"ဖြုတ်လဲကြဖို့ အချိန်တန်ပြီ"
အပြောင်းအလဲတစ်ခုကို အမျှော်လင့်ကြီးမျှော်လင့်ပြီး အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့် အချိန်တွေကြာသွားသည့်တိုင် အရင်လိုပဲ အရင်အတိုင်းပဲ လမ်းဟောင်းကြီးပေါ် ပြန်ရောက်နေပြီဆိုရင် ကိုယ်ဘယ်နေရာမှာ မှားသလဲ၊ ဘာတွေလိုနေသလဲ၊ ပြန်သုံးသပ်ရမယ့်အခါ လို့ ထင်ပါတယ်။ ဒရိုင်ဘာပြောင်းပြီး ကားအဟောင်းကြီး တက်မောင်းနေခဲ့တာဆိုရင် အဲ့သည်ကားအဟောင်းကြီးက ကိုယ်လိုသလို ထိန်းကျောင်းမောင်းနှင်လို့ရသလား။ ဘယ်နေရာတွေ ပြုပြင်ဖို့လိုသလဲ။ ပြုပြင်လို့မရတဲ့ဟာတွေဆို အသစ်ဖြုတ်လဲတန် လဲရမယ် ဆိုတာလည်း သိသင့်ပါတယ်။ တည့်တည့်ပဲ ပြောရကြေးဆိုရင် “ပြောင်းလဲကြဖို့ အချိန်တန်ပြီ” လို့ ကြွေးကြော်ခဲ့တဲ့ ကိုယ်တို့ အစိုးရသစ်ကြီးဟာ တစ်ဝါက နှစ်ဝါကျွတ်လုနီးပြီဆိုတော့ သူ့ယန္တယားကြီးထဲက လိုသလို ထိန်းကျောင်းမောင်းနှင်မရပဲ အနှောက်အယှက် အဟန့်အတား ဖြစ်နေသူတွေကို ဖြုတ်လဲကြဖို့ အချိန်မတန်သေးဘူးလား လို့ မေးခွန်းထုတ်ချင်ပါတယ်။ အခုလောက်ဆိုရင်တော့ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း သိလောက်ပြီ မဟုတ်လား။ မသိသေးရင်တော့ မသိတဲ့သူကို ဖြုတ်လဲရုံပဲ ရှိတော့တယ်။ မြင်းကောင်းလျက် ခွာလိပ်နေတယ်ဆိုရင်တောင် အဲသည်ခွာကို အရေးတယူ မပြုပြင်ပဲနဲ့ ခရီးမပေါက်နိုင်ဘူးလေ။ မြင်းကမှ ကသစ်သား ဆိုရင် လူကလည်း ... အင်း မပြောတော့ပါဘူးလေ။ အသစ်သာ လဲစီးလိုက်စမ်းပါ။
ခက်တာက ကိုယ်တို့မေမေရဲ့မူကိုက “ကျွန်မတို့အဖွဲ့ ဖြုတ်ထုတ်သတ် မလုပ်ဘူး။” ဆိုတဲ့ ကတိစကားရှိလေတော့ အဲသည်အပေါ်မှာ အခွင့်ကောင်းယူနေတဲ့သူ အများအပြား ရှိနေမှာ မလွဲပါဘူး။ ဖြုတ်ထုတ်သတ် မလုပ်ချင်ဘူးဆိုရင် ဖြုတ်ထုတ်သတ် လုပ်စရာ မလိုလောက်အောင် ကိုယ့်လူကိုယ့်သား ကိုယ့်စကားနားထောင်မယ့်သူတွေအဖြစ် သြဇာညောင်းအောင် လုပ်ရုံရှိတော့တာပေါ့။ မေတ္တာနဲ့ အုပ်ချုပ်မယ်လေ။ မဲဆန္ဒရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ကိုယ်စားလှယ်တော်များလည်း ကျန်းမာပါစေ။ အစိုးရအဖွဲ့ကြီးလည်း ကျန်းမာပါစေ။ ဘယ့်နှယ်လဲ မေမေ။ အဆင်ပြေရဲ့လား။ လွယ်သလား ခက်သလား။ ရွှေပွဲလာပရိသတ်ကြီးက မေမေ့အပေါ်ကို ချမ်းမြေ့မေတ္တာ တုန့်ပြန်ပါရဲ့လား။ သားကတော့ ဖိုးသာရ ကြေးစည်ထုသလို ထုလိုက်မယ်။ မထင် မထင် ပါ မေမေ။
အစိုးရအဖွဲ့ကြီး တက်ထိုင်တော်မူရတဲ့ ဌာနဆိုင်ရာ ရာဇပလ္လင်ကြီးက ညွှန်မှူး၊ ညွှန်ချုပ်၊ အတွင်းဝန်၊ အပြင်ဝန်အားလုံးဟာ မေမေ့နံမယ်ကြား နားခါးတဲ့ ပတ်ဝန်းကျင်၊ အလေ့အကျင့်နဲ့ စင်တော်ကောက်ထားတာပါလေ။ အရင်တုန်းကဆို သူတို့အိမ် ဘီဘီစီ ဗီအိုအေတောင် အသံထွက်အောင် မဖွင့်ရဲပါဘူး။ အဲသည်လူတွေစိတ်ထဲမယ် မေမေ့ကို ကြိတ်ကြည်ညိုနေမိရင် အစောကြီးကတည်းက ဖြုတ်ထုတ်သတ်အလုပ်ခံရပြီးသားပါ။ ၅၄ ခြံဝမှာ နှင်းဆီပန်းလေး တစ်ပွင့်လာပေးတာနဲ့ ကထိကအလုပ်က ဖြုတ်ပစ်လိုက်တဲ့သူတွေ၊ မန္တလေးရောက်ခိုက် ဧည့်ဝတ်ကျေပွန်မိလို့ ပါမောက္ခအလုပ်က ပင်စင်ပေးလိုက်တဲ့သူတွေဟာ အခုတော့ သူတို့မဟုတ်တဲ့အတိုင်း “We stand with Su.” လုပ်နေတာ တရားနာရင်း ကျွတ်တမ်းဝင်သွားတယ် ထင်လို့လား။ ထားပါလေ။ ရှင်ဘုရင် နန်းတက်တာမှ မဟုတ်တာ။ သစ္စာရေတိုက်နေစရာ မလိုပါဘူး။ သူတို့နဲ့ အလုပ်လုပ်တဲ့အခါမှာ သူ့လူကိုယ့်လူရယ် လို့ သဘောမထား၊ သူ့အကျိုး ကိုယ့်အကျိုးရယ်လို့ မကြည့်ပဲ တိုင်းပြည်ကို မျက်နှာတည့်တည့်လှည့်လို့ ပြည်သူလူထုအကျိုးစီးပွားကို အတူတကွ ဖော်ဆောင်မယ်ဆိုရင် အတူတူလက်တွဲလို့ ရပါတယ်။ ဒါပေမယ့် လက်တွဲလျှောက်တဲ့သူက နောက်ကျောကိုချည့် အခါခါ ဓါးနဲ့ထိုးနေမယ်ဆိုရင် အဲသည်လက်တွဲ မဖြုတ်လို့ ရမလား။
“မင့် ပြောသလိုဆိုရင်ဖြင့် အလုပ်လုပ်စရာ လူတောင် ကျန်မယ် မဟုတ်ဘူး။ ဟိုလူ့ဖြုတ်လဲလိုက် သည်လူ့ဖြုတ်လဲလိုက်နဲ့ ငကန်းတွေသေတိုင်း ငစွေတွေ ပေါ်လို့မဆုံးဘူး။ နောက်ဆုံးတော့ ဝန်ကြီးလည်းကိုယ်၊ ဝန်ငယ်လည်းကိုယ်၊ မင်းစေလည်းကိုယ်ပဲ ဖြစ်နေမယ်” လို့ ပြောစရာ ရှိသပေါ့။ အဲ့သလောက်တော့ မလိုပါဘူးလေ။ မသကာ လဲရလှ သုံးလေးယောက် အပြင် မပိုပါဘူး။ နမူနာစံပြ မြင်လိုက်ရရင် ကျန်တာတွေအားလုံး အော်တိုမက်တစ် ကျူနင်ဝင်သွားလိမ့်မယ်။ မြန်မာဆိုတာ အနောက်အရပ်ကလူတွေနဲ့ သိပ်တူတာ။ လစ်ရင်လုပ်တယ်။ မလစ်ရင် နည်းနည်းပါးပါး အကဲစမ်းကြည့်၊ လုပ်လို့ရရင် လုပ်တယ်။ လုပ်လို့မရရင် မလုပ်ဘူး။ “ဟိုမှာကျန်း။ လုပ်တဲ့သူတွေ ဂန့်ကုန်ပြီ” လို့ ပြလိုက်ရင် တုတ်တုတ်တောင် မလှုပ်ရဲတော့ဘူး။ သူ့ဆေးနဲ့ သူ့ပြန်ကုကြည့်လေ။ စမ်းဖြုတ်ကြည့်။ ငြိမ်မငြိမ်။ မရရင် မလုပ်နဲ့။ ရမှလုပ်။
သည်စကားကို ကိုယ်ကပြောတဲ့အခါ ထိပ်ဆုံးကပြေးမြင်ပြီး ဒေါသူပုန်ထကြမယ့် သူတွေကတော့ ဌာနဆိုင်ရာ အကြီးအကဲနေရာက မိုးကျရွှေကိုယ်များပါပဲ။ အဲ့သလိုမျိုး သိမ်းကျုံးပြောဆိုတဲ့သဘော မပါပါဘူး။ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ ဖဲကြိုးနက်တွေ ပလူပျံနေတုန်းကလေ။ ကိုယ့်သဘောကတော့ တပ်ကပဲလာလာ၊ အရပ်ကပဲလာလာ၊ တတ်မှလာကြပါ။ ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်တာဝန်ယူ တာဝန်ခံရမယ့် ဝတ္တရားကို တတ်ကျွမ်းနားလည်တယ်ဆိုရင် ဘယ်ကလာလာ အရေးမကြီးဘူး။ မတတ်ပဲနဲ့တော့ ဆရာလာလာ မလုပ်ပါနဲ့။ လက်ညှိုးလေးကွေးတတ်ရုံနဲ့တော့ စန္ဒယားတောင် တီးမဖြစ်ဘူး။ စစ်တပ်ကလာတဲ့သူမို့ စစ်တိုက်တာတစ်ခုပဲ တတ်လိမ့်မယ် လို့ ထင်ရင်တော့ အမောင်လူသား သင်မှားပြန်ပြီ။ သူတို့က စစ်တိုက်တဲ့အလုပ်ကလွဲရင် ကျန်တာအကုန်တတ်တယ်။ မြန်မာပြည်မှာ အစိုးရစားရိတ်နဲ့ နိုင်ငံရပ်ခြား ပညာတော်သင်သွားနေသူ အများစုက စစ်ဗိုလ်စစ်သားချည့်ပဲ။ အမေရိကားနဲ့ ပုလဲနံပသင့်လို့ ရုရှားကို မသွားပဲ မနေဘူး။ အစ္စရေးရော တရုတ်ရော၊ မြောက်ကိုရီးယားရော တောင်ကိုရီးယားရော တကယ့် ဘက်မလိုက်ဝါဒစစ်စစ်ကို လက်ကိုင်ထားပြီး ပညာရှာမှီးသူတွေ။ နွားခြေရာခွက်ထဲက ဖားသူငယ် လို့ ပြောရင် သူတို့ပြောတာ မထင်နဲ့။ အဲ့ဒါ ကိုယ်မှကိုယ်ပဲ။ သူတို့က ဘယ်သူတွေ ဘယ်လိုပိတ်ပိတ် ကမ္ဘာပတ်ခဲ့ပြီးသား။ အကုန် ကိုယ့်ထက်တတ်တယ်။ မယုံမရှိနဲ့။
အဲ့တော့ သည်လူကြီးတွေက ဖြုတ်ထုတ်သတ် လုပ်ရမယ့်သူတွေ မဟုတ်ဘူး။ ချော့ပေါင်းရမယ့်သူတွေ လို့ သဘောပေါက်ပြီလား။ ဒါဖြင့်ရင် ပညာရှင်တွေပဲ ဖြုတ်စရာရှိတော့တာပေါ့နော်။ တယ်လည်းတတ်တဲ့ ကိုတတ်ပ။ လူတွေရဲ့အတွေးက “ဖြုတ်စရာလိုလာရင် စစ်တပ်ကလူတွေကို ဖြုတ်ပစ်လိုက်၊ အရပ်သားတွေကို သွားမဖြုတ်နဲ့။ သူတို့က ပညာရှင်တွေ။ အစားထိုးလို့ လွယ်တာ မဟုတ်ဘူး။” လို့ လွယ်လွယ်တွေးကြပါတယ်။ တကယ်တမ်းစဉ်းစားရမှာက သည်လူကို ဖြုတ်လို့ရသလား မရသလား မဟုတ်ဘူး။ သည်လူနဲ့ အလုပ်လုပ်လို့ ရသလား မရဘူးလား ဆိုတာပါ။ တချို့ပညာရှင်တွေက သည်နေရာ ငါမှမရှိရင် ဘယ်သူမှ အစားထိုးလို့ မရနိုင်ပါဘူးဆိုတဲ့ မာနနဲ့ အတူလက်တွဲလုပ်ရမယ့် အုပ်ချုပ်သူကို ပညာပြပြီး အုပ်ချုပ်သူလက်ထဲက အာဏာကို မလှိမ့်တပတ်နဲ့ အလွဲသုံးစားလုပ်ပါတယ်။ အဲသလို လူမျိုးဟာ မထားအပ်ပါဘူး။ ထားရင်လည်း သူ့အတွက်ကလွဲလို့ သူများအတွက် တိုင်းပြည်အတွက် အကျိုးစီးပွား တစုံတရာ ရှိဖို့ မမြင်ပါဘူး။ မစင်တစ်ပဲသားကျထားတဲ့ တင်လဲထောပတ်လို့သာ သဘောထားလိုက်ပါ။ ဒါကြောင့်မို့လို့ ဖြုတ်လဲကြဖို့ အချိန်တန်ပြီ ဆိုတဲ့နေရာမှာ ဘယ်သူတွေကို ဖြုတ်လဲရမှာလဲ လို့ မေးရင် တပ်ကလူ အရပ်ကလူကို မဆိုလို။ အစိုးရသစ်နဲ့ ဘယ်လိုမှ အတူလက်တွဲလုပ်ကိုင်လို့ အဆင်မပြေ၊ အမှောင့်ပယောမျိုးစုံ ပြုနေသူဆို ဘယ်ကလာလာ ပြတ်ပြတ်သားသား လက်တွဲဖြုတ်ပစ်ရမှာပါ။
တိုင်းပြည်ရဲ့အကျိုးစီးပွား ပြည်သူရဲ့ အကျိုးစီးပွားကိုပဲ ရှေ့ရှုရမှာမို့လို့ သူ့လူကိုယ့်လူ၊ သူ့တပည့် ငါ့တပည့်၊ ချစ်ခြင်းမုန်းခြင်းတွေကို ဖယ်ပြီး စဉ်းစားမှ ကိုယ့်ဆုံးဖြတ်ချက် မှန်ပါလိမ့်မယ်။ “သည်လူတွေ ငါ့မှ ကြည့်မရတာ။ ငါလည်း သည်လူတွေ မေတ္တာကိုမရှိဘူး။” ဆိုတဲ့ စိတ်ဓါတ်ဟာ တိုင်းပြည်အုပ်ချုပ်ဖို့အတွက်တော့ လက်ရည် မမီပါဘူး။ သေချာပါတယ်။ စဉ်းစားစရာကို မလိုဘူး။ တစ်ဦးမေတ္တာ တစ်ဦးမှာတဲ့။ စစ်တပ်ထဲ မေမေ့ကို အမွှန်းတင်တဲ့သူဆိုတာ ဦးရွှေမန်းကြီးကလွဲလို့ နောက်တစ်ယောက် မမြင်ဖူးဘူး။ သူတောင် သူ့စိတ်ရင်းသဘောထားအမှန်က အဲသည်အတိုင်း ဟုတ်မဟုတ် မေမေ သိနိုင်တာလိုက်လို့။ အဲ့သည်တော့ မုန်းရင် အိမ်ရောက်မှ ဘာနဲ့ ငုံထွေးထွေး အလုပ်ထဲ အတူတူ အကျိုးရှိရှိ လုပ်နိုင်ရင် ကျေနပ်ပြီ။
ဖြုတ်ထုတ်သတ် မလုပ်ဘူးဆိုတဲ့ မေမေက သူ့ပါတီကလူတွေ စည်းကမ်းဖောက်ဖျက်ရင်တော့ မျက်နှာသာမပေးတတ်ပါဘူး။ အတူနေအနီးနေ အတွင်းသိအစင်းသိ ဖြစ်ပြီးတော့မှ မုန်းချစ်စိတ်နာ လိပ်ပြာမလှဖြစ်သူတွေ ရှိခဲ့တယ် မဟုတ်လား။ သံယောဇဉ် မပြတ်ရင် ဘယ်မှ သွားရှာစရာ မလိုဘူး။ သည်ဘက်ကဘိုးဘိုးတို့က အကုန်ခေါ် လက်သပ်မွေးပြီး တစ်စင်ထောင်ပေးထားတာ။ (ဒလိုမှန်းသိ ဒါဘယ်အေးဂျင့်တျောက်လောက် မွေးထားရ အကောင်းသား။) ဒါကြောင့်မို့လို့ မေမေ့သားတွေ သမီးတွေဟာ လာဘ်ပေးလာဘ်ယူ၊ ခရိုနီမွေး၊ ဝေစားမျှစား ကိစ္စတွေမှာ တတ်နိုင်သမျှ ကင်းအောင်နေကြရှာတာပါ။ ဒါပေမယ့်လည်း ဦးရယ်။ လူဆိုတာဟာ ခက်တယ်။ သူတို့က ငါးပြားတစ်စေ့မစားလည်း သူတို့လက်အောက် အလုပ်လုပ်နေတဲ့သူတွေက သူတို့မသိအောင် ရှဉ့်တွေလည်းလျှောက်လိုက်ကြ၊ ပျားတွေလည်းစွဲလိုက်ကြလုပ်နေတာက အရင်အတိုင်းပဲမို့လို့ သူတို့ဝန်ကြီးဌာနကြီးတစ်ခုလုံးလည်း အရင်လိုပဲ အရင်အတိုင်းပဲ ဖြစ်နေတာ မဟုတ်ဘူးလားလို့။ အဂတိလိုက်စားမှုကင်းစင်စေချင်ရင် လူကြီးကိုယ်တိုင်က အဂတိတရားကင်းစင်ရတာတော့ မှန်ပါတယ်။ ဒါပေသိ အဲ့ဒီမှာတင် ရပ်နေပြီး ကိုယ့်စီမံအုပ်ချုပ်မှုအောက်ကလူတွေ အဂတိလိုက်စားနေတာကို မသိရင်၊ မတားဆီးနိုင်ရင်၊ လက်ပိုက်ကြည့်နေရင် “မောင်မလာ မောင်သာငတ်၊ မောင့်နေရာ လူစားမပြတ်။” ငါးနှစ်လည်းပြည့်ရော အဲသည်လူတွေက ကိုယ့်ကို “နင်သာ လူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ၊ တောမှာသေ။” လို့ မောင်းထုတ်မှာ။ မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်ပြီး ပြောနေတာ မဟုတ်ဘူးနော်။ မျက်စိအောက်မှာ မြင်နေရတာတွေကို ရေးပြနေတာ။ မမြင်ရသေးရင် အလင်းပြလိုက်မယ်။ မြင်စေသတည်း မြင်စေသတည်း။
ပြီးခဲ့တဲ့အစိုးရဟာ ထွက်တော်မူနန်းကခွာရတဲ့အခါ အစိုးရသစ်ကိုလွှဲအပ်စရာ ချိုနဲ့သားရေ ကို အသာထားစမ်းပါလေ။ အစိုးရပေးတဲ့အိမ်က မြက်ခင်းတောင်ခွာယူသွားတာဆိုတော့ တိုင်းပြည်အတွက် ဘတ်ဂျက်ဘဏ္ဍာဆိုတာကတော့ စကားထဲထည့်ပြောစရာတောင် မရှိ။ အဖြေထွက်ပြီး အာဏာမလွှဲပြောင်းခင် သုံးလအချိန်ကလေးမှာတောင် မီးလောင်လို့ အထုပ်ထမ်းပြေးသလို ပရောဂျက်တွေ စာချုပ်တွေ လက်မှတ်ထိုး အိပ်ထဲထည့်ပြီး အရှုပ်ထုပ်ကြီးတွေ အမွေပေးခဲ့ပါတယ်။ အဲသည်အထဲကတစ်ခု ဥပမာပြရရင် ကိုယ်တို့ဆေးရုံကြီးက ၁၂ ထပ်ဆောင် အသစ်ကြီးပါ။ နေ့ရောညရော လူအားငွေအားနဲ့ သုံးလအတွင်း ဖွင့်ပွဲလုပ်ဖို့ ကြံပါတယ်။ ဘယ်လောက်တောင် လောကြီးသလဲဆို စည်ပင်ကခွင့်ပြုမိန့်တောင်းဖို့၊ မြေသားစမ်းသပ်ချက် (Soil Test) လုပ်ဖို့တောင် အချိန်မရပါဘူး။ အံ့သြစရာကောင်းလိုက်ပုံများ အဆောက်အဦအတွက် ဘတ်ဂျက်တောင် မကျသေးတာကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ဆောက်ထားတယ်ဆိုပဲ။ အရပ်ထဲမှာ ကိုယ့်အိမ်ကိုယ် ရေချိုးခန်းအုတ်ကန်လုပ်ဖို့ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ပုံတာမြင်ရင် စည်ပင်က ဒဏ်လာရိုက်တဲ့ခေတ်မှာ အဲ့ဒါကြီးက ခွင့်ပြုမိန့်မကျပဲ ငါးထပ်ထိအောင် တက်သွားပါတယ်။ နောက်ဆုံး လွှတ်တော်မှာ အဆိုတင်ပြီး ကန့်ကွက်တော့မှ ရပ်သွားပြီး Soil Test ပြန်လုပ်တော့ အဲသည်အဆောက်အဦဟာ အခုရောက်နေတဲ့ ၅ ထပ်က ဆက်တက်လို့ ခံနိုင်ရည် မရှိနိုင်တော့ဘူးတဲ့။ ၁၂ ထပ်ကိုမှ လိုချင်တယ်ဆို ဆောက်ပြီးသားတွေ အကုန်ပြန်ဖြိုချပြီး အုတ်မြစ်အသစ်ပြန်တူးမှရမယ်။ သည်ဟာကြီးကသာ တားတဲ့သူရှိလို့ ရပ်သွားတာ။ သည်ဟာကြီးဆောက်တဲ့ ကံတရိုက်ကို အဆစ်တောင်းထားတဲ့ မြောက်ဥက္ကလာဆေးရုံက အဆောင်သစ်ကြီးကဖြင့် ပြီးတောင် ပြီးသွားရော။ မုန့်ဆီကြော် တန်းလန်းကြီးသာ မကျက်သေးတာ။ နှုတ်ခမ်းနာကဖြင့် သွေးအလိမ်းလိမ်းကို ထွက်သွားတာပဲ။ နောက်ဆုံး သတ္ထုချလိုက်တော့ “အဲ့ဒါ နင်တို့မေမေ မကောင်းလို့ ဖြစ်ရတာ။ သူမသိပဲ လုပ်ရမလားဆိုပြီး ကန့်လန့်တိုက်တာ။ သိပ်အာဏာရှင်ဆန်တာပဲ။” လို့ ရင်ဘတ်ကြီး ထုထုပြီး ငိုပြတယ်လေ။ သည်လိုကိစ္စမျိုးပေါင်းများစွာဟာ ရှေ့တိုးလို့လည်း မရဘူး။ နောက်ဆုတ်လို့လည်း မရဘူး။ အရင်လူတွေ မျက်နှာနာလို့ အရေးယူဖို့နေနေသာသာ လူသိအောင်တောင် မပြောရဲပဲ ဇွတ်မှိတ်သာနေရတယ်။ ဟိုဘက်မှာကတော့ အဲ့ဒါ ကိုယ့်ကြောင့် လို့ အတိအလင်း အပြစ်တွေ ပုံချထားပြီ။
ဖြုတ်သင့်တာကို မဖြုတ်ပဲထားတဲ့အခါ ပြုတ်သင့်တာက ကိုယ်ဖြစ်နေတတ်ပုံကိုလည်း ဥပမာပေးလိုက်ပါဦးမယ်။ သတင်းမီဒီယာပေါ်မှာ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ သူခိုးကလူဟစ်ပြီး ထိုးနှက်တိုက်ခိုက်နေတာ ရခိုင်အရေးထက်ပိုပြီး သိသာထင်ရှားတဲ့ ပြစရာ မရှိပါဘူး။ တကယ်တမ်းအသတ်ခံနေရတာက ရခိုင်တွေ။ နိုင်ငံတကာမှာ ပြန့်နှံ့နေတာက ဘင်္ဂါလီတွေ အသတ်ခံရတာပါဆို ပြောင်းပြန်ကြီး။ ဘီဘီစီ၊ အာရ်အက်အေ၊ အာဂျားဆီးယားဆိုတာ အကုသိုလ်တက်လွန်းလို့ မဖတ်ပဲ မကြည့်ပဲနေရတယ်။ ကိုယ်တို့ဘက်မှာလည်း ကြည့်ချင်သပဆို ကုလားမုန်းတီးရေး မဟုတ်တမ်းတရားတွေပဲ ရှိတယ်။ တကယ့်သတင်းမှန် ထုတ်ပြန်ပေးရမယ့် ပြန်ဝန်ကြီးက သိုက်ကလာတယ်။ စကားမပြောဘူး။ သူ့အရင် အပြုတ်ကြီးကမှ လှော်လိုက်ညှော်လိုက်တာ လက်ကိုကုန်ရော။ ပြုတ်ပြီးတာတောင် မနူးနိုင်မနပ်နိုင်ပဲ အရင်လူဘက်က လော်နေတယ်ဆိုတာ အမှန်တကယ်ကို ယုံကြည်နေလို့ ဖြစ်ပေလိမ့်မယ်။ အဲ့လိုပြောတော့ အခုဝန်ကြီးကပဲ သူ့အစိုးရကို မယုံကြည်သလိုလို။ အလကားနေရင်း ဘယ်ဘက်ကမှ အပြောမလွတ်တာ တွေ့ပြီ မဟုတ်လား။
တကယ်တမ်းကျတော့ သူက အလုပ်မလုပ်ပဲနေတာ မဟုတ်ပါဘူး။ သူ့အသံက သတင်းနဲ့ ပြန်ကြားရေးကထွက်တာ တသံတည်းရှိတယ်။ ဘယ်သူမှ မကြားဘူး။ အပြင်မှာ သတင်းစာ၊ ဂျာနယ်တိုက်တွေက ပြည်တွင်းရော ပြည်ပရော လော်စပီကာမိုင်ကုန်ဖွင့်အော်တာ ကြွက်ကြွက်ညံလို့။ သူများနိုင်ငံက သတင်းစာတွေ ထင်ရာမြင်ရာ မဟုတ်တာပြောတာတွေ တားဖို့မဆိုထားနဲ့။ ကိုယ့်နိုင်ငံ သူ့စီမံခန့်ခွဲမှုအောက်က ဂျာနယ်တိုက်တွေ အစိုးရသိက္ခာကျအောင် မမှန်သတင်းတွေ တမင်တင်တာကိုတောင် သူအရေးမယူနိုင်။ ဟိုတလောက လွှတ်တော်အမတ်တွေ BMW ပါမစ်ချပေးနေပါတယ် လို့ ဂျာနယ်ထဲပါတာ မှတ်မိသေးလား။ တရုတ်ကားကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို လွှတ်တော်အနေနှင့် လက်မခံနိုင်ပါကြောင်းလို့ ဖြေထားတဲ့စကားတွေက ဂျာနယ်ထွက်တော့ ပါမလာပဲ “အမတ်တွေ သိန်း ၁၃၀ နဲ့ BMW ကားစီးနိုင်တော့မှာလား။” ဆိုတဲ့ သတင်းပဲ ပါလာပါတယ်။ သူ့တိုင်းပြည်ထဲမှာ သူ့လုပ်ပိုင်ခွင့်အောက်က ဂျာနယ်တွေထဲမှာတောင် သူ့ပါတီထဲက အမတ်တွေ သိက္ခာမကျအောင် မကာကွယ်နိုင်တာ ကမ္ဘာ့ဖလားထဲတက်ထိုးဖို့တော့ ဆုမတောင်းတော့ပါဘူး။
ရှင်းသည်ဖြစ်စေ မရှင်းသည်ဖြစ်စေ၊ အချိန်တစ်ခုရောက်သွားရင်တော့ အမှန်တရားဟာ ဗူးပေါ်သလို ပေါ်လာမှာပါ။ ဒါပေသိ လောလောဆယ်ကတော့ ကောသလမင်းအိပ်မက်ထဲကအတိုင်း ဗူးတောင်းနစ်လို့ ကျောက်ခြမ်းပေါ်နေတာကို အလူးအလဲ သည်းညည်းခံနေရတယ်။ တချိန်ချိန်မှာ ဖြုတ်သည်ဖြစ်စေ မဖြုတ်သည်ဖြစ်စေ၊ မဟုတ်တဲ့သူတွေ မဟုတ်တဲ့လမ်းသွားမှာ သေချာပေမယ့် လတ်တလော အခြေအနေမှာ သူမပြုတ်ခင် ကိုယ်ပြုတ်သွားနှင့်မှာကလည်း ရှိသေး။ ဟိုလူ့ ဖြုတ်ခိုင်းလိုက် သည်လူ့ဖြုတ်ခိုင်းလိုက် လုပ်ရအောင် ကိုယ်ကလည်း ဘာကောင်မှ မဟုတ်ဘူး။ ဟုတ်လို့လည်း မဖြစ်ပါဘူးလေ။ အာဏာလေး ငါးပြားဖိုးလောက် ကိုယ့်လက်ထဲရောက်လို့ကတော့ ဟိုလူ့ဒိုင်းညောင့် သည်လူ့ဒိုင်းညောင့်လုပ်လိုက်မယ့်ဖြစ်ခြင်း။ အခုတောင် တချို့လူတွေကို မနောကံနဲ့ သတ်ပစ်တာ အဖန်ငါးရာ ငါးကမ္ဘာမကတော့ဘူး။ စိတ်သွားတိုင်းကိုယ်ပါနေမှဖြင့် မိုးကြိုးတွေ ပစ်ကုန်ပါ့မယ်။ ဖြုတ်ချင်းဖြုတ် ကိုယ့်သာအရင် ဖြုတ်ပလိုက်ကြစမ်းပါ။
ဖြုတ်သင့်တာကို ဖြုတ်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကိုယ့်လူမဟုတ်တဲ့ သူတွေကို ဖြုတ်။ ကိုယ့်ဆွေမျိုးသားချင်း တပည့်သားမြေးတွေကို အစားထိုးခန့်ဖို့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က လုပ်သင့်တာကို လုပ်နိုင်အောင် လုပ်လို့ရအောင်ပါ။ လုပ်သင့်တာကို မလုပ်တာ၊ မလုပ်နိုင်တာ၊ မလုပ်ရဲတာက ကိုယ်ကိုယ်တိုင်ဖြစ်နေရင်တော့ အဲသည် ကိုယ်ကိုယ်တိုင်ကိုလည်း ဖြုတ်လဲရမယ့် အချိန်တန်ပါပြီ။ “မေမေကြိုက်ပါ့မလား မသိဘူး။ မေမေ စိတ်ဆိုးသွားမှာ စိုးရိမ်မိပါတယ်။ မေမေ မသိပဲ မလုပ်ရဲပါဘူး။” ဆိုတဲ့ သားသားလေး စိတ်နေသဘောထားများဟာ အစိုးရမင်းများအဖြစ် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ မသင့်တော်ပါဘူး။ တိုင်းပြည်အတွက် ထောင်မကြောက်တန်းမကြောက် ပေးဆပ်စွန့်စားလာခဲ့သူတွေဟာ ကုလားထိုင်ပေါ် ရောက်ကာမှ ပြောင်းဖူးပြုတ်ဖူး ဘာကိုထူးကြောက်နေစရာ လိုလို့လဲ။ သူတလှည့်စားပြီး။ အခုမှ ငါစားကလှည့်ရောက်တယ်ဆိုတဲ့ စိတ်မမွေးရင် အပြုတ်မကလို့ အကျော်လာလာ ကြောက်စရာ နှမြောစရာမှ မရှိတာ။ ကိုယ်မစွမ်းနိုင်ဘူးထင်ရင် စွမ်းနိုင်မယ့်သူနဲ့ လဲကစားလိုက်။ သူများကိုသာ ဖြုတ်လဲချင်ပြီး ကိုယ့်အလှည့်ကျ ဘွာတေးခပ်လို့ ရစတမ်းလား။ ပြောင်းလဲကြဖို့အရေးမှာ ဖြုတ်လဲဖို့လိုလာရင်လည်း ကိုယ့်ကိုယ်ကိုယ်တောင် လက်မနှေးဘူး ဆိုတဲ့အကြောင်း ၂၀၂၀မှာ အာဏာပြန်ရနိုးနိုး အရှက်မရှိ ကုလားဖန်ထိုးနေတဲ့ သက်ကြားအိုကြီးတွေကို သတ္တိပြလိုက်စမ်းပါ အမျိုးကောင်းသားတို့။

No comments:
Post a Comment