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးရေးဆွဲချိန်မှာဆိုရင် ပြည်သူ့ကိုယ်စားလှယ်
ဆယ်ယောက်ကျော်ကျော်ပဲ ပါဝင်ပါတော့တယ်။
(အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် ၂၀၀၈
အခြေခံဥပဒေ)(Constitutional Reform Process) (Knowledge Exchange Movement
(KEM-Burma))မှ ကောက်နှုတ်တင်ပြထားပါသည်။
No comments:
Post a Comment