Saturday, December 3, 2011

အမျိုးသားနိုင်ငံရေးသမားစစ်စစ်

THE FATHER OF PEACE



 မြန်မာနိုင်ငံရဲ့ နယ်ချဲ့ ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့ ခေတ်တိုင်းမှာ နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်ထွက်ခဲ့တယ်။ နိုင်ငံရေးဆိုတာကလည်း တဦးတယောက်တည်း လုပ်လို့ ရတဲ့ကိစ္စမျိုးမဟုတ်ပဲ လူအများနဲ့ ဆက်ဆံဆောင်ရွက်ရတဲ့အလုပ်ဖြစ်တယ်။ လူအများရဲ့ ရိုသေလေးစား မှုကို ခံယူရရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ အရည်အတွက်အရ နည်းပါးတယ်။ ဒီလိုနည်းပါးလှတဲ့ ခေါင်းဆောင်တွေထဲမှာမှ စံပြုလေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်တဦးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပဲဖြစ်တယ်။
 ဒီကနေ့ လို အမျိုးသားနိုင်ငံရေးသမားစစ်စစ်တွေ ရှားပါးနေချိန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့  အမျိုး၊ ဘာသာ၊သာသနာအတွက်ဆောင်ရွက်ချက်တွေဟာမီးရှုးတန်ဆောင်လို ထွန်းပလို့ နေတယ်။ နေမ၀င်အင်ပါယာ
လို့ ခံယူထားတဲ့ နယ်ချဲ့ အင်္ဂလိပ်အစိုးရကတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ရန်သူတော်နံပါတ်တစ် အဖြစ် စာရင်းသွင်းမှတ်တမ်းပြုခဲ့တယ်။ ၁၈၇၆ခုနှစ်မှာ ပြည်ခရိုင် ရွှေတောင်နားမှ ရွာလေးတရွာတွင် ဆရာကြီးကိုမွေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်သီပေါမင်းပါတော်မူတာကို ဆယ်နှစ်အရွယ် ကိုရင်ဝတ်နဲ့  ဆရာကြီးမြင်တွေ့ ခဲ့တယ်။အဲ့ဒီဖြစ်ရပ်ဟာဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့  အမျိုးသားရေးစိတ်ဓါတ်ကိုသေတပန် သက်တဆုံး ကိုင်လှုပ်သွားစေတယ်။ မောင်လွန်း၊ ဦးလွန်း၊ ဆရာလွန်းမှ  ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိ အရွယ်စုံမှာ တိုင်းပြည်လွတ်လပ်ရေးနဲ့ နယ်ချဲ့ ဆန့် ကျင်ရေးတိုက်ပွဲတိုင်းမှာ ဆရာကြီးဟာ ဘယ်အခါမှ နောက်ချန်နေခဲ့တာမရှိဘူး။ အမြဲတမ်းရှေ့ တန်းက မားမားမတ်မတ်ရပ်တည်ပေးခဲ့သူဖြစ်လို့  ရဟန်းရှင်လူ ပြည်သူ တရပ်လုံးက လေးစားကြတယ်။
 အိန္ဒိယနိုင်ငံ၊ရတနာဂီရိမှာ သီပေါဘုရင်နတ်ရွာစံပြီးနောက် မိဖုရားစုဖုရားလတ်နဲ့ မိသားစု မြန်မာနိုင်ငံကို ပြန်ခွင့် ရရှိခဲ့တယ်။ ရန်ကုန်မြို့ ၊ ရွှေတိဂုံဘုရားလမ်းမှ စုဖုရားလတ် စံအိမ်တော်ကို လာရောက်ဂါရ၀ပြုသူများထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း ပါဝင်ခဲ့တယ်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြာန်းကို မမေ့ပျောက်ဘူး ဆိုတာဟာ ဆရာကြီးရဲ့ အမျိုးသားရေးဇာတိလက္ခဏာပဲဖြစ်တယ်။ ၁၉၂၀ခုနှစ်ပထမကျောင်းသား သပိတ်ကြီးပေါ် ထွက်ချိန်မှာပဲ သပိတ်မှောက်ကျောင်းသား၊ကျောင်းသူတွေထံကို ဆရာကြီးမှယူနီဗါစတီသပိတ်လေးချိုးကြီးနဲ့ ယခုလို ရေးသားဂုဏ်ပြု ခဲ့တယ်။
“ဝေးခရီးပေမယ့်
အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲပေမို့ 
ဆရာလဲကွာ
ပထမအရင်ကနဦးဆီက
မြန်မာတခွင်မှာ သမ္မတရှင်ဘုရင်မလူးခင်ပ
(ထ)ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့ 
(ထီ)မထင်ကျောင်းတော်သားတွေရဲ့ 
အမည်အစဉ်ခေါင်းပေါ်ဖျားတွင်မှ
မင်းရို့ ဆရာကို
စာရင်းတို့ ကာ ထားလိုက်ကြပေတော့။“
 ဒိုင်အာခီခေတ် ဘုရင်ခံဥပဒေပြုကောင်စီအမတ်တွေနဲ့ မရောနှောပဲ သူပုန်အဖွဲ့ လိုဖြစ်နေတဲ့ တို့ ဗမာအစည်း အရုံးမှာ နာယကတဦးအဖြစ် ဆရာကြီးလုပ်ကိုင်တာဟာ တော်လှန်ဇာတိမာန်ကို ပြသခြင်းဖြစ်တယ်။ နယ်ချဲ့  အင်ပါယာစံနစ်အောက်မှ လုံးဝလွတ်လပ်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ တို့ ဗမာအစည်းအရုံးကိုဖော်ထုတ်တဲ့အခါမှာ သခင်အောင်ဆန်း၊သခင်နု၊သခင်သန်းထွန်း၊သခင်စိုး အစရှိတဲ့ လူငယ်တွေနဲ့ လက်ရည်တပြင်တည်းလုပ်ကိုင်ခဲ့မှု တွေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့  အမျိုးသားနိုင်ငံရေးအမြင်ကြီးမားမှုကို ဖော်ပြစေတယ်။
  ဖက်ဆစ်ဂျပန်ခေတ်ရဲ့ဘီအိုင်အေအုပ်ချုပ်ရေးကာလမှာဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာဗိုလ်ချုပ်အောင်ဆန်း ကို “အောင်ဆန်း-မင်းပင့်လာတဲ့ ဘုရားကို မြန်မြန်ပြန်ခေါ်ထုတ်သွား” ဆိုတဲ့ စကားဟာ ဂုဏ်ပြုထိုက်တဲ့ စကားအဖြစ်ကျန်ရစ်ပါတယ်။ ဆရာကြီးမျိုးစေ့ချပေးခဲ့တဲ့ မြန်မာစာပေလောကဟာ လွတ်လပ်ရေးတိုက်ပွဲစဉ် ကာလတလျှောက်လုံးနဲ့ လွတ်လပ်ရေးရပြီးတဲ့တိုင်အောင် အရှိန်သြဇာကြီးမားတယ်။ ယူနီဗါစတီသပိတ် လေးချိုး ကြီးနဲ့ ကျောင်းသားထုကို ထိတွေ့ ဖြစ်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၉၂၀ခုနှစ် မှ ဒီကနေ့ အထိ ကျောင်းသားမျိုးဆက်ပေါင်းများစွာနဲ့  ဂဟေစပ်ထားသလို ခိုင်မြဲနေတယ်။
  လူအနည်းစုလောက်ကဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုဘုရင်စံနစ်ပြန်သွားချင်သူလို့  ပြောတာဟာ ဆရာကြီး ရဲ့  အမျိုးသားနိုင်ငံရေးခရီးဖြတ်သန်းမှုတွေနဲ့  နှိုင်းယှဉ်ကြည့်ရင် လွဲမှားနေတာကို တွေ့ ရမယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာလည်း နယ်ချဲ့ ဆန့် ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ရှေ့ တန်းမှဦးဆောင်ပေးခဲ့တဲ့ ဆရာကြီးမှာ ခေတ်နဲ့ အမှီလိုက်နိုင်တဲ့ နိုင်ငံရေးအမြင်ရှိတာကို ဖော်ပြနေတယ်။ အာဏာရ ဖဆပလအစိုးရ အသိုင်းအ၀ိုင်းထဲမှာ အောက်ခြေကနေ အထက်အထိ ဆရာကြီးတပည့်တွေချည်းပါပဲ။ ဒီတပည့်တွေနဲ့ ဆရာကြီးကင်းရှင်းစွာနေခဲ့သလို၊ ရာထူး ၊နေရာ၊ အာဏာနိုင်ငံရေးနဲ့ လည်း ကင်းအောင်နေတယ်။ ရန်ကုန်၊စမ်းချောင်းရှိ ၃ပင်၊၂ပင် ပျဉ်ထောင်အိမ်လေးမှာပဲ ဆရာကြီးက ကွမ်းတယာ၊ရေတမှုတ် နဲ့  အနေကျုံစွာ နေခဲ့တယ်။အဲ့ဒီပျဉ်ထောင်အိမ်လေးကိုလည်းဖျက်ပြီးကန်ထရိုက်တိုက်ဆောက်ခဲ့လို့  ဆရာကြီးအလွမ်းပြေပြတိုက် မျိုးမထားနိုင်တော့ပါဘူး။ အာဏာရသွားတဲ့ တပည့်တွေက ဆရာကြီးအပေါ် သတိမပြုတော့ပေမယ့် ဆရာကြီး ကတော့တိုင်းပြည်အရေးကို အမြဲတမ်းသတိပြုနေသူဖြစ်တယ်။ ဒါကြောင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု မှာအသက်အရွယ်ကြီးနေပေမယ့်အိပ်ရာထဲမလှဲလျောင်းပဲ ပြည်သူတွေနဲ့ လက်တွဲပါဝင်ခဲ့တယ်။ ဆရာကြီးမကွယ် လွန်မှီတနှစ်လောက်ဖြစ်တဲ့၁၉၆၃ခုနှစ်မှာ တော်လှန်ရေးကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့  တောတွင်းကိုရောက် သွားရတဲ့ဆရာကြီးတပည့်တွေ ရန်ကုန်လာကာ ဆွေးနွေးကြတယ်။ ဆရာကြီးကိုလည်း တောတွင်းကတပည့်တွေ လာရောက် ဂါရ၀ပြုတွေ့ ဆုံခဲ့တယ်။ ဆရာမသေခင် ငြိမ်းချမ်းရေးရတာကို မြင်သွားလိုတယ်ဆိုတဲ့ စကားဟာ ပြည်တွင်းစစ်နဲ့ အတူ ထင်ရှားစွာကျန်ရစ်နေတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း က တပည့်တွေကို ရွှေတိဂုံ ဘုရားဖူးကြဖို့ မှာသလို၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ဥပုတ်ဆောက်တာမျိုးမဟုတ်ဘူးလို့ လည်း သတိပေးတယ်။
 ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်သွားခဲ့တဲ့တိုင်အောင် ရဟန်းရှင်လူပြည်သူတရပ်လုံးမှ ဂုဏ်ပြုဦးညွှတ် ကြတာကို ၁၉၇၆ခုနှစ် မှိုင်းရာပြည့်အရေးတော်ပုံမျိုးနဲ့ တွေ့ နိုင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးကြုံ လာတဲ့အခါတိုင်းမှာရှေ့ တန်းကထွက်ကာမားမားမတ်မတ်ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခံယူထားတဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်ဟာ လူမျိုးစုံပြည်သူလူထုတရပ်လုံးကို နိုးထအောင် ကနေ့ အထိလုပ်ပေး နိုင်တယ်။ဒါဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းချမှတ်ပေးခဲ့တဲ့ အမျိုးသားနိုင်ငံရေးရဲ့ မျိုးစေ့မှန်လို့ အပင်ရှင်သန် တဲ့ ရလဒ်ဖြစ်တယ်။    ။
ဧရာ
၃၊၁၂၊၂၀၁၁
မှီငြမ်း
နိုင်ငံရေးဝတ္တုများရဲ့ သြဇာအရှိန်အ၀ါ၊ လူထုစိန်ဝင်း၊ ပြည်သူ့ ခေတ်ဂျာနယ်၊ ရန်ကုန်မြို့ ၊ ၂၆-၈-၂၀၁၀။

No comments: