29 September 2012
ဆရာကြီး ဒေါက်တာမောင်သိန်း၏ ၁၊စက်တင်ဘာ၊၂၀၁၂ ရက်နေ့၊ ကုန်သည်စက်မှု
အသင်းချုပ်ခန်းမ တွင် ဟောပြောခဲ့သည့် “အကြီးစားပြုပြင်ပြောင်းလဲရန်
လိုအပ်နေသော မြန်မာနိုင်ငံပညာရေးစနစ် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်
ပညာရည်မြှင့်တင်ရေး” အကြောင်း အပြည့်အစုံကို တင်ပြအပ်ပါသည်။
If you plan for one year, plant rice.
If you plan for ten years, plant trees.
If you plan for one hundred years, educate people.
A Chinese Sage
တစ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ ဆန်စပါးကိုစိုက်ပါ။
ဆယ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ အသီးပင်များကိုစိုက်ပါ။
နှစ်တစ်ရာအတွက် ကြိုတင်စီမံလျှင်၊ လူများကိုပညာသင်ပေးပါ။
တရုတ်ပညာရှိကြီးတစ်ဦး
- ခေတ်သစ်ကမ္ဘာ (ပညာခေတ်) တွင်ပညာရေးမှာ အလွန်အရေးကြီးသော ကဏ္ဍမှ
ပါဝင်လာပြီဖြစ်ရာ၊ သတ်မှတ်ပြီးသား အခြေခံလွတ်လပ်ခြင်း/ ကင်းဝေးခြင်း
လေးမျိုးအပြင် ပဉ္စမမြောက် အခြေခံ လွတ်လပ်ခြင်း ကိုပါ သတ်မှတ်သင့်ပြီဟု
ယူဆမိပါသည်။
- The Fifth Basic Freedom - Freedom from Ignorance
- ပဉ္စမမြောက် အခြေခံလွတ်လပ်ခြင်း - ပညာမရမှုမှ ကင်းဝေးခြင်း
- ၁၉၆၂ ခုနှစ်မှစ၍အနှစ် ၅၀ ကာလအတွင်း ချို့ယွင်း၊ လွဲမှားသော
ပညာရေး မူဝါဒများ၊ နည်းစနစ်များကျင့်သုံးခဲ့သဖြင့်
နိမ့်ကျလာရခြင်းဖြစ်သည်။
- အထူးသဖြင့် ယခုနောက်ပိုင်းအနှစ် ၂၀ အတွင်းသိသာစွာနိမ့်ကျလာသည်။
- နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာမူဝါဒများနှင့်
နည်းစနစ်အမှားများကြောင့် အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာသည်ဟု
ဆိုရမည် ဖြစ်သော်လည်း၊ ပညာရည် နိမ့်ကျမှုကလည်း အကြောင်းတစ်ရပ် ဖြစ်ခဲ့သည်။
- လွန်ခဲ့သည့်အနှစ် ၅၀ ကျော်ကမြန်မာ့ပညာရေးသည် အရှေ့တောင်အာရှတွင်
ထိပ်ပိုင်းတစ်နေရာ ရှိခဲ့သော်လည်း (သာဓကအချို့)၊ ယခုအချိန်တွင် စင်္ကာပူ၊
မလေးရှား၊ ထိုင်း တို့နောက်ရောက်နေပြီး၊ အောက်ပိုင်းတစ်နေရာတွင်
ရောက်နေပြီး (သာဓကအချို့)၊ မြန်မာ့ပညာရေးမှာ အောက်ကျ၊နောက်ကျ ဖြစ်နေရသည်။
- ထို့ကြောင့် ပညာရေးကို မဖြစ်မနေ မြှင့်တင်ရန်လိုအပ်နေပြီ။
- သက်ဆိုင်ရာ ပညာရေးဌာနများကလည်း မြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း စနစ်ဟောင်းက ခံယူချက်များ (mind set) ရှိနေသေး၍ အခက်အခဲရှိနေဆဲဖြစ်သည်။
- ပညာရေးမြှင့်တင်ရန်လိုအပ်နေခြင်းမှာ အဓိကအားဖြင့် အောက်ပါပုဂ္ဂိုလ်များကို မွေးထုတ်ပေးရန် ဖြစ်သည် -
(၁) တက်လာတော့မည့် စီးပွားရေးလုပ်ငန်းများအတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊
(၂) တတ်သိကျွမ်းကျင် စီမံခန့်ခွဲအုပ်ချုပ်တတ်သူများ (technocrats)
(၃) ပညာရှင်များ (intellectuals and scholars)
(၄) မျိုးဆက်သစ်ခေါင်းဆောင်များ
ထို့အပြင် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မြဲရန်ပါ ဦးတည်သည်။
A University should be a place of light, of liberty, and of learning.
Benjamin Disraeli
တက္ကသိုလ်တစ်ကျောင်းသည် အလင်းရောင်၊ လွတ်လပ်မှုနှင့်
အသိပညာတို့ကို ဖြန့်ဝေပေးရာနေရာတစ်ခု ဖြစ်သင့်ပေသည်။
ဘင်ဂျမင်ဒစ်ရေလီ
ပညာသမာ အာဘာနတ္ထိ (ပညာနှင့်တူသောအလင်းရောင်သည်မရှိ)
မန္တလေးတက္ကသိုလ်၏ဆောင်ပုဒ်
တင်ပြမည့်အကြောင်းအရာ
- ရေတို (၂၀၁၂-၂၀၁၅) အတွက်အခြေခံနှင့် အဆင့်မြင့်ပညာရေးတို့တွင် ပြုပြင် ပြောင်းလဲရန်အချက်များ၊
- ရေရှည် (၂၀၁၅-၂၀၂၀+) အတွက်အခြေခံနှင့် အဆင့်မြင့်ပညာရေးတို့တွင် ပြုပြင် ပြောင်းလဲရန်အချက်များ၊
ကမ္ဘာတစ်ဝန်း ရာစုနှစ် နှင့်ချီ၍အကျိုးရှိစွာသုံးခဲ့သောနည်းလမ်းများ
(tried and tested methods) နှင့် မြန်မာ့ရေမြေနှင့် လိုက်လျောသော
အချက်များကို အသုံးပြု တင်ပြပါမည်။
အခြေခံကြိုတင်လိုအပ်ချက်များ
(အထူးသဖြင့်ရေရှည်ပြုပြင်ပြောင်းလဲရေးအတွက်)
(၁) နိုင်ငံ့စီးပွားရေးသိသာစွာတိုးတက်လာရန်၊
- သမ္မတကြီးမျှော်မှန်းသည့် ၂၀၁၅ တွင်နိုင်ငံသားတစ်ဦးချင်းဝင်ငွေ သုံးဆတိုးလာလျှင်၊
- စီးပွားရေးအခြေခံအဆောက်အအုံနှင့် ပညာရေးအပေါ်ယံ အဆောက်အအုံတို့သည် ရေမြင့်ကြာတင့် သဘောဖြစ်သည်။
- စီးပွားရေးတိုးတက်လာသဖြင့် ထိုင်းနိုင်ငံမှပြုလုပ်ခဲ့သော အလတ်စားပညာရေး စီမံကိန်း ဥပမာနှစ်ခု -
(က) မူလတန်းကျောင်းများအတွက် သင်ပုန်းကွန်ပျူတာ (tablet computers) အလုံး (၈၆၀၀၀၀) ၀ယ်ယူခြင်း (The Voice, 1-4-12)
(ခ) အင်္ဂလိပ်စာသင်သော ဆရာ၊ ဆရာမဦးရေ ၁၀၀၀ ကိုကျောင်းပိတ်ရက်များ အတွင်း အင်္ဂလိပ်စကားပြော နိုင်ငံများသို့ လေ့လာရန်စေလွှတ်ခြင်း
(၂) ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊
- သမ္မတကြီး၏ရည်မှန်းချက်အရ ယခုလက်ရှိ ၂၆%ဦးရေမှ ၂၀၁၅ တွင် ၁၆%ဦးရေသို့ လျှော့ချနိုင်လျှင်၊
(မသင်မနေရ မူလတန်းပညာရေးကို ရေရှည်တွင်အကောင်အထည်ဖော်ရန် ဤအချက်မှာ အရေးပါသည်)
(၃) ပြည်တွင်းငြိမ်းချမ်းရေးရရန်၊
“ကျွန်တော်တို့လည်း သေနတ်အစား ကွန်ပျူတာကိုကိုင်ချင်ပါတယ်”
(တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်လေးတစ်ဦးမှ သမ္မတကြီးသို့ပြောကြားချက်)
(၄) နိုင်ငံ့အရေးနှင့်ယှဉ်၍လုပ်လို/လုပ်ရဲမှု (political will) ရှိရန်၊
(ဥပမာ-မဟာဌာနပေါင်းစုံပါတက္ကသိုလ်ကြီးများအဖြစ်
ပြန်လည်ထူထောင်၍မြို့ကြီးများ တွင်သာထားရန်၊ တက္ကသိုလ်များကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန်၊ ကျောင်းသူကျောင်းသား များကိုအဆောင်များ၌
ပြန်ထားရန်။)
(၅) အစိုးရ၊ ဆရာ၊ မိဘ၊ ကျောင်းသားများ၏ခံယူချက် (mind set) ပြောင်းရန်၊
အရည်အချင်းဦးစားပေးစနစ် (meritocracy) ကိုလက်ခံကျင့်သုံးရေး၊ ရည်ရွယ်ချက်၊
ရည်မှန်းချက်မရှိဘဲ ဘွဲ့တစ်ခုခုရလျှင် ပြီးရော သဘောမျိုးမထားရေး၊
ဝါသနာမပါဘဲ ဂုဏ်ပကာသနရှိ ဘွဲ့ကိုသာ ဦးစားမပေးရေး၊ သင်ကြားမှု/သင်ယူမှုကို
အလေးအနက် ပြန်ထားရေး၊ ဆရာဆရာမများက မကောင်းမှုတစ်မျိုးဖြစ်သော
သမ္မာအာဇီဝမဖြစ်သည့် ကျူရှင်မပေးရေး စသည်ဖြင့်)
စီးပွားရေးသိသာစွာတိုးတက်လာမှ-
(၁) ပညာရေးအသုံးစရိတ်ပိုရလာမည်။
(၂) အလုပ်အကိုင်အခွင့်အလမ်းများတိုးလာမည်။
(၃) ပြည်သူများပညာရေးအတွက်ပိုသုံးလာနိုင်မည်။
(၄) လူမှုရေးအလှူငွေ၊ ရန်ပုံငွေများပိုများလာမည်။
စီးပွားရေးတိုးတက်နှုန်း ၇-၈% ခန့်ဖြင့် ၅-၁၀ ဆက်တိုက်တိုးပါက နိုင်ငံစီးပွားရေး ကောင်းမည်။
နိုင်ငံရေး နောက်ပြန်ဆုတ်နိုင်မှု၊ မမျှော်မှန်းနိုင်သော
သဘာဝဘေးအန္တရာယ်ဆိုးများ ကျရောက်နိုင်မှု စသည်တို့ကြောင့် နိုင်ငံစီးပွားရေး
ဆုတ်ယုတ်သွားနိုင်သည်။
ရေတိုပြုပြင်ပြောင်းလဲရန်အချက်များ (၂၀၁၂-၂၀၁၅)
အခြေခံပညာရေး
(၁) ပညာရေးအသုံးစရိတ်မှာ နည်းနေဆဲဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်၏ ၅%ခန့်သာရှိနေသေး သဖြင့် ၁၀%ခန့်အထိတိုးမြှင့်ပေးရန်၊
(၂) သင်ကြားရေးစနစ်ပြောင်းလဲရန်၊
(ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ) စနစ်ကို ပယ်ဖျက်၍ ရှေ့ပြေးစမ်းသပ်ခဲ့သော
သင့်တော်သည့် ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားရေး (child-centered approach –
CCA) နည်းစနစ်ကိုတိုးချဲ့ကျင့်သုံးရန်၊
(၃) အတန်း(၁) မှ (၁၀)ထိလက်ရှိအအောင်ပေးစနစ်ကိုပြုပြင်ရန်၊
(စဉ်ဆက်အကဲဖြတ်အမှတ်ပေးစနစ်အစား တစ်နှစ်(၂)ကြိမ်စာမေးပွဲများစစ်မေးရန်)
(၄) ဆရာ၊ ဆရာမများ အရည်အသွေးကိုမြှင့်တင်ပေးရန်၊
ထိရောက်ကောင်းမွန်မည့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများ (၂-၃လ ကာလ)
ပေးရန်၊ အလေးအနက် ထားရေးအတွက် အဆင့်မြင့်အောင်သူများကို ဆုကြေးများပေးရန်
နှင့် ရာထူးတိုးရာတွင်ဦးစားပေးရန်၊
(၅) ကျူရှင်ရောဂါဆိုးကိုပပျောက်အောင် စတင်လုပ်ဆောင်ပေးရန်၊
စေတနာဆရာနည်းလာ၍၊ အသပြာဆရာများလာသည့် ပြဿနာ (မိဘဆရာအသင်းမှထိန်းကြောင်းမှု၊ ဓမ္မစက်၊ အာဏာစက်)
(၆) တက္ကသိုလ်ဝင်တန်းတွင် အောင်မှတ်များအဖြစ် အင်္ဂလိပ်စာတွင် အမှတ် (၄၀)၊ အခြားဘာသာရပ်များတွင် အမှတ် (၅၀) သတ်မှတ်ရန်၊
(နိုင်ငံတကာကျင့်သုံးမှုနှင့် နှိုင်းစာလျှင် ယခုသတ်မှတ်ထားသော အောင်မှတ်
၄၀ မှာနိမ့်လွန်းနေပါသည်။ ဖွံ့ဖြိုးသောနိုင်ငံများတွင် အလယ်အလတ်
တက္ကသိုလ်များသို့ ၀င်ရန်ပင် အမှတ် ၇၀ ခန့် လိုပါသည်)
ရေတိုပြုပြင်ပြောင်းလဲရန်အချက်များ (၂၀၁၂-၂၀၁၅)
အဆင့်မြင့်ပညာရေး
ဆေးတက္ကသိုလ်များ၊ ရေကြောင်းသိပံ္ပတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်အချို့၊
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်များနှင့်
အမျိုးသားစီမံခန့်ခွဲရေးကောလိပ် စသည်တို့သာ သင့်တော်သည့်အဆင့် ရှိကြပါသည်။
အခြားတက္ကသိုလ်များ၊ကောလိပ်များတို့သည်အဆင့်နိမ့်ကျနေကြပါသည်အခြားတို့သည်အဆင့်နိမ့်ကျနေကြပါသည်။
ဘွဲ့လက်မှတ်ကိုရိုက်ထုတ်သောစက်ရုံကြီးများ (degree mills)
အဆင့်သို့ရောက်နေပါသည်။ တနည်းအားဖြင့်သာမာန်အဆင့်ပညာသင်ဌာနများ (centres of
mediocrity) ဖြစ်နေသည်မှာ အနှစ်၂၀ခန့်ရှိနေပါပြီ။ ဤအချက်ကို မဖြစ်မနေ
ပြုပြင်ပြောင်းလဲရန် အမှန်ပင်လိုအပ် နေပါသည်။ ပညာရေးအဟောသိကံ ဖြစ်နေသည်
သာမက နိုင်ငံ၏ဂုဏ်သိက္ခာပါ ကျဆင်းစေပါသည်။
(၁) ၂၀% ပေးသည့်စနစ်ကိုပယ်ဖျက်ရန်၊
(ကျောင်းသားများပြီး၊ ဆရာနည်းကာ ဓါတ်ခွဲခန်းပစ္စည်းကိရိယာများ
အလွန်နည်းပါးနေပြီး၊ လက်တွေ့များနှင့် ကျူတိုရီယယ်များ
ကောင်းစွာမလုပ်နိုင်ဘဲ အဖြစ်သာကူးရေးတင်မှုမျိုး အတွက် အမှတ်များမပေးသင့်ပါ။
လက်တွေ့တန်းစာမေးပွဲစနစ်ကို ပြန်လည်အကောင် အထည်ဖော်သင့်ပါသည်။)
(၂) သင်ကြားရေးစနစ်ကိုပြောင်းလဲရန်၊
(ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ) စနစ်ကိုပယ်ဖျက်၍ အ.ဆ.ညမှ
အဆိုပြုတင်ပြထားသော အယူအဆဦးစားပေး သင်ကြားရေး (conceptual teaching)
ကိုစတင်ကျင့်သုံးရန်၊
၂၀%အမှတ်ကို အစားထိုးမည့် လေ့လာလုပ်ဆောင်တင်ပြချက်များ (assignments) စသည်တို့ ပါဝင် လာပါမည်။
(၃) လျှော့လွန်းသော၊ မော်ဒရေးရှင်းအပေးများသော အအောင်ပေးသည့်မူကိုပြင်ရန်၊
(၄) နောက်ဆက်တွဲစာမေးပွဲစနစ်ကို ပယ်ဖျက်ရန်၊
(၅) ဆရာ၊ ဆရာမများ အရည်အသွေးကိုမြှင့်တင်ပေးရန်၊
- ထိရောက်ကောင်းမွန်မည့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများ (၂-၃လ ကာလ)ပေးရန်
- အရည်အချင်းရှိသော ဆရာ၊ ဆရာမ (၅၀)ခန့်ကို နှစ်စဉ်ပညာသင်အဖြစ် စေလွှတ်ရန်၊
- နိုင်ငံတကာ ကွန်ဖရင့်များတွင် အဆင့်မီစာတမ်းများ ဖတ်ကြားနိုင်ရန်၊ တတ်နိုင်သလောက် စေလွှတ်ပေးရန်၊
(၆) ကျူရှင်ရောဂါဆိုးနှင့် အဂတိလိုက်စားမှုများကို ပပျောက်အောင် စတင်လုပ်ဆောင်ပေးရန်၊ (ဓမ္မစက်၊ အာဏာစက်)
(၇) စာမေးပွဲများတွင် မသမာမှုများ ပပျောက်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊
(၈) မဟာတန်းနှင့် ပါရဂူတန်းများကို အဆင့်မြှင့်ပေးရန်၊ မဟာသုတေသနတန်း (M.Res)မှာ မလိုအပ်တော့သဖြင့် ဖြုတ်ပစ်ရန်၊
အကြမ်းဖျင်းအကဲဖြတ်ရသော် ယခုအထိပေးနေသော ပါရဂူဘွဲ့များ၏ ၂၅%ခန့်သာ
အာရှအဆင့် မီပါသည်။ University of Malaya, Chulalonkorn University,
Thamasat University အဆင့်လောက်ကို ဆိုလိုပါသည်။ ထိုအထဲမှ
အာရှတွင်ထိပ်တန်းဖြစ်သော တိုကျို၊ ပီကင်း၊ NUS, NTU တက္ကသိုလ်
အဆင့်မျိုးရှိသည်မှာ ၁၀%ထက် ပိုမည်မဟုတ်ဟု ခန့်မှန်းပါသည်။ တစ်ချိန်က
ပါရဂူဘွဲ့ကို များများနှင့် မြန်မြန်ထုတ်ခဲ့ပြီး ဖြစ်သလို ပေးသည့်အဆင့်
(ဥပမာ-ဘာသာရပ်တစ်ခုတွင် တစ်နေ့တည်းဖြင့် ပါရဂူကျမ်း (၄၀)ကျော်ကို
ပြင်ပစာစစ်တစ်ဦးတည်းဖြင့် စစ်တာမျိုး) ရှိခဲ့ဖူးပါသည်။ ဤသို့ဖြင့်
“တွေ့သမျှလူပါရဂူ”ဟူ၍ စာချိုးခံအဆင့်သို့ ရောက်သွားပါသည်။ ယခုအခါတွင်မူ
ဘာသာရပ်အချို့တွင် ပြန်လည်ထိန်းသိမ်းနေပြီး၊ မြှင့်တင်နေပါသည်။
ဘာသာရပ်အားလုံးက ထိန်းသိမ်းမြှင့်တင်ရန် လိုပါသည်။ အလေးနက်ထား လုပ်ဆောင်ရန်
လိုအပ်ပါမည်။
(၉) တက္ကသိုလ်များနှင့် ကောလိပ်များရှိဌာနတိုင်းတွင် internet ရရှိရေး၊
အသုံးပြုရေးကို ဦးစားပေး လုပ်ဆောင်ရန်။ ဤအတွက်လိုအပ်ပါက
လျှပ်စစ်မီးစက်များကိုပါထားပေးရန်။
(အနည်းဆုံးဆရာ၊ ဆရာမများနှင့် ဘွဲ့လွန်ကျောင်းသားများကိုအသုံးပြုစေရန်)
(၁၀) ကျောင်းတက်ရသည့် အခက်အခဲများအပြင် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ
ပျောက်နေပြီး၊ အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ကြိုးစားအားထုတ်မှု
နည်းနေသော ကျောင်းသူ၊ကျောင်းသားများကို ဆရာများနှင့်မိဘများက စည်းရုံး၊
အားပေး၊ ဂရုစိုက်ပေးရန်၊
(၁၁) တက္ကသိုလ်ဝင်တန်းအောင်မြင်သူအားလုံး၏ ၇၅%ခန့်တက်သော အဝေးသင်တက္ကသိုလ်
များ၏ အခြေအနေမှာ အဆိုးဆုံး၊ အနိမ့်ဆုံးဖြစ်သဖြင့် မဖြစ်မနေထိရောက်စွာ
ပြုပြင်ပြောင်းလဲပေးရန်၊
လှထိပ် (ပညာရေး) ရေးသော ပညာရေးဝေးသလား ဆောင်းပါး (၂၈-၆-၂၀၁၂ ၊ 7 Day
News ဂျာနယ်)၊ ရှယ်လီနန်းဟွမ်လိတ် ရေးသားသော
အင်း…အဝေးသင်တက္ကသိုလ်လားဆောင်းပါး (၁၂-၇-၂၀၁၂၊ 7 Day News ဂျာနယ်)၊ စသော
ဆောင်းပါးများကိုဖတ်ကြည့် လျှင်ပေါ်လွင်နေပါသည်။ ပွဲစားများမှတဆင့်
assignments တင်ခြင်း၊ စစ်ခြင်း၊ အနီးကပ် ပို့ချသင်တန်းတွင် ငွေပေး၍
ဖြစ်နိုင်ခြေ မေးခွန်းများရခြင်း၊ မဖြေနိုင်လျှင် ငွေပေးခြင်း စသည့်
အချက်မျိုးများ စုံလင်စွာပါဝင်ပါသည်။ ဒေါ်ရှယ်လီနန်းဟွမ်လိတ်
ထောက်ပြသလိုအဆင့် မမီဘဲအစုလိုက်အပြုံလိုက် အဝေးသင်မှဘွဲ့ရသွားသူများသည်
ပညာရေးအတွက် အန္တရာယ် စပေးနေပြီဖြစ်ပါသည်။ မူလတန်းဆရာများ၊
အလယ်တန်းဆရာများအဖြစ် ၀င်ရောက် လုပ်ကိုင်နေ၍ဖြစ်ပါသည်။
(၁၂) ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များကို အထူးကောင်းမွန်သော
သင်ကြားရေးနေရာများ (centres of excellence) အဖြစ်ပြုလုပ်ရန် အစီအစဉ်ကို
အမြန် အကောင်အထည် ဖော်ပေးရန်၊ ၀ိဇ္ဇာနှင့်သိပံ္ပတက္ကသိုလ်များသို့ ၀င်လာသည့်
ကျောင်းသားများအနက်မှ ပညာချွန်သောသူ တစ်ချို့သာ ဂုဏ်ထူးတန်းဝင်ပါသည်။
တစ်ပြည်လုံးမှ ဂုဏ်ထူးတန်းဝင်သူများကို အထူးအစီအစဉ်ဖြင့် စုစည်း၍
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် ပစ္စည်းကိရိယာစုံလင်စွာဖြင့်
ဆရာကောင်းများပါ စုစည်း၍ လေ့ကျင့်သင်ကြားပေးခြင်း အားဖြင့် ၀ိဇ္ဇာ၊ သိပံ္ပ
ကျောင်းသားများထဲမှလည်း ထူးချွန်ထက်မြက်သူများ ပေါ်လာမည်ဖြစ်ပါသည်။
ရေရှည်ပြုပြင်ပြောင်းလဲရန်အချက်များ (၂၀၁၅-၂၀၂၀+)
အခြေခံပညာရေး
(၁) အတန်းတစ်တန်းတိုး၍ အတန်း(၁၂)ကို တက္ကသိုလ်ဝင်တန်းအဖြစ်သတ်မှတ်ရန်။
(ထိုအခါ မူလတန်း – အတန်း (၁) မှ (၅)၊ အလယ်တန်း – အတန်း (၆) မှ (၉)၊ အထက်တန်း – အတန်း (၁၀) မှ (၁၂) ဖြစ်သွားပါမည်။)
(၂) ကလေးဗဟိုပြုချဉ်းကပ်သင်ကြားရေး (ဃဃဗ) ကိုတစ်ပြည်လုံးအတိုင်းအတာဖြင့် တိုးချဲ့သင်ကြားပေးရန်။
(၃) အတန်း (၁) မှ (၁၁) ထိအတွက် ဘာသာရပ်တိုင်းတွင် အောင်မှတ် (၅၀) ဟုသတ်မှတ်ရန်။
(၄) မူလတန်းတွင် ယခုသင်နေသောဘာသာရပ်များ၊ ယခုစတင်မည့် တိုင်းရင်းသားဘာသာ
စကားအတန်းများ အပြင်၊ ပြည်သူ့နီတိ၊ အခြေခံကျန်းမာရေးအသိအမြင်
တို့ကိုပါသင်ကြားပေးရန်။
(၅) မူလတန်းတွင် အင်္ဂလိပ်စာကို အတန်း (၃) မှစတင်သင်ပေးရန်။
(၆) အလယ်တန်းတွင် ယခုသင်နေသောဘာသာရပ်များကိုသာ ဆက်သင်ပေးရန်။
(၇) အလယ်တန်းအဆင့်အောင်ပြီးသူများအနက်မှ ဆန္ဒရှိသူများအား
အသက်မွေးဝမ်းကြောင်းသင်ကျောင်းများ (vocational schools)
သို့တက်ခွင့်ပြုရန်။
(၈) အထက်တန်းတွင် ယခုလက်ရှိမူအတိုင်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတို့ကို
မယူမနေရ ပြဌာန်းပြီး၊ ၀ိဇ္ဇာတွဲနှင့် သိပံ္ပတွဲလမ်းနှစ်သွယ်သာခွဲရန်။
(၉) အခြေခံကွန်ပျူတာသိပံ္ပကို အတန်း(၁၁) နှင့် (၁၂) တို့၏
သင်္ချာဘာသာရပ်တွင် အပိုင်း တစ်ပိုင်းအဖြစ် ထည့်သင်ပေးရန်။ ဤသို့ဖြင့်
ဤနှစ်တန်းတွင် ကွန်ပျူတာကို စာတွေ့ လက်တွေ့ယှဉ်၍ အသုံးပြုစေရန်။
(ဤသို့အသုံးပြုနိုင်ရန်အတွက် လျှပ်စစ်မီးစက်များကိုပါထားပေးရန်။)
(၁၀) အထက်တန်းတွင် သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒနှင့် ဇီဝဗေဒတို့ကို
အင်္ဂလိပ်ဘာသာဖြင့် သင်ရန် သတ်မှတ် ထားပါသည်။ ထိုဘာသာရပ်များအတွက်
အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော ပြဌာန်းစာအုပ်များကို သင်ကြားရာတွင်မူ
မြန်မာဘာသာဖြင့်သာ ရှင်းလင်းသင်ကြားပေးလေ့ ရှိကြပါသည်။
ဘာသာရပ်ကိုနားလည်ရေးအတွက် လက်ခံနိုင်သော သင်ကြားနည်း ဖြစ်ပါသည်။ သို့ရာတွင်
အထက်တန်းအဆင့်စာမေးပွဲများ၌ အဆိုပါ ဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့်
ဖြေဆိုစေရာ အလွတ်ကျက်မှတ်ဖြေဆိုသည့် အဆင့်သို့ ရောက်သွားပြီး၊
နားလည်သဘောပေါက်မှုလည်း နည်းသွားပါသည်။ ထို့ကြောင့် ဝေါဟာရများ၊ သင်္ကေတများ၊
ညီမျှကိန်းများစသည်တို့မှအပ ရှင်းလင်းရေးသားချက်များကို မြန်မာဘာသာဖြင့်
ဖြေဆိုခွင့်ပြုရန်။
(နားလည်သဘောပေါက်ရန် မကြိုးစားတော့ဘဲ အင်္ဂလိပ်ဘာသာဖြင့်
ရေးသားချက်များကို တ၀ူးဝူးနှင့် အဖြတ်အတောက်မှားစွာ အလွတ်ကျက်မှတ်ခြင်း၏
ဆိုးကျိုးတစ်ရပ်မှာအင်္ဂလိပ်လို အပြော၊ အဖတ်နှင့် အကြားတို့တွင်
ချို့ယွင်းသွားပါသည်။)
(၁၁) တက္ကသိုလ်ဝင်တန်း (အတန်း-၁၂)တွင် ဘာသာရပ်တိုင်း၌ အောင်မှတ်ကို
(၆၀)ဟု သတ်မှတ်ရန်။ ထိုအမှတ် မရပါက နှစ်ကြိမ်အထိပြန်တက်ခွင့်ပြုရန်။
(၁၂) တက္ကသိုလ်ဝင်တန်းတွင် အမှတ် (၅၀) မှ (၅၉) ထိရသူများအနက်မှ
ဆန္ဒရှိသူများအား နည်းပညာစုံကောလိပ်များ (Technical Colleges/ Polytechs)
သို့တက်ရောက်ခွင့် ပြုရန်။ (ထိုထက်အမှတ်များသူများလည်း
တက်ရောက်ခွင့်ရှိပါမည်။)
- အဆိုပါကောလိပ်များသည် နိုင်ငံအတွက်အထူးလိုအပ်နေသော အလယ်အလတ်အဆင့်
တတ်သိသူများ မွေးထုတ်ပေးမည့် နေရာများဖြစ်သဖြင့်မြို့ကြီးအများတွင်
ဖွင့်ပေးရန် လိုအပ်ပါမည်။
- ထိုကောလိပ်များတွင် အင်ဂျင်နီယာဘာသာရပ်များသာမက စာရင်းကိုင်ပညာ၊
ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း ပညာ၊ ကွန်ပျူတာသိပံ္ပ၊ စိုက်ပျိုးရေးပညာ
စသည်တို့ပါ သင်ပေး ရမည်ဖြစ်ပါသည်။
(၁၃) ကျောင်းအားကစားနှင့်ကာယပညာတို့ကို ယခုထက်ပို၍အားပေးရန်။ ဤအတွက်လိုအပ်ပါက ကျောင်း သင်ခန်းစာ အချို့ကိုလျှော့ရန်။
(၁၄) အထက်တန်းအဆင့် (အတန်း-၁၁) အတွက် တိုင်းဒေသကြီး/ပြည်နယ်စစ်လုပ်ပေးရန်။
(၁၅) တက္ကသိုလ်ဝင်တန်း (အတန်း-၁၂) အတွက်ဗဟိုစစ်လုပ်ပေးရန်။
(၁၆) ဆင်းရဲချမ်းသာကွာဟမှုကြောင့် ပညာရေးတွင်မညီမျှမှုများတိုးလာလေရာ၊
မဖွံ့ဖြိုးသော ဒေသများရှိ အလယ်တန်းအဆင့် အောင်မြင်သူများအနက်မှ
ဆင်းရဲပြီးပညာတော်သူများကို မြို့ကြီးများရှိ ကျောင်းကောင်းများတွင်
အထက်တန်းအဆင့်ဆက်သင်နိုင်ရန်အတွက် ပညာသင်ဆုများချီးမြှင့်ရန်။
(ပညာရေးဖောင်ဒေးရှင်းများကလည်း ၀င်ရောက်ကူညီနိုင်ကြပါသည်။)
(၁၇) အင်္ဂလိပ်စာကို အတန်း(၁)မှ အတန်း(၁၁)အထိ သင်ခဲ့သော်လည်း
တက္ကသိုလ်ဝင်တန်း အောင်ပြီးနောက် အင်္ဂလိပ်စာအဆင့်
နိမ့်ကျနေဆဲဖြစ်ကြောင်းတွေ့ရပါသည်။ သင်ကြား နည်းစနစ်မှားယွင်းမှုများ၊
အလွတ်ကျက်မှုများ၊ နားမလည်သဘောမပေါက်ဘဲ အမှတ်ရအလယ်တန်းအဆင့် (အတန်း-၉)
အတွက်ခရိုင်စစ်လုပ်ပေးရန်။
(၁၈) အောင် သာဖြေနည်း စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍
ထိရောက်ကောင်းမွန်မည့် အင်္ဂလိပ်ဘာသာ သင်ကြားနည်းစနစ်များကို လေ့လာဖော်ထုတ်
ပေးရန်လိုအပ်ပါမည်။
(၁၉) အခြေခံပညာရေးတွင်ဆရာမဦးရေက ဆရာဦးရေထက်အဆမတန်ပိုများနေသဖြင့်
အားကစား၊ စည်းကမ်း ထိန်းသိမ်းရေး၊ လုံခြုံရေးကိစ္စများတွင်
အခက်အခဲများရှိနေသည်။ ထို့အပြင်စာသင်ခန်းများတွင် ယောက်ျားဆရာတို့၏
အာဘော်များကိုလည်း မကြားရတော့ သလောက်ဖြစ်သွားသည်။
ထို့ကြောင့်နောက်နောင်တွင်ဆရာများကိုပိုခန့်ထားရန်လိုအပ်ပါမည်။
ရေရှည်ပြုပြင်ပြောင်းလဲရန်အချက်များ (၂၀၁၅-၂၀၂၀+)
အဆင့်မြင့်ပညာရေး
(၁) မြန်မာနိုင်ငံရှိအမျိုးမျိုးသော ၀န်ကြီးဌာနလက်အောက်ရှိ
တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးကို ပညာရေးဝန်ကြီးဌာန အောက်တွင်သာ
တစ်ပေါင်းတစ်စည်းတည်း ထားရန်။
(၂) ပထမအဆင့်အနေဖြင့် အနည်းဆုံးမြို့ကြီး(၅)မြို့တွင် မဟာဌာနပေါင်းစုံပါ
အင်္ဂါရပ်စုံ၊ စွယ်စုံ တက္ကသိုလ်ကြီးများ (Full-fledged University) (၆)
ကျောင်းကို Centres of excellence ဖြစ်လာရေးကို ဦးတည်၍ တည်ထောင်ပေးရန်၊
(၁၉၆၄ ခုနှစ်မတိုင်မီက ရှိခဲ့သော ရန်ကုန်တက္ကသိုလ်ပုံစံမျိုး ဖြစ်ပါမည်)
- ရန်ကုန်၊ ဒဂုံ၊ မန္တလေး၊ မော်လမြိုင်၊ မကွေး၊ တောင်ကြီးတို့တွင်တည်ထောင်ရန်။
- ပါဝင်မည့် မဟာဌာနများမှာ ၀ိဇ္ဇာ၊ လူမှုရေးသိပံ္ပ၊ ဥပဒေ၊ သိပံ္ပ၊
အင်ဂျင်နီယာ၊ ဆေး၊ ကွန်ပျူတာသိပံ္ပ၊ ပညာရေး၊ စီမံခန့်ခွဲရေးသိပံ္ပ
(management science/ Business School) ၊ စိုက်ပျိုးရေး (မန္တလေးတက္ကသိုလ်
အတွက်သာ)၊ သစ်တောနှင့် တိရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး
(ရန်ကုန်တက္ကသိုလ် အတွက်သာ)
- ယခုအခါသီးခြားရှိနေသော နည်းပညာတက္ကသိုလ်များနှင့်
ကွန်ပျူတာတက္ကသိုလ်များ ထဲမှ(၆)ကျောင်းစီ၊ စီးပွားရေးတက္ကသိုလ်များ၊
ပညာရေးတက္ကသိုလ်များ၊ ဆေးတက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊
သစ်တောတက္ကသိုလ်နှင့် တိရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်တို့သည်
အသစ်တည်ထောင်မည့် မဟာဌာနပေါင်းစုံ တက္ကသိုလ်ကြီးများတွင် မဟာဌာနများအနေဖြင့်
ပါဝင်သွားမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ပါမောက္ခချုပ်များသည် မဟာဌာနမှူးများ
(deans) ဖြစ်သွားပါမည်။
- ဤတက္ကသိုလ်ကြီးများအတွက် ဆရာကောင်းများကို စုစည်းပေးရပါမည်။ လိုအပ်ပါက
နိုင်ငံခြားမှ သင့်တော်သော ဆရာများကို ငှားရမ်းပေးရန်လိုပါမည်။
- ဤတက္ကသိုလ်ကြီးများအနေဖြင့် ၂၀၂၀ ခန့်တွင် University of Malaya,
Chulalonkorn University, Thammasat University အဆင့်မျိုး ရောက်ရန်
ကြိုးပမ်း အားထုတ် ကြရပါမည်။
(၃) ကျန်တက္ကသိုလ်၊ ကောလိပ်များအနက်မှ ဝေးလံ၍ကျောင်းသားဦးရေနည်းသော တက္ကသိုလ်၊ ကောလိပ်များကို ပိတ်ပစ်ရန်။
(၄) ကျန်နေသော တက္ကသိုလ်၊ ကောလိပ်များကို ၀ိဇ္ဇာနှင့်သိပံ္ပမဟာဌာနများ ပါသော တက္ကသိုလ်များ၊ ကောလိပ်များအဖြစ် ဆက်ထားရန်။
(၅) တက္ကသိုလ်ကြီး (၆)ကျောင်းရှိ အင်ဂျင်နီယာနှင့်
ကွန်ပျူတာမဟာဌာနများသည် လိုအပ်သည့် အင်ဂျင်နီယာများနှင့် ကွန်ပျူတာပညာရှင်
များကို ထုတ်ပေးနိုင်မည် ဖြစ်သဖြင့် ကျန်နေသော နည်းပညာတက္ကသိုလ်များနှင့်
ကွန်ပျူတာတက္ကသိုလ်များကို ဖျက်သိမ်း၍ ယင်းနေရာများတွင် ပို၍လိုအပ်လာမည့်
နည်းပညာစုံကောလိပ်များကိုဖွင့်ပေးရန်။
(၆) ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊
မြစ်ကြီးနားတက္ကသိုလ်တို့တွင် တိုင်းရင်းသား ဘာသာနှင့် စာပေများကို
သီးခြားဘာသာရပ်များအဖြစ် သင်ကြားပေးပြီး၊ သုတေသနများပါ စတင်ပြုလုပ်ရန်။
(၇) တက္ကသိုလ်များအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်။
- အဓိကအားဖြင့်တက္ကသိုလ်ကောင်စီ Board of Trustees က
ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် တာဝန်ယူ၍ ပါမောက္ခချုပ် (သို့မဟုတ်)
အဓိပတိနှင့် မဟာဌာနမှူးများက စီမံအုပ်ချုပ်ရေးကို တာဝန်ယူရမည် ဖြစ်ပါသည်။
- တက္ကသိုလ်ကောင်စီတွင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ကိုယ်စားလှယ်များ၊ စီမံအုပ်ချုပ်ရေးပိုင်းမှ ကိုယ်စားလှယ်များ၊
ပညာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များ၊
ပြင်ပပညာရှင်များ စသည်တို့ပါဝင်ပါမည်။
(၈) တက္ကသိုလ်ကျောင်းသူကျောင်းသားများကို အဆောင်များတွင်ပြန်ထားပေးရန်။
ကမ္ဘာ့တက္ကသိုလ်များတွင် အစဉ်အလာအားဖြင့် အနည်းဆုံးဘွဲ့ကြိုတန်းများအတွက်
အဆောင်များတွင် နေကြရပါသည်။ ကျောင်းသွားကျောင်းပြန်အချိန်မကုန်ခြင်း၊
ကောင်းမွန် ကျန်းမာစွာနေနိုင်ခြင်း၊ စာကြည့်တိုက်၊ ဓါတ်ခွဲခန်းများတွင်
အချိန်ကြာကြာ လေ့လာနိုင်ခြင်း၊ ပျော်စရာတက္ကသိုလ်ဘ၀ ရခြင်း၊ အချင်းချင်း
ခင်မင်ရင်းနှီးသွားခြင်း၊ အသိအမြင်ဖလှယ်နိုင် ခြင်း၊
စုပေါင်းဆောင်ရွက်တတ်ခြင်း စသော အကျိုးကျေးဇူးများ ရနိုင်သဖြင့်
ဤသို့ထားကြခြင်း ဖြစ်ပါသည်။
(၉) ဘွဲ့ကြိုအတန်းများတွင် ဘာသာရပ်တိုင်း၌ အောင်မှတ်
(၆၀)သတ်မှတ်ရန်နှင့် ဘွဲ့လွန်အတန်း များအတွက် ယခုလက်ရှိအတိုင်း
အောင်မှတ်ကို (၆၅)ဆက်ထားရန်။
(၁၀) ကျောင်းလခများကိုထိုက်သင့်သလောက်ယူရန်။
တစ်လလျှင်ကျောင်းလခ နှစ်သောင်းခန့်ယူသင့်ပါသည်။
နိုင်ငံခြားနှင့်ဖက်စပ်ဖွင့်ထားသော ပုဂ္ဂလိက ကောလိပ်အချို့ပင် ကျောင်းလခတစ်လ
သိန်းချီ၍ ယူနေပါသည်။
(၁၁) ပညာသင်ထောက်ပံ့စရိတ် (stipend) နှင့်ပညာချွန်ဆု (schlorships) များကိုတတ်နိုင် သလောက် အရေအတွက် များများပေးရန်။
(၁၂) သင်ကြားရေး၊ သင်ယူရေး (အထူးသဖြင့် ဘွဲ့လွန်သင်ကြားရေး)တွင် ကွန်ပျူတာအခြေခံ သင်ကြားမှု၊ သင်ယူမှုများ ပြုလုပ်စေရန်။
(၁၃)သင်ကြားရေး ထိရောက် ကောင်းမွန်စေရန်တွက် သရုပ်ပြနှင့်
လ/ထကထိကများကို အရေ အတွက်လျှော့၍ အရည်အချင်းရှိသူများကို ကထိကများအဖြစ်
အရေအတွက်တိုး၍ ခန့်ထားရန်။
(၁၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်ရှိသဖြင့်-
(က) ကျောင်းဝင်ခွင့်ကို ကိုယ်ပိုင်စနစ်ဖြင့်ဆုံးဖြတ်ရန်
(ခ) ဆရာများ၊ အမှုထမ်းများကို ကိုယ်တိုင်စီစစ်ခန့်ထားရန် ဤသို့ဖြင့် မကြာခဏ ပြောင်းရွှေ့ ရသည့်ဒုက္ခကင်းသွားပါမည်။
(ဂ) အစမ်းခန့်ပြီးထိုက်တန်မှ အမြဲခန့်စနစ် (tenure system) ကျင့်သုံးရန်
(ဃ) အသုံးချသုတေသနလုပ်ငန်းများ၊ ၀န်ဆောင်မှုများစသည်တို့ဖြင့်ဝင်ငွေရှာရန်
(င) ကျောင်းသားသမဂ္ဂများကိုဖွဲ့စည်းခွင့်ပြုရန်
(၁၅) ပညာရည်မြင့်သော နိုင်ငံများသို့ ဘွဲ့လွန်ဘွဲ့များအတွက်
အရည်အချင်းရှိသော ဆရာ၊ ဆရာမ များကို နှစ်စဉ် ဦးရေ ရာဂဏန်းနှင့်
ချီ၍စေလွှတ်ပေးရန်။
(၁၆) မြန်မာနိုင်ငံမှတက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်
နိုင်ငံခြားမှလာဖွင့်မည့် အလယ် အလတ်အဆင့်ရှိ တက္ကသိုလ်ကောလိပ်ခွဲများ၏
အဆင့်ထက်မနိမ့်ရန် ကြိုးပမ်းအားထုတ် လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။
(၁၇) အဝေးသင်တက္ကသိုလ်ပြဿနာသည် ကြီးမားသဖြင့် အထူးကိစ္စတစ်ရပ်အဖြစ်
လေ့လာစီစစ် ဆောင်ရွက်ပေးရန်။ ကမ္ဘာပေါ်ရှိအဆင့်မီအဝေးသင်တက္ကသိုလ်များသည်
အင်တာနက်အခြေခံ (internet-based) ၍လုပ်ကြသည်။ လေ့လာခြင်း၊ assignment
တင်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ စာစစ်ခြင်းတို့ကို internet မှတဆင့်
အထူးကြပ်မတ် လုပ်ဆောင်ကြသည်ဟု လေ့လာသိရ ပါသည်။ (ယခုအခါမြန်မာနိုင်ငံတွင်
တစ်ဦးချင်း အင်တာနက်ကို ၃ သိန်းခန့်ဖြင့် ချိတ်ဆက်နိုင်ပြီ ဖြစ်သည်။)
(၁၈) မြန်မာနိုင်ငံရှိတက္ကသိုလ်၊ ကောလိပ်များအားလုံး၏
ကုန်ကျစရိတ်အများစုကို အဓိကအားဖြင့် နိုင်ငံတော်အစိုးရက တာဝန်ယူရမည်ဖြစ်ရာ
ပညာရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းထားမည့် Universities Grants Commission
(တက္ကသိုလ်များ ထောက်ပံ့ရေးရန်ပုံငွေကော်မရှင်) သည် အလွန်အရေးပါ ပါမည်။
ဤကော်မရှင်က တက္ကသိုလ်တစ်ခုချင်းစီ၏ တိုးတက်မှု၊ ကောင်းမွန်မှု၊ မတိုးတက်မှု၊
ချို့ယွင်းမှုစသည်တို့ကို သေချာစွာ စီစစ်အကဲဖြတ်၍ ရန်ပုံငွေ အနည်းအများကို
ခွဲဝေသတ်မှတ်ပေးမည် ဖြစ်ပါသည်။ ဤသို့ဖြင့် တက္ကသိုလ်များ အချင်းချင်း
ကောင်းသော ယှဉ်ပြိုင်မှုများလည်း ဖြစ်ပေါ်လာပါမည်။
(၁၉) စီးပွားရေး ဆက်လက်တိုးတက်လာပါက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင်
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားတက္ကသိုလ်ကြီး
ဖြစ်လာရေးအတွက် အလေးထားလုပ်ဆောင် ကြရန်။
နိဂုံး
တင်ပြချက်များအနက်မှအရေးကြီးသောအချက်အချို့ကို ကောက်နှုတ်ဖော်ပြရသော်-
(၁) မြန်မာ့ပညာရေး နိမ့်ကျနေပြီး အောက်ကျနောက်ကျဖြစ်နေမှုကို အကြီးစားပြုပြင်ပြောင်းလဲမှု များဖြင့် မဖြစ်မနေ ပြန်လည်မြှင့်တင်ရန်။
(၂) ထိုအတွက်
နိုင်ငံစီးပွားရေးသိသာစွာတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုဆက်လက်လျှော့ချရေး၊
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊
နိုင်ငံအရေးနှင့်ယှဉ်၍လုပ်လို/လုပ်ရဲမှုရှိရေး၊ အစိုးရ၊ ဆရာ၊ မိဘ၊
ကျောင်းသားတို့၏ ခံယူချက်များ ပြောင်းရေးတို့သည်
အခြေခံကြိုတင်လိုအပ်ချက်များ ဖြစ်ကြပါသည်။
(၃) အရည်အချင်းဦးစားပေးစနစ်
(meritocracy) ကိုလက်ခံကျင့်သုံး၍ဆရာ၊ကျောင်းသားများက ကြိုးပမ်း
အားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ပြီး လူတော်လူတတ်များဖြစ်လာရန်။
သို့မှသာ ယှဉ်ပြိုင်မှုများသော ခေတ်တွင် ထိုက်တန်သည့် အလုပ်အကိုင်များကို
ရကြမည်ဖြစ်သည်။
(၄) မကောင်းမှုတစ်မျိုးဖြစ်သော ကျူရှင်ရောဂါဆိုးကို ဓမ္မစက်၊ အာဏာစက် နည်းလမ်းများဖြင့် ပပျောက်အောင် လုပ်ဆောင်ရန်။
(၅) ၂၀၁၅ တွင်အခြေခံပညာရေး၌ တစ်တန်းတိုး၍ အတန်း (၁၂)ကို တက္ကသိုလ်ဝင်တန်းအဖြစ် သတ်မှတ်ရန်နှင့် အောင်မှတ်ကို ၆၀%သို့တိုးမြှင့်ရန်။
(၆) ၂၀၁၅-၂၀၂၀ အတွင်း အသက်မွေးဝမ်းကြောင်း သင်ကျောင်းများနှင့် နည်းပညာစုံကောလိပ် များကို အရေအတွက်များများ ဖွင့်ပေးရန်။
(၇) မဟာဌာနပေါင်းစုံပါဝင်ပြီး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ စွယ်စုံ အင်္ဂါစုံ အဆင့်မီတက္ကသိုလ်ကြီး များ
အနည်းဆုံး (၆) ကျောင်းကို ၂၀၁၅-၂၀ နှစ်များအတွင်း တည်ထောင်ပေးရန်။
ဟောပြောတင်ပြချက်များကို ဆွေးနွေးလိုပါက Dr. Thein <druthein@gmail.com> သို့ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
ဆရာကြီး၏ ဟောပြောချက် presentaiton ကို ဤနေရာတွင် ကလစ်လုပ်၍ ရယူနိုင်ပါသည်။ ပေးပို့ပေးသော ဆရာနိုင်မော်သန်းအား အထူးကျေးဇူးတင်ပါသည်။
http://www.geolfriends.com/?p=2717
No comments:
Post a Comment