မိမိကိုယ်ကို မြန်မာ စစ်တပ်မှ ဗိုလ်ဖြစ်ပါသည်ဟု ဖမ်းဆီးခံရစဉ်က ဘင်္ဂလာ
အာဏာပိုင်များကို ပြောဆိုသူ မြန်မာနိုင်ငံသား တစ်ဦးကို မြန်မာဘက်မှ
လက်ခံရန် ငြင်းဆိုထားကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက် အရ သိရသည်။
နစကနှင့် ဘင်္ဂလာ ဘီဂျီဘီ ယခုလို မကြာခဏ တွေ့ဆုံသော်လည်း နယ်စပ် ပြဿနာ အများအပြား ရှိနေဆဲ။ ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံသားမှာ သန်းမောင်လှ ( အသက် ၃၈ နှစ်) ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာစဉ် ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ခေါင်းတုံးဒေသတွင် မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၉ ရက်နေ့ထုတ် ဘင်္ဂလီ သတင်းစာများက ခေါင်းတုံး ဘင်္ဂလာနယ်ခြားစောင့် စခန်းမှ အရာရှိ မိုဇာမောလ်ဟက် ဦးဆောင်သည့် တပ်ဖွဲ့မှ မြန်မာမှ စစ်ဗိုလ်ကို ဖမ်းဆီးလိုက်ကြောင်း သတင်းများ ရေးသား ဖေါ်ပြခဲ့ကြသည်။
ဖမ်းဆီး၍ စစ်ဆေး မေးမြန်းရာတွင် သူက မိမိမှာ မောင်တောမြောက်ပိုင်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၅၈ မှ ဗိုလ်တစ်ဦး ဖြစ်ကြောင်း ပြောဆိုသည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေး သတင်းရပ်ကွက်အရ သိရသည်။
နယ်ကျွံဝင်လာသော မြန်မာမှ စစ်ဗိုလ်ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ဖမ်းဆီးမိသည်နှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သော်လည်း မြန်မာဘက်က အဆိုပါ ပုဂ္ဂိုလ်မှာ မြန်မာ စစ်တပ်မှ မဟုတ်ကြောင်း ပြောဆိုပြီး လက်ခံရန် ငြင်းဆိုနေသည်ဟု ဆိုသည်။
ယခုအခါ မြန်မာ စစ်ဗိုလ်ပါ ဆိုသူ သန်းမောင်လှအား ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ခေါ်ယူ စစ်ဆေးနေပြီး ဒက္ကားရှိ မြန်မာ သံရုံးသို့လည်း အကြောင်းကြားထားသည်ဟု ထောက်လှမ်းရေး သတင်း ရပ်ကွက်အရ သိရသည်။
မြန်မာ စစ်ဗိုလ်ဆိုသူအား ဘင်္ဂလာဒေခ်ျ့မှ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲ ပြုလုပ်ပြီး လွဲပြောင်းပေးလိုသော်လည်း မြန်မာဘက်က တပ်မှူးအဆင့် ဆွေးနွေးပွဲကို လောလောဆယ်တွင် ပြုလုပ်ရန် ဆန္ဒမရှိဘဲ ဖြစ်နေကြောင်း သိရသည်။
မြန်မာ အာဏာပိုင်များသည် ယခင်က သူတို့ဘက်မှ တပ်သားများ ဘင်္ဂာဘက်ကို ထွက်ပြေးတိုင်း ဘင်္ဂလာဒေခ်ျ့ဘက်ကို ဖမ်းဆီးပြန်ပို့ရန် ဆောင်းဆိုခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။
ယခုကဲ့သို့ မိမိကိုယ်ကို မြန်မာ အင်ဂျင်နီယာ တပ်မှ ဗိုလ်တစ်ဦး ဖြစ်ပါသည်ဟု ၀န်ခံထားသူ မြန်မာနိုင်ငံသားကို မြန်မာဘက်က ပြန်လည် လက်ခံရန် ငြင်းဆိုနေသဖြင့် အဆိုပါ ပုဂ္ဂိုလ် အရေးကို မည်သို့ ကိုင်တွယ် ဖြေရှင်း ရမည်ကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက အထူး အလေးပေး စဉ်းစားလျှက်ရှိနေကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment