Monday, January 27, 2014

ရှက်လွန်လွန်းလို့


(ကျော်သူ)

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းတွင် ကျွန်တော်နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သားများသည် ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့များသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပရဟိတဟောပြောပွဲများအတွက် ခရီးထွက်ခဲ့ကြသည်။ မြဝတီမြို့ရှိ “စေတနာ” နာရေးလူမှုကူညီရေး အသင်းသို့ ရောက်ရှိသောအခါ ထိုအသင်း၏ နာရေးကူညီမှုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးနှင့် လေလွင့်လူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ပရဟိတသမားများဖြစ်လာအောင် ဆောင်ရွက်ပေး နေမှုများအား တွေ့ရှိခဲ့ရသည်။

ထိုကဲ့သို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်းနှင့် တွေ့ဆုံခဲ့စဉ် သမီးစု (ခ) စုမြတ်နိုင် (၁၁) နှစ် အရွယ် ပရဟိတသမီးလေးအားလည်း တွေ့ဆုံခဲ့ရသည်။ ထိုကလေးငယ်၏ ပရဟိတစိတ်ဓါတ် ထက်သန် မှုမှာ အလွန်ပင်မွန်မြတ် ထက်မြတ်မှုအကြောင်းကို ကျွန်တော်သည် “စုမျက်ရည်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့ဘူးပါသည်။ ထိုကလေးမလေး၏ လူသားချင်းစာနာစိတ်၊ ဖေးမကူညီလိုစိတ်၊ အပူမီးများအား ငြိမ်းပေး လိုသောစိတ်၊ နာရေးရုပ်ကလပ်အား ကိုယ်တိုင်ကိုယ်ကျ ရေချိုးသန့်စင် ပြင်ဆင်ပေးလိုသော မြင့်မြတ် သောစိတ်ဓါတ်တို့သည် အံ့သြ၍မကုန်နိုင်ဖွယ် ဖြစ်ခဲ့တော့သည်။ ထိုအကြောင်းအရာများသည် ကျွန် တော်၏ စိတ်အစဉ်တွင် ယနေ့တိုင် ကိန်းအောင်းနေဆဲဖြစ်သည်။

မြဝတီမြို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ နာရေးကူညီ မှုအသင်း (ရန်ကုန်)ရှိ အသင်းသား/သူများအား ၁၃.၁.၂ဝ၁၄ ရက်နေ့တွင် နိုင်ငံတကာ အဆင့်မှီ အရေး ပေါ်ကယ်ဆယ်ရေးသင်တန်းအား ကျွန်တော်၏ တိုက်တွန်း အကူအညီတောင်းခံမှုကြောင့် ဥက္ကဋ္ဌ ဦးလှ ထွန်း၊ သင်တန်းနည်းပြ ကိုဇော်ဇော်၊ ဘားအံမြို့ မာဃ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ သား/သူများသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၂.၁.၂ဝ၁၄ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ထိုအဖွဲ့တွင် သမီး စုမြတ်နိုင် လည်းပါလာခဲ့သည်။ နေ့စဉ် နံနက် (၉းဝဝ - ၅းဝဝ) နာရီအထိ သင်ကြားပို့ချမှုများ လုပ်ဆောင်စဉ် “စေတနာ” နာရေးလူမှုကူညီရေးအသင်း၏ အသင်းသူ ဒေါ်ဥမ္မာ၊ ဒေါ်သန္တာ၊ ဒေါ်နိုင်နိုင်မော်၊ သမီးစုမြတ်နိုင် တို့၏ တောင်းဆိုမှုကြောင့် နာရေးလမ်းကြောင်းအား လိုက်ပါစေခဲ့သည်။ ယင်းလမ်းကြောင်းသည် မြောက်ဒဂုံမြို့နယ်မှ ဦးမြင့်လွင် အသက် (၅၁) နှစ်၏ ရုပ် အလောင်းအား ရေဝေးသုဿန်သို့ မီးသင်္ဂြိုဟ်ပေးရခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေ ဖြင့် သေဆုံးသွားသော ရုပ်အလောင်းအား နေအိမ်၊ ဆေးရုံများသို့ သွားရောက် သယ်ဆောင်ပေးကာ သက် ဆိုင်ရာ သုဿန်များတွင် တိုက်ရိုက်သင်္ဂြိုဟ်ခြင်း၊ အအေးခန်းထားရှိခြင်းတို့အား လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုနာရေးလမ်းကြောင်းအား လိုက်ပါလာသူ သမီး စုမြတ်နိုင်အနေဖြင့် အားမလို အားမရဖြစ်ခဲ့ရသည်။

ထိုနာရေးလမ်းကြောင်းတွင် ကွယ်လွန်သူ၏ နေအိမ်အခန်းကျဉ်းထဲမှ ထုတ်ယူသယ် မကာ နေအိမ်တံတားသေးလေးမှ သယ်ယူပြီး နာရေးနိဗ္ဗာန်ယာဉ်ပေါ်သို့ ပို့ဆောင်ကာ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခန်းမထဲသို့ ထည့်ပေးရသော ဝန်ဆောင်မှုတွင် သမီးစုသည်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ် ဆောင်ပေးခဲ့ရသော်လည်း သမီးစုမှာ မကျေနပ်ခဲ့ပေ။ အားမရခဲ့ပေ။ သူမသည် ကွယ်လွန်သူ၏ ရုပ်အ လောင်းအား ကိုယ်တိုင်ကိုယ်ကျ ရေချိုးပေးခြင်း၊ အဝတ်အစားများ ဝတ်ဆင်ပေးခြင်း စသည်တို့ကို လုပ် ဆောင်ပေးလိုသူဖြစ်သည်။ မီးသင်္ဂြိုဟ်စက် အတွင်းသို့လည်း ကိုယ်တိုင်ပို့ဆောင် ထည့်သွင်းပေးလိုသူ ဖြစ်သည်။

သို့ရာတွင် ကျွန်တော်တို့ ရန်ကုန်မြို့၏ အနေအထားအရ ထိုကဲ့သို့ ရေချိုးသန့်စင်ပေးမှု၊ ဝန် ဆောင်မှုများအား ကာယကံရှင်မိသားစုမှ လုပ်ဆောင်ပေးခြင်း (သို့) စည်ပင်သာယာမှ တာဝန်ယူလုပ် ဆောင်ပေးခြင်းနှင့် မီးသင်္ဂြိုဟ်စက်အတွင်းသို့ ကာယကံရှင်အမျိုးသား (၂) ဦးသာ ဝင်ခွင့်ရှိခြင်းတို့ကြောင့် သူမ၏ဆန္ဒ မပြည့်ဝခဲ့ပေ။ ထို့ကြောင့် သမီးစုထံမှ “ဒီမှာက … ဘာမှလည်း လုပ်မပေးရဘူး” ဟူ၍ အား မလို အားမရပြောဆိုခဲ့သည်။

ဟုတ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်မြို့၏ နယ်မြေအနေအထားအရ ရထားကြိတ်ခြင်း၊ ကားတိုက် ခြင်း၊ ဆွဲကြိုးချခြင်း စသည့် ရဲမှုခင်းဆိုင်ရာကိစ္စများအား သယ်ဆောင်ခြင်းပြုလုပ်ရာတွင် အမျိုးသမီးများ အနေဖြင့် မသင့်လျော်သောကြောင့် အမျိုးသားများသာ လိုက်ပါပို့ဆောင်စေခဲ့သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နယ်ပရဟိတအသင်းများ၏ ပေးဆပ်မှုများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှု များရှိပေသည်။
ထို့ကြောင့် ကျွန်တော် ဝန်ခံခဲ့ရတော့သည်။ မြဝတီမြို့ “စေတနာ” နာရေးကူညီမှုအသင်း၏ နိုင်ငံ တကာ အဆင့်မှီ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲတွင် ကျွန်တော်အမှာစကား ပြောကြားရာ၌ “ဒီမှာရှိတဲ့ အသင်းသား/သူအားလုံးကို ကျွန်တော် အသိပေးချင်တယ်။

ကျွန်တော်တို့ နာရေးကူညီမှု အသင်း မြန်မာပြည်အတွင်းမှာအကြီးဆုံး ပရဟိတအသင်းဖြစ်တယ်ဆိုပြီး မာန်မာနတွေ တက်နေလို့မရ ဘူး။ သူများတွေထက် အောက်ကြို့ပြီး ပေးဆပ်နိုင်မှ ပရဟိတသမားဖြစ်တယ်။ အခု ကျွန်တော်တို့ အသင်း ကြီးက မြန်မာနိုင်ငံတွင်မက ကမ္ဘာကပါ သိရှိတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဒီအသင်းကို ဦးဆောင်နေတဲ့ ကျွန်တော်ကျော်သူရဲ့ လုပ်ဆောင်ပေးဆပ်မှုတွေဟာ ဟောဒီ အခမ်းအနားမှာရှိနေတဲ့ မြဝတီမြို့ စေတနာ နာရေးကူညီမှုအသင်းက ပရဟိတမယ်လေး သမီးစုရဲ့ ခြေမှုန်တောင်မမှီပါဘူး။” ဟု ဝန်ခံပြောကြားခဲ့တော့ သည်။ ကျွန်တော်ပြန်လည်၍ အတန်တန် စဉ်းစားမိသည်။ ကျွန်တော်သည် အသင်းသား/သူများ၊ ဝန်ထမ်း များ၏ အနစ်နာခံပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ စိတ်ထားတတ်မှုများ၊ ကိုယ်ချင်းစာနာစိတ် မွေးဖွားမှု များအား လေ့ကျင့်ပျိုးထောင်မှုများ လိုအပ်နေပေသေးသည်။

သည်တစ်ကြိမ် သမီးစုနှင့် တွေ့ဆုံရသည်မှာ ကျွန်တော့်အဖို့ “ရှက်လွန်လွန်းလို့” စိတ်ဓါတ်အင်အား၊ တွေးခေါ်မှု အသိဉာဏ်များနှင့် ကာယဉာဏစွမ်း အားများအား ကျွန်တော်တို့၏ အသင်းသား/သူများကို မြှင့်တင်ပေးရန်မှတစ်ပါး အခြားမရှိတော့ချေ။

ကျော်သူ

No comments: