Tuesday, March 27, 2012

အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ပဋ္ဋိပက္ခ ပြီးဆုံးချိန်ကာလ နီပေါနိုင်ငံ



နိဒါန်း

၂၀၀၀ ခုနှစ်၊ အောက်တိုဘာလမှာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ Resolution (၁၃၂၅) ကို ချမှတ်ခဲ့ပါတယ်။ အဲဒီအချိန်ကာလကစပြီး ပဋ္ဋိပကဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာက အသိအမှတ်ပြုမှုတွေ ကြီးမားလာခဲ့ပါတယ်။ Resolution (၁၃၂၅) နဲ့ပတ်သက်ပြီး အခုလို နိုင်ငံတကာ မဟာဗျူဟာနဲ့ မူဝါဒရေးရာ အဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်မှုတွေ ရှိလာခဲ့ပေမယ့်လဲ နိုင်ငံတခုချင်းစီရဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခပြီးဆုံးချိန်ကာလ တည်ဆောက်ရေး လုပ်ငန်းဆောင်တာတွေမှာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သိသားထင်ရှားတဲ့ အတားအဆီးတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်နိုင်မှုကို ကန့်သတ်နေကြဆဲပဲ ရှိပါသေးတယ်။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍတွေကို သိသိသာသာ ပိတ်ပင်နေကြဆဲပဲ ရှိပါသေးတယ်။ အခုဒီဆောင်းပါးမှာ ပဋိပက္ခပြီးဆုံးချိန်ကာလ နီပေါနိုင်ငံက အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုအကြောင်းကို ရေးသားတင်ပြပါမယ်။

ပဋိပက္ခပြီးဆုံးချိန်ကာလနှင့် အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှုအခန်းကဏ္ဍ

နိုင်ငံတနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ ကျားမရေးရာ ဓလေ့ထုံးစံတွေ ပြောင်းလဲမှု ရှိလာပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေ၊ စစ်မက်ဒုက္ခသည်တွေ အနေနဲ့ အသွင်မျိုးစုံ ပါဝင် ပတ်သက်လာကြရပါတယ်။ ပဋိပက္ခဖြေရှင်းမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှု အခြေအနေတွေမှာ ဆက်စပ်ပါဝင်မှု ရှိလာကြပါတယ်။ ဒါကြောင့် ပဋ္ဋိပက္ခတွေ ပြီးဆုံးချိန်ကာလမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတွေဟာ လင်ယောက်ျားဖြစ်သူအပေါ် မှီခိုအားကိုးနေရတဲ့ သာမန်အိမ်ရှင်မတွေ မဟုတ်ကြတော့ပါဘူး။ ပဋိပက္ခတွေအကြားမှာ ရုန်းကန်လှုပ်ရှားရမှု၊ ရှင်သန်ရပ်တည်ရမှု၊ တက်ကြွစွာ လှုပ်ရှားရမှုတွေနဲ့ ခါးသီးတဲ့ ဘ၀သင်ခန်းစာတွေ ရရှိခဲ့ကြတဲ့အတွက် အမျိုးသားတွေနဲ့အတူ ပခုံးချင်းယှဉ်ပြီး ရင်ဘောင်တန်းရပ်တည်နိုင်တဲ့ အမျိုးသမီးတွေအဖြစ် ခေတ်သမိုင်းက ပြောင်းလဲလိုက်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ပဋိပက္ခပြီးဆုံးချိန်ကာလ နိုင်ငံတော်တည်ဆောက်မှု အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှုတွေဟာ နိုင်ငံတော် အနာဂတ်အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။

ပထမတချက်အနေနဲ့ အမျိုးသမီးတွေဟာ နိုင်ငံတော်ရဲ့ လူဦးရေတ၀က်ကျော်ကို ကိုယ်စားပြုနေသူများ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ်ခိုင်မာတောင့်တင့်ဖို့အတွက် ကိုယ်စားပြုမှုဟာ အလွန်ပဲ အရေးကြီးပါတယ်။ အမျိုးသမီးထုတရပ်လုံးကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်တွေမပါပဲ အမျိုးသားတွေကပဲ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ လူထုတရပ်လုံးကို ကိုယ်စားပြုတယ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ဒီလိုဆုံးဖြတ်ချက်ကိုလဲ ဒီမိုကရေစီနည်းလမ်းတကျ ဆုံးဖြတ်ချက်လို့ မသတ်မှတ်နိုင်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးတွေက တန်းတူရည်တူ ပါဝင် ဆုံးဖြတ်ထားမှုမရှိပဲ အမျိုးသားတွေကပဲ တဖက်သတ်ဆုံးဖြတ်ချက်ချမှတ်မယ်ဆိုရင် ဒါဟာ တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ ဒီမိုကရေစီစနစ် ထူထောင်မှု မဟုတ်ပဲ အမျိုးသားအာဏာရှင်စနစ်ကို ထူထောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်တွေပေါ်မှာ အခြေတည်ထားတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာလဲ လူထုကို ကိုယ်စား မပြုတဲ့အတွက် Legitimacy ရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။

ဒုတိယအချက်အနေနဲ့က အမျိုးသမီးတွေဆီမှာ အမျိုးသားတွေနဲ့ ကွဲပြားခြားနားတဲ့ ဘ၀အတွေ့အကြုံတွေ၊ အမြင်တွေနဲ့ ချဉ်းကပ်မှုတွေ ရှိနေနိုင်တဲ့အတွက် နိုင်ငံရေးရာကိစ္စတွေမှာ ရှူထောင့်အသစ်နဲ့ လေ့လာသုံးသပ်မှုတွေ ပေါ်ထွက်လာနိုင်စေပါတယ်။ ကျားမရေးရာနဲ့ အမျိုးသမီးများ တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Rachel
Mayanja ဆိုသူက အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုတွေကို အားဖြည့်ပေးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေအကြားမှာ တံတားခင်းပေးနိုင်သူတွေဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်။ ပဋိပက္ခပြီးဆုံးချိန်ကာလမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်မှု အခန်းကဏ္ဍမရှိရင် အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ၊ အမျိုးသမီးရေးရာတွေကို ထည့်သွင်းစဉ်းစားမှု မရှိတဲ့အတွက် လူဦးရေတ၀က်ကျော်ရဲ့ အနာဂတ်ကို လျစ်လျူရှုရာ ရောက်ကြောင်းကိုလဲ ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြပါတယ်။

နီပေါနိုင်ငံ

နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်ပြည်အကြားမှာ တည်ရှိတဲ့ ကုန်းတွင်းပိုင်း နိုင်ငံငယ်လေးတခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ နီပေါအစိုးရနဲ့ နီပေါကွန်မြူနစ်ပါတီ- Maoist တို့အကြားက ဆယ်နှစ်တာ လက်နက်ကိုင်ပဋ္ဋိပက္ခ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပဋ္ဋိပက္ခဟာ အမျိုးသမီးတွေအပေါ် သက်ရောက်မှုအများအပြား ရှိခဲ့ပါတယ်။ ပဋ္ဋိပက္ခစစ်ပွဲတွေကြောင့် အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေနဲ့ မုဆိုးမတွေ များပြားလာပါတယ်။ အမျိုးသမီးက ဦးဆောင်ရတဲ့ အိမ်ထောင်စု (Female-headed households) တွေ များပြားလာပါတယ်။ အမျိုးသမီးအချို့က တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ နီပေါကွန်မြူနစ်ပါတီဟာ အမျိုးသမီးတွေကို ချက်ပြုတ်ရေးတာဝန်တွေနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု တာဝန်တွေတင် ပေးခဲ့တာမဟုတ်ပဲ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းတိုက်ပွဲဝင်ရတဲ့ တိုက်ခိုက်ရေးရဲဘော်တာဝန်တွေ၊ ဆက်သွယ်ရေး တာဝန်တွေပါ ပေးအပ်ခဲ့ပြီး တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။

အမျိုးသမီး အိမ်ထောင်ဦးစီး အရေအတွက်တွေ များပြားလာမှုနဲ့ တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတရပ်ရဲ့ အမြော်အမြင်ကြီးမှုတွေဟာ နီပေါလူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေခဲ့တဲ့ ကျားမခွဲခြားမှု ဓလေ့ထုံးတမ်းစဉ်လာ အတားအဆီးတွေကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်၊ အေပြီလမှာ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးတည်စေခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကနေ ပါဝင်ဦးဆောင်ခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ Comprehensive Peace Accord (CPA) ချုပ်ဆိုပြီး၊ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဧပြီလရောက်တော့ Constituent Assembly ကို ရွေးကောက်တင်မြှောက်မယ့် ပဋိပက္ခပြီးဆုံးချိန်ကာလ ပထမဆုံးရွေးကောက်ပွဲတွေကို ကျင်းပနိုင်ခဲ့ပါတယ်။ ဒီ Constituent Assembly ကနေ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပါတယ်။

ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတရပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုအစိုးရမျိုးကမှ ရေးဆွဲအတည်ပြုလို့ မရပါဘူး။ ရေးဆွဲအတည်ပြုထားခဲ့ရင်လဲ ပဋိပက္ခမပြီးဆုံးခင်ကာလမှာ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးကျေးဇူးသိပ်မရှိလှပါဘူး။ ပဋိပက္ခတွေ ပြီးဆုံးပြီးနောက်ပိုင်းကာလမှာ လူထုက ရွေးကောက်တင်မြှောက်တဲ့ Constituent Assembly (သို့မဟုတ်) သဘောတရားတူပြီး အမည်ကွဲပြားတဲ့ အလားတူ ညီလာခံတရပ်က ရေးဆွဲပြီး ထွက်ပေါ်လာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို Referendum ကျင်းပပြီး လူထုရဲ့ ထောက်ခံမှု သတ်မှတ်ရာခိုင်နှုန်းပြည့်မှသာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပါတယ်။ ဒီလို မဟုတ်ပဲ ပဋိပက္ခဖြစ်နေဆဲကာလတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရေးဆွဲလိုက်ကြ၊ အတည်ပြုလိုက်ကြလုပ်နေကြတဲ့ နိုင်ငံတွေမှာတော့ အခြေခံဥပဒေမူကြမ်းတွေ ဖောင်းပွပြီး ရေပေါ် အရုပ်ရေးသလို ပေါ်လိုက်၊ ပျောက်လိုက်တွေ ဖြစ်သွားတတ်စမြဲပါ။

ပဋိပက္ခမဖြစ်ပွားမီကာလ နီပေါအမျိုးသမီးများ၏ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍ

နီပေါလူ့အဖွဲ့အစည်းအတွင်းမှာ patriarchal culture ထွန်းကားခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ဓလေ့ထုံးတမ်း အစဉ်အလာတွေအရ ပြင်ပလူမှုဘ၀မှာ နေရာသိပ်မရကြပါဘူး။ အမျိုးသမီးတွေရဲ့ လူမှုဘ၀အဆင့်အတန်းဟာ လူမျိုးစုတွေအကြားမှာ အမျိုးမျိုး ကွဲပြားပေမယ့် ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ယူဆထားကြပါတယ်။ အမျိုးသမီးဆိုတာ ကလေးသူငယ်စောင့်ရှောက်ဖို့နဲ့ အိမ်မှုတာဝန်ထမ်းဆောင်ဖို့ မွေးဖွားလာသူများအဖြစ်သာ လူ့အဖွဲ့အစည်းက မြင်တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့စာရင် ပညာရေး၊ စီးပွားရေး၊ နိုင်ငံတွေမှာ နိမ့်ကျကြရရှာပါတယ်။

၁၉၅၁ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့်နဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိခဲ့ပေမယ့်လဲ ၁၉၅၁ နှောင်းပိုင်းကာလကစပြီး အမျိုးသမီးတွေရဲ့ အသံတွေ ငြိမ်သက်နေခဲ့ပါတယ်။ နီပေါအမျိုးသမီးတွေရဲ့ နိုင်ငံရေးသမားဘ၀ ဖြတ်သန်းနိုင်မယ့် အခွင့်အလမ်းတွေ နည်းပါးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မတိုင်မီကာလတွေမှာ နီပေါပါလီမန်တွေမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုနိုင်မှုဟာ ခြောက်ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ အခွင့်အလမ်း ရှိတဲ့ အမျိုးသမီးတွေဟာလဲ နိုင်ငံရေးသမားတွေနဲ့ ဆွေမျိုးတော်စပ်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေပဲ ဖြစ်နေတတ်ပြန်ပါတယ်။ လူထုလူတန်းစားအလွှာအသီးသီးက အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကိုတော့ သူတို့ရဲ့ ဖခင်တွေ၊ အစ်ကိုတွေ၊ လင်ယောက်ျားတွေက ထိန်းချုပ်ကန့်သတ်ရုံမက လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးတွေရဲ့အစွမ်းအစတွေအပေါ် လျှော့တွက် မှုတွေကပါ ကန့်သတ်ထားခဲ့ပြန်ပါတယ်။

တိုးတက်ရေးလမ်းကြောင်းပေါ်သို့

၂၀၀၆ ခုနှစ် CPA လက်မှတ်ရေးထိုးပြီးကာလမှာ နီပေါနိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီတွေအထဲက National Monitoring Committee ရဲ့ အဖွဲ့ဝင် ၃၁ ယောက်မှာ အမျိုးသမီး နှစ်ယောက်ပါဝင်ခဲ့ပါတယ်။ Constituent Assembly ရွေးကောက်ပွဲကာလ၊ Constituent Assembly က ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းရေးဆွဲစဉ်ကာလနဲ့ Referendum ကာလတွေဖြတ်သန်းမှုမှာ လိုအပ်တဲ့ ကြားဖြတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (Interim Constitution) ရေးဆွဲတဲ့ ကော်မတီမှာလဲ မူလက အမျိုးသားခြောက်ယောက်ပဲ ပါရှိရာက အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းများရဲ့ တောင်းဆိုမှုတွေကြောင့် အမျိုးသမီးလေးယောက်ကို ထပ်မံတိုးချဲ့ ထည့်သွင်းခဲ့ကြရပါတယ်။ နီပေါအမျိုးသမီး နိုင်ငံရေးသမားတွေဟာ ဒီလောက်နဲ့ မရပ်တန့်ခဲ့ကြပါဘူး။ ၂၀၀၇ ခုနှစ်ဇန်န၀ါရီလမှာ အတည်ပြုတဲ့ ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ ပတ်သက်တဲ့ clause ပါဝင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။ Interim Constitution ရဲ့ Article 63 (5) မှာ Constituent Assembly ရဲ့ ကိုယ်စားလှယ်လောင်း အနည်းဆုံး သုံးပုံတပုံဟာ အမျိုးသမီးတွေဖြစ်ရမယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒီအချက်ကို Interim Parliament က အတည်ပြုခဲ့တဲ့ Constituent Assembly ရွေးကောက်ပွဲဥပဒေမှာ ထပ်မံထည့်သွင်းခဲ့ရပါတယ်။

ဒီလိုနဲ့ ၂၀၀၈ ခုနှစ်၊ ဧပြီလမှာ Constituent Assembly ကို ရွေးကောက်တင်မြှောက်တဲ့အခါ အမျိုးသမီး ၃၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း အရေအတွက်ရဲ့ ၃၅ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပရာမှာ ဓလေ့ထုံးစံအရ အုပ်ချုပ်ရေးစင်မြင့်ပေါ်ကနေ ဖယ်ရှားခံရတတ်တဲ့ အုပ်စုတွေဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ဖိနှိပ်ခံထားရတဲ့ လူ့အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေရဲ့ အသံတွေပါ ပါဝင်လာစေတဲ့ ‘first past the post’ (FPTP) နဲ့proportional representation (PR) နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ FPTP elections မှာ အမတ်နေရာ ၂၄၀ အနက် နေရာ ၃၀ ကိုအနိုင်ရခဲ့ပြီး PR elections မှာ အမတ်နေရာ ၃၃၅ ရှိရာက ၁၆၁ နေရာကို အနိုင်ရခဲ့ပါတယ်။ ပါတီတခုချင်းစီရဲ့ quota အရ အမျိုးသမီးခြောက်ယောက်ကို ပါတီတွေက nominate ထပ်လုပ်တဲ့အတွက် Constituent Assembly ရဲ့ အမတ်နေရာ ၆၀၁ နေရာမှာ ၁၉၇ နေရာကို အမျိုးသမီးများက ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးနောက်ပိုင်း ညွန့်ပေါင်းအစိုးရဖွဲ့ရာမှာ ၀န်ကြီးနေရာ (၂၄) နေရာ ရှိတဲ့အနက် လေးနေရာကို အမျိုးသမီးဝန်ကြီးတွေက တာဝန်ယူနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးပါဝင်ပတ်သက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အခုလို အရေအတွက်အနေနဲ့ တိုးတက်လာပေမယ့်လဲ တခြားအတားအဆီးတွေ၊ အခက်အခဲတွေက ရှိနေဆဲပဲ ဖြစ်ပါတယ်။

အတားအဆီး၊ အခက်အခဲများ

၂၀၀၈ ခုနှစ်၊ Constituent Assembly ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်အမတ် ၃၅ % ကျော်ဟာ အမျိုးသမီးတွေ ဖြစ်လာပါတယ်။ Constituent Assembly က ရေးဆွဲရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ကော်မတီ (၁၁) ခုမှာ အမျိုးသမီးတွေ ပါဝင်လာတဲ့အတွက် အမျိုးသမီးတွေရဲ့ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မှု အခွင့်အလမ်းတွေ တိုးမြင့်လာတယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့်လဲ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွေမှာ အတားအဆီးတွေ၊ ကန့်သတ်ချက်တွေ၊ အခက်အခဲတွေကတော့ ရှိနေဆဲပါပဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေရဲ့ ထိထိရောက်ရောက် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းတွေဟာ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအတွင်းမှာ အမျိုးသားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကြောင့် ယုတ်လျော့အားနည်းနေရပါတယ်။ နိုင်ငံရေးပါတီတွေအတွင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အတွေ့အကြုံရှိတဲ့ အမျိုးသားခေါင်းဆောင်တွေက အမျိုးသမီးတွေရဲ့ အမြင်တွေ မပါပဲ ချမှတ်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေရဲ့ ပါတီတွင်း၊ အဖွဲ့အစည်းအတွင်း အခန်းကဏ္ဍမှာလဲ လုပ်ဆောင်မှု စွမ်းရည်နဲ့ အရည်အချင်းအပေါ် မူတည်မှုမရှိပဲ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် သစ္စာရှိမှုနဲ့ လူမှုရေးတွေအပေါ်မှာ မူတည်နေပါတယ်။ နိုင်ငံရေးပါတီတွေအတွင်းမှာ အမျိုးသမီး အဖွဲ့တွေပါဝင်ပေမယ့် ပါတီရဲ့ ဗဟိုကော်မတီမှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်ခွင့်မှာတော့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်အချို့က အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် စွမ်းဆောင်နိုင်မှု မရှိဘူးလို့ ထင်မှတ်နေကြဆဲပဲ ရှိပါသေးတယ်။

ဒုတိယအချက်အနေနဲ့ နိုင်ငံရေးပါတီတွေအတွင်းက အမျိုးသမီးအဖွဲ့တွေ စုပေါင်းပြီး Inter-party alliance ကို ဖွဲ့စည်းထားနိုင်ပေမယ့်လဲ ဒီမဟာမိတ်အဖွဲ့ရဲ့ တောင်းဆိုချက်တွေကို Constituent Assembly က လျစ်လျူရှုထားတာတွေ ရှိပါတယ်။ Constituent Assembly မှာ အမျိုးသား သုံးပုံနှစ်ပုံပါဝင်ပြီး၊ အမျိုးသမီးတွေအပေါ် negative attitudes နဲ့ အမြင်ရှိသူတွေ ပါဝင်နေတဲ့အတွက် အမျိုးသမီးတွေရဲ့ political space က ကျယ်ပြန့်မှု သိပ်မရှိပါဘူး။ တတိယအချက်က Constituent Assembly ထဲမှာ ပါဝင်တဲ့ အချို့အမျိုးသမီးတွေဟာ ဒီအခန်းကဏ္ဍနဲ့ တာဝန်တွေအတွက် ပြင်ဆင်ထားခြင်း မရှိပါဘူး။ အချို့ကလဲ နိုင်ငံရေးပါတီတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့လို့သာ ပါတီကို ကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ၀င်အရွေးခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် အချို့အမျိုးသမီးတွေမှာ တာဝန်ကို ထိထိရောက်ရောက်ထမ်းဆောင်နိုင်မယ့် capabilities အားနည်းနေပြန်ပါတယ်။

နောက်တချက်က အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍတိုးမြင့်လာမှုက ဥပဒေအရ လိုအပ်ချက်တွေနဲ့ တက်ကြွလှုပ်ရှားအမျိုးသမီးခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေကြောင့် ဖြစ်ပါတယ်။ အမျိုးသားတွေက ကျားမတန်းတူညီမျှမှုဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ လိုအပ်ချက်ဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်လက်ခံပြီး လိုက်နာဆောင်ရွက်မှုကြောင့် မဟုတ်ပါဘူး။ ဒီလို အမျိုးသားတွေရဲ့ lack of political will ကြောင့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြားက အတူတကွ တသားတည်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ထွက်ပေါ်လာမယ့် synergy က တိုးတက်သင့်သလောက် မတိုးတက်လာပါဘူး။

အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အမျိုးသမီးနိုင်ငံရေးပါဝင်ပတ်သက်မှု

နီပေါအမျိုးသမီးတွေရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကနေတဆင့် နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ ၁၉၄၈ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ နီပေါအမျိုးသမီးအသင်းဟာ အမျိုးသမီးထုအကြားနိုင်ငံရေး၊ လူမှုရေး အကြားအမြင်များမှုနဲ့ အစိုးရရဲ့ အမျိုးသမီးများ မဲပေးခွင့် ကန့်သတ်မှုတွေကို ဆန့်ကျင်ဖို့ ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်၊ လူထုလှုပ်ရှားမှုကြီးအတွင်းမှာ အမျိုးသမီးတွေရဲ့ political engagement လှိုင်းလုံးကြီးက အသစ်တဖန် ပြန်လည်မွေးဖွားလာခဲ့ပါတော့တယ်။ အဲဒီအချိန်က အစပြုပြီး နီပေါနိုင်ငံမှာ အမျိုးသမီးအဖွဲ့အစည်းပေါင်းများစွာ ထွက်ပေါ်လာပါတော့တယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ အသွင်သဏ္ဍာန်အမျိုးမျိုး၊ စီမံချက်အမျိုးမျိုးနဲ့ လုပ်ဆောင်နေကြပေမယ့် အမျိုးသမီးအဖွဲ့အစည်းတွေဟာ ကွဲပြားမှုတွေအကြားက ညီညွတ်မှုကိုလဲ တည်ဆောက်နိုင် ခဲ့ကြပါတယ်။ Shanti Malika, Women’s Alliance for Peace, Power, Democracy and Constituent Assembly (WAPPDCA), WomenAct စတဲ့ အမျိုးသမီး ညီညွတ်ရေးကွန်ယက်တွေ၊ ညွန့်ပေါင်းအဖွဲ့အစည်းတွေ၊ စုပေါင်းကင်ပိန်းတွေ ထွက်ပေါ်လာပါတယ်။

ပဋိပက္ခပြီးဆုံးချိန်ကာလ နီပေါနိုင်ငံမှာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အဓိက agenda ဟာ နိုင်ငံရေးရာ ဆုံးဖြတ်ချက်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်နိုင်မှုကို တိုးမြှင့်နိုင်ရေးပဲ ဖြစ်ပါတယ်။ CPA ရေးထိုးဖို့ ဆွေးနွေးချိန်နဲ့ ရေးထိုးပြီး နောက်ပိုင်းကာလတွေမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုအတွက် lobby တွေ လုပ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်နိုင်မယ့် အမျိုးသမီး မရှိနိုင်ကြောင်း အမျိုးသားနိုင်ငံရေးသမားတွေက ခွဲခြားကန့်သတ်မှုရှိနေချိန်မှာ အမျိုးသမီးကွန်ယက် WAPPDCA က “Who Is Who of Nepali Women” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေမှာ ပါဝင်တာဝန်ယူနိုင်ဖို့ အသိဥာဏ်နဲ့ ဗဟုသုတပြည့်စုံတဲ့ ပညာတတ်အမျိုးသမီး သုံးထောင်ကျော်ရဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေဟာ အပတ်စဉ် ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှု အခွင့်အရေးကို တောင်းဆိုခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်မှာ in 2009 WAPPDCA နဲ့ the Inter‐Party Women’s Alliance တို့ ပူးတွဲပြီး ‘Mission 50–50 ဆိုတဲ့ ကင်ပိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီကင်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ တန်းတူရည်တူ ကိုယ်စားပြုမှုနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး အဆင့်တိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ Forum for Women, Law and Development (FWLD) ကလဲ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံအဆင့်တိုင်းမှာ အမျိုးသမီး ကိုယ်စားပြုမှု ၃၃ ရာခိုင်နှုန်း အနည်းဆုံး ရှိဖို့ ဥပဒေတရပ်ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းလျက်ရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီး အလားအလာရှိတဲ့ အမျိုးသမီး နိုင်ငံရေး သမားတွေကို စွမ်းရည်မြှင့်သင်တန်းပေးမှုတွေကိုလဲ အချို့အမျိုးသမီးအဖွဲ့အစည်းတွေက ပြုလုပ်နေကြပါတယ်။ အမျိုးသမီးခေါင်းဆောင်မှု သင်တန်းကျောင်းကို ဖွင့်လှစ်ပြီး ခေါင်းဆောင်မှုသင်တန်းပို့ချမှုများလဲ ပြုလုပ်ကြပါတယ်။

အမျိုးသမီးအဖွဲ့အစည်းအချို့ကလဲ ဥပဒေပိုင်းဆိုင်ရာအခွင့်အလမ်းတွေကိုပဲ specialize လုပ်ပြီး ကျားမတန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေခဲ့ကြပါတယ်။ အမျိုးသမီးတွေအတွက် အားနည်းချက်ရှိစေတဲ့ ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ရေးနဲ့ တူညီတဲ့ အမွေဆက်ခံပိုင်ခွင့်၊ တူညီတဲ့ လူ့အခွင့်အရေး၊ တူညီတဲ့ နိုင်ငံသားအခွင့်အရေး၊ မုဆိုးမနဲ့ အိမ်ထောင်ပျက်အမျိုးသမီးများအတွက် အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကင်းဝေးရေး စတာတွေကို လုပ်ဆောင်နေကြပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေဟာ ၂၀၀၆ ခုနှစ်နှောင်းပိုင်းကာလတလျှောက် နီပေါနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပေါ်ထွက်ခဲ့တဲ့ Nepal Citizenship Act, 2006,Gender Equality Act, 2006, Human Trafficking Control and Regulation Acts, 2007/08), Domestic Violence [Offense and Punishment] Act, 2009 စတဲ့ ဥပဒေတွေရဲ့ driving force တွေပဲ ဖြစ်ပါတယ်။

သင်ခန်းစာများ

ပဋိပက္ခပြီးဆုံးချိန်ကာလ နီပေါနိုင်ငံရဲ့ အမျိုးသမီး နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို လေ့လာကြည့်ခြင်းအားဖြင့် အရေးကြီးတဲ့ သင်ခန်းစာတချို့ကို ရရှိနိုင်ပါတယ်။ ပထမတချက်အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို တိုးမြှင့်ရာမှာ Quota စနစ်နဲ့ Reserved seats တွေက တဆင့် affirmative action ကို အကောင်အထည်ဖော်ရပါမယ်။ ကျားမတန်းတူညီမျှမှုကို အသိအမှတ်မပြုချင်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးကိုယ်စားပြုမှုဆိုင်ရာ အနည်းဆုံး ရာခိုင်နှုန်းတခု (၂၀%၊ ၃၀ %) သတ်မှတ်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။ အမျိုးသမီးတွေရဲ့ တာဝန်ယူမှုအခန်းကဏ္ဍကို ကျန်းမာရေး၊ ပညာရေး စတာတွေမှာပဲ ကန့်သတ်မထားပဲ အမျိုးသားတွေကပဲ တာဝန်ယူလေ့ရှိတဲ့ စစ်ရေး၊ ပြည်ထဲရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံခြားရေးကဏ္ဍတွေမှာ သိသာထင်ရှားလာအောင် မြှင့်တင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဦးဆောင်မှုဆိုတာ masculine sphere လို့ သတ်မှတ်ထားတဲ့ ဓလေ့ထုံးစံတွေကို စိန်ခေါ်မယ့် အမျိုးသမီးတွေကို လေ့ကျင့် ပျိုးထောင်ပေးရပါမယ်။

ဒုတိယအချက်အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍ တိုးမြှင့်လာခြင်းဟာ အမျိုးသားတွေက အလျှော့ပေးပြီး နေရာပေးသယောင် ခံစားချက်နဲ့ အမြင်တွေကို တိုက်ဖျက်ရပါမယ်။ အချို့အမျိုးသားတွေက အမျိုးသမီးတွေဟာ ပိုပြီးနိမ့်ကျတာမို့ အလျော့ပေးပြီး လက်ဆောင်အနေနဲ့ နိုင်ငံရေးအခန်းကဏ္ဍ ပေးလိုက်ရသယောင်၊ ဖြည့်ဆည်းပေးလိုက်ရသယောင် ခံစားလေ့၊ ပြောဆိုလေ့ရှိကြပါတယ်။ ဒါကို အမျိုးသမီးတွေက လက်ခံဖို့ မလိုအပ်ပါဘူး။ ဒါဟာ အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကို အားနည်းစေတတ်ပါတယ်။ အမျိုးသမီးတွေဟာလဲ အမျိုးသားတွေနဲ့အတူ တန်းတူညီမျှ ပခုံးချင်းယှဉ် ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင် နိုင်သူများဖြစ်ပါတယ်။ အမျိုးသားတွေက နေရာပေးမှ နေရာတခုကို ပိုင်ဆိုင်နိုင်သူများ မဟုတ်ပါဘူး။ နေရာတခုရအောင် မိမိဘာသာ ကြိုးစားရယူနိုင်သူများ ဖြစ်ပါတယ်။

တတိယအချက်က တာဝန်ယူနိုင်မှု စွမ်းရည်မြင့်မားလာအောင် ပြင်ဆင်ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ရရုံနဲ့ မပြီးပါဘူး။ အမတ်နေရာကို ရရင် အမတ်တာဝန်ကို ကျေပြွန်နိုင်ရပါမယ်။ ကော်မတီမှာ ပါဝင်ခွင့်ရရင် ကော်မတီတာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ရပါမယ်။ ဒီအတွက် အလားအလာနဲ့ ရည်ရွယ်ချက်ရှိတဲ့ အမျိုးသမီး နိုင်ငံရေးသမားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ တန်ဖိုးကို လျှော့ချတွက်ချက်တတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့ နိုင်ငံရေးရာ အသိပညာ ဗဟုသုတတွေမှာ ရင်ဘောင်တန်းနိုင်အောင်၊ သာလွန်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ရေချိန်တွေမှာ ဘက်ပေါင်းစုံက မြင့်မားတဲ့ အမျိုးသမီး နိုင်ငံရေးဦးဆောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာအောင် ကြိုးပမ်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ အမျိုးသားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှု အောက်မှာမရှိပဲ အမှီအခို ကင်းကင်းရပ်တည်နိုင်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီးနိုင်ငံရေးသမားတွေ ပေါ်ထွက်လာမှသာ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေကို အမြင့်မားဆုံးဖော်ထုတ်ပြီး တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

စတုတ္ထအချက်အနေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအကြားမှာ ညီညွတ်မှုကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ ကျားမတန်းတူညီမျှမှုဆိုတာ စတိတ်မင့်တွေ၊ ဥပဒေကျင့်ထုံးတွေ ထဲမှာ ပါဝင်လာဖို့ စုပေါင်းကြိုးပမ်းကြရပါမယ်။ ဒါတွင်မကပဲ အမျိုးသမီးတွေအားလုံးရဲ့ ရင်ထဲမှာ အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့အတူ တန်းတူညီမျှမှုကို နားလည်သိရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ ဦးနှောက်ထဲမှာ ကျားမတန်းတူညီမျှမှုဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နားလည်နိုင်ပြီး စိတ်ဓာတ်ရေးရာ အဆင့်အတန်းတွေ မြင့်လာနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးတိုးတက် လာတာနဲ့အမျှ တိုးတက်မှုနဲ့မကိုက်ညီတော့တဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေဆိုတာ ရှိစမြဲပါပဲ။ ဒါတွေကို ဖက်တွယ်ထားသမျှ တိုးတက်မှုဟာ နှောင့်နှေးနေတတ်ပါတယ်။ ဒါပေမယ့်လဲ ဖက်တွယ်ထားချင်သူတွေ အများအပြားရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှု တော်လှန်ရေးလုပ်ယူရတာက စိတ်ရှည်သည်းခံနိုင်မှု၊ ဝေဖန်ပြစ်တင်ခံနိုင်မှုတွေ နဲ့ မှတ်ကျောက်တင်ရစမြဲပါ။ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ကျားမတန်းတူညီမျှရေး လှုပ်ရှားသူတွေဟာ လူ့အဖွဲ့အစည်းကို မြင့်မားတိုးတက်လာအောင် လုပ်ယူရမယ့် agents of change in society တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကြီးလေးတဲ့ တာဝန်ထမ်းဆောင်ရသူတွေအကြားမှာ အပြန်အလှန်နားလည်မှု၊ လေးစားမှုနဲ့ ညီညွတ်မှုတွေ ရယူဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ပဋိပက္ခပြီးဆုံးချိန်ကာလဆိုတာ တိုင်းပြည်တပြည်ရဲ့ အနာဂတ်အတွက် အုတ်မြစ်ချရတဲ့ အချိန်ကာလတခုဖြစ်ပါတယ်။ ဒီကာလမှာ အုတ်မြစ်ခိုင်ခိုင်မာမာ ချထားနိုင်ဖို့ အလွန်ပဲ အရေးကြီးတာပါ။ ဒီလိုအရေးကြီးတဲ့ အချိန်ကာလတခုမှာ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းမြင့်မားရေး၊ ဒီမိုကရေစီစနစ်ပင်မဒေါက်တိုင် ကိုယ်စားပြုမှု ရှင်သန်ခိုင်မာရေးတို့အတွက် အဓိကကျပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၁၊ ၉၊ ၂၀၁၀)




ရည်ညွှန်းကိုးကား။ ။

Aguirre, Daniel, and Irene Pietropaoli, 2008. ‘Gender Equality, Development, and Transitional Justice:The Case of Nepal.’ The International Journal of Transitional Justice 2:256‐377.
Beckwith, Karen, 2005. ‘The Comparative Politics of Women’s Movements.’ Perspectives on Politics, 3:583‐596

Commission on the Status of Women, 2009. ‘Equal Participation of Women and Men in Decision‐Making Processes at All Levels: Moderator’s Summary,’ Commission on the Status of Women, 53rd Session, 2–13 March.

Geiser, Alexandra, 2005. ‘Social Exclusion and Conflict Transformation in Nepal: Women, Dalit and Ethnic Groups.’ Working Paper. FAST Country Risk Profile Nepal. Bern: Swiss Peace.

Institute for Inclusive Security (ISS), 2009. ‘Bringing Women into Government’, Strategies for Policymakers No.1, March.

International Crisis Group (ICG), 2009. ‘Nepal’s Future: In Whose Hands?’ Asia Report No. 173, 13 August. Kathmandu/Brussels: ICG.

Manchanda, Rita, 2004. ‘Maoist Insurgency in Nepal: Radicalizing Gendered Narratives,’ Cultural Dynamics 16(2/3):237‐258.

Nduwimana, Françoise, n.d. ‘United Nations Security Council Resolution 1325 (2000) on Women, Peace and Security: Understanding the Implications, Fulfilling the Obligations.’ Background report prepared for the Office of the Special Advisor on Gender Issues and Advancement of Women

Rana‐Deuba, Arzu, 2005. ‘A National Study on Changing Roles of Nepali Women Due to Ongoing Conflict and Its Impact.’ Samanata Studies No.6. Kathmandu: Samanata Institute for Social and Gender Equality.

Sørensen, Birgitte, 1998. ‘Women and Post‐Conflict Reconstruction: Issues and Sources.’ WSP Occasional Paper No. 3, June. Geneva: United Nations Research Institute for Social
Development, Programme for Strategic and International Security Studies.

United Nations Educational, Scientific and Cultural Organization (UNESCO), 2006. ‘Forms and Patterns of Social Discrimination in Nepal.’ UNESCO Kathmandu Series of Monographs and Working Papers, No. 8. Paris: UNESCO.

Waylen, Georgina, 2007. Engendering Transitions: Women’s Mobilization, Institutions, and Gender Outcomes. New York: Oxford University Press.


Nepal and political participation of women.pdfNepal and political participation of women.pdf
74K   View   Download  

No comments: