Yangon Press International
မတ် ၁၊ ၂၀၁၂
ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်းပြောနေသော ဦးသိန်းစိန်/ ဓာတ်ပုံ AP သတင်းဌာန
အစိုးရ၀န်ထမ်းများ လစာတိုးပေးရေး စဉ်းစားရာတွင် ယင်းလုပ်ရပ်၏ အကျိုးဆက်ကို ခံစားရမည့် အစိုးရ၀န်ထမ်း မဟုတ်သည့် ပြည်သူများအား ငဲ့ကွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်း ပြောကြားသည်။
သမ္မတက “ လစာတိုးလို့ ၀န်ထမ်း မဟုတ်တဲ့ ၅၈ သန်းသောပြည်သူတွေဟာ အဲဒီအကျိုးဆက်ကို ခံစားကြရမှာဖြစ်ပါတယ်။ အဲဒါတွေကို စဉ်စား ဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားသည်။
၎င်းကထပ်မံပြီး ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လူတန်းစားကွာဟမှု၊ ဆင်းရဲနွမ်းပါးမှုများ ကြီးကြီးမားမား ရှိနေသေးပြီး ပြည်သူတစ်ဦးချင်းဝင်ငွေများ နိမ့်ကျနေသေးကြောင်း၊ ယခုကဲ့သို့အချိန်တွင် ၀န်ထမ်းများအနေဖြင့် ကုန်ကျစားရိတ်နည်းအောင် စိတ်ရင်းစေတနာ အရင်းခံပြီး လုပ်ဆောင်ကြရန် ပြောကြားလိုကြောင်း ဆိုသည်။
စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဦးမော်သန်းက “ လစာတိုးရင် ၀န်ထမ်းတွေက အကျိုးရှိမယ် ဆိုပေမယ့် အပြည့်အ၀တော့ မဟုတ်ဘူး။ ငွေကြေးဖောင်းပွမှုဒဏ်ကို သူတို့ပါပြန်ခံစားရမှာ။ ကျန်တဲ့ပြည်သူတွေ အကုန်လုံးကတော့ အကျိုးမရှိဘဲ အပြစ်ကိုချည်းပဲ အပြည့်အ၀ ခံစားရမယ့်သူတွေ ဖြစ်သွားမယ်” ဟု ပြောသည်။
ဝန်ထမ်းများလစာ တိုးမြှင့်ရေးနှင့်ပတ်သတ်ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကလည်း ၀န်ထမ်းများ လစာတိုးမြှင့်ပေးလိုပါက ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက ၀န်ထမ်းများ လစာ တိုးမြှင့်ပေးသင့်သကဲ့သို့ ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ခြင်း မရှိအောင်လည်း အစိုးရအနေဖြင့် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကမူ ၀န်ထမ်းများ လစာတိုးရေးအား နောက်မဆုတ်ဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ၀န်ထမ်းများအား လစာတိုးမြှင့်ပေးရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်အများစုက ထောက်ခံလျက်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည့် အခြေအနေတွင် ရှိနေသည်။
ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်စဉ်က သမ္မတ၏ သဘောထားမှတ်ချက်ကို ထောက်ခံသူများဘက်မှ ရှုံးနိမ့်ခဲ့ဖူးသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ငွေကြေးဖေါင်းပွမှုနှုန်း လျှင်မြန်စွာ မြင့်တက်လာသည့်နောက် ၀န်ထမ်းလစာ တိုးပေးခြင်း နှစ်ကြိမ်ရှိခဲ့ပြီး နောက်ဆုံးအကြိမ်တိုးမြှင့်ခြင်းမှာ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကဖြစ်သည်။
No comments:
Post a Comment