Monday, February 3, 2014
''အဖေဆိုသည်မှာ. . . ''
''အဖေဆိုသည်မှာ. . . '' ဟိုး. . ကျွန်တော်ငယ်ငယ် ကလေးဘဝ စကားပြောတတ်စ အရွယ်တုန်းကပေါ့ အဖေနဲ့ အမေကမေးတယ် ဖေဖေနဲ့မေမေ ဘယ်သူ့  ကိုပိုချစ်သလဲတဲ့ ကျွန်တော် ဖြေတယ် ''မေမေ့ကို ပိုချစ်တယ်'' အမေကပြုံးပြီးအဖေ့ကိုကြည့်တယ် အဖေကတော့ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်နေလေရဲ့. . . အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့ စဉ်းစားလို့မရခဲ့ဘူး. . . . ဒီလိုနဲ့ . . ကျွန်တော်အဝေးရောက်ခဲ့တယ် အပြုံးတုတွေကြား ကျွန်တော်ယဉ်ပါးလာတော့. . . အဖေ့အပြုံးကို ပြန်မြင်လာတယ်. . အဖေရယ်. . . အမေ့ကိုပိုချစ်တယ်ပြောတော့ အဖေတကယ်ပျော်လို့ပြုံးခဲ့တာလား. . . ကျွန်တော့်ရင်ထဲစို့နင့်နေတယ် ဟုတ်တယ်. . . အဖေဆိုတာ. . . ခံစားချက်ကိုမျိုသိပ် ကျွန်တော်တို့အိပ်မက်တွေ အရောင်လက်ဖို့ တိတ်တိတ်ကလေး ပေးဆပ်ခဲ့တဲ့သူ. . . ကျွန်တော်ငယ်ငယ်က မိသားစုထမင်းဝိုင်းလေး ခုပြန်တွေးတိုင်း မျက်ရည်ဝဲတယ် တစ်ခါတစ်ရံချက်ဖြစ်တဲ့ ကြက်သားဟင်းနဲ့နေ့ကလေးပေါ့ အမေကအသည်းအမြစ်ကလေးကို အဖေ့ပန်းကန်ထဲဦးချတယ် အဖေရယ်လေ. . . အသည်းအမြစ်လေးကို လေးပိုင်းပိုင်း ကျွန်တော်တို့မောင်နှစ်မလေးယောက်ကို မျှပေးပြီး ကြက်ခြေထောက်နဲ့လည်ပင်းရိုးကို သူ့ ပန်းကန်ထဲထည့်စားတယ် ကျွန်တော်အဖေ့ကိုမေးတယ် အဖေကဘာလို့အရိုးတွေစားတာလဲလို့ အဖေကပြုံးပြုံးကြီးဖြေတယ် အဖေက အရိုးတွေကြိုက်လို့ပေါ့ သားရယ်တဲ့ အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့ တွေးမရခဲ့ဘူး. . . အခု မုသားတွေကြား ကျွန်တော်အသားကျလာတော့ အဖေ့စကားသံတွေပြန်ကြားတယ် အဖေရယ်. . . အဖေကြိုက်တဲ့ အရိုးတွေက တကယ်များချိုမြိန်ခဲ့တာလား ကျွန်တော့်ရင်ထဲစို့နင့်လာတယ် ဟုတ်တယ်. . . အဖေဆိုတာ. . . ဆူးခင်းလမ်းပေါ် ရဲရဲလျှောက် ကျွန်တော်တို့ဘဝတွေ အရောင်တောက်ဖို့ မိုးကောင်ကင်ကို ဖောက်ခဲ့တဲ့သူ. . . ငယ်ငယ်က အမေ့လက်ဖုဝါးလေး ဆော့ကစားတော့ အဖေကလက်ဖုဝါးလေးထိုးပေးခဲ့ဖူးတယ် ကျွန်တော်ပြောခဲ့ဖူးတယ် မကိုင်ချင်ဘူး အဖေ့လက်တွေကကြမ်းတယ် အဖေက ကျွန်တော့ပါးလေးမွှေးမွှေးပေးပြီး ပေါက်တူးတစ်လက်နဲ့ လယ်တောထွက်သွားတယ် အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော့်ခေါင်းသေးသေးလေးနဲ့ တွေးလို့မရခဲ့ဘူး. . . ဒီနေ့ လောကလမ်းထဲ စမ်းတဝါးဝါးနဲ့ ငွေတွင်းကနက်တယ် အဖေ့လက်ဖုဝါးတွေ ဘာကြောင့်ကြမ်းလဲ ကျွန်တော်သိပြီ ကျွန်တော့်ရင်ထဲ စို့နင့်လာတယ် ဟုတ်တယ် အဖေဆိုတာ ကြယ်တစ်စင်းလို မမှိတ်မသုန်အလင်းနဲ့ ကျွန်တော်တို့နင်းဖို့ ဘဝကို မြေလိုခင်းပေးခဲ့တဲ့သူ. . . မနေကတော့ အမေ့အိမ်လေး ကျွန်တော် အပြေးရောက်ခဲ့မိတယ် ငါ့သားအနေအစားဆင်းရဲလာတယ် အသားဟင်းလေးချက်ပါတဲ့. . . အဖေ့စကားသံတွေကမပီပြင်ဘူး အဖေ့သွားတွေ အရင်လို အစီအရီမရှိကြတော့ဘူးလေ တိုက်တိုက်ဆိုင်ဆိုင် အမေကြက်သားဟင်းချက်တယ် ထမင်းဝိုင်းလေးက အရင်လို လူမစုံတော့ဘူး အမေကတော့ ဝတ္တရားမပျက် အဖေ့အတွက် ဦးချမြဲ အသည်းအမြစ်ကလေးပါပဲ. . . အဖေရယ်လေ တုန်တုန်ရင်ရင် သူ့လက်ကလေးနဲ့ ကျွန်တော့်ပန်းကန်ထဲ ထည့်ဖို့ပြင်နေလေရဲ့ ကျွန်တော်အဖေ့လက် ရှုံ့ရှုံ့လေးကိုဖွဖွကိုင်ပြီး အဖေစားပါအဖေရယ်လို့  ပြောမိတယ် ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာတယ် ကျွန်တော်အဖေ့ကို လက်အုပ်ကလေးချီလိုက်ပြီး အမေ့ဘက်လှည့်လို့ ပြောလိုက်တယ် ''အမေ အဲဒီကြက်ခြေထောက်နဲ့လည်ချောင်းရိုး ကျွန်တော့ပန်းကန်ထဲထည့်ပေးပါ '' အဖေက ကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စတွေနဲ့. . . ကျွန်တော်အဖေ့လည်ပင်းလေးကို မွှေးမွှေးပေးရင်း တစ်ချက်ရှိုက်လိုက်မိတယ် ဟုတ်တယ်. . . အဲဒီလူထူးဆန်းကြီးအကြောင်း ကျွန်တော် ဒီနေ့ကောင်းကောင်းသိခဲ့ပါပြီ. . . .။ ။ ရှိခိုးဦးချကန်တော့ပါရစေ အဖေ လွမ်းခွင့်မရှိတဲ့ လူ မေတ္တာဖြစ် ပြန်လည် မျှဝေပါသည်။ ဆဲဗင်းဆန်း....
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment